Thursday, November 10, 2011

ဂြိုဟ်နတ် ကိုးကွယ်မှု



ဂြိုဟ်နတ် ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ အိန္ဒိယမှပင် ရောက်ရှိလာခဲ့သည်။ 
ထိုဂြိုဟ်နတ် ကိုးကွယ်မှု၏ ဖြစ်ဖျားခံရာ ဒေသမှာ အိန္ဒိယနိုင်ငံ မဟုတ်ပေ။ 
ကမ္ဘာ့အစောဆုံး ဂြိုဟ်ကိုးကွယ်မှုကို ဗေဗီလုန်နီးယားခေတ်မှ စ၍ တွေ့ရှိရသည်။

အနည်းငယ် ရှင်းပါဦးမည်။
မက်ဆိုပိုတေမီးယားဒေသတွင် 
အခြေချနေကြသော ဆူမာရီယန်လူမျိုးတို့သည် 
အချင်းချင်း စစ်ပြိုင်တိုက်ခိုက်ကြသောကြောင့် ဘီစီ ၃၀၀၀-ခန့်မှ နောက်ပိုင်းတွင် 
တဖြည်းဖြည်း တိမ်ကောလာခဲ့သည်။

ထို့နောက် မက်ဆိုပိုတေမီးယားဒေသသည် 
ဆီးမိုက်အနွယ်ဝင် မောရိတလူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ 
ထိုလူမျိုးတို့သည် ဗေဗီလုန်နီးယားမြို့တော်ကို တည်ဆောက်ခဲ့ကြ၏။ 
ယင်းမြို့တော်ကို အစွဲပြု၍ ဗေဗီလုန်နီးယားလူမျိုးဟူ၍ ခေါ်တွင်လာကြသည်။

ဗေဗီလုန်လူမျိုးတို့သည် 
ဆူမာရီယန် ယဉ်ကျေးမှုမှ နတ်များကို ဆက်လက် ကိုးကွယ်ကြသည်။ 
ထိုလူမျိုးတို့သည် ကောင်းကင်မှ ဂြိုဟ်အနေအထားတို့ကို
ကြည့်၍ အနာဂတ်ကို ဟောပြောကြသည်။ 

ကောင်းကင်ရှိ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ 
ဟူသော ဂြိုဟ်ကြီး ၅-လုံးတို့သည် လူသားတို့၏ 
အနာဂတ် ကံကြမ္မာကို လွှမ်းမိုးနိုင်သည်ဟု ယူဆခဲ့ကြသည်။ 
ထို့ကြောင့် ဂြိုဟ်ကြီး ၅-လုံးကို 
ဘုရားကြီး ၅-ဆူအဖြစ် သတ်မှတ်၍ ပူဇော်ကိုးကွယ်ခဲ့ကြသည်။

ကမ္ဘာ့လူသားတို့ သုံးစွဲနေသော နေ့အမည်များမှာ 
၎င်းတို့၏ အယူအဆမှပင် ပေါက်ဖွားခဲ့ပေသည်။

ဖော်ပြပါ ဂြိုဟ်ကြီး ၅-လုံးထဲသို့ 
နေနှင့်လ နှစ်ပါးကို ပေါင်းထည့်သောအခါ ခုနစ်ပါး ဖြစ်လာသည်။ 
ထိုခုနစ်ပါးကို ရှိခိုးပူဇော်သော အလေ့အထသည် 
ဆီးရီးယားသို့ ကူးရောက်သွားသောအခါ တစ်နေ့လျှင် ဘုရားတစ်ဆူကျစီ 
ကိုးကွယ်သော ဓလေ့တစ်ရပ် ပေါ်ပေါက်လာသည်။

ထိုဘုရား ခုနစ်ဆူကို ရှိခိုးရာတွင် ၇-ရက်စေ့တိုင်း တစ်ပတ်လည်သဖြင့် 
နောင်အခါတွင် ဂြိုဟ်နတ်အမည်များသည်ပင် နေ့နာမည်များ ဖြစ်လာသည်။ 
နေနတ်ဘုရားအား ပူဇော်သည့်နေ့ကို နေနေ့ (တနင်္ဂနွေနေ့)၊ 
လ နတ်ဘုရားအား ပူဇော်သည့် နေ့ကို လ နေ့ (တနင်္လာနေ့) 
စသည်ဖြင့် အသီးသီး ခေါ်ဝေါ်ခဲ့ကြသည်။

ဤအယူအဆသည် အိန္ဒိယသို့ ရောက်ရှိပြန့်ပွားလာ၏။ 
အိန္ဒိယသို့ ရောက်ချိန်တွင် ဂြိုဟ်တို့၏ ဣဒ္ဓိပါဒ်ကို မြှင့်တင်ထားကြပြီ။ 
ဂြိုဟ်နတ်တို့ကို အရပ်ရှစ်မျက်နှာ၌ နေရာချထား၍ အပိုင်စား ပေးထားကြသည်။ စိတ်ကူးယဉ်ဖြစ်စဉ်တို့ကို တီထွင်ထားကြသည်။

