Monday, October 24, 2011

ကိုအေး၏ ဒဿန



“ကိုအေး၊ ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွံဘူးလား”

“ဘာရွံမလဲကွ၊ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ၊ 
မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ။ ဘာရွံစရာရှိလဲ။ 
သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ၊ 
လူတွေ သမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ။
ငါဆို ဒီသင်္ချိုင်းကထွက်တဲ့မျှစ်တွေ စားလာတာ ကြာပြီ။
ကြည့်စမ်း၊ ငါးသားသမီးတွေ ဘယ်လောက်ချောလဲ။ 
ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။
ဖျားနာနေတာ မင်းတို့မြင်ဘူးလား။
ဥာဏ်ရည်ဆိုတာလည်း ငါးသားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။
ရွာကနေ ကျပ်ပြင်ကျောင်းသွားတက်နေရတာ။ ဒါပေမဲ့
စာမေးပွဲဖြေရင် ပထမဆင့်ကနေ မကျဘူး။ ကောင်းလိုက်တဲ့ဥာဏ်ရည်။

မင်းတို့စဉ်းစားကြည့်။ 
မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက 
လူသေလွှမ်းတဲ့အ၀တ်တွေ ကောက်ယူတော်မူပြီး 
ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ။
မင်းတို့ငါတို့လို ဘာမှ မဟုတ်တဲ့အကောင်တွေက 
ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို ဆောင် ဆိုတဲ့ အဆိုလည်း ရှိသားပဲကွာ။
ကျောင်းပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ်၊
သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။
ဘာလို့လဲဆိုတော့ 
သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်
အတွယ်အတာမရှိပဲ စွန့်ပစ်ထားတဲ့နယ်မြေ။
အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။ 
အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို သုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။

ဘုန်းကြီးကျောင်းဝင်းထဲက 
ညောင်ချင်တစ်နပ်စာလောက် ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။ 
ကျောင်းဆိုတာက သာသနာ့နယ်မြေ
သံဃာရဲ့ပစ္စည်းလေကွာ။ ယှဉ်ကြည့်ပေါ့။

ကျောင်းပစ္စည်းဆိုတာ မစားတတ်ရင် သံသရာအဆိပ်ကွ။
သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။
ဒါ့ကြောင့် ငါအမြဲစားခဲ့တာပေါ့။

သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။ အပြင်ကမျှစ်လည်း မျှစ်ပါပဲ။ 
အတူတူပါပဲကွာ။
အေး၊ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ်၊ 
ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ၊ ဘယ်စားမှာလဲ။

အလကားပါကွာ၊ လူတွေကိုက အယူသီးနေတာပါ။
သင်္ချိုင်းတဲ့။ မင်းတို့စဉ်းစားကြည့်။
သင်္ချိုင်းဆိုတာက ကြာကြာတစ်ခါ လူသေမှ မြှုပ်ကြတာ။
မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကို ကြည့်စမ်း။
ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။
ကြက်သေ၊ ၀က်သေ၊ ဘဲသေ၊ ငါးသေ၊ နွားသေ၊ ဆိပ်သေတွေကွာ။
စဉ်းစားကြည့်ကြ။ အဲ့ဒါလည်း အသုဘတွေပဲကွ။
ကြက်မသာ ၀က်မသာတွေပေါ့ကွာ။

ဒါတွေကျတော့ အသုဘလို့မမြင်ဘဲ 
သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။
မင်းတို့ငါတို့ရဲ့ ပါးစပ်သင်္ချိုင်းထဲ အဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ
မနည်းမနောဝင်ပြီးပြီနော။

ဒါကျတော့ လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။
သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။
မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။ 
ဒါတွေကျတော့ တဖြောင်းဖြောင်း ၀ါးစားနေကြပြီး
ငါသင်္ချိုင်းထဲက မျှစ်ချိုးစားတာကျတော့ အပြစ်မြင်ပြီး
လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ တရားအလွန်ဝေးတဲ့လူတွေပါ။
ကိုယ်ပြောမှ အမှန်၊ ကိုယ်လုပ်မှ အဟုတ်ထင်ကြတာကလား။

လူဆိုတာ သေမျိုးကွ။
ဘယ်သူမှ ဒီသင်္ချိုင်းက ပြေးမလွတ်ဘူး။ မှတ်ထား။”

မိုးကုတ်ကျော်ကျော်စိုး၊ သေခြင်းတရားနှင့် သင်္ချိုင်း
သူရဇ္ဇ၊ ၂၀၁၁၊ ဧပြီ