Tuesday, November 1, 2011

ကြွက်ကိုက်အ၀တ်

ရာဇဂြိုဟ်ပြည်မှာ ဝေဠုဝန်ကျောင်းမှာ
ဘုရားသခင်သီတင်းသုံးစံနေတော်မူစဉ်အခါက
ရာဇဂြိုဟ်မြို့တွင်းမှာ မင်္ဂလာအယူရှိတဲ့ ပုဏ္ဏားတစ်ယောက်ရှိသတဲ့။
အဲဒီပုဏ္ဏားဟာ အနီးအနားမှာ ဘုရားသခင်ရှိနေသော်လည်း
ဘုရားသခင်ကိုတော့ မယုံကြည်ဘူး။
မြင်တာ ကြားတာ တွေ့တာနဲ့ပတ်သက်ပြီး အလွန် နိမိတ်ကောက်သတဲ့။

တစ်ရက်တော့ သေတ္တာထဲထည့်ထားတဲ့ သူ့ရဲ့အ၀တ်တွေကို ကြွက်ကိုက်ပါရော။

ဒါပေမဲ့ သူ့အ၀တ်တွေ ကြွက်ကိုက်တာကို မသိတဲ့အတွက်
ရေမိုးချိုး၊ ခေါင်းများလျှော်ပြီးတော့ အ၀တ်လဲရအောင်လို့
သူ့ရဲ့ပုဆိုးများကို အယူခိုင်းလိုက်တယ်။ ဒီတော့ အိမ်မှာခိုင်းစေတဲ့လူက
ကြွက်ကိုက်ထားတာမြင်လို့ အရှင့်ပုဆိုးတွေ ကြွက်ကိုက်ထားပါတယ်လို့ ပြန်ပြောတယ်။
အခိုင်းအစေပြောစကားကြားတော့ ပုဏ္ဏားကြီးဟာ
အလွန်ကြောက်ရွံ့ပြီး တုန်လှုပ်သွားတယ်။

ပုဆိုးကြွက်ကိုက်တာဟာ နိမိတ်မကောင်းဘူး၊ ဒီပုဆိုးအစုံကို
အိမ်မှာထားလျှင် ကြီးစွာသောပျက်စီးခြင်းဖြစ်လိမ့်မယ်၊ 
ကြွက်ကိုက်ထားတဲ့ပုဆိုးဟာ မင်္ဂလာမရှိဘူး၊ 
ဒီပုဆိုးနဲ့ထိခဲ့လျှင် ထိသူအားလုံးပျက်စီးတတ်တယ်၊ 
ဒီပုဆိုးကို မြန်မြန်စွန့်ပစ်မှပဲလို့ သားကို ခေါ်ပြီး
ချစ်သား - ဟောဟိုသေတ္တာထဲက ပုဆိုးအစုံကို ကြွက်ကိုက်ထားတယ်၊
ကြွက်ကိုက်ခံရတဲ့ပုဆိုးမှာ မင်္ဂလာမရှိဘူး။ 
မင်္ဂလာမရှိတဲ့ပုဆိုးနှင့်ထိမိလျှင် ထိမိသူအပေါင်း ပျက်စီးတတ်တယ်။
ဒါ့ကြောင့် ပုဆိုးကို တုတ်တံနှင့်ကော်ယူပြီး အစိမ်းသေကို စွန့်ပစ်ရာ
သုဿာန်မှာ သွားပစ်ပါ၊ ပစ်ပြီးလျှင် စင်ကြယ်သန့်စင်အောင် ရေချိုး၊
ဦးခေါင်းလျှော်ပြီးမှ ပြန်ခဲ့လို့ စေခိုင်းသတဲ့။

ဒီအချိန်မှာ ဘုရားသခင်ကလည်း ပုဏ္ဏားသားအဖတို့ရဲ့ 
သောတာပတ္တိဖိုလ်တည်မှာကို မြင်တဲ့အတွက် သုဿာန်အ၀က စောင့်နေတယ်။
ပုဏ္ဏားငယ်လည်း ဖခင်စေခိုင်းတဲ့အတိုင်း
ကြွက်ကိုက်ထားတဲ့ပုဆိုးကို တုတ်နဲ့ကော်ယူလာခဲ့တာ
ဘုရားရှင်ရှေ့တော်ကို ရောက်လာသတဲ့။

ဘုရားရှင်က
ပုဏ္ဏားငယ်၊ ဒါဘာလုပ်တာလဲလို့မေးတော့
ပုဏ္ဏားငယ်က အို-အရှင်ဂေါတမ၊ 
ဒီပုဆိုးအစုံဟာ ကြွက်ကိုက်ထားလို့ မင်္ဂလာကင်းမဲ့နေပါတယ်၊
မင်္ဂလာကင်းမဲ့တဲ့ ဒီပုဆိုးအစုံကို လောဘကြောင့် ကိုင်မိ၊ ယူမိလျှင်
သေစေတတ်သောအဆိပ်နှင့်အတူ အလွန်အပြစ်ကြီးပါတယ်။
ဒါ့ကြောင့် သူတပါးမယူမိအောင် သုဿာန်သို့ 
လာရောက် စွန့်ပစ်ခြင်းဖြစ်ပါတယ်လို့ လျှောက်ထားသတဲ့။

ဘုရားရှင်က 
ပုဏ္ဏားငယ်-ဒီပုဆိုးအစုံ ငါ့ကိုလှူပါလို့ ပြောတယ်။
ပုဏ္ဏားငယ်က အရှင်၊ ဒီအ၀တ်မှာ အပြစ်တွေများပါတယ်၊ 
မယူပါနှင့်လို့ တားတယ်။

ဘုရားရှင်က
ငါတို့အား အပ်သောအ၀တ်ဖြစ်တယ်လို့ မိန့်တော်မူပြီး 
ပုဏ္ဏားငယ်ရဲ့ မျက်မှောက်မှာပင် ကျောင်းတော်ကို ဆောင်ယူသွားသတဲ့။

ပုဏ္ဏားငယ်ဟာ ပုဆိုးအစုံကို ဘုရားရှင်ဆောင်ယူကြွသွားတော့
အိမ်ကို အမြန်ပြန်သွားပြီး ဖခင်ကို
ရဟန်းဂေါတမဟာ ကျွန်တော်တားမြစ်နေတဲ့အတွင်းက
ပုဆိုးအစုံဆောင်ယူသွားပါတယ်လို့ ပြောကြားတယ်။

ဒီအခါ ပုဏ္ဏားကြီးက
ကြွက်ကိုက်ထားတဲ့ ဒီအ၀တ်ဟာ ကျက်သရေမင်္ဂလာမရှိဘူး။
ဒီအ၀တ်ကို သုံးဆောင်လျှင် ရဟန်းဂေါတမတော့ ပျက်စီးတော့မှာပဲ၊
သူပျက်စီးတာက အရေးမဟုတ်ဘူး၊ 
အများက ငါ့ကို ကဲ့ရဲ့မှာကအရေးကြီးတယ်။
ဒီတော့ ရဟန်းဂေါတမကို အခြားအ၀တ်များပေးပြီး 
ကြွက်ကိုက်အ၀တ်ကို စွန့်စေမှ တော်မည်လို့ ကြံစည်ပြီး
သားကို များစွာသောအ၀တ်များ ဆောင်ယူခဲ့စေပြီး
ဝေဠုဝန်ကျောင်းကို သားအဖလိုက်သွားကြသတဲ့။


တည်တော်ဆရာတော်၏ မင်္ဂလိကဒိဋ္ဌိစာအုပ်မှ