Monday, November 14, 2011

ဘိုးတော် မယ်တော် ကိုးကွယ်မှု



မြန်မာနိုင်ငံတွင် ဂိုဏ်းလုပ်ငန်းကို လိုက်စား၍ 
ဘိုးတော် မယ်တော် အမည်ခံသူများလည်း ရှိသည်။ 
ထိုပုဂ္ဂိုလ်များသည် အိန္ဒိယမှလာသော ဂိုဏ်းကျင့်စဉ်တို့ကို လေ့ကျင့်လျက် 
ဘိုးတော် အမည်ခံနေသူများ ဖြစ်သည်။ 
ထိုဘိုးတော်ဆိုသူတို့ကို ထွက်ရပ်ပေါက်သူ၊ သိဒ္ဓိမြောက်သူ၊ 
လူတို့၏ ဒုက္ခကို ကယ်တင်နိုင်သူ ဖြစ်သည်ဟု ဆိုကာ 
ကိုးကွယ်သူများလည်း ဒုနှင့်ဒေး ရှိသည်။ 

မြန်မာနိုင်ငံတွင် ဘိုးတော်အဖြစ်ဖြင့် နာမည်ကြီးသွားသူများလည်း ရှိသည်။ 
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရှင်အဇ္ဇဂေါဏ၊ ဗားမဲ့ဘုန်းကြီး၊ 
ရက်ကန်းစင်တောင်စသော ပုဂ္ဂိုလ်တို့ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံ၌ ဘိုးတော်နှင့် 
ဘိုးတော်ဖြစ်အောင် လုပ်နေသော ဂိုဏ်းဆရာများ ဆက်လက် ပေါ်ပေါက်နေသည်။ 
မိမိကိုယ်ကို ဘိုးတော်အမည်ခံသူလည်း ရှိသည်။ 
ဘိုးတော်အမည်မခံသော်လည်း ဘိုးတော်အလုပ်ဖြစ်သော ဂိုဏ်းလုပ်ငန်းကို 
ဆရာတစ်ဆူ လုပ်နေသူတို့လည်း ရှိသည်။ 

ဂိုဏ်းဆရာဆိုသူ အချို့တို့သည် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဆာဒူး၊ 
သူရဿတီ၊ ဒေ၀ီ ၂၁-ပါး၊ အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း၊ 
ပေါက်ဆရာ၊ စေဆရာ အမျိုးမျိုးကို ကိုးကွယ် နေကြသည်။ 

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။ 
သို့ဖြစ်၍ ဂိုဏ်းဆရာ အချို့တို့သည် 
ဗုဒ္ဓဘာသာ အရိပ်ကို ခိုလှုံ၍ ဂိုဏ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ 
ဗုဒ္ဓ၏ ဓမ္မဒေသနာတို့ကို သိဒ္ဓိပေါက် လုပ်ငန်းထဲသို့ သွတ်သွင်း၍ အသုံးချကြသည်။
 ဖြူစင်သော ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် အရောင်လွှမ်းပေးနေကြသည်။

ဂိုဏ်းဆရာအမည်ခံ ဘိုးတော်အချို့တို့သည် 
ဓာတ်ကျသည်ဟုဆိုကာ ဓာတ်ဘုရားများကို တည်ထားကြသည်။ 
ဘုရားဘွဲ့တော်ကိုလည်း သိဒ္ဓိဝေါဟာရ ပါအောင် မှည့်ခေါ်ကြသည်။ 
စေ၊ အောင်၊ ကပ်ကျော် စသော ဝေါဟာရတို့ဖြင့် ခေါ်ဆိုကြသည်။ 

ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ ပရိယတ်၊ ပဋိပတ် လုပ်ငန်းနှင့် 
မပတ်သက်သော အလုပ်များကို သာသနာပြု လုပ်ငန်းကြီးသဖွယ် 
ရေးကြီးခွင်ကျယ် ကြွေးကြော်အော်ဟစ်လျက် 
နိုင်ငံတုန်အောင် လုပ်ဆောင်နေကြကုန်၏။ 
သာဝကဂိုဏ်းဝင်ဟု ဆိုသော နောက်လိုက် နောက်ပါတို့လည်း 
အင်အားထုထယ်နှင့် ရှိနေပြီ။ 

