Tuesday, September 20, 2011

ဘုန်းကြီးအကွဲ အပြဲ (၂)


ရေးသူ - ဘိက္ခုဥာဏသာဂရ

အရှင်ဘုရား တင်ပြထားတဲ့ အကြောင်းအရာလေး ဖတ်ရတော့ 
တစ်ဘ၀သာသနာ စာအုပ်ကြီးထဲက အရှင်ဇနကာဘိဝံသ ဆရာတော်ရဲ့ ဂိုဏ်းဂဏအပေါ်ထားရှိတဲ့ သဘောထားနဲ့ 
မြောင်းမြဆရာတော်ကြီးရဲ့ သဘောထားတွေကို 
ပြေးပြီး သတိရလိုက်ပါတယ်ဘုရား။

ကမ္ဘာအေး မဟာဂန္ဓာရုံဆရာတော် ဦးသုမင်္ဂလ တိပိဋကအောင်တော့
 ရွှေကျင်ဂိုဏ်းဆရာတော်များက 
“ရွှေကျင်တိပိဋကဓရ” ဆိုပြီး ဘွဲ့ထပ်ပေးဖို့ အစီအစဉ် လုပ်ကြပါတယ်။ 
ဒီအစီအစဉ်ကို ဆရာဖြစ်တဲ့ အရှင်ဇနကာဘိဝံသဆရာတော်ကို လျှောက်ကြည့်တဲ့အခါ 
ဆရာတော်က “ ဒါ မဟုတ်ဘူး၊ ငါ လက်မခံနိုင်ဘူး။
 ဒါကို ငါက သဘောမတူဘူးလို့ပဲ။
မင်း ပြန်ပြော၊ အထက်အဆင့်ဖြစ်တဲ့ မြောင်းမြဆရာတော်ကြီးထံကိုလဲ 
သွားလျှောက်ဖို့ မလိုပါဘူး၊ ဒီနေရာမှာပဲ အပြီးအပိုင် ဆုံးဖြတ်ပြီး ပြင်လိုက်ပါ၊ 
ကဲ-စဉ်းစားစမ်းပါဦး၊ 
မင်း တိပိဋကအောင်တာဟာ
 ရွှေကျင်ဂိုဏ်း တစ်ဂိုဏ်းတည်းအတွက် ကွက်ကွက်ကလေးသာ ဂုဏ်ဆောင်ဖို့ ဖြစ်လာတာလား၊ 
အဲလို မစဉ်းစားသင့်ဘူး၊ ဖြစ်လဲ မဖြစ်သင့်ဘူး၊ 
အမှန်က ဂိုဏ်းဂဏမရွေး သာသနာတော်ကြီး တစ်ခုလုံးအတွက် 
ဂုဏ်ကျက်သရေဆောင်ဖို့သာ ဖြစ်သင့်တယ်၊ ဖြစ်စေရမယ်၊ 
ဒါကြောင့် မင်းတို့ စီစဉ်ကြတဲ့မူကို 
ငါတော့ လုံးဝ သဘောမတူဘူးလို့ပဲ မှတ်စေချင်တယ်”တဲ့။ 


ဒါက တစ်ခုပါ။
နောက်တစ်ခုက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 
ဆဋ္ဌသံဂါယနာ အတွက် ပဓာန၀န်ဆောင်ဆရာတော်ကြီးတွေ စုစည်းမိတဲ့အချိန်မှာ 
အရှင် ဇနကာဘိဝံသဆရာတော်က-
“အခု တပည့်တော်များရဲ့ မြန်မာပြည် သာသနာတော်တွင်းမှာ 
ရွှေကျင် သုဓမ္မာ ဒွါရ ငှက် စသည်ဖြင့် ဂိုဏ်းဂဏတွေ ဖွဲ့ပြီး 
ကိုယ့်အုပ်စုနဲ့ကိုယ် အကန့်ခြားလို့ ကျင့်သုံးနေထိုင်ပါတယ်။ 
ဒီလို အပိုင်းအခြား စည်းရိုးတွေထားပြီး နေလာကြတော့ 
စိတ်ဓာတ်အားဖြင့်လဲ အကန့်အခြားလေးတွေ ဖြစ်ပေါ်ကုန်ကြပါတော့တယ်ဘုရား၊
စိတ်ဓာတ်တွေ ကွဲပြားတော့ 
ပုဂ္ဂိုလ်ချင်းများလဲ ဟပ်မရ, လုပ်ငန်းချင်းများလဲ စပ်မရ ဖြစ်လာကြပါတော့တယ်၊ ဒီတော့ကာ သာသနာတော်အတွက် 
အလုပ်လုပ်ရတာ မတွင်ကျယ်အောင် ဖြစ်လာပါတော့တယ် ဘုရား၊ 
ဒါကြောင့် ရွှေကျင် သုဓမ္မာ ဒွါရ ငှက် စတဲ့ ကိုယ်ပိုင်ဆိုင်းဘုတ်တွေ အကုန် ဖြုတ်ပြီး ဘုရားသားတော် သံဃာတော်တစ်မျိုးတည်းခေါင်းစီးနဲ့ ပေါင်းစည်းဖို့ အလုပ်ပါဘဲဘုရား” လျှောက်ထားလိုက်ပါတယ်။ 

ဒီအခါမှာ အဒီတုန်းက ရွှေကျင်ဂိုဏ်းရဲ့ ဒုတိယသာသနာပိုင်ဖြစ်တော်မူတဲ့
 မြောင်းမြဆရာတော်ကြီးက-
“ တို့ကို ရွှေကျင်ဂိုဏ်းကြီးက ယုံကြည်လို့ ဒီနေရာ ဒီကုလားထိုင်ကို ပေးထားတာ၊
 ဂိုဏ်းကြီးရဲ့ ယုံကြည်မှုကိုတော့ မပျက်အောင် ထိန်းသိမ်းရမှာပဲ၊ 
ဒီတော့ ဒီကုလားထိုင်ပေါ်မှာ ထိုင်နေသမျှ တို့က နှစ်ပြားသားမှ မလျှော့နိုင်ဘူး” လို့ မိန့်ကြားတော်မူလိုက်ပါတယ်တဲ့ ဘုရား။

တပည့်တော် အထက်က စာပိုဒ်တွေကို ဖတ်ခဲ့ရစဉ်တုန်းက
 အရှင်ဇနကာဘိဝံသဆရာတော်အပေါ်မှာ 
ကြည်ညိုခြင်း၊ လေးစားခြင်း၊ သနားခြင်းတွေနဲ့အတူ 
မျက်ရည်များ လည်ခဲ့ရသလောက် 
မြောင်းမြဆရာတော်ကြီးအပေါ်မှာတော့ conservative သမားကြီးပါလားလို့ 
စိတ်ထဲက ပြောနေမိပါတယ်ဘုရား။


မှတ်ချက်။ ကွန်မန့်ပေးထားတာကို ကူးယူဖော်ပြပါသည်။