Thursday, November 3, 2011

ဆန္ဒ၊လိုလားမှု



တို့လူတွေ အများဆိုနေကြတယ်၊
မိရိုးဖလာငယ်ငယ်ကတည်းက ရလာတဲ့
သြကာသ သြကာသနဲ့ ဘုရားရှိခိုးတယ်။
နောက်ဆုံးနိဗ္ဗာန်တရားတော်မြတ်ကို ရလိုပါ၏အရှင်ဘုရားတဲ့။

နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လားမေးရင် ဘယ်လိုဖြေမလဲ၊
အသုံးအဆောင်ပစ္စည်းတစ်ခုခုကို 
လိုချင်တာလောက်တောင် ဆန္ဒမပြင်းပါဘူး။

အဓိပတိတပ်တဲ့ဆန္ဒကတော့ လိုချင်တဲ့ပစ္စည်း 
အကျိုးရမယ်ဆိုရင် အသက်စည်းစိမ်ကို စွန့်နိုင်တယ်။
(ဘုရား)အလောင်းတော်ကြီးတွေဟာ သက်ရှိသက်မဲ့ပစ္စည်းတွေလှူတယ်၊
ခြေလက်အင်္ဂါအစိတ်အပိုင်းလှူတယ်၊
အသက်ကိုတောင် လှူတယ်။

ဘာလိုလို့လဲဆိုရင်
သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်လို့။

ယုံမင်းဘ၀ကို ကြည့်ရင် မီးပုံထဲခုန်ဆင်းပြီး အသက်ကို လှူတာတွေ့ရတယ်။
ဝေဿန္တရာမင်းကြီးဘ၀မှာ သားသမီးတောင်လှူတယ်။
ဒါဟာ ဘုရားဖြစ်လိုတဲ့ဆန္ဒကြောင့်ပဲ။
ဒီလိုဆန္ဒမျိုးကို အဓိပတိတပ်တဲ့ဆန္ဒလို့ခေါ်တယ်၊ 

အလင်္ကာကျမ်းမှာပြထားတဲ့ ဂါထာရှိတယ်။
ဂဏယေ စက္က၀ါဠံ သော၊ စန္ဒနာယပိ သီတလံ
သမ္ဗောဓိ သတ္တဟဒယော၊ ပဒိတ္တင်္ဂါရ ပူရိတံ။

အဓိပ္ပါယ်က 
လေးကျွန်းတစ်မြင့်မိုရ်ကျယ်ဝန်းတဲ့ စကြ၀ဠာတိုက်ကြီးတစ်ခုလုံးကို
ရဲရဲတောက်ပူလောင်နေတဲ့ ရှားမီးကျီးခဲတွေ အပြည့်ထည့်ထားပါတဲ့၊
စကြ၀ဠာရဲ့ ဟိုဘက်နခမ်းမှာ သဗ္ဗညုတဥာဏ်ရှိနေတယ်။
ရောက်အောင်သွားနိုင်ရင် ရနိုင်တယ်လို့ဆိုရင်
သဗ္ဗညုတဥာဏ်ကို လိုချင်နေတဲ့ (ဘုရား)အလောင်းတော်ဟာ
ရဲရဲတောက် ရှားမီးကျီးခဲတွေကို နင်းပြီး
သွားယူမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိပါတယ်။

ရှားမီးကျီးခဲပူတာလောက်ကို လောကမှာ အအေးဆုံးလို့ သမုတ်ရတဲ့
စန္ဒကူးနံ့သာတွေ နင်းသွားသလောက်အောက်မေ့ပြီး သွားမယ်ဆိုတဲ့ ဆန္ဒရှိတယ်။

တို့လူတွေ ဘုန်းကြီးတွေ ဆန္ဒက
ပြောတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်လိုချင်ပါတယ်တဲ့၊
တကယ်ရအောင်လုပ်သလားဆိုတော့ သာမညဘဲ၊ 
ပေါ့ပေါ့ဆဆဘဲ၊
အာနာပါနလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်ကြဘူး။
ဗုဒ္ဓါနုဿတိတောင် အားပါးတရ မလုပ်ကြဘူး။

မီးကျီးခဲနင်းဘို့ မဆိုထားနဲ့၊
ရိုးရိုး ဘုရားသွား ကျောက်တက်တောင်
နည်းနည်းပင်ပန်းမယ်ထင်ရင် မသွားတော့ဘူး။

(ပဋ္ဌာန်းသိပ္ပံဆရာတော်၏ ပဋ္ဌာန်းလမ်းညွှန်ကျမ်းမှ)