Wednesday, November 9, 2011

သူရဿတီနတ် ကိုးကွယ်မှု



ရှေးဦးအာရိယန်တို့သည် အိန္ဒိယအနောက်မြောက်ဒေသကို စိုးမိုးနေစဉ် 
ယဉ်ကျေးမှု အတွေးအမြင်သစ်များကို ဖော်ထုတ်ကြသည်။ 
ဘာသာရေး၏ အခြေခံ ဖြစ်လာမည့် ကိုးကွယ်မှုဆိုင်ရာ 
စာပေများကို ရေးသား ပြုစုကြသည်။ 
ထိုစာပေများကို ဗေဒကျမ်းဟူ၍ ခေါ်ဆိုကြ၏။

ဗေဒကျမ်းများ ပေါ်ပေါက်ခဲ့ရာ ဒေသကား 
ဂျမ္မနား (ယမုနာ) မြစ်နှင့် ဆတ္တလက်မြစ် အကြားရှိ 
ဆရဆွတီမြစ်ညာဒေသ ဖြစ်သည်။ ဆရဆွတီမြစ်သည် 
ရှေးဦးအာရိယန်တို့အတွက် အကျိုးရှိသော မြစ်ဖြစ်၏။ 
အာရိယန်တို့သည် ခေတ်ဦးဓလေ့အရ 
မိမိတို့အတွက် အကျိုးပြုနေသော ဆရဆွတီမြစ်ကိုလည်း 
ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံသားတို့သည် ဧရာဝတီမြစ်ကို မိမိတို့အား 
ကျေးဇူးပြုနေသောကြောင့် အမိဧရာဝတီ ဟု ခေါ်သကဲ့သို့ 
အာရိယန်တို့ကလည်း မိမိတို့၏ မြစ်ကို 
အမိဆရဆွတီ ဟု တင်စား၍ ခေါ်ဆိုခဲ့ကြသည်။ 
ထိုမှတစ်ဆင့် ကိုးကွယ်မှု အသွင်ပြောင်းလာသော အခါ၌လည်း 
ဆရဆွတီသည် နတ်မိမယ်တစ်ဦး ဖြစ်လာရလေသည်။

ဟိန္ဒူတို့က ဂင်္ဂါမြစ်ကို အတွတ်အမြတ် ထားကြသကဲ့သို့ 
အာရိယန်တို့က ဆရဆွတီမြစ် ကို အလေးအမြတ်ထား၍ ပူဇော်ကြ၏။ 
ဆရဆွတီ မြစ်ကမ်းနဖူး၌ ပူဇော်ပွဲများ ပြုလုပ်၍ ဂါထာ ဗန္ဓတို့ဖြင့် ဖွဲ့ဆိုပူဇော်ခြင်း၊ 
တေးသီချင်းများ သီကုံးရွတ်ဆိုခြင်း၊ လိုရာဆုကို တောင်းခြင်းစသော 
အခမ်းအနားများကို ပြုလုပ်ကြသည်။

ဝေဒခေတ် ရောက်လျှင် ဆရဆွတီနတ်သမီးကို 
မြစ်နတ်သမီးအဖြစ်သာ မကဘဲ နှုတ်ကို စောင့်သော နတ်သမီး၊ 
ပီယ၀ါစာစကားကို ပြောဆိုတတ်သော နတ်သမီးအဖြစ် ယုံကြည်လာကြ ပြန်သည်။

ဆရဆွတီနတ်သမီး တန်ခိုးကြီးလာသဖြင့် ယင်းနတ်နှင့် ပတ်သက်သော 
တန်ခိုးကို ဖွဲ့ဆိုသည့် စာပေများ အမြောက်အမြား ရှိလာသည်။ 
တန်ခိုးအမျိုးမျိုးကို မြှင့်တင် ဖွဲ့ဆိုကြသည်။