- အတွေးအခေါ် ချည့်နဲ့သော ခေတ်ပညာတတ်များ ၊
- ဆင်ခြင်ဥာဏ် အားနည်းသော စီးပွားဓနရှင်များ၊
- အသိပညာ နုန့်နဲ့သော လူပြိန်းများ၊
- စိတ်ကူးယဉ်ဘ၀ကို မျှော်လင့်သော လောဘရှင်များ-
စသည်ဖြင့် အမျိုးအစား စုံလှပေသည်။ 

ဂိုဏ်းလုပ်ငန်းကို ယုံကြည်သူတို့သည် ဂိုဏ်းဆရာကြီး၏ သြ၀ါဒကို 
တစ်သဝေမတိမ်း လိုက်နာကြသည်။ ပြောသမျှကို နားထောင်သည်။ 
ခိုင်းသမျှကို လုပ်ဆောင်သည်။ ဤသို့ လိုက်နာသဖြင့် သိဒ္ဓိတန်ခိုး 
အမျိုးမျိုးတို့ ဝေဖြိုးတိုးတက်လာမည်ဟုယုံကြည်သည်။ 

ထိုသူတို့သည် မိမိတို့၏ ဆရာကြီးကို အစွမ်းထက်သော 
သိဒ္ဓိရှင်ကြီးဟူ၍ ထင်မှတ်ကြ သည်။ ထိုသိဒ္ဓိရှင်ကြီးအား ထောက်ပံ့လှူဒါန်းခြင်းဖြင့် 
လက်ငင်း လက်တွေ့ အကျိုးကောင်းတရားများ ရရှိလာမည်ဟု 
အထင်ရှိကြသည်။ ထို့ကြောင့် စီးပွားဓနရှင်တို့သည် 
ငွေကြေးများစွာဖြင့် လှူဒါန်း ပူဇော်ကြသည်။ 
ဆင်းရဲသားများကလည်း တတ်အားသရွေ့ ဖျစ်ညှစ်ပြီး လှူဒါန်းကြသည်။ 

ဂိုဏ်းဆရာကြီးတို့သည် ရရှိလာသော ငွေကြေးများဖြင့် 
ဓာတ်ဘုရားများကို တည်ထား ကြသည်။ သိဒ္ဓိရုပ်ပွားများကို ပူဇော်ကြသည်။ 
နတ်ရုပ်အမျိုးမျိုးကို ပြုလုပ်ကြသည်။ ၀ိဇ္ဇာရုပ်များ ထုလုပ်သည်။ 
ဘိုးတော်ရုပ်များ သွန်းလောင်းသည်။ ဂြိုဟ်ရုပ်များကို ဖန်တီးသည်။ 
ဤသို့ဖြင့် ဂိုဏ်း၏တည်ရာ ဌာနတို့၌ စိတ်ကူးယဉ် ရုပ်စုံပြတိုက်ကြီးများ ဖြစ်နေ၏။ 
သာမန် လူပြိန်းတို့၏ စိတ်တွင် အထင်ကြီးစရာ 
သရုပ်ပြ အမွှမ်းတင်များ ဖြစ်နေလေသည်။ 

ဤကဲ့သို့ သရုပ်ပြ အမွှမ်းတင်များ လုပ်ပြနိုင်သောကြောင့် 
ဂိုဏ်းဆရာတို့လည်း ပို၍ တန်ခိုးကြီးလာသည်။ 
အီဂျစ်နှင့် ဆူမာရီယန်တို့ခေတ်က နတ်တို့ တန်ခိုးကြီးမှုသည် 
လူတို့က အားပေးမှုကြောင့် ဖြစ်သကဲ့သို့ 
ဂိုဏ်းဆရာတို့ တန်ခိုးကြီးမှုမှာလည်း 
လူအများက အားပေးနေသောကြောင့် ဖြစ်ပေသည်။ 

ဂိုဏ်းဆရာတို့သည် လူတို့၏ ၀ိုင်းဝန်းအားပေးမှုကြောင့် 
စိတ်ကြံရာ ပြီးစီးနိုင်သော စိန္တာမယိဒ္ဓိ တန်ခိုးကို ရရှိသွား၏။ 
ရွှေငွေရတနာကို ရရှိနိုင်သော ဓနသိဒ္ဓိကို ရရှိသွား၏။ 
ဤသည်မှာ လူများက လုပ်ပေး၍ ရရှိသော သိဒ္ဓိများ ဖြစ်သည်။ 

