Friday, September 30, 2011

ဗုဒ္ဓဘာသာအခြေခံတရားတော် (၂)


အပိုင်း ၂ ပါ။
ဒို့ဘာသာဆိုတဲ့ခေါင်းစဉ်နဲ့ 
ဒီမှာရော FB မှာရော 
ရေးပြီးတင်ခဲ့တဲ့အကြောင်းအရာတွေက ဒီတရားထဲက အရာတွေပါ။
နည်းနည်းတော့ ကွဲပြားမယ်။


သာသနာတော် ထွန်းကားပြန့်ပွါးလိုလျှင်



ဝိနည်းပိဋကမှာ အုပ်ရေ ငါးအုပ်ရှိတယ်။
ကိုယ်ပထမဆုံးလေ့လာဖြစ်တာက မဟာဝါ(ပါဠိတော်) စာအုပ်။
ပထမကြီးတန်းကို ကိုရင်ဘ၀ အသက် (၁၇) နှစ်သားတုန်းက အောင်တာဆိုတော့
ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူငယ်ချင်းကိုရင်တစ်ပါးက
သာမဏေကျော်စာမေးပွဲ ၀င်ဖြေပါလား ဆိုတာနဲ့ သာမဏေကျော်စာမေးပွဲပြဌာန်းစာထဲက 
တစ်အုပ်ဖြစ်တဲ့ မဟာဝါ စာအုပ်ဆိုတာကို စလေ့လာဖြစ်တာ။

မြန်မာပြည်မှာ ဘုန်းကြီးကျောင်းပညာရေးစနစ်မှာ 
သာမဏေကျော်စာမေးပွဲဆိုတာရှိတယ်။ ကိုရင်တွေအတွက်။
ဒီစာမေးပွဲကို ပထမဦးဆုံး မန္တလေးမှာရှိတဲ့ သကျသီဟအသင်းက စတင်ကျင်းပတာ။
ပြဋ္ဌာန်းစာကို တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးဆွဲပေးတာလို့ သိရတယ်။
အတော်ကောင်းတာပဲ။ 

ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်ဆိုပြီး သုံးဆင့်ခွဲထားတယ်။
သုံးဆင့်လုံးအောင်ရင် ၀ိနည်းငါးကျမ်းလုံးသင်ပြီးသားဖြစ်သွားပြီ၊ 
ဓမ္မပဒဋ္ဌကထာနှစ်အုပ်လုံးပေါက်။ အင်္ဂုတ္ထိုရ်သုံးအုပ်လုံးကုန်သွားပြီ။
သဂြိုဟ်နဲ့ သဒ္ဒါလဲ အတော်သိသွာပြီ။

သာသနာရေးဌာနက ကြီးမှူးကျင်းပနေတဲ့ ပဌမပြန်စာမေးပွဲပြဌာန်းစာတွေကို
ဒီသာမဏေကျော်စာမေးပွဲက ပြဌာန်းစာတွေနဲ့ အစားထိုးပြီး
ပြင်သင့်တာပြင်၊ ထည့်သင့်တာထည့်ကာ သင်တန်းနှစ်ကို
(၃ နှစ်မဟုတ်ပဲ ၇ နှစ်လောက်အထိ) တိုးချဲ့သတ်မှတ်လိုက်ရင်
မြန်မာပြည် ရဟန်းသာမဏေတို့ ပညာရေးစနစ် 
ဒီထက် အများကြီး ကောင်းလာနိုင်တယ် လို့ စဉ်းစားမိတယ်။

ပဌမပြန်စာမေးပွဲနဲ့ ဓမ္မာစရိယစာမေးပွဲသင်ရိုးညွှန်းတမ်းတွေဟာ
ဒီခေတ်ကာလနဲ့ လိုက်လျှောညီထွေ ရှိမရှိ စီစစ်သင့်ပြီ။ 
ခေတ်နှင့်ရင်ဘောင်တန်းနိုင်အောင် ပြင်သင့်တဲ့ဘာသာရပ်တွေကို ပြင်ပြီး
ထည့်သင့်တဲ့ အင်္ဂလိပ်စာလို ပထ၀ီလို ဗုဒ္ဓဘာသာသမိုင်းလို
ဘာသာရပ်မျိုးများ သင်ကြားစေသင့်ပြီ။

ကြားဘူးတာလေး ပြောကြည့်ချင်တယ်။
ဟုတ်မဟုတ်ဆိုတာ ကာယကံရှင်တို့ အသိဆုံး။
လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က မြန်မာပြည်မှာ ပရိယတ္တိသာသနာ့တက္ကသိုလ်တွေ
ဖွင့်ဘို့အရေး သက်ဆိုင်ရာဆရာတော်များနဲ့
သာသနာရေးအရာရှိများ ငါးနိုင်ငံခရီးထွက်ကြတယ်။

သီရိလင်္ကာနိုင်ငံရောက်တော့ ဝေယျာဝစ္စလုပ်ပေးမဲ့ကိုရင်လေးများက
မြန်မာပြည်က ဆရာတော်ကြီးတွေနားသွားပြီး
ဘာအကူအညီပေးရမလဲ လို့ အင်္ဂလိပ်လို ပြောပါတယ်။
ဆရာတော်ကြီးများက (ပါးစပ်ကိုတိပ်ဖြင့် ပိတ်ထားသည့်ပမာ) ဘာမျှပြန်မပြော။
ပြန်လဲ မပြောတတ်။ ပြန်ပြောရအောင် နားလဲ မလည်။

သို့နှင့် ကိုရင်လေးတွေက ပါဠိဘာသာစကားနဲ့ ပြောင်းပြီး ပြောပြန်တယ်တဲ့။
ဒို့ဆရာတော်ကြီးများကတော့ ပါဠိလိုလဲ တစ်ခွန်းမျှ ပြန်မပြောတတ်ချေ။ 
အလေ့အကျင့်လဲ မရှိ၊ အသံထွက်ကလဲ မတူတော့ 
ပါဠိလို ပြောနေတယ်လို့တောင် ထင်မှာ မဟုတ်ဘူး။

ဒီလိုဖြစ်တာ ဘာသာစကား အခက်အခဲကြောင့်ဆိုတာ သူလဲ သိ၊ ကိုယ်လဲ သိ။
နို့၊ ဘာလို့ ဒီဘာသာစကားကို မျိုးဆက်သစ်ရဟန်းသာမဏေများ 
မပြောတတ် မဖြစ်ရအောင် ယနေ့အထိ ပထမပြန် ပြဌာန်းစာထဲမှာ 
မထည့်ဖြစ်သေးပါသလဲ။
စဉ်းစားသင့်ပြီ၊ ပြုပြင်သင့်ပြီ၊ အကောင်အထည်ဖော်သင့်ပြီ။

ဒီကိစ္စနဲ့ပတ်သက်လို့
မန္တလေး၊ သာသနာ့တက္ကသိုလ်ထွက်ဆိုတော့
တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းအတွက်
စာမူတောင်းလို့ ဆောင်းပါးတစ်ပုဒ် ဒီလိုခေါင်းစဉ်နဲ့ ရေးပို့လိုက်တယ်။

သာသနာတော် (တကယ်) ထွန်းကားပြန့်ပွါးလိုလျှင်
ဒေါက်တာအရှင်ဣန္ဒက

မြန်မာပြည် ရဟန်းသံဃာတော် ပညာရေးမူအတိုင်း 
ပထမကြီးတန်းအောင်လို့ သာသနာ့တက္ကသိုလ် ၀င်ခွင့်ဖြေဆိုကာ 
သာသနာ့တက္ကသိုလ်မှာ ပညာသင်ခွင့်ရပြီး 
သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ရတယ်။ 
အဲ့တက္ကသိုလ်မှာပဲ မဟာတန်းတက်ခွင့်ရလို့ ဆက်တက်ဖြစ်တယ်။ 
(၂) နှစ်ဆက်တက်ပြီး ကျမ်းပြုတယ်။ 
တချိန်တည်းမှာပဲ အစိုရကကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲဝင်ဖြေတာ
သာသနဓဇဓမ္မာစရိယဘွဲ့ ရတယ်။ 
ဒီတော့ မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးကို 
လုံးစိပါဌ်စိမသိတောင် အတော်အသင့် နားလည်ခဲ့တယ် လို့ ပြောလို့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးစနစ်မှာ 
(အကြမ်းဖျင်းအားဖြင့်) ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ 
ဓမ္မာစရိယတန်း ဆိုပြီး အတန်း (၄) တန်းပဲ ရှိတယ်။ 
အတန်းက သာ (၄) တန်းပဲ ရှိတာ။
စာသင်သားရဟန်းသံဃာတော်အများစုဟာ 
(၁၀) နှစ်လောက်ကြာအောင် သင်ယူရတယ်။ 
ဒီအတန်း (၄) တန်းကို (၄) နှစ်နဲ့ အောင်မြင်ဘို့ မလွယ်ပါဘူး။ 
၎ နှစ်နဲ့ အောင်သွားတဲ့ရဟန်းတော် မရှိသလောက် ရှားပါတယ်။
ရဟန်းသံဃာတော်အများစု ၁၀ - နှစ်လောက်ကြာအောင် သင်ယူရနေတဲ့ 
ဒီအတန်း (၄) တန်းကို ဘာလို့များ အတန်းတိုးပြီး မထားနိုင်ရတာလဲ။ 
ဘာလို့များ အတန်း (၄) တန်းထဲ သတ်မှတ်ထားရတာလဲ။ 
မေးခွန်းထုတ်စရာပါ။ ဒီကိစ္စ ၀ိုင်းဝန်းစဉ်းစားပေးရမှာပါ။

နောက်တစ်ချက်က ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ 
ပါဠိဘာသာ (Language) နဲ့ ဗုဒ္ဓဘာသာ (Subject) ရောထွေးနေတယ်။
ရောရောထွေးထွေး သင်ပေး သင်ယူနေရတာ ပြဿနာတော့ မဟုတ်ပါဘူး။ 
ဒါပေမဲ့ သင်ပေးနေတဲ့ စာချဆရာတော်အများစုက 
ပါဠိဘာသာပိုင်း (Language) နဲ့ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်း (Subject) ကို ဓမ္မာစရိယတန်းရောက်တဲ့အထိ ခွဲခွဲခြားခြား ပြောမပြဘူး။ 
သင်မပေးဘူး။ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်းသင်ကြားပေးမှု 
အားနည်းတယ်လို့ ပြောမယ်ဆို ပိုမှန်နိုင်တယ်။ 

ဗုဒ္ဓအကြောင်း၊ ကံ ကံ၏အကျိုး၊ ဗုဒ္ဓဘာသာရဲ့ လူမှုရေး၊ နိုင်ငံရေး၊ 
စီးပွါးရေးအမြင် စသည်၊ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် လမ်းစဉ်စတဲ့
အကြောင်းအရာတွေကို နည်းနည်းလေးမှ ပြဌာန်း စာထဲမှာ မတွေ့ရဘူး။ 

အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ 
စာတတ်လူမိုက် (ပညာတတ်လူမိုက်) တွေဖြစ်လာတယ်။
ဒီထက်ဝမ်းနည်းစရာကောင်းတာက 
ဓမ္မာစရိယတန်းအောင်ပြီးသားဦးဇင်းတွေ ဓမ္မာစရိယတန်းမှာ သင်ရတဲ့ 
သာမညဖလသုတ်၊ အမ္ဗဋ္ဌသုတ်အကြောင်းတွေကို မပြောပြတတ်တာပဲ။ 

နောက်ပြီး ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ 
ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်း၊ 
ဗုဒ္ဓစာပေသမိုင်းပညာရပ်တွေ ထည့်မထားဘူး။

 ဒီဘာသာရပ်ဟာ ရဟန်းတော်တိုင်း သိသင့်တဲ့ ဘာသာရပ်ဖြစ်တယ်။ 
ကိုယ်ဖတ်နေတဲ့ သင်ကြားနေတဲ့ အဋ္ဌကထာစာအုပ် (သို့) ဋီ့ကာစာအုပ်ကို 
ဘယ်ခေတ်က၊ ဘယ်ရာစုက၊ ဘယ်ခုနစ်ခန့်က ဘယ်ပုဂ္ဂိုလ်က 
ဘယ်ဆရာတော်နဲ့ ခေတ်ပြိုင် ဆရာတော်က ရေးခဲ့တယ်ဆိုတာ သိသင့်တာပေါ့။ 