ရိဂ်ဝေဒကျမ်း၌ ဆရဆွတီနတ်သမီးသည် နေ လ သမုဒ္ဒရာနှင့် 
လောကကြီးတစ်ခုလုံးကို စောင့်ကြပ်သူ ဖြစ်သည်။ 
သူ့အား ကိုးကွယ်သူတို့ကို ဆင်းရဲကင်းအောင် ပြုသည်။ 
ချမ်းသာသွားအောင် စောင့်ရှောက်သည်။ ပညာဟူသမျှကို အစိုးရသူ ဖြစ်သည်။ 
အပူဇော်ခံသူ နတ်များတွင် အမြတ်ဆုံး ဖြစ်သည်။ 
သတ္တ၀ါ မှန်သမျှကို အမြဲစောင့်ကြပ်နေသဖြင့် 
နတ်တိုင်းက လေးစားရသူ ဖြစ်သည်ဟု ဆို၏။

ဆရဆွတီနတ်သမီး ကိုးကွယ်မှုသည် 
နောင်အခါတွင် ဟိန္ဒူဘာသာတွင်းသို့ ၀င်ရောက်လာသည်။ 
ဟိန္ဒူတို့၏ လက်ထဲသို့ ရောက်လာသောအခါ 
တန်ခိုးသစ်များကို ဖန်တီးပေးကြပြန်သည်။ 

နတ်သမီးသည် နှုတ်ထွက်စကားကိုသာ မကဘဲ 
အတတ်ပညာအားလုံးကို စောင့်ကြပ်သော နတ်သမီး၊ 
တူရိယာ၊ ကဗျာနှင့် စာပေပညာကို အစိုးရသူ၊ 
သက္ကတဘာသာကို တီထွင်သူ နတ်သမီး ဟူ၍ ယုံကြည်လာကြပြန်သည်။ 
ယုံကြည်မှု တိုးများလာသလောက် ကိုးကွယ်သူတို့လည်း များပြားလာသည်။ 
ရုပ်တု ရုပ်ပွားများ ထုလုပ်ကိုးကွယ်လျှင် လိုရာသိဒ္ဓိ ပြီးမြောက်မည်ဟု 
အထင်ရှိ၍ ရုပ်တုများ ထုပ်လုပ်၍ ကိုးကွယ်ခဲ့ကြလေသည်။

ဆရဆွတီကိုးကွယ်မှုသည် နောင်အခါတွင် 
ဗုဒ္ဓဘာသာ အတွင်းသို့လည်း ရောက်ရှိလာသည်။ 
ဗုဒ္ဓဘာသာဝင်တို့က ပါဠိဘာသာဖြင့် သူရဿတီ ဟု ခေါ်ကြသည်။ 

ဗုဒ္ဓဘာသာထဲသို့ သူရဿတီကိုးကွယ်မှု ဝေဒနာရောက်ရှိလာသောအခါ၌ သူရဿတီဒေ၀ီမယ်သည် ပိဋကတ် ၃-ပုံကို စောင့်ရှောက်သော နတ်သမီးဟူ၍ တန်ခိုးသစ်တစ်မျိုးကို တိုး၍ ဖန်တီးပေး ကြပြန်သည်။ 
ထို့ကြောင့် နတ်ရုပ်ပုံကို ထုလုပ်ကြရာတွင် 
လက်ထဲ၌ ပိဋကတ်စာအုပ်များကို ကိုင်ဆောင်၍ ထုလုပ်ကြသည်။

သူရဿတီသည် ဝေဒခေတ်မှ ဟိန္ဒူခေတ်၊ ဗုဒ္ဓဘာသာခေတ်အထိ 
တန်ခိုးကြီးသော၊ ဂုဏ်ကြီးသော နတ်မိမယ်တစ်ဦး ဖြစ်နေသည်။ 
လောက၌ ဂုဏ်ကြီးသူတို့နှင့် ဆွေမျိုးတော်စပ်ရလျှင် ဂုဏ်ယူ၍ ပြောကြသကဲ့သို့ 
ဂုဏ်ကြီးသော သူရဿတီနှင့် ဆွေမျိုးစပ်၍ ဂုဏ်ယူခဲ့ကြသော 
စာပေများလည်း ပေါ်ပေါက်လာသည်။ သူရဿတီနှင့် ဆွေမျိုးစပ်သော 
ပုံပြင်ဇာတ်လမ်းတို့ကို တီထွင်ရေးသားကြသည်။