သို့ရာတွင် မြေလျှိုးနိုင်သော သိဒ္ဓိမျိုးကိုမူ 
တီကောင်လောက်ပင် စွမ်းရည် မရှိကြ။ 
အာကာသသိဒ္ဓိခေါ် မိုးပျံနိုင်သည့် ပညာမျိုးမှာလည်း 
ခြင်တစ်ကောင်လောက်မျှ မတတ်နိုင်ကြပေ။ 
ဓား လှံ သေနတ် ပြီးသည်ဆိုသော ကာယသိဒ္ဓိ အောင်မြင်ဖို့ကား ဝေးစွ။ 
ဆူးစူးသည်ကိုပင် ခံနိုင်ရည် မရှိသော သိဒ္ဓိရှင်ကြီးများ ဖြစ်ချေသည်။ 

လူတို့သည် အခြေအနေမှန်ကို မစဉ်းစားကြ။ 
သဘောတရားမှန်ကို မဆင်ခြင်တတ်ကြ။ 
ဘိုးတော်ဂိုဏ်းဆရာတို့က မ စ လိမ့်မည်ဟု ယုံကြည်စွဲမှတ် နေကြသည်။ 
နေ့ချင်း ညချင်း ကြီးပွားအောင် လုပ်ပေးနိုင်လိမ့်မည်ဟူသော 
လောဘရမ္မက်အမြင်ဖြင့် ဇွတ်ဝင်၍ ချဉ်းကပ်နေကြသည်။ 
တကယ်တော့ ဘိုးတော်ဂိုဏ်းဆရာတို့သည် 
လူတစ်ဦး၏ ကံကြမ္မာကို ဖန်တီးပေးနိုင်သူ မဟုတ်ပေ။ 
လူတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနေကြရသည်။ 

သို့ပါလျက် မလိုလားအပ်သော ယုံကြည်မှုများကို ရောထွေး လက်ခံပြီးလျှင် 
ဘိုးတော်ထံ သွား၍ အချိန်ကုန်ကြသည်။ မယ်တော်ထံ သွား၍ အချိန်ဖြုန်းကြသည်။ 
အချိန်၏ တန်ဖိုးကို မှန်ကန်စွာ အသုံးမချတတ်ကြ။ 
အမျှော်လွန် အလုပ်ဖြင့် အချိန်ကုန်နေကြသည်။ 
အတွေးလွန် ဘ၀ကိုတမ်းတနေကြသည်။ 
အချောင်သမားဘ၀ကို မက်မောနေကြသည်။

အလုပ်နှင့် အလုပ်၏အကျိုးဆက်တရားတို့ကို လွဲမှားစွာ နားလည်နေကြသည်။
ကမ္မဿကထာ၊ သမ္မာဒိဋ္ဌိကို လက်ခံသော 
ဗုဒ္ဓဘာသာဝင်ဟူ၍ အမည်ခံထားသော်လည်း 
တန္တရဆန်သော စိတ္တဇအာရုံအလုပ်ဖြင့် အချိန်ပုပ်နေကြ၏။ 

ထေရ၀ါဒဗုဒ္ဓဘာသာသည် စင်ကြယ်သော ဘာသာဖြစ်၏။ 
သန့်ရှင်းသော ၀ါဒဖြစ်၏။ မှန်ကန်သောအယူရှိ၏။ 
မိမိတို့၏ လောကီလောကုတ် တိုးတက်မှုကို မိမိကိုယ်တိုင် ကြိုးစားယူကြရသည်။ 
ဘယ်ဘိုးတော် မယ်တော်တို့ကမှ ဓာတ်ချ၍ မစနိုင်မည်မဟုတ်။ 
မိမိတို့၏ အကျိုးစီးပွားကို ဗုဒ္ဓဘုရားဟောကြားသော သမ္ပဒါ တရားဖြင့် 
ရိုးသားစွာ ကြိုးစားရမည်သာ ဖြစ်လေသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ၊ အရှင်ဧသိက
စာ - ၁၃၀