ဥပမာ၊ ပုဂံခေတ်က သာသနာရေးအခြေအနေ၊
အင်းဝခေတ်သာသနာရေး အတက်အကျ၊
ဘာ့ကြောင့် သာသနာအားနည်းသွားရတယ်
စတဲ့အကြောင်းအရာတွေကို သာသနာပြုရဟန်းတော်တွေ သိကို သိရပါမယ်။ 
ဒါမှသာ သာသနာပြုရာမှာ ခရီးရောက်ပါမယ်။

သီရိလင်္ကာနိုင်ငံမှာ ပညာသင်တုန်းက
ကုလားကိုရင်လေးတစ်ပါးနဲ့ စကားပြောဘူးတယ်။
သူတို့ ဗုဒ္ဓဘာသာသမိုင်းသင်ရကြောင်း၊ 
သမိုင်းထဲမှာ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ကြီးအကြောင်းလည်းပါကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးအကြောင်းထဲမှာ 
တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင် တို့ပါကြောင်း၊ 
သူတို့ဟာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ 
ကုန်ရောင်းဝယ်ရင်း ဘုရားရှင်နဲ့တွေ့ရာ သူတို့နှစ်ဦးဟာ
အဦးဆုံး သရဏဂုံနှစ်ပါးဆောက်တည်သူများဖြစ်ကြောင်း၊
သူက ပြောပြတယ်။ 

သူ ဆက်မေးတယ်။
ဒီလို အဦးဆုံး သရဏဂုံဆောက်တည်ရမှာ 
ဘယ်ဘာသာစကားနဲ့ ဆောက်တည်တာလဲ၊ 
ပါဠိဘာသာစကားနဲ့လား၊ မြန်မာဘာသာစကားနဲ့လားတဲ့။ 
သမိုင်းကို သင်တော့ သမိုင်းထဲက အကြောင်းအရာတွေကို
စူးစမ်းတတ်တဲ့ ဒီသီဟိုဠ်ကိုရင်လေးကို ချီးကျူးရမှာပါ။ 
သမိုင်းစာအုပ်တွေကပြောပြတာတွေ သင်ယူရတာတွေကို 
သီရိလင်္ကာကိုရင်လေး က စူးစမ်းတဲ့သဘောလေးပါ။ 
မြန်မာကိုရင်၊ ဦးဇင်းများလည်း ဒီလို စူးစမ်းမှုလေးတွေနဲ့
အမှန်တရားကို ရင်ဝယ်ပိုက်နိုင်အောင် ဗုဒ္ဓဘာသာသမိုင်းကို
အတန်းတိုင်းမှာ ထည့်သွင်း သင်ကြားပေးဘို့ လိုအပ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ ရဟန်းသံဃာတော်များပညာရေးအားနည်းချက်တစ်ခုက
စာသင်သား တပည့်တွေ မရှင်းလင်းတာကို မေးခွင့် ပေးမထားဘူး။ 
စာချချိန်ပြည့်ရင် စာချဘုန်းကြီးက
“ကဲ၊ တော်ပြီ” လောက်ပြောပြီး စာအုပ်ပိတ်၊ သူ့အခန်းထဲ ၀င်သွားတော့တာပဲ။ 
စာသင်သား နားလည်လည် မလည်လည် သူနဲ့ မဆိုင်သလိုဘဲ။ 
တကယ်တော့ စာချချိန် တစ်နာရီဆိုရင် တစ်နာရီအပြည့်မချဘဲ 
မိနစ် (၅၀) လောက်သာ ပို့ချသင့်ပါတယ်။ 
ကျန်တဲ့ (၁၀) မိနစ်ကို စာသင်သားတွေ မရှင်းတာမေးဘို့ ချန်ထားသင့်တယ်။
ဒီလိုအလေ့အထမရှိတော့ မြန်မာပြည်မှာ စာသင်ပြီး ဓမ္မာစရိယဘွဲ့တွေသာ ရတယ်။
စာပေနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ တိုးတက်မှု နည်းပါးတာကို တွေ့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်များစာသင်နည်းစနစ်က
ဗုဒ္ဓစာပေဆိုင်ရာမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ပေးမထားဘူး။
 မြန်မာပြည် ဘုန်းကြီးကျောင်းပညာရေးစနစ်က 
ရှေ့ကဆို နောက်ကလိုက်ရေးရတဲ့
(ကြက်တူရွေး) ပညာရေးစနစ်ဖြစ်န်ေတယ်။ 
ဒါကို ဒီလိုမှတ်၊ ဒီလိုဖြေနဲ့ ပီးတော့တာပဲ။ 
စာသင်သားတွေရဲ့ သံသယဆူးညောင့်တွေကို နှုတ်မပေးကြဘူး။ 
ဆရာကဆို တပည့်က နောက်က လိုက်ရေးရတဲ့ ပညာရေးစနစ်ကြားမှာ
ကိုယ်သံသယရှိတာ မရှင်းတာကို ထမမေးရဲဘူး။ 
မရှင်းတာမေးရင်  ဆရာသမားတွေကို မရိုသေရာရောက်တယ်၊
ဘုကန့်လန့်လုပ် တယ်လို့ အယူရှိတဲ့ စာချဆရာတော်တွေထံမှောက်မှာ 
ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့သံသယတွေကို (အောင့်အီး) မြိုချရင်း 
ဘွဲ့လက်မှတ်ကြီးတွေကို ရခဲ့တယ်။

နောက်ဆုံး အရေးအကြီးဆုံးအချက်က
 မြန်မာရဟန်းတော်များ အင်္ဂလိပ်ဘာသာ အရေး အဖတ် အပြော တတ်မြောက်ထားဘို့ပါပဲ။ သိကြပြီးဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ မတတ်ရင် 
အသေးအဖွဲ ကိစ္စလေးတွေမှာကို အဆင်ပြေဘို့ မလွယ်ဘူး။ 
တချို့ နိုင်ငံခြားကို အလည်လာတဲ့ ဆရာတော်ကြီးများလည်း 
ဒီအင်္ဂလိပ်စာမတတ်လို့ ဒုက္ခရောက်ပုံတွေ အမျိုးမျိုးကြားနေရတယ်။ 

ဟိုတလောဆီက အတော်အသင့်နာမည်ရတဲ့ 
အင်္ဂလိပ်စာမတတ်တဲ့ ဓမ္မကထိကဆရာတော်တစ်ပါး 
အင်္ဂလိပ်စာတတ်တဲ့ သူ့တပည့်ဦးဇင်းလေး အကူအညီနဲ့ ဂျပန်နိုင်ငံကို အလည်သွားတယ်တဲ့။ 
ဂျပန်ရောက်လို့ ရက်အနည်းငယ်ကြာတော့ 
ဆရာတော်နဲ့ ဦးဇင်းလေး ဘာအစာမကြေဖြစ်တယ် မသိဘူး။ 
ဦးဇင်းလေးက ဆရာတော့်ကို မြို့လည်ခေါင် ရထားဘူတာရုံနားမှာ ပစ်ထားခဲ့တယ်။
ဆရာတော်က မြန်မာစကားက လွဲလို့ ဘာစကားမှ မပြောတတ်တော့ 
သူများနိုင်ငံမှာ အခက်တွေ့ တော့တာပေါ့။ 
နောက်ဆုံး ဘာမှ ကြံရာမရတော့ ရထားဘူတာက ထွက်လာတဲ့ 
လူအုပ်ကြီးဘက်ကို လှည့်ပြီး 
“မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ 
တစ်နေကုန် အော်နေရသတဲ့။

မြန်မာစာသင်သားရဟန်း၊ သာမဏေများ အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်ပြီး
ထင်ရှားတဲ့ ဆရာတော်တစ်ပါးရဲ့ အမြင်ကို 
၂၀၁၀၊ ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ တွေ့လိုက်ရတယ်။
သာမန်စာသင်တိုက်ဆရာတော်တစ်ပါးက ဒီထင်ရှားတဲ့ဆရာတော်ထံသွားပြီး
အင်္ဂလိပ်စာကို အခြေခံတန်းတွေမှာ ထည့်သွင်းသင်ကြားပေးလိုကြောင်း၊ 
သင့်မသင့် အကြံတောင်းတယ်။

ထင်ရှားတဲ့ဆရာတော်ပြောတာ က 
“အခြေခံစာမေးပွဲတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဌာန်းတာဟာ 
ခေတ်အခြေအနေအရ သိပ်ကောင်းပါတယ်။
အရှင်ဘုရားအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့
ထည့်သွင်းချင်တာလဲဆိုတာကိုတော့ မေးစရာရှိတာပေါ့။ 
လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊ 
နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ 
ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင်
သိသွားအောင် ဆောင်ရွက်ချင်တာလား။ 
ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊
နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ 
အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ
အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး။ 

ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိသိအောင်၊ 
ကျယ်ပြန့်သွားအောင်လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့ 
ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ 
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ 
မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။ 
ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်။ 
တကယ်စိတ်ဝင် စားတယ်၊ ဥာဏ်အသင့် အတင့်ရှိတယ်ဆိုရင် 
အသက် (၃၀) ကျော်ဝန်းကျင်လောက်မှာ 
အင်္ဂလိပ်စာတတ်ကျွမ်းတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။” တဲ့။

သူပြောခဲ့တဲ့ အထက်ပါစကားတွေ ထဲမှာ မရှင်းမလင်းတာတွေပါနေတယ်။ 
ဥပမာ၊ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊
နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ 
ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင်
သိသွားအောင် ဆောင်ရွက်ချင်တာလား ဆိုတဲ့ သူ့စကား။

ဆရာတော်အနေနဲ့ ဒီလို မေးစရာမလိုဘူးလို့ယူဆတယ်။ 
ကိုရင် (သို့) ဘုန်းကြီးတစ်ပါးကို အင်္ဂလိပ်စာသင်းပေး၊ သင်ယူကတည်းက 
ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိ ကျယ်ပြန့် သွားအောင် 
သိသွားအောင် ဆောင်ရွက်ချင်တာပါပဲ။ 

ဒီလို ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ပေးသင်ယူသွားရင်းနဲ့ပဲ 
လမ်းဘေးက ဆိုင်းဘုတ်တေကို ဖတ်တတ်မှာဖြစ်ပြီး 
နိုင်ငံခြားသား တွေနဲ့ စကားပြောတတ်လာမှာပါ။

နောက်ပြီး ဆရာတော်က 
“ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊
နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ 
အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ
အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး” လို့ ဆိုတယ်။

ဒါက ဘာကို ဆိုလိုတာပါလဲ။ 

စာရေးသူအမြင်ကတော့ 
အင်္ဂလိပ်စာသင်ယူတာဟာ အင်္ဂလိပ်စကားကို ပြောတတ်ဖို့၊ ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ပါပဲ။
ဆိုင်းဘုတ်ကိုပဲ ဖတ်ရ ဖတ်ရ၊ သတင်းစာကိုပဲ ဖတ်ရ ဖတ်ရ၊ 
ပိဋကတ်စာပေကိုပဲ ဖတ်ရ ဖတ်ရ၊ ဖတ်တတ်ဖို့ပါပဲ။ 

အင်္ဂလိပ်စကားပြောရာမှာလဲ အကြောင်းအရာမျိုးစုံကို 
တရုတ်လူမျိုးနဲ့ပြောရ ပြောရ၊ ကုလားလူမျိုးနဲ့ ပြောရ ပြောရ၊ ပြောတတ်ဖို့ပါပဲ။ 

ဆရာတော်ဆက်ပြောတာက
“ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိ သိအောင်၊ ကျယ်ပြန့်သွားအောင် လုပ်ဖို့
ရည်ရွယ်ပါတယ် ဆိုရင်တော့
 ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ 
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ 
မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။
 ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်” တဲ့။ 

ဆရာတော်ရဲ့ ဒီစကားအရ
ဆရာတော်က အခြေခံတန်းတွေမှာ အင်္ဂလိပ်စာကို မပြဋ္ဌာန်းစေလိုဘူး။
ဝါ - အခြေခံတန်း စာသင်သားတွေကို 
အင်္ဂလိပ်စာ မသင်ကြနဲ့လို့ ပြောလိုက်တာပါ။

