Monday, October 10, 2011

ရဟန်း၊ ရွေးကောက်ပွဲ၊ မဲပေးခွင့်


ဟိုတလောက သီဟိုဠ်နိုင်ငံလို့ခေါ်တဲ့သီရိလင်္ကာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့
ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ရွေးကောက်ပွဲမှာ 
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြတယ်လို့ သိရတယ်။
ဘုန်းတော်ကြီး(၉)ပါး နေရာအသီးသီးမှာ အနိုင်ရပြီး 
လွှတ်တော်အမတ်တွေ ဖြစ်သွားကြသတဲ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ သီတင်းသုံးနေတဲ့ 
(ပျံလွန်တော်မူသွားရှာပြီဖြစ်တဲ့) သီဟိုဠ်ဆရာတော်ကြီး 
ဒေါက်တာ ကေ၊ သီရိဓမ္မာနန္ဒကို 
“ဗုဒ္ဓဘာသာရဟန်းတော်တွေ အထွေထွေရွေးကောက်ပွဲမှာ 
ဝင်ပြိုင်ခွင့်ရှိပါသလား” လို့ ဒကာတစ်ဦးက မေးလျှောက်ပါတယ်။
ဆရာတော်ကြီး ပြန်လည်ဖြေကြားပေးတာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

သူ့အဖြေက

“ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့  အဖွဲ့ဝင်များသာဖြစ်ပါတယ်။
(ရဟန်းတော်များအတွက် ဘုရားရှင်ချမှတ်ထားတဲ့) ၀ိနည်းဥပဒေက မတားမြစ်တဲ့
ဘယ်လိုနိုင်ငံသားတာဝန်တွေကိုမဆို ဆောင်ရွက်နိုင်ပါတယ်။

ဘုရားရှင်က သံဃာ့အဖွဲ့အစည်းကို ဘာလို့ ဖွဲ့စည်းခဲ့တာလဲဆိုတဲ့မေးခွန်းကိုလည်း
ရဟန်းတော်များအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ်။
လောကီရေးရာ အဖြာဖြာ တိုးတက်ကြီးပွါးဘို့ 
သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းပေးခဲ့တာ မဟုတ်ပါဘူး။
စိတ်အဆင့်အတန်းမြင့်မားပြီး သမာဓိတရားထူထောင်ကာ
ဒုက္ခကမ္ဘာသံသရာမှာ တဖန်ပြန်လည်မွေးဖွားခြင်းလို့ခေါ်တဲ့ ပဋိသန္ဓေတည်နေခြင်းမှ
လွတ်ကင်းဖို့ လွန်မြောက်ဖို့ သံဃာ့အဖွဲအစည်းကို ဖွဲ့ခဲ့တာပါ။
(သံဃာ့ဘောင်ကို ၀င်ရောက်ခွင့်ပြုခဲ့တာပါ။)

ဘုရားရှင်က ရဟန်းတော်တွေကို ပိုက်ဆံကိုင်တာကို တားမြစ်ခဲ့ပါတယ်။
ရဟန်းတော်တွေ နေ့စဉ်ဘ၀ ရှင်သန်နိုင်ဘို့
ဒကာ ဒကာမတွေရဲ့ စေတနာသဒ္ဓါတရားကို မှီခိုပြီး နေထိုင်ရမယ်လို့
ဟောကြားခဲ့ပါတယ်။

ဒါ့ကြောင့်မို့ ရဟန်းတော်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင်
လူ့အရှုပ်အထုပ်ထဲမှာ စုန်းစုန်းမြုတ်သွားနိုင်ပြီး
စိတ်အဆင့်အတန်းမြင့်မားရေး၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှု သမာဓိတရားကို
ထူထောင်နိုင်မှာ မဟုတ်တော့ပါဘူး။
သမာဓိတရားနဲ့ လူမှုကိစ္စအရှုပ်အထုပ်တွေဟာ ဘယ်တော့မှ အတူတကွမဖြစ်နိုင်ပါဘူး။