အိန္ဒိယက ပြုပြင်ထုတ်လုပ်လိုက်သော ဂြိုဟ်နတ်များမှာ ၉-ခုမျှ ရှိသည်။ 
တနင်္ဂနွေဂြိုဟ်၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ 
သောကြာ၊ စနေ၊ ရာဟု၊ ကိတ်ဂြိုဟ်တို့ ဖြစ်သည်။ 
ထိုအထဲတွင် ကိတ်ဂြိုဟ်ဆိုသည်မှာ 
အတိတ်စွဲ နိမိတ်စွဲလက္ခဏာကို ခေါ်ဆိုထားသော အမည်ဖြစ်သည်။ 

ယင်းကိတ်မှာ ၃-မျိုးပြား၏။ 
(၁) မြေပြင်ကိတ်
မြေပေါ်မှာ အခိုးအလျှံ ထွက်ခြင်း၊ အရောင်အ၀ါ ပြခြင်းစသည်ကို ခေါ်သည်။
(၂) အန္တရကိတ်
မြို့ပြ ဂူကျောင်း စုလစ်မွန်းချွန် သစ်ပင်တို့မှ ဖြစ်သော နိမိတ်ကို ခေါ်သည်။
(၃) ကောင်းကင်ကိတ်
ကောင်းကင်မှ ဥက္ကာကျခြင်း၊ လကြတ်ခြင်း၊ 
တိမ်တံခွန်၊ ကြယ်တံခွန် စသော နိမိတ်တို့ကို ခေါ်သည်။

ထိုအတိတ် နိမိတ်တို့ကလည်း လူသားတို့၏ ဘ၀ကြမ္မာ အပြောင်းအလဲကို 
ဖြစ်စေတတ်သည်ဟု ယုံကြည် ထင်မှတ်ကြသည်။ 
လူတို့သည် ဂြိုဟ်နတ်များ ချစ်ခင်စေရန်အတွက် 
ဂြိုဟ်နတ် ၉-ဦးကို ပူဇော်ကြသည်။

ထိုဂြိုဟ်ကြီး ၉-လုံးကို ပူဇော်သော ဓလေ့သည် 
အိန္ဒိယမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ 
မြန်မာတို့၏ ဂြိုဟ်ကြီး ၉-လုံး ပူဇော်ပွဲတွင် 
ဘုရားနှင့် ရဟန္တာ ၈-ပါးတို့ကို ပူးတွဲထည့်သွင်းထားကြ၏။ 
ဗုဒ္ဓဘာသာနှင့် လိုက်ဖက်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာတို့က ကိုးဆူဆွမ်းကပ် ဟုလည်း ခေါ်ကြသည်။ 
အချို့က ဂြိုဟ်စာကျွေးပွဲ ဟုလည်းခေါ်ကြသည်။ 

ဤဘုရားကိုးဆူ ဆွမ်းကပ်ဓလေ့မှာ မြန်မာတို့က တီထွင်ထားခြင်း မဟုတ်။ 
ထိုင်းနိုင်ငံ ဇင်းမယ်မှ တစ်ဆင့် ကူးပြန့်လာသည်ဟု ဆိုလေသည်။

မြန်မာနိုင်ငံ၌ အချို့ဘုရား ပုထိုးများတွင် 
ဘုရားနှင့် တွဲ၍လည်းကောင်း၊ ဘုရားဝင်းအတွင်း၌လည်းကောင်း 
ဂြိုဟ်ရုပ် ဂြိုဟ်တိုင်များကို ပြုလုပ်လေ့ ရှိကြသည်။ 
တစ်ချိန်ကဆိုလျှင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်ဖြစ်သော 
ရွှေတိဂုံစေတီတော်ကြီး ခြေတော်ရင်းမှာပင် 
ဂြိုဟ်ရုပ်ကြီးများကို တည်ထားခဲ့ကြဖူးသည်။ 
ဗုဒ္ဓဘာသာကို အကျည်းတန်စေသော သရုပ်ပြ မြင်ကွင်းများ ဖြစ်ခဲ့ပေသည်။

ကောင်းကင်ရှိ ဂြိုဟ်များသည် 
လူ့ကမ္ဘာနှင့် လူသားတို့အား 
အဆိုးအကောင်းကို ပြုလုပ်ပေးနိုင်သလောဟူသော ပုစ္ဆာကို 
ယနေ့ သိပံ္ပပညာရှင်တို့ လေ့လာနေကြဆဲ ဖြစ်ပေသည်။

ရှေးခေတ်က ခံယူခဲ့သော ဂြိုဟ်နှင့် ပတ်သက်သည့် အယူအဆများမှာ 
အနုမာနအားဖြင့် ရမ်းဆကိုးကွယ်ခြင်းမျှသာ ဖြစ်ပေသည်။ 
ဂြိုဟ်နှင့်ပတ်သက်သော ယဉ်ကျေးမှုများမှာလည်း 
စိတ် အတွေးဖြင့် မွေးထုတ်ထားသော ဒဏ္ဍာရီသရုပ်များသာ ဖြစ်လေသည်။

(ထေရ၀ါဒဗုဒ္ဓဘာသာ၊ ရေစကြိုအရှင်ဧသိက၊ စာ  ၁၂၃- ၁၂၅)