စာရေးသူအမြင်ကတော့
အခြေခံတန်းမှာကတည်းက သူ့အရွယ် သူ့အဆင့်နဲ့အညီ သိသင့်တဲ့
စာသင်သားလဲ ကျက်မှတ်ဖတ်နိုင်လောက်တဲ့ 
အခြေခံအင်္ဂလိပ်စာကို ပြဋ္ဌာန်းပေးပြီး သင်ကြားပေး ထားသင့်တယ်။
 ဒီလိုလုပ်ပေးခြင်းဖြင့် ပါဠိစာပေဖက်မှာ အားနည်းသွားမယ်လို့တော့ 
(လုံးဝ) မယုံကြည်ဘူး။
ဘာ့ကြောင့်လဲ။ 

အင်္ဂလိပ်စာ မသင်ရလဲ ပါဠိစာပေ အားနည်းချင် နည်းနေတာပဲ မဟုတ်လား။ 
တော်တဲ့လူက တော်တာပါပဲ။ ညံ့တဲ့လူက ညံ့နေတာပါပဲ။
ဆရာတော်က စာသင်သားသံဃာတော်တွေကို
ဓမ္မာစရိယတန်းအောင်မှ 
အင်္ဂလိပ်စာ သင်ယူစေချင်တယ် ဆိုတော့ 
အတန်းပြဋ္ဌာန်းစာထဲမှာ မထည့်သွင်းပဲနဲ့ အလွတ်သင်ယူစေချင်တဲ့ 
သဘောလို့ ယူဆမိတယ်။ 

ဆရာတော်ရဲ့ ဒီအမြင်ဟာ ယေဘုယျမဆန်ဘူးလို့ယူဆပါတယ်။
ဆရာတော်ကိုယ်တိုင်ကတော့ ဓမ္မာစရိယတန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တော့ အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေ အများကြီးရတာပေါ့။ 

ဒါပေမဲ့ အများစုက အသက် ၃၀ လောက်မှ ဓမ္မာစရိယတန်းကို အောင်ကြတာ။ ဓမ္မာစရိယတန်းအောင်ပြီးရင်လဲ စာသင်တိုက်အများစုက လက်ခံချင်ကြတာမဟုတ်ဘူး။
ဆိုတော့ အသက်လဲကြီး နေစရာလဲ အခက်အခဲတွေ့နေတဲ့
ဓမ္မာစရိယအောင်မြင်ပြီးတဲ့ရဟန်းတော်ဟာ 
အင်္ဂလိပ်စာသင်ယူဖို့ အခွင့်အရေး အတော့်ကို နည်းသွားပါပြီ။

စာရေးသူအမြင်က
ဒီအင်္ဂလိပ်စာကို အခြေခံအတန်းတွေမှာကတည်းက
ပြဋ္ဌာန်းစာတစ်ခုအဖြစ် သတ်မှတ်ပေးပြီး သင်ယူစေချင်တာ။ 

ထူးချွန်တဲ့ရဟန်းတော်များက
ပိဋကတ်စာပေတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ကြမှာဖြစ်ပြီး
ဘက်စုံတော်တဲ့ နိုင်ငံခြားသာသနာပြု 
ရဟန်းတော်များဖြစ်လာမှာ သေချာပါတယ်။

အလည်အလတ်တန်းစားရှိတဲ့ရဟန်းတော်များကတော့ 
ဓမ္မာစရိယတန်းအောင်ပီးတာနဲ့ မိမိတို့ ကျောင်းထိုင်မဲ့ နေရာအသီးသီးမှာ 
(၁၀) တန်းကျောင်းသား ကျောင်းသူလေးတွေကို 
အင်္ဂလိပ်စာ ပြနိုင်တဲ့အဆင့်ရောက်လာမှာပါ။

 အဲ၊ အနိမ့်ဆုံးအဆင့်ကတော့
လမ်းဘေးကဆိုင်းဘုတ်တွေ လမ်းညွှန်တွေကို ဖတ်တတ်လာပြီး
အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ 
ဂျပန်အလည်သွားတဲ့ ဆရာတော်ကြီးလို 
“မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ 
အော်စရာ မလိုတော့ဘူးပေါ့။

ပြောချင်တာက
ကိုယ့်နိုင်ငံက ရဟန်းတော်များ ထူးထူးချွန်ချွန်သာသနာပြုနိုင်အောင်
ပါဠိစာပေရော၊ ဗုဒ္ဓဘာသာစာပေရော၊ ဗုဒ္ဓဘာသာသမိုင်းရော၊ အင်္ဂလိပ်စာရော
ပြဋ္ဌာန်းစာထဲမှာ ထည့်ပြီး သင်ကြားပေးစေချင်တာပါ။

(မန်း သာသနာ့တက္ကသိုလ် နှစ်ပတ်လည်စာစောင်မှာ ဖော်ပြပြီးစာ)


Thursday, September 29, 2011

ဗုဒ္ဓဘာသာအခြေခံတရားတော် (၁)

video

ဒို့ဘာသာဆိုတဲ့ခေါင်းစဉ်နဲ့ 
ဒီဘလော့မှာရော FB မှာပါ တင်ခဲ့တဲ့အကြောင်းအရာတွေကို
ဟောကြားခဲ့တဲ့တရားတော်ပါ။
မတူတာတွေ ပါမှာပေါ့။ နာယူကြည့်ပါဦး။



ဗုဒ္ဓဘာသာအခြေခံတရားတော် (၁)


၂၀၀၉ ခုနစ် 
မြန်မာပြည်ခဏပြန်တုန်း
ဟောခဲ့တဲ့တရားတော်အပိုင်း ၁ ပါ။
ဒို့ဘာသာခေါင်းစဉ်နဲ့ ဒီဟောတရားကို 
ရေးတင်ပြီးပါဘီ။ မတူတာလေးတွေတော့ ရှိမှာပေါ့။


သာသနာပြုသည်ဆိုရာဝယ်



မန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက 
အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြန်ကြွလာတယ်။ ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။
သြ၀ါဒထဲမှာ 
"သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း" ထည့်သွင်းပြောကြားသွားတယ်။ 

သာသနာပြုရဟန်းတော်အနေနဲ့ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ 
သင်ရတဲ့ အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။ 
အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း ဆရာတော်ရဲ့သြ၀ါဒကို 
အဲဒီအချိန်အခါတုန်းက နားလည်ခဲ့တယ်။ 
ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
ဆရာတွေ သင်ကြားပေးတဲ့စာတွေကို ကောင်းကောင်းနှလုံးမသွင်းဖြစ်ခဲ့ဘူး။ 
ဆရာတွေ ညွှန်ကြားတဲ့ စာအုပ်တွေကို စိတ်ပါလက်ပါ မဖတ်ဖြစ်ခဲ့ဘူး။ 
စာမေးပွဲ အောင်ရုံပဲ လုပ်ဖြစ်ခဲ့တယ်။ 
အပေါင်းအသင်းတွေနဲ့ စကားပြော၊ ဝေဘန်၊ 
အကြောင်းမရှိ အကြောင်းရှာ မြို့ထဲလျှောက်သွား၊ 
ဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်လွန်စေခဲ့တယ်။ 

အကျိုးဆက်ကတော့ 
ဆရာတော် ဦးဥာဏ၀ရပြောခဲ့တဲ့ ၀ိဇ္ဇာ (အတတ်ပညာ) မပြည့်စုံခဲ့တာဘဲ။ 

အခုအချိန်ကျမှ ရှိသမျှစာ ကုန်းရုန်းဖတ်နေရတော့ 
သာသနာပြုတဲ့နေရာမှာ ထင်သလောက် ခရီးမရောက်ဘူး။ 
ခေတ်စာရော ပိဋကတ်စာပေတွေကိုပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် ဖတ်မှတ်ရတယ်။ 
ဒါမှသာ တရားပွဲတွေမှာ မေးသမျှမေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တာ။

(မှတ်ချက်။ နိုင်ငံခြားတရားပွဲများတွင် မြန်မာပြည်ဓမ္မကထိကဆရာတော်များကဲ့သို့ 
မျက်စိနှစ်လုံး စုံမှိတ်ကာ "သတည်း" ချရုံမျှဖြင့် မပြီးပါ။ 
တရားပွဲပြီးဆုံးသောအခါ အမေးအဖြေကဏ္ဍရှိပါသည်။ 
တရားဟောစဉ် တရားထဲတွင်ပါသော မရှင်းလင်းသော အချက်အလက်များကို 
စာရွက်ဖြင့် တရားနာပရိသတ်တို့က ရေးမှတ်ထား၍ 
တရားပွဲပြီးချိန်တွင် မေးလေ့ရှိရာ မေးသူတို့ ကျေနပ်သည်အထိ 
တရားဟောသူက ဖြေကြားပေးရပါသည်။)

ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေးမှာ 
ပဋိပတ်မကင်းသော ပရိယတ်သမားဖြစ်ဖို့အတွက် 
နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များ သတိပဌာန်တရားအားထုတ်ရပါတယ်။ ဆရာတော်ဦးဥာဏ၀ရ ပြောခဲတဲ့ စရဏ (အကျင့်တရား)နဲ့ ပြည့်စုံဖို့ပင်။ 

ဒီလို တရားအားထုတ်စဉ်အချိန်တုန်းကလည်း ငယ်ရွယ်သူဖြစ်သည့်အလျှောက် 
စိတ်ပါလက်ပါ အားမထုတ်ဖြစ်ခဲ့ဘူး။ ၀တ်ကျေတမ်းကျေပဲ ထိုင်ခဲ့တယ်။
အကျိုးဆက်ကတော့ သတိပဌာန်တရားအားထုတ်တဲ့သူတွေက 
ပြဿနာတစုံတရာ မေးလာတဲ့အခါ 
(ကိုယ်က သေသေချာချာ ဂဃနဏ အားမထုတ်ဘူးတဲ့အတွက်) 
အခက်အခဲများစွာ တွေ့ရခြင်းပင်။ 
ဒါ့ကြောင့် သာသနာပြုမယ်ဆိုရင် (အထူးသဖြင့်) နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ၀ိဇ္ဇာ (အတတ်ပညာ) ရော စရဏ (အကျင့်တရား) ပါ ပြည့်စုံဖို့ အရေးကြီးတယ်။

ဝိဇ္ဇာ (အတတ်ပညာ)နဲ့ ဆက်စပ်ပြီး 
မြန်မာစာပေ ပိဋကတ်စာပေတတ်ကျွမ်းထားရမည့်အပြင် 
နိုင်ငံခြားသာသနာပြုရဟန်းဖြစ်ဖို့ အင်္ဂလိပ်စာ အင်္ဂလိပ်စကားလည်း တတ်ထားမှ။ 
ပိဋကတ်စာပေ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင် အင်္ဂလိပ်စကားမတတ်ရင် သာသနာပြုတဲ့နေရာမှာ ခရီးရောက်မှာ မဟုတ်ပါဘူး။ 

သာသနာ့တက္ကသိုလ်တက်တုန်းက အင်္ဂလိပ်စကားပြောတတ်ချင်လွန်းလို့ 
ညနေဆိုရင် မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားလိုက်ပြောရတာလည်းအမော။

တစ်နေ့ မင်းကွန်းဘက်ကပြန်လာတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ မန္တလေးတောင်ပေါ်မှာတွေ့တယ်။ 
အင်္ဂလိပ်စကားထိုက်သင့်သလောက်ပြောတတ်နေတဲ့ 
စာရေးသူ့ကို "ဘွဲ့ဘယ်နှစ်ခုရပြီလဲ" လို့ မေးတယ်။ 
အဲတုန်းက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရပြီးခါစဆိုတော့ 
"တစ်ဘွဲ့ရပြီးပြီ" လို့ ပြောရတာပေါ့။ 
ဒီတော့ နိုင်ငံခြားသား မျက်လုံးပြူးသွားတယ်။
 "ခင်ဗျားက တစ်ဘွဲ့ပဲ ရသေးတာ၊ အင်္ဂလိပ်စကား အတော်ပြောနိုင်သားပဲ၊ 
ဟိုဘက်ကမ်းက ဘုန်းကြီးတွေက ပြောတယ်၊ သူတို့ ကိုးဘွဲ့ရပြီးပြီတဲ့၊ 
ဒါပေမဲ့ ခင်ဗျားလို အင်္ဂလိပ်စကား မပြောတတ်ဘူး" တဲ့။ 
မှတ်ကရော။
နိုင်ငံခြားမှာတော့ မြန်မာပြည်မှာလို ဘွဲ့ကြီးတွေကို နံရံတွေမှာချိတ်ပြီး သာသနာပြုလို့မရပါဘူး။ ဘုန်းဘုန်းက ၉ ဘွဲ့ရပါ၊ ဘုန်းဘုန်းက ၁၂ ဘွဲ့ရထားတာပါလို့ပြောပြီး သာသနာပြုလို့ မရပါဘူး။ လုပ်ရည်ကိုင်ရည်က အရေးကြီးပါတယ်။ 
နောက်တစ်ခုက အသက်ကြီးတိုင်းလည်း နိုင်ငံခြားမှာ နေရာမရပါဘူး။