ဟုတ်ပါတယ်။
ရဟန်းတော်ပဲဖြစ်ဖြစ်၊ သီလရှင်ပဲဖြစ်ဖြစ် 
ဒကာ ဒကာမတွေရဲ့ ဘ၀ အဆင်ပြေဖို့ စောင့်ရှောက်ပေးရမည့်
တာဝန် ၀တ္တရားရှိပါတယ်။
ဒကာ ဒကာမတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေဘို့
ဆောင်ရွက်ပေးရပါမယ်။
ရက်စက်ယုတ်မာတဲ့အစိုးရက ပြည်သူပြည်သား ဒကာ ဒကာမများကို 
မတရား ဖိနှိပ်ချုပ်ချယ် စိုးမိုးနေတာကို မြင်လို့ရှိရင် 
ရဟန်းတော်များက ပြောကြားပေးရမည့် တာဝန်ရှိပါတယ်။
ဒီနေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့အစိုးရကို အမြင်တွေပြောင်းလဲသွားစေဖို့
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်နဲ့အညီ ပြောဆို ဆုံးမရပါမယ်။
ရဟန်းတော်တစ်ပါးအနေနဲ့ လူတွေကို အကြမ်းဖက်တဲ့နည်းကျင့်သုံးလာအောင်
မပြောဟောသင့်ပါဘူး။ မစည်းရုံးသင့်ပါဘူး။
ပါတီအားလုံးအပေါ်မှာ မေတ္တာကရုဏာရှေ့ထားပြီး ပြောပြပြီး
မကောင်းတဲ့စရိုက်တွေကို ဖြစ်ပေါ်စေတတ်တဲ့ မောဟသဘောကို 
ဥာဏ်ပညာနဲ့ အစားထိုးနိုင်ဖို့ ကြိုးစားကြရပါမယ်။

ကောင်းမွန်တဲ့အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ 
မင်္ဂလသုတ်၊ စက္က၀တ္တိသီဟနာဒသုတ်စတဲ့ သုတ်တော်တွေထဲမှာပါတဲ့
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အဆုံးမအမတွေကို
ရဟန်းတော်များက ရှင်းပြပေးရပါမယ်။

ရဟန်းတော်များဟာ 
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဆက်စပ်တဲ့ အခွင့်အရေးတွေကို
ပြည်သူပြည်သားဒကာ ဒကာမများကို ပြောပြသင့် ရှင်းပြပေးသင့်ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်တော့ နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် မပါဝင်သင့်ပါဘူး။

ရဟန်းတော်တစ်ပါးအနေနဲ့ လူဝတ်လဲပြီး 
သူဆန္ဒရှိတဲ့ ဘယ်အလုပ်မျိုးမဆို လုပ်ချင်သပဆိုရင်
သူ့ကို ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိပါဘူး။
ဒါပေမဲ့ သင်္ကန်းဝတ်ထားပြီး လူတွေကို မှားယွင်းတဲ့ ထင်မြင်ချက်၊
မှားယွင်းတဲ့စိတ်ကူးစိတ်သန်းတွေကို လူတွေကို မပေးသင့်ပါဘူး။

သေချာတာတစ်ခုကတော့
ပြည်သူပြည်သားဒကာ ဒကာမများကို လူမှုရေး လူ့အဖွဲ့အစည်းလုပ်ငန်းတွေမှာ
တက်တက်ကြွကြွပါဝင်လာအောင် ကြိုးစားလှုံ့ဆော်ပြီး 
ရဟန်းတော်ကိုယ်တိုင် ရှေ့က မားမားမတ်မတ် လုပ်ဆောင်နိုင်ပါတယ်။

သတိထားရမှာက ကြာလို ကျင့်ကြံနေထိုင်ဘို့ပါ။
ကြာပန်းဟာ ရွှံ့ညွန်ထဲက ပေါက်ဖွားပေမဲ့ ရွှံ့ညွန်မပေကျံနေသလို
လောကီလူသားတွေကြားမှာနေနေတဲ့ ရဟန်းတော်တစ်ပါးအနေနဲ့လည်း
လောကီလူသားအများစုဖြစ်လေ့ရှိတဲ့ ကိလေသာအညစ်အကျေးတွေ မပေကျံမိဘို့
အရေးကြီးလှပါတယ်။

ဒါ ဆရာတော်ကြီးဖြေကြားထားတာကို အဆင်ပြေသလို ဘာသာပြန်လိုက်တာပါ။

နိုင်ငံရေးနဲ့ ပတ်သက်လို့ ရဟန်းတော်များကိုယ်တိုင်
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိင်သင့် မပြိုင်သင့်ဆိုတာ 
သီဟိုဠ်ရဟန်းတော်နဲ့ စာရေးသူ မဆွေးနွေးဘူးပါဘူး။
သီဟိုဠ်နေစဉ် မဲ့ပေးခွင့် ဆိုတာကိုတော့ 
သီဟိုဠ်ရဟန်းတော်တစ်ပါးနဲ့ 
ဆွေးနွေးဘူးပါတယ်။
အဲ့အကြောင်းကို မဲပေးခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ 
ဆောင်းပါးတစ်ပုဒ် ဒီလိုလေး ရေးခဲ့ဘူးပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ 
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း 
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊  တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

Ref: http://www.ksridhammananda.com/index.php?option=com_content&task=view&id=49&Itemid=44