Saturday, September 10, 2011

သိကြားမင်း


ဟိုတလောက
တရုတ်မိသားစုတစ်စုအိမ် ဆွမ်းဘုဉ်းပေးကြွရတယ်။
ဆွမ်းဘုဉ်းပေးပြီး အနုမောဒနာ (Appreciation) တရား တိုတိုလေး
ချီးမြှင့်ပေးပါအုံးဆိုလို့ ခေါင်းထဲမှာ ပေါ်လာတဲ့ ဂါထာလေးတစ်ပုဒ်ကို ပြောပြမိတယ်။
ဂါထာလေးက သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂပါဠိတော်စာအုပ်ထဲမှာပါတဲ့
ဂဟဋ္ဌ၀န္ဒနာသုတ်ထဲက ဂါထာလေးတစ်ပုဒ်ဖြစ်တယ်။

အဲ့သုတ်ဇာတ်လမ်းလေးက ဒီလို။

သိကြားမင်းကြီးမှာ အလုပ်အကျွေးဖြစ်တဲ့ မာတလိ ဆိုသူရှိတယ်။
တစ်နေ့ သိကြားမင်းကြီး ဥယျာဉ်ခြံမြေကြည့်လိုလို့ မာတလိကို 
အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ပြင်ခိုင်းတယ်။
ပြင်ဆင်ပြီးတော့ သိကြားမင်းကြီး ပြသာဒ်ပေါ်ကဆင်းလာပြီး မြင်းရထားပေါ်မတက်ခင်
အရပ်လေးမျက်နှာကို လက်အုပ်ချီ ရှိခိုးပါတယ်။

သိကြားမင်းကြီး ဒီလိုအရပ်လေးမျက်နှာလှည့် လက်အုပ်ချီ ရှိခိုးတာကို
အလုပ်အကျွေးဖြစ်တဲ့ မာတလိ အတော်အံ့သြပြီး ပြောလိုက်တယ်။

“သိကြားမင်း၊ သိကြားမင်းကြီးကို လူတွေကရော နတ်တွေကပါ 
လက်အုပ်ချီမိုး ရှိခိုးပြီး အရိုအသေပေးလေ့ရှိပါတယ်။
 ဘယ့်နှယ်ကြောင့် သိကြားမင်းကြီးက အရပ်လေးမျက်နှာလှည့်ပြီး
လက်အုပ်ချီရှိခိုးနေရပြန်တာလဲ။
သိကြားမင်းကြီးရှိခိုးနေတဲ့ နတ်မင်းကြီးက ဘယ်လို နတ်မင်းကြီးမျိုးပါလဲ
(ဧကန္တ၊ သိကြားမင်းကြီးရှိခိုးနေတဲ့သူဟာ အင်မတန်တန်ခိုးကြီးပုံပေါက်တယ်)” လို့
မာတလိက သိကြားမင်းကြီးကို ပြောလိုက်ပါတယ်။

ဒီတော့ သိကြားမင်းကြီးက
ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ
ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။

လူ့ပြည်မှာ ကောင်းမှုပြုသူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊
သားမယားကို ပြုစုလုပ်ကျွေးသူတွေရှိတယ်။ 
အဲ့လိုလူတွေကို ငါအမြဲတမ်း လက်အုပ်ချီမိုး ရှိခိုးလေ့ရှိပါတယ် လို့
မာတလိကို ပြန်လည်ပြောကြားလိုက်တယ်။

သိကြားမင်းပြန်ဖြေလိုက်တဲ့ ဂါထာလေးကို
တရုတ်မိသားစုတစ်စုအိမ်မှာ ဆွမ်းဘုဉ်းပေးပြီး အနုမောဒနာတရားအဖြစ် ဟောကြားပေးလိုက်တာပါ။
သိကြားမင်းကြီး ရှိခိုးခံချင်ရင် ဒီဂါထာလေးက ပြောထားတဲ့ ကျင့်ဝတ်တွေကို
ဖြည့်ကျင့်ဘို့ပြောပြပြီး တရားကို နိဂုံးချုပ်ရတာပေါ့။

တရုတ်မိသားစုကို ဒီဂါထာလေးဟောပြလိုက်တော့
နဂိုကတည်းက ဘာသာရေးလေးစားယုံကြည်သူတွေဆိုတော့
ပြုံးပြုံး ပြုံးပြုံးနဲ့ ခေါင်းလေးငြိမ့်ပြီး သာဓုခေါ်ကြပါတယ်။

ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ ဒီသုတ်တော်ကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
တန်ခိုးပါဝါကြီးတဲ့ သိကြားမင်းကြီးဖြစ်ပြီးတော့
တန်ခိုးနဲ့ခရီးမထွက်ဘဲနဲ့ ဘာပြုလို့ မြင်းတွေနဲ့ မြင်းရထားတွေနဲ့
ခရီးထွက်ရတာလဲ။ သိကြားမင်းကြီးတို့နေတဲ့ နတ်ပြည်မှာရှိတဲ့မြင်းတွေက
လူ့ပြည်မှာရှိတဲ့ မြင်းတွေနဲ့ အတူတူဘဲလား။
မြင်းရထား (မြင်းလှည်း) ကရော၊ နတ်လက်သမားတွေ လုပ်ပေးထားတာလား။
တန်ခိုးနဲ့ပေါ်ပေါက်လာတာလား။ 
မြင်းလှည်းကို တန်ခိုးနဲ့ ရအောင်လုပ်နိုင်တယ်ဆိုရင်
မြင်းလှည်းက တန်ခိုးနဲ့ ရလာတယ်ဆိုရင်
တန်ခိုးဒီလောက်ရှိနေရင်  မြင်းလှည်းကို မသုံးဘဲ 
တန်ခိုးနဲ့ သွားနိုင်ရမှာပေါ့။

နောက်ပြီး
သိကြားမင်း (Sakka, Skra) ဆိုတာကို ဘုရားရှင် ပွင့်တော်မမူခင်ကတည်းက
ဟိန္ဒူဘာသာဝင် အိန္ဒိယန်းတွေက လက်ခံယူကြည်ထားပါတယ်။
ဟိန္ဒူဘာသာဝင်ကျမ်းဂန်တွေထဲမှာ ပါပြီးသားဖြစ်ပါတယ်။

ဘုရားရှင်ထံ သိကြားမင်းလာပြီး ဘုရားရှင်နဲ့ သိကြားမင်းတွေ့ဆုံကာ
ဘုရားရှင်က သိကြားမင်းကို တရားဟောကြားပေးလို့
ဗုဒ္ဓဘာသာစာပေတွေထဲမှာ သိကြားမင်းအကြောင်းတွေ
ဖတ်ရှုလေ့လာ သိခွင့်ရတာတော့ ထားပါတော့။

ဒါပေမဲ့ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ အိန္ဒိယန်းတွေ ဒီသိကြားမင်းကို 
ဘယ်ပုံဘယ်နည်းနဲ့ ရှိတယ်လို့ သိရှိနေရတာလဲ။

စဉ်းစားမိတာတွေပါ။
တကယ်တော့ ဒီစဉ်းစားချက်တွေဟာ အရေးမကြီးပါဘူး။
သိကြားမင်းကြီး ရှိတာ၊ မရှိတာ အပထား။
(မရှိဘူးလို့ မပြောဘူးနော်)

ဘုရားရှင်ရဲ့အာဘော်ကို ကိုယ်နားလည်သလို ပြောပြရရင်
“ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ အိန္ဒိယန်းတွေက 
သိကြားမင်း ( ဗြဟ္မာမင်းတွေ) ကို အလေးပေးတယ်၊
အထက်က ပြောခဲ့တဲ့ဂါထာထဲကလို
လူ့ပြည်မှာ ကောင်းမှုပြုသူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊
သားမယားကို ပြုစုလုပ်ကျွေးသူတွေကို 
သူတို့အလေးပေးနေတဲ့ သိကြားမင်းကတောင်မှဘဲ
လက်အုပ်ချီမိုး ရှိခိုးလေ့ရှိတယ်လို့ ဘုရားရှင်က ဟောကြားလိုက်ခြင်းအားဖြင့်
လူတွေ ကောင်းမှုတွေပြုလုပ်လာမယ်၊ သီလတွေ ဆောက်တည်လာမယ်။
ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်လာမယ်။
သားမယားကို ပြုစုလုပ်ကျွေးစောင့်ရှောက်လာမယ်။
အကျဉ်းချုပ်အားဖြင့် လောကကြီးငြိမ်းချမ်းလာမယ်။

တကယ်တော့ ဒီကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးနေသူကို
သိကြားမင်းက ရှိခိုးချင်မှ ရှိခိုးမှာပေါ့။
နောက်ဆုံး သိကြားမင်းဆိုတာကြီးကလည်း ရှိချင်မှ ရှိမှာ။
ဒါကအရေးမကြီးပါဘူး။
သိကြားမင်းကြီး ရှိခိုးတာ၊ မရှိခိုးတာက အရေးမကြီးပါဘူး။

အရေးကြီးတာက
လူတွေ ကောင်းတာလုပ်ဖို့ပါ။
သီလ လုံခြုံဖို့ပါ။
ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ဖို့ပါ။
သားမယားကို ပြုစုလုပ်ကျွေး စောင့်ရှောက်ဖို့ပါ။

လိုရင်းက ဒါပါဘဲ လို့နားလည်ခံစားမိပါတယ်။

မှတ်ချက်။ ။ ကွဲလွဲစွာ နားလည်နိုင်ခွင့်ရှိပါတယ်။