သာသနာပြုတဲ့စွမ်းရည်ဟာ အသက်ကြီးတာ (၀ါကြီးတာ)နဲ့ မဆိုင်ပါဘူး။ 
အရည်အချင်းရှိတဲ့သူက ပလ္လင်ပေါ်တက်ရတာပါ။ 
အသက်ထက် (၀ါထက်) အရည်အချင်းက ပိုအရေးကြီးပါတယ်။ 
ဒါဟာ သဘာဝကျပြီး "မြတ်စွာဘုရားရဲ့မူ" လို့ပြောမယ်ဆို ပြောလို့ရပါတယ်။
မြတ်စွာဘုရားက အသက်ကြီးတဲ့ ၀ါကြီးတဲ့ အရှင်ကောဏ္ဍညတို့အဖွဲ့ကို ရာထူးကြီးကြီးမပေးဘဲ အသက်ငယ်တဲ့ ၀ါငယ်တဲ့ (နောက်မှ သာသနာ့ဘောင်ကို ရောက်လာတဲ့) 
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ရာထူးကြီးကြီးပေးထားလို့ပါဘဲ။

ဒါကိုထောက်ရှုပြီး ကမ္ဘာ့စံချိန်နဲ့သာမက မြတ်စွာဘုရားရဲ့မူဝါဒနဲ့ပါကိုက်ညီအောင်
 မြန်မာပြည်ရှိ စာသင်တိုက်များ၊ သာသနာ့တက္ကသိုလ်များမှာ 
ဝါကြီးတာထက် အရည်အချင်းရှိတဲ့သူများကို ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။

အင်္ဂလိပ်စာမတတ်တဲ့ ဆရာတော်တစ်ပါးနဲ့ 
အနောက်နိုင်ငံ အင်္ဂလန်ကို ခရီးအတူထွက်ဖူးတယ်။ 
အင်္ဂလိပ်စာမတတ်တဲ့အတွက် အသေးအဖွဲလေးတွေမှာ 
အကြီးအကျယ် ပြဿနာဖြစ်ခဲ့ရတယ်။ 
လေဆိပ်ဝင်တာနဲ့ ကျန်းမာရေးအတွက် ဆေးစစ်ရတယ်။ 
သူများတွေ ငါးမိနစ်နဲ့ပြီးရမဲ့ဟာ သူ့မှာ နာရီဝက်နဲ့ မပြီးနိုင်ဘူး။ 
ဆေးစစ်တဲ့အခန်းထဲ တစ်ယောက်စီဝင်ရတာဆိုတော့ စာရေးသူလည်း ၀င်ပြီး ကူညီခွင့်မရပါဘူး။ နောက်မှ သိရတာက ဟိုကပြောတဲ့စကားကို နားမလည်တဲ့အတွက် 
ဓာတ်မှန်ရိုက်တဲ့အခါ အနေအထား တလွဲစီ ဖြစ်ဖြစ် နေတာဆိုပဲ။

ကျောင်းရောက်တော့ 
ဒကာမကြီးတစ်ယောက်က လှူဖွယ်လေးတွေကို ကိုင်ပြီး လာလှူတယ်။ 
စာရေးသူလည်း ရေမိုးချိုး အနားယူတယ်။ 
ခဏနေတော့ ဆရာတော်က စာရေးသူအခန်းထဲဝင်လာပြီး 
"မောင်ဣန္ဒက၊ အခုနက ဒကာမကြီးက အလိုက်သိတယ်နော်၊ 
လန်ဒန်မှာ ရာသီဥတုက အေးတော့ အသားပတ်မှာစိုးလို့ထင်တယ်၊ 
ဒို့ကို Skin Lotion လာလှူသွားတယ်၊ ကိုယ်တော့ လိမ်းလာခဲ့ပီ" လို့ပြောတယ်။ 
စာရေးသူလည်း မျက်လုံးပြူးသွားတယ်။
"နေစမ်းပါဦး ဆရာတော်၊ ဆရာတော့် Skin Lotion ဗူးကြည့်ပါရစေဦး" လို့ပြောပြီး 
သူ့အခန်းထဲ လိုက်ကြည့်တော့ "ဘယ်ကလာ Skin Lotion ဗူး ဟုတ်ရမှာလဲ၊ 
အဲဒါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တဲ့အခါ သုံးရမဲ့ဟာ" လို့ ဆရာတော့်ကို ပြောပြရတယ်။ 

အင်္ဂလိပ်စာ အင်္ဂလိပ်စကား မတတ်ရင် သာသနာပြုဘို့ နေနေသာသာ ဒီလိုအသေးအဖွဲလေးတွေမှာကိုပဲ 
အမှားမှားအယွင်းယွင်းဖြစ်နေလို့ ဖြေရှင်းလို့ကို မပြီးနိုင်ဘူး။ 

ဒါက ၀ိဇ္ဇာ (အတတ်ပညာ) နဲ့ပတ်သက်လို့ တတ်သင့်တာတွေ တတ်ထားဖို့ 
သတိရတုန်း အကြံပေးဖြစ်တာပါ။

စရဏ (အကျင့်)နဲ့ပတ်သက်လို့လည်း ပြောစရာတွေ တပုံတပင်ကြီး။ 
နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ရိပ်သာတစ်ခုခုမှာ ဆရာနည်းကျကျ 
သတိပဌာန်တရားကို အားထုတ်ထားသင့်တယ်။ 
သောတာပန်စသည်မဖြစ်တောင် နည်းမှန် လမ်းမှန်နဲ့ 
တစုံတခုသောအတိုင်းအတာအထိ အားထုတ်ထားသင့်တယ်။ 

ဓမ္မကထိကလေသံတွေကို နားထောင်တဲ့အခါမှာ (၀ါ) တရားနာတဲ့အခါမှာ 
တရားအားထုတ်ဖူးတဲ့ ဓမ္မကထိကလေသံက တရားနာသူ့အပေါ်မှာ ခွန်အားပိုရှိပါတယ်။ 
ဒါ့ကြောင့် တရားအားထုတ်ပြီးမှ တရားဟောသာသနာပြုမယ်ဆိုရင်
ပိုအောင်မြင်မယ်လို့ စာရေးသူတော့ ယုံကြည်တယ်။

အဲ၊ အကျင့် (စရဏ) ဆိုလို့ တရားထိုင်တဲ့အကျင့်သာ မရှိချင်နေမယ်။ 
ကွမ်းစားတဲ့အကျင့်တော့ ရဟန်းတော်တော်များများရှိကြတယ်။
 မြန်မာပြည် လူတော်တော်များများကလည်း ကွမ်းစားကြတော့ 
ရဟန်းတော်တွေထံပါ ကွမ်းစားတဲ့အကျင့် ကူးစက်ကုန်ပုံပေါ်တယ်။ 
အခုနောက်ပိုင်း ရဟန်းတော်တော်များများ (ကိုရင်များပါ) 
ကွမ်းစားတဲ့အကျင့်ရှိလာတာကို တွေ့ရတယ်။ 
ဆွမ်းစားကွမ်းစားဆိုတဲ့ စကားတွဲလုံးတွေကလည်း ရဟန်းတော်များ 
ဆွမ်းစားပြီးရင် ကွမ်းစားရမဲ့အလေ့အကျင့်ကို တွန်းအားပေးနေသလိုပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကွမ်းစားတာဟာ မကောင်းပါဘူး။ 
စာရေးသူ မလေးရှားနိုင်ငံရောက်တာ တစ်နှစ်ကျော် နှစ်နှစ်ပါးရှိပြီ။ 
မလေးရှားရောက် ရွှေမြန်မာတွေနဲ့ တရုတ်တွေကို အများဆုံးဆက်ဆံရတယ်။ 
ရံဖန်ရံခါ သူတို့ရဲ့အိမ်တွေကို သာရေးနာရေးကိစ္စတွေနဲ့ ဆွမ်းစားကြွရတယ်။ 
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းမှာ ဗမာရှိ မရှိ 
လှေကားအတက် ဒေါင့်ကို ကြည်တာနဲ့ သိရတယ်။ 
ဗမာအများစုဟာ ကွမ်းဝါးလေ့ရှိပြီး ကွမ်းတံတွေးကို 
လှေကားအတက်ဒေါင့်တွေမှာ ထွေးလေ့ရှိတာကိုး။

စာရေးသူတော့ ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး 
နိုင်ငံခြားမှာ အနေများလာလို့လားတော့ မသိဘူး။ 
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုကြီးထွားလာတယ်။ 
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အနှိမ်ခံရမှာ အရမ်းကြောက်တာပဲ။ 
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင် 
မခံနိုင်လွန်းလို့ ဖြေရှင်းရတာလဲ အမောပဲ။ 
ကိုယ့်လူမျိုးကိုလည်း ကြုံတဲ့အခါတိုင်း အသိတရားမြင့်မြင့်နဲ့ 
အဆင့်အတန်းရှိရှိ သိပ်နေစေချင်တာပဲ။

အိမ်ပေါ်တက်လိုက်လို့ လှေကားဒေါင့်တွေမှာများ 
ကွမ်းတံတွေးတွေတွေ့လိုက်ရရင် သူတို့အစား ကိုယ်ရှက်မိတယ်။ 
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းတံတွေးတွေ ထွေးတဲ့အတွက်ကြောင့်
 ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။ 
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ 
ကိုယ့်မှာ အသိတရားဘယ်လောက်ရှိတယ်ဆိုတာ ဖေါ်ပြနေတာပဲ မဟုတ်လား။ 
တနည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ပြောပြနေတာပဲမဟုတ်လား။

နိုင်ငံခြားမှာ သာသနာပြုမဲ့ရဟန်းတော်ဟာ ကွမ်းဝါးခြင်းစတဲ့ 
ဒီလိုအသေးအဖွဲလေးတွေကို ရှောင်ကြဉ်ထားသင့်တယ်။ 
သာသနာပြုမဲ့မြန်မာရဟန်းတော်ရဲ့ သွားတော်က မီးသွေးထက်မဲနေမယ်ဆိုရင် သာသနာပြုမဲ့မြန်မာရဟန်းတော်က 
Vampire လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင်နဲ့တူနေမယ်ဆိုရင် 
အသန့်အပြန့်ကြိုက်တတ်တဲ့ တရုတ် အင်္ဂလိပ်စတဲ့လူမျိုးတွေကို 
ဘယ်လိုမှ သာသနာပြုလို့ရမယ်မထင်ဘူး။

ဒါနဲ့စပ်လို့ ငယ်ဆရာတစ်ပါးပြောတာကို အမှတ်ရမိတယ်။ 
"ငါ့ကို ဒကာမကြီးတစ်ယောက်က လျှောက်တယ်ကွာ၊ 
အရှင်ဘုရား၊ တပည့်တော်ရဲ့သားသမီးတွေကို 
ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရလို့ စည်းကမ်းထုတ်ထားတာ၊ 
အခု သူတို့တွေ အသက် ၃၀ ကျော်ကုန်ပြီ။ 
တစ်ယောက်မှ ဆေးမသောက် ကွမ်းမစားကြဘူးဘုရား၊ 
အရှင်ဘုရားကော၊ အရှင်ဘုရားတပည့်တွေကို ဒီလိုစည်းကမ်း မထုတ်နိုင်ဘူးလားဘုရား၊ သူတို့ပါးစပ်တွေ သွားတွေ အကုန်လုံး နီရဲနေတာပဲတဲ့၊ ငါတော့ ရှက်လိုက်တာကွာ" တဲ့။
ငယ်ဆရာပြောပြဘူးတဲ့စကားပါ။

အားလုံးစွမ်းစွမ်းတမံ သာသနာပြုနိုင်ကြပါစေ

မှတ်ချက်။ မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင်
ဖော်ပြခဲ့သော စာမူဖြစ်ပါသည်။


Wednesday, September 28, 2011

Future Plan, Vision & Mission etc


As mentioned before,
I went back to Myanmar for finding a suitable land for my religious work. Luckily, I found a place in the precinct of Shwe Kyet Yet Kyaung, on Bogyoke museum Lane, Bahan Township, Yangon, Myanmar.
It is over 10000 square feets and so is wide enough and with which I would be able to establish the Buddhist institution. The institution that I thought of establishing would be named; “The Dhamma Garden Centre” which is situated nearby Kandawgyi, one of the most beautiful places located in the centre of Yangon, the largest city in Myanmar.
The centre provides a very healthy and a peaceful environment conducive to educational actives.
Mailing Address:
Dhamma Garden Centre
Bogyoke museum  Road,
Bahan Tsp, Yangon,
Myanmar
Ph: 0095 1 430216/ 0095 95065559

Director
Dr. Ashin Indaka
Dhammacariya, B.A, M.A, PhD
Course Director
Dr. Ashin Parami
Dhammacariya, B.A, M.A, PhD
Dr. Ashin Nodhināna
Dhammacariya, B.A, M.A, PhD
Dr. Ashin Asabha
Dhammacariya, B.A, M.A, PhD
Dr. Ashin Nandaka
Dhammacariya, B.A, M.A, PhD

Administrative Manager
Ashin Devinda
Dhammacariya, B.A, M.A


Future Plan to be extended..
When I pursued BA degree in Sasana University of Mandalay 
I met many foreigners coming to the historical places such 
as Shwenandaw monastery, Atumashi Kyaung and Mandalay Hill.