သူရဿတီမယ်တော်သည် 
မဟာမုနိရသေ့ကြီးနှင့် သမုဒ္ဒနတ်မိဖုရားတို့က မွေးဖွားထားကြောင်း၊ 
ပထမတွင် သမုဒ္ဒရာ၌ နေပြီး နောက်ပိုင်းတွင် သမုဒ္ဒရာမှ တစ်ဆင့် ဟိမ၀န္တာတောင်ထွတ်တစ်ခုဖြစ်သည့် ကေလာသတောင်သို့ 
ဟင်္သာယာဉ်ကို စီး၍ ပြောင်းရွှေ့သွားကြောင်း၊ ဟင်္သာယာဉ် စီးသွားစဉ် သူ့ကိုယ်မှ 
ကျလာသော ရေစက် ရေပေါက်များမှာ မြစ်တစ်မြစ် ဖြစ်သွားကြောင်း၊ 
ထိုမြစ်ကို သူရဿတီမြစ်ဟု ခေါ်ကြောင်း၊ ရေးသားပြကြသည်။

ဤဇာတ်လမ်းမှာ ရသေ့တို့လက်ရာ ပုံပြင်စာ ဟု ဆိုနိုင်သည်။ 
ရသေ့တို့သည် သူရဿတီကို မွေးထုတ်ခဲ့သော 
ဖခင်အဖြစ် ဆွေမျိုးစပ်ထားခဲ့သည်။

ဗြာဟ္မဏပူရာဏ်ကျမ်းတွင်မူ ဗြဟ္မာကြီးသည် 
မိမိကိုယ်မှ စင်ကြယ်သာ သွေးဖြင့် အမျိုးသမီးတစ်ဦးကို ဖန်ဆင်းခဲ့သည်။ 
ထိုအမျိုးသမီးမှာ သူရဿတီပင် ဖြစ်သည်။ သူရဿတီသည် အစပိုင်းက ဗြဟ္မာကြီး၏ သမီးဖြစ်သော်လည်း နောက်ပိုင်းတွင် ဗြဟ္မာကြီးကပင် 
ပြန်လည် သိမ်းပိုက်လိုက်သောကြောင့် ဗြဟ္မာ့ဇနီး ဖြစ်သွားပြန်သည်။ 

ဟိန္ဒူတို့သည် သူရဿတီကို နည်းအမျိုးမျိုးဖြင့် 
ဆွေအမျိုးစပ်ကာ ဂုဏ်ယူဝင့်ကြွားခဲ့ကြလေသည်။

ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်မှုဖြစ်သော သူရဿတီကိုးကွယ်မှုသည် 
ယခုအချိန်တွင် နီပေါနိုင်ငံ၌လည်း ယုံကြည်ကိုးကွယ်လျက် ရှိကြ၏။ 
နီပေါတွင် နှစ်စဉ် သူရဿတီနတ်သမီးအား 
ပူဇော်သည့် ပွဲတော်ရက်ကို တစ်ရက် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံသားတို့သည်လည်း သူရဿတီကိုးကွယ်မှုကို 
ဟိန္ဒူတို့ ယုံကြည်သည့်အတိုင်းပင် မိတ္တူကူး၍ လက်ခံ ယုံကြည်ကြသည်။ 
ပုံတော် ပုံရုပ်များ ထုလုပ် ရိုက်နှိပ်၍ ကိုးကွယ်ကြသည်။ 
ဂုဏ်ပုဒ်ဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ပွားပူဇော်ကြသည်။ 
သူရဿတီကို မြန်မာနိုင်ငံသားတို့က 
အတွင်း ၃၇-မင်းခေါ် နတ်စာရင်း၌ ထည့်သွင်းထားကြသည်။

မြစ်တစ်မြစ်၏ နာမည်ကို နတ်အသွင် ယုံမှတ်၍ ဆည်းကပ် ကိုးကွယ်လာကြရာမှ ထင်ပေါ်ကျော်ကြားလာသော သူရဿတီနတ်သမီး၏ ရုပ်ပုံလွှာများသည် 
မြန်မာပြည်ရှိ အချို့အိမ်များ၌ တန်ခိုးထွားကာ ၀င့်ကြွားနေလေသည်။

(ရေစကြိုအရှင်ဧသိက)
(ထေရ၀ါဒဗုဒ္ဓဘာသာ စာ - ၁၂၀)