Monday, October 31, 2011

အတိတ်နိမိတ်


မင်္ဂလိကဒိဋ္ဌိဆိုတာ နိမိတ်ကောက်တဲ့ အယူအဆပေါ့။
‘ဇမ္ဗူဒိပ်နိမိတ်ထွန်းဆိုတဲ့အတိုင်း ဇမ္ဗူဒီပါကျွန်းမှာ
သြဘာအရိပ်နိမိတ်လက္ခဏာ ထွန်းတယ်တဲ့။

ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ ဖြစ်တော့မယ်ဆိုလျှင်
နိမိတ်လက္ခဏာများပြတတ်သတဲ့။

အဲဒီနိမိတ်လက္ခဏာနှင့်ပတ်သက်ပြီး နေမိတ္တက၀ိဇ္ဇာဆိုတဲ့
ကျမ်းတစ်ကျမ်းတောင် ခင်ကြီးဖျော်က ပြုစုခဲ့ဖူးသေတယ်။
လောကမှာရှိတဲ့ ဗေဒင်ကျမ်းတွေ၊ လက္ခဏာကျမ်းတွေ၊
အာကသသျှတ္တရစတဲ့ ကျမ်းတွေဟာ နိမိတ်ကောက်ကျမ်းတွေပဲ။

လောကမှာ လူတိုင်းလူတိုင်း နိမိတ်ကောက်တတ်ကြတယ်။
သာမန်လူတွေမဆိုထားနှင့်၊
ဘုရားရှင်တောင် ဘုရားဖြစ်ခါလုနီးနီးမှာ နိမိတ်ကောက်သေးတယ်။”

“ဘယ်လိုနိမိတ်ကောက်တာပါလဲဘုရား”

“အလောင်းတော်ဟာ ကဏ္ဍကမြင်းတော်ကို စီးပြီး မောင်ဆန်နှင့်အတူ
တောထွက်လာခဲ့ရာ အနော်မာမြစ်ကမ်းကို ရောက်ခဲ့သတဲ့။
မြစ်ကမ်းရောက်တော့ မြင်းတော်ကို ရပ်နားပြီး
ဒီမြစ်နာမည်ဘယ်လိုခေါ်သလဲလို့ မောင်ဆန်ကို မေးသတဲ့။

မောင်ဆန်က
“အနော်မာဖြစ်ခေါ်ပါတယ်ဘုရား”လို့ လျှောက်ထားတော့
ဘုရားလောင်းက သြမသဒ္ဒါဟာ ယုတ်သောအနက်ကို ဟောတယ်။
အနောမာဆိုတော့ န-သြမာ၊ မယုတ်ဘူး၊ မြင့်မြတ်တယ်ဆိုတဲ့အနက်ကိုဟောတယ်၊
ငါတောထွက်လာခြင်းဟာလည်း
မယုတ်မာဘဲ-ကောင်းမွန်မြင့်မြတ်သည်သာဖြစ်လတ္တံ့လို့
နိမိတ်ကောက်တော်မူသတဲ့ကွယ်။

ဒါ့ကြောင့် ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။
ယုတ်စွအဆုံး မျက်ခုံးလှုပ်တာတောင် လာဘ်ရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
လက်ဖ၀ါးယားလျှင် ငွေရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။
အိမ်မြှောက်စုတ်ထိုးတာ၊ ငှက်မြည်တာ၊ ခွေးဟောင်တာမကျန်၊
ပုထုဇဉ်တွေဟာ နိမိတ်ကောက်တတ်ကြတယ်။

နိမိတ်ကောက်တဲ့အတိုင်း မှန်ချင်လဲ မှန်သွားတတ်တယ်။
ဒီလိုမှန်သွားလျှင် ဒီဟာကို မြင်လို့ ဒီအသံကို ကြားလို့ရယ်လို့
နိမိတ်ကြောင့် အကျိုး၊ အပြစ်ဖြစ်ပေါ်လာတယ်လို့ ယူဆသွားတတ်ကြတယ်။

အတိတ်နိမိတ်ဆိုတာ ကံရဲ့ရှေ့ပြေး၊ နေမထွက်ခင်ထင်လာတဲ့ အရုဏ်အရောင်ပဲ၊
အရုဏ်ရောင်ကို မြင်လျှင် အရုဏ်ရောင်ရဲ့နောက်မှာ နေမင်းရှိတယ်၊
မကြာခင်နေမင်းထွက်ပေါ်လာမှာပဲလို့ သိသလို၊ နိမိတ်ထင်ပြီး
အကျိုးအမြတ် ဖြစ်ပေါ်လာလျှင်လဲ ဒီအကျိုး၊ ဒီအမြတ်ဟာ
ငါပြုလုပ်ခဲ့ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။
ဒီလိုကံကြောင့်ဆိုတာမမြင်ဘဲ ကံကို မျက်ကွယ်ပြုပြီး
ဒီအတိတ်နိမိတ်ကြောင့် ဒီလိုဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင်
မင်္ဂလိကဒိဋ္ဌိလို့ခေါ်တယ်။

မင်္ဂလိကဒိဋ္ဌိဆိုတာ အယူမှားမို့ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီနေရာမှာ ဧကနိပါတ်ကလာတဲ့ မင်္ဂလဇာတ်ကို ပြောပြဦးမယ်။
“မိန့်တော်မူပါဘုရား”

တည်တော်ဆရာတော်၏ မင်္ဂလိကဒိဋ္ဌိစာအုပ်မှ