Then I found so many difficulties to communicate with them. 
I could not say anything even “Hello” to them. 
It was not that I don’t know English but that I hardly got an opportunity to speak it. 
I do not have ‘the used-to’ in it.

I could not be satisfied to the situation I am facing 
because I had learnt a lot of Buddhism in Pali, Burmese and English as well at that time.

While in Sri Lanka, I got a chance to study English again at Aquinas College 
in which students must use English only as communication tool. 
Because of that, students there can speak it fluently and perfectly. 
So they have ‘the used-to’ in it.

Then I come to know the difference between the above two academic places. 

The Dhamma Garden Centre aims at fulfilling that crack too.

The Centre attempts to evaluate Buddhist knowledge and English skills
 with which the students would meet their needs and help them 
to fulfill their aspirations and ambitions in life. 
For that purpose, the centre is keen in giving the best 
or rather doing the best for the students. 
The Centre is open and welcome to all regardless of age, race and sex. 
No matter whether you are the secular or the religious!!!

The Centre will be run as follows;
(1) Preliminary Level Part (I)
(2) Preliminary Level Part (II)
(3) Intermediate Level Part (I)
(4) Intermediate Level Part (II)
(5) Final Level

A student needs to sit placement test for the level. 
Duration of each level is six months 
and the Centre will confer Diploma Certificate after Final Level Pass.

Vision
To facilitate the making of a Buddhist community 
that would lead and be pro-active in learning, study, 
and practice the noble teachings of the Buddha committed intellectuals and professionals.

Mission
To reach out beyond boundary of Buddhists and through the noble teaching of the Buddha and enlightened leadership to bring about a better world in which people can live in harmony and peace with the sense of fulfilment and happiness.

Objectives
(I) To educate the young generation of Buddhists 
on the rich teachings and heritage of Buddhism.
(II) To assist them in cultivating faith and devotion to the Buddha-Sasana 
and to direct them towards the due essence of Buddhism.
(III) To establish in them the will to protect 
and to propagate the Buddha-Sasana for future generations.
(IV) To promote social welfare and charitable undertakings.


Tuesday, September 27, 2011

စိတ်အားဖြည့် ဓမ္မပန်းပွင့်



ညက မအိပ်ခင် အနီးနားမှာရှိနေတဲ့
အရှင်ဆန္ဒာဓိကရဲ့ စာအုပ်ခပ်ပါးပါးလေးကို ဖတ်ဖြစ်တယ်။
စာအုပ်နာမည်က ‘စိတ်အားဖြည့် ဓမ္မပန်းပွင်’့ တဲ့။ 
ထုံးစံအတိုင်း အရှင်ဆန္ဒာဓိက ပေးတဲ့တရားစာအုပ်ခေါင်းစဉ်လေးတွေက
အတော့်ကို နုရွတယ်။

ဟိုးအရင်တုန်းကလည်း
လမ်းခွဲတာ ၀မ်းနည်းစရာလား
အချစ်ကံခေပေမဲ့ အနှစ်ကျန်စေရမယ် စတဲ့ 
သူရေးတဲ့ ခေါင်းစဉ်လှလှ စာအုပ်လေးတွေကို ဖတ်ဖူးတယ်။

အရှင်ဆန္ဒာဓိကရဲ့ ခေါင်းစဉ်လှလှလေးတွေက
စာဖတ်သူတွေကို တစုံတခုသောအတိုင်းအတာအထိ
စိတ်ဝင်စားမှုရှိနေတာ လုံးဝ ယုံးမှားဖွယ်မရှိပါဘူး။

တချို့စာရေးသူများကြတော့ စာအုပ်ခေါင်းစဉ်ကို 
ခပ်ကြမ်းကြမ်း ခပ်သွက်သွက်လေးတွေပေးတာကို တွေ့ရတယ်။
ခပ်ကြမ်းကြမ်း ခပ်သွက်သွက်ခေါင်းစဉ်တွေကလည်း
စာဖတ်သူတွေကို စိတ်ဝင်စားစေတာ အမှန်ပါဘဲ။
ခေါင်းစဉ်ကို စိတ်ဝင်စားလို့ ဖတ်တဲ့သူတွေ တပုံကြီး။
ခေါင်းစဉ်ကို စိတ်ဝင်စားလို့ ဖတ်ကြည့်ရာကနေ ဖတ်မိပြီး
စာပေအသိရသွားတာတွေ ဒုနဲ့ဒေး။

နုနုရွရွပဲ ရေးရေး၊ ကြမ်းကြမ်းတမ်းတမ်းပဲ ရေးရေး၊
ရည်ရွယ်ချက်ကတော့ စာရေးသူရဲ့စာကို ဖတ်လိုတဲ့ဆန္ဒရှိလာပြီး
ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အသိဥာဏ်ထူးတွေရရှိဘို့ပါပဲ။

အမေရိကန်သမ္မတကြီးတစ်ယောက်ပြောတာကို သတိရမိတယ်။
သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ သမ္မတကြီးက
ရှုံးနိမ့်သွားတဲ့ အတိုက်အခံပါတီက ရွေးကောက်ပွဲဝင်ခဲ့တဲ့ သမ္မတလောင်းလျာကြီးကို
“ကျွန်တော်တို့ နှစ်ဦးဟာ (စီးပွါးရေး၊ ကျန်းမာရေးစတဲ့ အရေးတွေမှာ) အမြင်မတူကြပေမဲ့
မိမိတို့နိုင်ငံဖြစ်တဲ့အမေရိကနိုင်ငံကို ချစ်တဲ့စိတ်ကတော့ အတူတူပါပဲ” တဲ့။

ဒီလိုပါပဲ။ 
စာအုပ်ခေါင်းစဉ်၊ ရေးထားတဲ့စာမူ ဆောင်းပါးတွေရဲ့ခေါင်းစဉ်တွေကို
အမည်ပေးရာမှာ နုသည်ဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ
စာဖတ်သူတွေကို ဗုဒ္ဓဘာသာအသိတွေပေးတာခြင်းတော့ အတူတူပါပဲ။
ထားပါတော့လေ။

အရှင်ဆန္ဒာဓိကရေးထားတဲ့ ဒီ ‘စိတ်အားဖြည့် ဓမ္မပန်းပွင်’့ စာအုပ်လေးဟာ
စာအုပ်ခေါင်းစဉ်က နုလှသလို အတွင်းမာတိကာခေါင်းစဉ်လေးတွေကလည်း
အတော့်ကို နုလှပါတယ်။
အနေမှန်ရင် မပေကျံပါ
ခန္ဓာပြတ်မှ ခံတာရပ်မယ်
အငတ်ဆာမပြေသမျှ ထပ်ရှာနေရဦးမှာပါပဲ
လူကို မကြည့်ပါနဲ့၊ မူကို ကြည့်ပါ
ကိလေသာများလေ မော်ဒယ်ဟောင်းလေ
စိတ်အေးချမ်းလေ မော်ဒယ်သစ်လေ
နှလုံးသား ပိုလှပလေ အပြုံးပွား လိုတရလေ
စသဖြင့်။

အဲ့ဒီလိုခေါင်းစဉ်လေးတွေထဲမှာမှ
“အစားရွေးက အမှုပို၊ တရားတွေးက ကုသိုလ်” ဆိုတဲ့ခေါင်းစဉ်နဲ့
ဒီလိုလေးရေးထားပါတယ်။
သက်သတ်လွတ်အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့
အလိုလိုနေရင်း ကုသိုလ်ရမသွားသလို
အသားငါးအစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့လည်း
အလိုလိုနေရင်း အကုသိုလ်ဖြစ်မသွားပါဘူး….
စသဖြင့်။

Dhamma Garden လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး
“ဘုရားရှင် အမဲသား စား၊ မစား” ဆိုတဲ့ ခေါင်းစဉ်နဲ့ 
ဒီလိုရေးဘူးပါတယ်။
ဘုရားရှင်အမဲသား စားမစား
ဘိက္ခုနီ (ရဟန်းမ) တွေ အကြောင်းရေးရင်း
ဥပ္ပလ၀ဏ်ကို သတိရမိတယ်။

သူက သာဝတ္ထိသူ၊  သူဌေးသမီး။
သူမအသားအရေက ကြာပန်းလိုပဲတဲ့။ 
အတော်လှတယ်။
(Uppalavanna - meaning 'she of the lotus-like complexion)

လှလွန်းလို့ တိုင်းပြည်အသီးသီးက ရှင်ဘုရင်တွေ
သရေ (သွားရည်) အတော် ကျခဲ့ကြတယ်။
ဟိုဘုရင်က လိုချင်၊ ဒီဘုရင်ကလိုချင်ဆိုတော့ 
ဖအေလုပ်တဲ့သူ ဘယ်သူနဲ့ပေးစားရမယ်ဆိုတာ ဆုံးဖြတ်ချက်မချနိုင်လို့ 
သမီးဖြစ်သူကို ရဟန်းမ (ဘိက္ခုနီ) ၀တ်ခိုင်းလိုက်တယ်။ 
ရဟန်းမ (ဘိက္ခုနီ) လုပ်ခိုင်းလိုက်တယ်။ 

ပါရမီဓာတ်ခံရှိသူဆိုတော့ ကောင်းတာကို လုပ်ခိုင်းရင်
ခိုင်းတဲ့အတိုင်း လုပ်တော့တာပဲ။

မြတ်စွာဘုရားထံ ရဟန်းမ တစ်ပါးဖြစ်လာတဲ့ ဥပ္ပလ၀ဏ်ထေရီ။
(ရဟန်းမကို ထေရီ တတ်ခေါ်ရပြီး ရဟန်းကို ထေရ သို့မဟုတ် မထေရ်တတ်ခေါ်ရတယ်)
နောက်ဆုံး သူ ရဟန္တာမကြီးဖြစ်သွားတယ်။
ဒါတင်လား။ မကပါဘူး။
 (ရဟန်းတော်တွေထဲက ရှင်မောဂ္ဂလာန် မထေရ် တန်ခိုးအကြီးဆုံးဖြစ်သလို)
 အမျိုးသမီးရဟန်းမထဲမှာဆိုရင် သူဟာ တန်းခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်။ 
မြတ်စွာဘုရားရဲ့  အားအကိုးရဆုံး အမျိုးသမီးတပည့်ကြီးနှစ်ဦးထဲက တစ်ဦးဖြစ်လာတယ်။

သာဝတ္ထိမြို့ဘေး တောထဲက တဲလေးထဲမှာပဲ တရားရှုမှတ်ပွါးများရင်း 
သူ့ရဲ့ တစ်နေ့တာ ၂၄ နာရီဆိုတဲ့အချိန်တွေကို ကုန်လွန်စေတယ်။
တောထဲက တဲလေးထဲမှာပဲ သူအနေများတယ်။ 
သူ့ဘ၀ကို တောထဲမှာပဲ ဇာတ်မြှုတ်ထားပါတော့တယ်။

လူထူရင် ပြဿနာထူလာတတ်တဲ့အတွက်
ပြဿနာမတွေ့ချင်လို့ လူမထူတဲ့တောအုပ်ကို သူရွေးချင်ခဲ့ဟန်တူပါရဲ့။

ပတ်ဝန်းကျင်ဘက်က ကြည့်ပြန်ရင်လဲ
ရဟန္တာထေရီမကြီး တောအုပ်ထဲမှာ နေနေတော့
 ပြဿနာမရှိလောက်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမဲ့
လှပတဲ့ဥပ္ပလ၀ဏ်ကို ငယ်ငယ်ကတည်းက တဖက်သတ် စွဲလန်းခဲ့ အချစ်ကြီးခဲ့တဲ့ 
သူတစ်ယောက်ရှိနေခဲ့တယ်။ သူဟာ အနေနီးစပ်သူ မောင်ဝမ်းကွဲတော်စပ်သူ။
နာမည်က နန္ဒ တဲ့။

တစ်နေ့
နန္ဒဆိုတဲ့ ဒီသူငယ်
ဥပ္ပလ၀ဏ် အပြင်သွားခိုက် သူ့တဲထဲ တိတ်တဆိတ်ဝင်သွားပြီး
ခုတင်အောက်မှာ ပုန်းနေတယ်။

ဥပ္ပလ၀ဏ်လဲ ပြန်ရောက်ရော။  ပွဲကြမ်းပါလေရော။
အဓမ္မပြုကျင့်တော့တာပဲ။
အဓမ္မပြုကျင့်တယ်ဆိုတာ ဗလက္ကာယ လုပ်တာကို ပြောတာ။
ဗလက္ကာယလုပ်တယ်ဆိုတာက မုဒိန်းကျင့်တာတဲ့။
မုဒိန်းဆိုတာကရော ဘာတုန်း။ 
အဓမ္မပြုကျင်တာကို ပြောတာ။ အဓမ္မပြုကျင့်တယ်ဆိုတာ ..
(တချို့ ဗမာစကား ရှင်းလို့မရ) 
ထားပါတော့ ။ 

ရဟန္တာထေရီမကြီးဆိုတော့ အားမမျှလို့သာ ဖြစ်သွားတယ်။
ဒီကိစ္စမှာ ဖီလင်မလာ၊ သာယာမှု ဘယ်ရှိပါ့မလဲ။
မုဒိန်းကျင့်တဲ့သူငယ်ကတော့ မြေမျိုပြီး အ၀ီစိငရဲကျသွားတယ်လို့ စာပေမှာ ဆိုပါတယ်။

ဥပ္ပလ၀ဏ်နဲ့ပတ်သက်လို့ မှတ်မိနေတဲ့ နောက်အဖြစ်အပျက်တစ်ခုက
နွားသူခိုးတွေ နွားခိုးလာပြီး ဥပ္ပလ၀ဏ်ထေရီမ တရားအားထုတ်နေတဲ့ တောထဲရောက်လာတယ်။ အမဲဖျက်ကျတယ်။ ခုတ်ကျ၊ ထစ်ကျ၊ ဝေစုခွဲကျတယ်ပေါ့။

နွားသူခိုးခေါင်းဆောင်က 
(ကျောမလုံလို့ ဟိုဟိုဒီဒီကြည့်လိုက်တော့) 
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့
တရားရှုမှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမကို တွေ့သွားတယ်။ 
သေချာစူးစိုက်ကြည့်ပြီး သဘောကျသွားတယ်။
ဒီနေရာမှာ သဘောကျတယ်ဆိုတာ အထက်ကဖော်ပြခဲ့တဲ့ 
သူ့မောင်ဝမ်းကွဲ နန္ဒဆိုတဲ့သူငယ် သဘောကျနည်းမျိုး သဘောကျသွားတာမဟုတ်ဘူး။ 
ကြည်ညိုသွားတာ။ စေတနာသဒ္ဓါတရားတွေ နွားသူခိုးကြီး ရင်မှာ ပေါက်ဖွားသွားတာ။

ပဋ္ဌာန်းဒေသနာတော်အရ 
မကောင်းတဲ့အကုသိုလ်လုပ်ငန်းလုပ်ရင်း ကောင်းတဲ့ကုသိုလ်ကို 
အထောက်အပံ့ပြုသွားတဲ့ သဘောလားတော့ မသိဘူး။

နွားသူခိုးခေါင်းဆောင်ကြီး ဘာလုပ်တယ်မှတ်လဲ။
သစ်ရွက်ကြီးကြီးတစ်ရွက်ကို အနီးနားက သစ်ပင်က ခူးတယ်။
နွားသား (အမဲသား) တစ်ခါချက်လောက် ထုတ်တယ်။
ခြေဖော့ဖော့ နင်းသွားကာ မျက်စိမှိတ် တရားရှုတ်မှတ်နေတဲ့ ဥပ္ပလ၀ဏ်ထေရီမ ရှေ့မှာ
အမဲသားထုတ်ကို ချထားခဲ့တယ်။ လှူဒါန်းခဲ့တယ်ပေါ့။

ဥပ္ပလ၀ဏ်ထေရီမ တရားရှုမှတ်ပြီး မျက်စိဖွင့်ကြည့်လိုက်တော့ 
အမဲသားထုတ်ကို တွေ့တယ်။

အကောင်းလေးများ (စား) ရရင်
ကိုယ်မြတ်နိုး (ကြည်ညို) တဲ့သူကို သတိရတတ်တယ်ဆိုတဲ့ နိယာမအတိုင်း
အမဲသားထုတ်ရတဲ့ ဥပ္ပလ၀ဏ်ထေရီမ သူမြတ်နိုးကြည်ညိုတဲ့
သူ့ဆရာ မြတ်စွာဘုရားကို သတိရမိတယ်။
သူ့စိတ်က မြတ်စွာဘုရားထံ တမ်းရောက်သွားတယ်။
 ဒါနဲ့ နောက်နေ့မနက်မှာ အကျအန ချက်ပြီး မြတ်စွာဘုရားထံ သွားလှူတယ်။

သူကျောင်းရောက်တဲ့အချိန်  မြတ်စွာဘုရား အပြင်ကြွနေခိုက် သွားကြုံတယ်။ 
ဘုန်းကြီးတစ်ပါးနဲ့တွေ့တယ်။ ဘုန်းကြီးနာမည်က ဥဒါယီ။
ဥဒါယီ ဆိုတာ (ပွင့်ပွင့်လင်းလင်းပြောရရင် နှာကိစ္စမှာ) နာမည်ကြီး။
ဆိုတော့ ဥပ္ပလ၀ဏ်ကိုတွေ့တာနဲ့ ဥပ္ပလ၀ဏ်ဝတ်ထားတဲ့ 
ခါးက သင်္ကန်းကို ဇွတ်အလှူခံတယ်။ 
ဥပ္ပလ၀ဏ်မောင်ဝမ်းကွဲ အာနန္ဒလိုတော့ မကြမ်းဘူး။
ခါးကသင်္ကန်းကို အလှူခံရခြင်းရည်ရွယ်ချက်က သင်္ကန်းကို လိုချင်လို့မဟုတ်ဘူး။
ထားပါတော့။ 

ပြောချင်တာက
မြတ်စွာဘုရား ဥပ္ပလ၀ဏ်လှူခဲ့တဲ့ အမဲသားကို
စားတဲ့အကြောင်း၊ မစားတဲ့အကြောင်း ဇာတ်လမ်းထဲမှာ မပါပေမဲ့
အမျိုးသမီးတပည့်တွေထဲမှာ တန်ခိုးအရာမှာ အကြီးဆုံးဖြစ်တဲ့
ရဟန္တာမကြီးလဲဖြစ်တဲ့ ဥပ္ပလ၀ဏ်ထေရီမကြီးဟာ
အကယ်၍သာ မြတ်စွာဘုရား (နွားသား) အမဲသားမစားဘူးဆိုရင်
နွားသူခိုးတွေဆီက ရတဲ့ (နွားသား) အမဲသားကို 
လှူဘို့ စိတ်ကူးပေါ်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။

ဒီဇာတ်လမ်း ဒီအဖြစ်အပျက်အရ
မြတ်စွာဘုရား (နွားသား) အမဲသားစားတယ်လို့ မှတ်ယူရမှာပါ။

မှန်ပါတယ်။
မြတ်စွာဘုရားက သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို
ဟိုဟာမစားနဲ့။ ဒီဟာစား၊ အသီးအနှံနဲ့ အရွက်ပဲစား၊ အသားငါး မစားနဲ့လို့ လုံးဝ မပြောခဲ့ပါဘူး။
ရဟန်းဆိုတာ ဆွမ်းခံစားရတာ၊ လှူတာစားရတာဆိုတော့
ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးလို့ ဂျီးများပိုင်ခွင့် မရှိပါဘူး။
အရွက်လှူတော့ အရွက်စားလိုက်ရတာပဲ။ အသားလှူတော့ အသားစားလိုက်ရတာပဲ။

ဒါ့ကြောင့် ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ကောက်ချက်ချမယ်ဆိုရင် 
အသီးအနှံ အရွက်တွေချည်း စားရမဲ့ဝါဒလဲ မဟုတ်ဘူး။
 အသားငါးချည်းစားရမဲ့ဝါဒလဲ မဟုတ်ပါဘူး။
အသီးအနှံနဲ့ အရွက်ကိုသာ စားရမယ်ဆိုရင် လှူမဲ့ တန်းမဲ့သူတွေ အသီးအနှံ အရွက်ကို 
တကူးတက စီမံပေးရမှာဖြစ်လို့ သူတို့ကို ဒုက္ခပေးရာရောက်ပါတယ်။
အသားကိုပဲ စားရမယ်ဆိုရင်လဲ ထို့အတူပါပဲ။
ဒီတော့ ရှိတာစား၊ ရတာစား၊ လှူတာစားတာ
မြတ်စွာဘုရားဝါဒပါ။

အဲ၊ ဒါပေမဲ့
 ကြက်တစ်ကောင်ကို ကိုယ့်အတွက်ရည်ရွယ်ပြီး ကိုယ်စားဘို့ 
ကိုယ့်ရှေ့မှာသတ်ကာ ကိုယ့်ကို ဧည့်ခံ ပြုစု ကျွေးမွေး လှူဒါန်းတာမျိုးကိုတော့
မစားရဘူးလို့ မြတ်စွာဘုရားက ပြောခဲ့ဘူးပါတယ်။ 
ဒီလိုမျိုး ရည်ရွယ်ချက်နဲ့ သတ်တာကို တစ်ဦးဦးကပြောလို့ ကြားသိရရင်လဲ မစားပါနဲ့တဲ့။
ဒီလိုမျိုးအသားမျိုးများဖြစ်နေမလားလို့ သံသယရှိနေရင်တောင်
မစားပါနဲ့လို့ မြတ်စွာဘုရားက ပြောခဲ့ပါတယ်။

ဗုဒ္ဓဘာသာစာပေမှာ ရွံစရာကောင်းတဲ့ ခွေးသား၊ မြွေသားလို အသားမျိုးနဲ့
အသားကြီးများ စာရင်းဝင်တဲ့ ဆင်သား။ မြင်းသား၊ ကျားသား စတဲ့ အသားကြီး ၁၀ မျိုးကို
ရဟန်းတော်များ လုံးဝ မစားရဘူးလို့ တွေ့ရပါတယ်။
အမဲသား (နွားသား) ကတော့ အသားကြီး (၁၀) မျိုး စာရင်းထဲ မပါပါဘူး။

မှတ်ချက်၊ အနု + အကြမ်း = ရည်ရွည်ချက်တူ


Monday, September 26, 2011

Dhamma Garden



Brief Background
While studying in Sri Lanka, I have observed that most of the young Sri Lankans know the very core of Buddhism; they actively participate in all Buddhist festivals and ceremonial religious occasions. This kind of lay Buddhists youth whole hearted participation in all religious affairs, at least to me, can only happen when one has a deep faith in the Triple Gem that they took refuge, - Buddha, Dhamma and Sangha. 

Moreover, the Sri Lankan youth have acquired the skill of English language both oral and writing skill; the youth are being taught Buddhism in English in Some Buddhist monasteries  because English medium of communication is critical and essential for anyone to work in the area of Buddhist missionary both within and outside the country. 

They have been exposed to the given opportunity to study Buddhism in Sunday Dhamma School in Buddhist monasteries since they were young. I have come to know that it is a compulsory for them to attend Sunday school to study Buddhism. 

Observing the success of training Sri Lankan youth has induced in me great inspiration to organize a systematic study and teaching of Buddhism in English to our Burmese youth.

And, my observation of Sri Lankan youth is a great inspiration for me to set up an Institution to promote a similar kind of strong faith in the Buddha’s teaching of the youth of our country, Myanmar. 

For the said purpose, I have made many attempts for the above dream come true. Finally, it has come into existence. The land has been accepted for the centre and the building has been started and done its 95%. We expect to be able to open it by January 2012.

Saturday, September 24, 2011

စမိဘို့နဲ့ စွဲမြဲဘို့



နိုင်ငံခြားမှာနေတာ အတော်ကြာပြီလို့ ဆိုနိုင်တယ်။
ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ်ပညာ သင်ကြား ရေးကိစ္စနဲ့
သီရိလင်္ကာနိုင်ငံကို ၁၉၉၉ ခုနှစ်က ထွက်ဖြစ်တယ်။
ပညာသင်ကြားရင်း
သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာရေး အခြေအနေကို လေ့လာခဲ့တယ်။

နံပါတ် (၁) လေ့လာဖြစ်ခဲ့တဲ့အချက်က
သူတို့နိုင်ငံမှာရှိတဲ့ဆယ်ကျော်သက် လူငယ်တွေ
ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းသိကြတယ်။
ကိုယ့်ဘာသာအကြောင်းကို ကောင်းကောင်း ရှင်းပြနိုင်တယ်။ အခြားဘာသာဝင်တွေနဲ့တွေ့ရင်လည်း ကောင်းကောင်းစည်းရုံးနိုင်တယ်။

ဆယ်ကျော်သက် အရွယ်ကလေးငယ်တွေ ဘာလို့
ဒီလောက် ဗုဒ္ဓဘာသာအကြောင်း သိနေရတာလဲ။

သူတို့နိုင်ငံမှာ Sunday Dhamma School တွေရှိတယ်။
တနင်္ဂနွေနေ့ နံနက် (၇) နာရီလောက်ဆိုရင်
အဖြူရောင်ဝတ်စုံလေးတွေနဲ့ ကျောင်းသူကျောင်းသားလေးတွေ
ပန်းစည်းလေးတွေ ကိုယ်စီစွဲကာ ကျောင်းကို ရောက်လာကြပြီ။
အရွယ်စုံပဲ။ အချိန်ကြတော့ ဆရာတော့်ထံမှာ သီလယူကြတယ်။
ပြီးတော့ ကိုယ့်စာသင်ခန်းအသီးသီးကို သွားပြီး
ဗုဒ္ဓဘာသာသင်္ခန်းစာတွေ သင်ရတယ်။

စုံစမ်းလို့ သိရတာက
''အစိုးရတန်းကျောင်းတွေမှာ တက်နေတဲ့ ကျောင်းသား ကျောင်းသူတိုင်း
တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းကို လာပြီး
ဗုဒ္ဓဘာသာသင်္ခန်းစာတွေကို မသင်မနေရ သင်ရတယ်၊
ဒီဘုန်းကြီးကျောင်းမှာ သင်ရတဲ့ ဗုဒ္ဓဘာသာသင်္ခန်းစာတွေကလည်း
သူတို့အတန်းအသီးသီးမှာ ဘာသာရပ်တစ်ခုအနေနဲ့ မဖြစ်မနေသင်ယူရတယ်"
စသဖြင့် ဆရာတော်က ရှင်းပြတယ်။

နောက်နံပါတ် (၂)ု သီရိလင်္ကာနိုင်ငံမှာနေစဉ် လေ့လာဖြစ်တာက အင်္ဂလိပ်စာ။

မြန်မာပြည်မှာ တချိန်က အင်္ဂလိပ်စာမှာ နာမည်ကြီးခဲ့တဲ့
စိန်ပေါလ် လိုကျောင်းမျိုးတွေ သူတို့နိုင်ငံမှာ ရှင်သန်နေတုန်းပဲ။

အဲ့လိုကျောင်းမျိုးတွေထဲက
Aquinas College ဆိုတဲ့ ကျောင်းမှာ အင်္ဂလိပ်စာသင်ဖြစ်ခဲ့တယ်။
ဈေးလည်းသက်သာ သွားရေးလာရေးလည်း လွယ်ကူ
အဆင့်လည်းမှီတဲ့ကျောင်းတစ်ကျောင်းပဲ။

အင်္ဂလိပ်စာကို အဓိကထား သင်ကြားပေးပြီး
ကျန်တဲ့ပြင်သစ်ဘာသာ၊ ဂျပန်ဘာသာတို့အပြင်
ကွန်ပြူတာ ပညာရပ်များကိုလည်း သင်ကြားပေးတယ်။
အုပ်ချုပ်တဲ့သူက ခရစ်ယာန် father ကြီးတွေ။

ဒီအချက် (၂) ချက်ကို လေ့လာပြီး
''ဒို့နိုင်ငံ ဒို့လူမျိုးအတွက် ဗုဒ္ဓဘာသာ အကြောင်းကိုလည်း သိအောင်
အင်္ဂလိပ်စာ အင်္ဂလိပ်စကားကိုလည်း
ကျွမ်းကျွမ်းကျင်ကျင် မရှက်မကြောက် ပြောတတ် လာအောင်
ကျောင်းတစ်ကျောင်း တည်ထောင်ပြီး ဗုဒ္ဓဘာသာအကြောင်းအရာတွေကို
အင်္ဂလိပ်လို သင်ပေးရရင် ကောင်းမှာပဲ'' လို့ အကြံရလာတယ်။

ဒီလိုအကြံရတဲ့အချိန်ကစပြီး သူငယ်ချင်းဆရာတော်များနဲ့တိုင်ပင်တယ်။
ခရစ်ယာန် father ကြီးတွေ သူတို့ရဲ့ကျောင်းတွေမှာ
ဦးစီးဦးကိုင် ကျွမ်းကျွမ်းကျင်ကျင် အုပ်ချုပ်သလို
ဒို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလည်း ညီညီညာညာအုပ်ချုပ်နိုင်ရေးအတွက်
အကောင်အထည်ဖော်ဖို့ လှုပ်ရှားဖြစ်ခဲ့တယ်။
သူငယ်ချင်းတွေကို ဖိတ်ပြီး အစည်းအဝေး လုပ်ဖြစ်တယ်။

ဦးစီးဦးကိုင်ပြုလုပ်မဲ့ ဆရာတော်ဟာ
အနည်းဆုံး ဓမ္မာစရိယအောင်မြင်ပြီး မဟာဝိဇ္ဇာ (M.A) ဘွဲ့ရပြီးသူဖြစ်ဖို့
တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်ချဖြစ်တယ်။

ထိုသဘောတူဆုံးဖြတ်ချက်အရ
(၁) ဒေါက်တာအရှင်ဣန္ဒက
(သာသနဓဇဓမ္မာစရိယ၊ တက္ကသီလဓမ္မာစရိယ၊ B.A, M.A, Ph.D)
(ယခုလောလောဆယ် သမ္မာသမ္ဗောဓိကျောင်း၊ ကွာလာလမ်ပူ၊ မလေးရှား)
(၂) အရှင်ဒေ၀ိန္ဒ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊ M.A)
(ယခုလောလောဆယ် တာဝန်ခံဆရာတော်၊ ဓမ္မဥယျာဉ်ကျောင်း၊ ဗဟန်း၊ ရန်ကုန်)
(၃) ဒေါက်တာပါရမီ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊M.A, Ph.D)
(ယခုလောလောဆယ် နယူးဒေလီ၊ အိန္ဒိယ)
(၄) ဒေါက်တာနောဓိဥာဏ
(တက္ကသီလဓမ္မာစရိယ၊ B.A,တက္ကသီလမဟာဓမ္မာစရိယ၊ M.A,Ph.D)
(ယခုလောလောဆယ် တွဲဘက်ပါမောက္ခ၊
အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်၊ စွယ်တော်အနီး၊ ရန်ကုန်)
(၅) ဒေါက်တာ အာသဘ
(တက္ကသီလဓမ္မာစရိယ၊ B.A, M.A, Ph.D)
(ရွှေဝါ၀င်းမိုးကုတ်ရိပ်သာ၊ ဒဂုံတောင်၊ ရန်ကုန်)
(၆) ဒေါက်တာနန္ဒက
(တက္ကသီလဓမ္မာစရိယ၊ B.A, M.A, Ph.D)
(ယခုလောလောဆယ် ဓမ္မဒူတကျောင်း၊ ကိုးရီးယားနိုင်ငံ)
ဆရာတော်များက ဦးစီးပြီး စီစဉ်ဆောင်ရွက်ကာ သင်တန်းများပို့ချမှာ ဖြစ်ပါတယ်။

ကျောင်းတိုက်တည်ထောင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ မြေနေရာ ရရှိဖို့ပင်။
ဒီအတွက် (၂၀၀၉ ခုနှစ်) ဖေဖေါ်ဝါရီလတုန်းက
မြန်မာပြည်ပြန်တော့ မြေကွက်တစ်ကွက် အလှူခံရရှိခဲ့တယ်။
ကျောင်းတိုက် တည်ဆောက်ဖို့ လိုသေးတယ်။
ရည်ရွယ်ချက်အတိုင်း ကျောင်းတိုက်တည်ဆောက်ဖို့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာများနဲ့ တိုင်ပင်ဖြစ်တယ်။

ကျောင်းတိုက်မှာ စာသင်ခန်း၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊
တရားထိုင်ခန်း၊ ရုံးခန်း၊ ဘုရားခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်ခန်း၊
ဆရာတော်များနေခန်း၊ စာသင် ဆရာတော်များ နားနေခန်း။
နောက်ဆုံး ကျောင်းသား ကျောင်းသူတို့အတွက် စားသောက်ဆိုင် စသဖြင့် ခေတ်မှီတဲ့ ပညာသင်ဌာန တစ်ခုအတွက် လိုအပ်တဲ့ အခန်းတွေပါတဲ့
အဆောက်အဦမျိုးကို အင်ဂျင်နီယာကို ဆွဲခိုင်းတယ်။

လုပ်မှတော့ အပီအပြင်လုပ်ဖို့ ရည်ရွယ်ထားတယ်။
၂၀၁၂ - ဇန်န၀ါရီလဆန်းပိုင်းမှာ တချို့သင်တန်းတွေ စဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
အောင်မြင်ဘို့အတွက် စတော့ စမိသွားဘီ။ စွဲမြဲဘို့ပဲ လိုတော့တယ်။

မှတ်ချက်၊ အထက်ပါစာကို လွန်ခဲ့တဲ့လ အတန်ကြာက ရေးခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊
(ဗိုလ်ချုပ်ပြတိုက်ရှေ့တည့်တည့်မှာ)
ဓမ္မဥယျာဉ်ကျောင်း (Dhamma Garden Centre) ဟူသောအမည်ဖြင့်
ကျောင်းတိုက်တည်ထောင်လျက်ရှိရာ
သုံးထပ်ကျောင်းဆောင် တစ်ဆောင် ပြီးခါနီးပါပြီ။

မကြာမီ (၂ လ၊ ၃ လအတွင်း)
Sunday Dhamma School သင်တန်းကို အရင်ဆုံးဖွင့်လစ်သင်ကြားပို့ချပါမည်။
တဖြေးဖြေး သင်တန်းများကို တိုးချဲ့ဖွင့်လစ်သွားပါမည်။

အင်္ဂလိပ်လိုသာပြောတတ် ရေးတတ်သော မိမိတို့၏ ရင်သွေးငယ်များအတွက်
ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများကို အင်္ဂလိပ်လိုပါ သင်ကြားပေးဘို့ စီစဉ်ထားပါသည်။
ဘုရားရှင်၏အဆုံးအမ ဘုရားရှင်၏တရားတော်များ
ငယ်စဉ်ကတည်းက ရင်ထဲနှလုံးသားထဲ အမြစ်တွယ်သွားစေဘို့
မိမိတို့ရင်သွေးငယ်တို့ကို
Sunday Dhamma School သို့ ပို့ကြပါစို့။


Friday, September 23, 2011

မနှောင်းသေးပါဘူး



သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံက ဗုဒ္ဓဘာသာအခြေအနေကို လေ့လာကြည့်ရအောင်။

သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ 
လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို
တွေ့ခဲ့ဘူးပါတယ်။

သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ 
၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓ၀င်ပန်းချီပြိုင်ပွဲ၊ 
ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။

(ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အ၀မသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)

ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို 
အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။
မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို
မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ
တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။
အတော်ကြည်နူးစရာပါ။

ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓ၀င်တွေကို 
သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။

နောက်အံ့သြဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။

အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့
အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။
အသက်၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။
အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။
အဲ့တုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ
အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။

တစ်နေ့
အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။
မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။
အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။

သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့
I thought the girls in your country are not pretty as their complexion is dark;
But some are pretty and lovely လို့ထင်တယ်။
ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။

ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့
အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ
တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံ
ဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။
ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။

ဂါထာရဲ့အဓိပ္ပါယ်က 
From craving springs grief, from craving springs fear;
For him who is wholly free from craving
There is no grief, much less fear. တဲ့။

မြန်မာလိုတော့
လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး
လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာ
စိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။

ဒီနေရာမှာ ပြောချင်တာက
သီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်
ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။

စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့
Sunday Dhamma School 
(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်
ဆိုတာ သိလာရတယ်။

သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်း
တနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။
ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။
ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။

ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ
Sunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။

Sunday Dhamma School ကို စတင်တည်ထောင်သူကတော့
အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူ
Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။

ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။
နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီး
စည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။
သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။

အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက
Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီး
ဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။
အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။
ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။
ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။ 

ဆရာဖြစ်သင်တန်းမှာ 
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။

Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း
အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို
၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။
အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။

၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။

ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓ၀င်ကဗျာများ၊ ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊ 
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊ 
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊
ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့ 
အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီး
ကျောင်းကို လာကြရပါတယ်။

ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီး
ကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။

၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး
ပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။
ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။
ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။

၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။
သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ
စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး
စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။

ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ 
၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။

နောက်တစ်ခုထပ်သိရတာက 
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း
Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။
ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊ 
Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့
အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။
ဦးစားပေးခံရတယ်တဲ့။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး
သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက
အခုလိုပြောဘူးတယ်။

“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ
ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ 
ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး 
အခြေခံဗုဒ္ဓစာပေများကို  စနစ်တကျ သင်ယူခဲ့ရသည့်အတွက်
ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊ 
ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး” 

ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။
ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။
ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်
သီဟိုဠ်သားတွေပဲ တင်ပြနေတာ။

ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။ 
ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်
အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။
ဒီထက်နောက်ကျသွားရင်တော့…။

Photo: http://www.magnumphotos.com/Catalogue/Abbas/2009/SRI-LANKA-NN1100283.html


Thursday, September 22, 2011

ရဟန်းတုလော၊ ရဟန်းစစ်လော


Dhammagarden ဆရာတော်
ဒေါက်တာအရှင်ဣန္ဒက၏ ထေရုပ္ပတ္တိအကျဉ်း

၁၉၇၃ - ခုနစ်တွင် မန္တလေးတိုင်း၊ တပ်ကုန်းမြို့နယ်တွင် ဖွားမြင်သည်။
၁၉၈၅ - ခုနစ် (အသက် ၁၂ - နှစ်အရွယ်) တွင် ရှင်သာမဏေဖြစ်သည်။
၁၉၉၀ - ခုနစ် (အသက် ၁၇ - နှစ်အရွယ်) တွင် ပထမကြီးတန်းအောင်မြင်သည်။
၁၉၉၃ - ခုနစ်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်
ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍
နိုင်ငံတော်ပရိယတ္တသာသနာ့တက္ကသိုလ်ခဏ္ဍသိမ်၌ 
မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိသည်။
၁၉၉၅ - ခုနစ်တွင် သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရရှိသည်။
၁၉၉၆-၉၈ ခုနစ်တို့တွင် တက္ကသီလမဟာဓမ္မာစရိယတန်း (M.A) တန်း တက်ရောက် အောင်မြင်သည်။

၁၉၉၉ - ခုနစ်တွင် အစိုးရဓမ္မာစရိယခေါ် သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိသည်။

၁၉၉၉ - ခုနစ်တွင် သာသနာ့တက္ကသိုလ် M.A ဘွဲ့အတွက် Thesis ရေးစဉ် 
သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံသို့ ပညာသင်သွားသည်။
၂၀၀၀ - ခုနစ်တွင် သီရိလင်္ကာနိုင်ငံမှ Kelaniya တက္ကသိုလ်မှ
M.A ဘွဲ့ကို ဂုဏ်ထူးဖြင့်အောင်မြင်ရရှိသည်။

၂၀၀၆ - ခုနစ်တွင်
The Socio-Political Dimensions of Theravada Buddhism
ဟူသောစာတမ်းကို ရေးသားတင်သွင်းပြီး
အိန္ဒိယနိုင်ငံ ဘုံဘေမြို့၊ ဘုံဘေတက္ကသိုလ်မှ
Ph.D ဘွဲ့ရရှိသည်။

ယခုအခါ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကပုန်းအရပ်ရှိ သမ္မာသမ္ဗောဓိထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင်
သီတင်းသုံးနေထိုင်ရင်း 
ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင်
 တရုတ်ဗုဒ္ဓဘာသာသာဝင်လူကြီးတို့အတွက်
ဗုဒ္ဓဘာသာသာစာပေများကို သင်ကြားပေးလျက်လည်းကောင်း၊
တနင်္ဂနွေနေ့တွင် တရုတ်ဗုဒ္ဓဘာသာသာဝင်လူငယ်များအတွက် 
ဗုဒ္ဓဘာသာသာစာပေများကို သင်ကြားပေးလျက်လည်းကောင်း
သာသနာပြုလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၊ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင်
Dhamma Garden Cetre (ဓမ္မဥယျာဉ်ကျောင်း) ဟူသောအမည်ဖြင့်
Conservative မဟုတ်သော Orthodox ကျောင်းမဟုတ်သော 
ကျောင်းတိုက်တစ်တိုက် တည်ထောင်လျက်ရှိပါသည်။

ဤကဲ့သို့မိမိအကြောင်းအတ္ထုပ္ပတ်ကိုဖော်ပြရခြင်းမှာ 
Dhamma Garden ဒေါက်တာအရှင်ဣန္ဒက ကို
ရဟန်းတုဟုပြောဆိုရေးသားနေသောကြောင့်
ရဟန်းအစစ်ဖြစ်ကြောင်းနှင့် လုံးဝရေမရောကြောင်းကို
ဖော်ပြလိုသောကြောင့်ဖြစ်ပါသည်။

ပြန်လည်၍မေးလိုသည်မှာ
Dhamma Garden ဒေါက်တာအရှင်ဣန္ဒက ကို
ရဟန်းတုဟုပြောဆိုရေးသားသူသည်
လူသားစင်စစ် ဧကန်ဖြစ်ပါ၏လော။
လူဖြစ်ပါ၏လောဟူ၍ မေးလိုပါသည်။
အကယ်၍ လူဖြစ်ပါက 
တကယ့်လူဖြစ်ပါကြောင်းကို
ထိုသူ့ရဲ့ အမေရော အဖေပါ လူသားစင်စစ်ဖြစ်ကြောင်း
အထောက်အထားခိုင်လုံစွာပြသနိုင်မှ ယုံကြည်ပါမည်ဟု
(ဒေါသမပါ) မေတ္တာစိတ်ထားကာ ပြောကြားလိုက်ရပေသတည်း။


ဘုန်းကြီးအကွဲ အပြဲ (၄)



ယင်းဒွါရဂိုဏ်းသည် 
(က) အနောက်ချောင်းဒွါရ၊ 
(ခ) မဟာဒွါရ၊ 
(ဂ) မူလဒွါရ ဟူ၍ (၃) မျိုး ထပ်၍ ကွဲသွားကြပြန်သည်။

( က ) အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် 
ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက 
ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် 
အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် 
ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ 
" င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ 
ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ 
အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။

(ခ) မဟာဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ 
ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် 
ဗေဒင်နည်းအရ တွက်ချက်ရာ၌ 
အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ 
လပြည်.ကျော်တစ်ရက်ရောက်မှလပြည့်သည်။ 
လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ 
(၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် 
လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း 
ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် 
လပြည်.ကျော် (၁) ရက်နေ့နှင့်လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် 
၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် 
(ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ 
လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ 
အတည်ဖြစ်သည်ဟူသော ဒေသနာအရ ဒွါရဂိုဏ်းဝင်သံဃာတော်အများစုသည် 
အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ 
ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် 
သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။ 
ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။

ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော

မဟာ = သံဃာများပြားသော

ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊

နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)

(ဂ) မူလဒွါရဂိုဏ်း

အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့်လဆန်း(၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ 
ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။

မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ 
( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍
အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။

( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း

ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ 
ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ 
ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာ များကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ 
ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။

( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း

စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ 
ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး 
ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို 
ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ 
ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂) ကောဌာာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။

ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး ) ကို 
ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ 
ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် 
စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခုထပ်ဆင့်တိုးခဲ့သည်။ 
ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။

( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း

ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် 
တောရဆောက်တည်၍ တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် 
ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် 
မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ 
သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန် 
သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု 
စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို 
' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။ 
သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သောကူးတို့ရွာမှဆရာတော်ကြီး၏ 
တပည့်သံဃာများဟုဆိုလိုသည်။ မူလ ဆရာတော်ကြီးကတော့ 
တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ 
အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ 
အားလုံးပဲတောရဆောက်တည်ကြသလား၊ 
မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ 
စဉ်းစားစရာပါပဲ..

( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ 
ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ 
ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ 
ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ 
စာပေသင်ကြားတတ်မြောက်ခဲ့သည်။ 
ထိုအခါဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။

မဟာရင်အမည်ရှိဆရာတော်ကြီးသည် 
မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိမူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍ 
' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။

ဓမ္မ = တရားတော်ကို ၊

ယုတ္တိ = အထောက်အထားပြုသော ၊

နိကာယ = သံဃာအစုအဝေး ။

ဟူ၍ဖြစ်ပါသည်။

အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် 
ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် 
အလေးအပေါ့အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ 
ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။

အထက်ပါသံဃာ့ဂိုဏ်းများ ပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလသမာဓိနှင့်ပြည့်စုံပြီး စာပေကျမ်းဂန် တတ်ကျွမ်းကာ 
နောက်လိုက်တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ 
ဓမ္မ၀ိနယနှင့် ထိုစဉ်ကာလသံဃာထုနှင့် 
မင်းအစိုးရအပေါ်ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည်ယူဆချက်အတိုင်း 
တစိုက် တမတ်မတ်ကျင့်သုံးပြီး အခြားသောသံဃာများနှင့် မဆက်စပ်ပဲ 
သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ့ရသည်။ 
ညှိနှိုင်း၍မရလောက်အောင်ကြီးမားသည့် 
သဘောထားကွဲလွဲမှုမရှိခဲ့သည်မှာ ထင်ရှားသည်။ 
အခြားသောဘာသာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သော ယခုခေတ်ကြီးတွင် ထေရ၀ါဒအစစ်အမှန်ဟု ကြွေး ကြော်နေသောမိမိတို့နိုင်ငံအနေဖြင့် 
ယခုကဲ့သို့ သံဃာ့ဂိုဏ်းများအများအပြားရှိနေခြင်းကား မကောင်းပေ၊
ထို.ကြောင်.ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် 
တောင်မြို. (အမရပူရ မဟာဂန္ဓာရုံ) ဆရာတော်အရှင်ဇနကာဘိဝံသက သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းများ အားလုံး ဖျက်သိမ်းပြီး ထေရ၀ါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း 
မှတ်သား ကြည်ညိုခဲ့ ရဖူးပါသည်။

ခေတ်အမြင်ရှိလှသောဆရာတော်၏ ဥာဏ်တော်ကိုသာ ကြည်ညိုဦခိုက်ရပါသည်။ 
သို.သော်.... ထိုစဉ်က အကြောင်းကြောင်းများကြောင့် 
ဆရာတော်ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ၊ 
တစ်ချိန်သောအခါ တွင်ကား ဆရာတော်မျှော်မှန်းသကဲ့သို့ 
ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။

အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိုက်)၏ 
"သင်္ဂါယနာနှင့် ထေရ၀ါဒ သံဃဂိုဏ်းကြီးများ" ဆောင်းပါးကို
 ပြန်လည်မွမ်းမံတင်ပြပါသည်။ သီးခြားခွင့်မတောင်းနိုင်သည်ကို နားလည်ခွင့်လွတ်နိုင်မည်ဟုမျှော်လင့်ပါသည်။