Wednesday, August 31, 2011

အမ္ဗပါလီ (၁)



ဗုဒ္ဓဘာသာဝင်အတော်များများ ဗုဒ္ဓဘာသာအကြောင်းစေ့စေ့ငုငု မသိပေမဲ့
ဗုဒ္ဓဘာသာစာပေထဲမှာပါတဲ့ နာမည်အတော်များများနဲ့ ရင်းနှီးကြတယ်။

ကျောင်းထဲမှာဆို 
ဇေတ၀န်ကျောင်း၊ ဝေဠုဝန်ကျောင်း

ဘုန်းကြီးထဲမှာဆို 
ရှင်အာနန္ဒာ၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်

လူထဲမှာဆို
အနာထပိဏ်၊ ၀ိသာခါ၊

ရှင်ဘုရင်ထဲမှာဆို 
ကောသလ၊ ဗိမ္ဗိသာရ
အကြောင်းစုံ အကုန်မသိပေမဲ့ ဒီနာမည်တွေနဲ့ရင်းနှီးပြီးသား။

ဒီ့အပြင် ဗုဒ္ဓဘာသာဝင်အတော်များများသိတဲ့သူ တစ်ယောက်ရှိသေးတယ်။
သူက အမ္ဗပါလီ

အမ္ဗပါလီကို ပြည့်တန်ဆာတစ်ယောက်လို့ အကြမ်းဖျင်းသိထားကြတယ်။

ပြည့်တန်ဆာ ဆိုတဲ့ဝေါဟာရကို အင်္ဂလိပ်လိုတော့
Prostitute, Courtesan လို့ဆိုတယ်။
အငယ်တုန်းက ဒီ Prostitute ကို
အင်္ဂလိပ်ဗန်းစကား (Slang) လို 
44 လို့ ခေါ်ကြောင်း စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ 
ဘာကြောင့် ဒီလိုခေါ်ကြောင်း အကြောင်းတရားကို မသိရဘူး။

( ဒီ 44 နဲ့ စပ်လို့ ငယ်ငယ်တုန်းက အားကစားဂျာနယ်တစ်ဆောင်မှာ 
ဖတ်ဖူးတာလေး ပြောရအုံးမယ်။ 
တစ်နေ့ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းဆိုသူ
တစ်နေရာသွားဘို့ ဘတ်စ်ကားစောင့်နေတယ်တဲ့။
သူသွားရမဲ့ခရီးကို ဘတ်စ်ကား အမှတ် (44)  စီးပြီး သွားရမှာတဲ့။

နာရီဝက်လောက်ကြာအောင် ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေပေမဲ့ 
သူစောင့်တဲ့ အမှတ် (44) ဘတ်စ် က ရောက်မလာဘူးတဲ့။
ခဏနေတော့ အမှတ် (22) ဘတ်စ်ကားရောက်လာတယ်တဲ့။

စောင့်ရတာ စိတ်မရှည်တော့တဲ့ ဘက်ခမ်း မထူးတော့ပါဘူးဆိုပြီး
အမှတ် (22) ဘတ်စ်ကားကို နှစ်ခါပြန်စီးပစ်တယ် တဲ့။
22 နှစ်ခါပြန်စီးတော့ 44 ဖြစ်သွားတာကိုး။
44 နဲ့ပတ်သက်လို့ ဒါလေးမှတ်မိလို့ ပြောပြတာပါ။)

ပြည့်တန်ဆာဆိုတာ ခန္ဓာကိုယ်ကိုအရင်းအနှီးပြုပြီး
မိမိခန္ဓာကိုယ်ကို ကာမဂုဏ်ပျော်ပါးလိုသူတို့ကို
တစ်ခဏတာ ရောင်းချတတ်သူ လို့အဓိပ္ပါယ်ဖွင့်ဆိုရမယ်ထင်ပါတယ်။

နောက်ပိုင်းတော့ ဒီမြန်မာစကားလုံးအတွက် ဗန်းစကားတွေ ထွက်ပေါ်လာပါတယ်။
ကြက်
ကြက်ဆိုတာ တိရိစ္ဆာန်သတ္တ၀ါ။
ကြက်ဆိုတဲ့သတ္တ၀ါမှာ အထီးရော အမရောရှိပေမဲ့
ဗမာဘန်းစကားမှာ အမ (လူမ) ကိုသာ ရည်ညွှန်းပါတယ်။
လူမ ဆိုတာတောင် ရိုးရိုးလူမ မဟုတ်တော့ဘူး။
ပြည့်တန်ဆာမ ဖြစ်သွားပါတယ်။
ဒီအမျိုးသမီးက ကြက် ဖြစ်တယ် လို့ပြောလိုက်ရင်
ဒီအမျိုးသမီးက ပြည့်တန်ဆာမ လို့နားလည်ရပါတယ်။

ဘဲ ဆိုတဲ့ဗမာ ဘန်းစကားရှိတယ်။
ဘဲဆိုတာလဲ တိရိစ္ဆာန်သတ္တ၀ါပါဘဲ။
ဘဲဆိုတဲ့သတ္တ၀ါမှာလဲ အထီးရော အမရောရှိပေမဲ့
ဗမာဘန်းစကားမှာ အထီး (လူထီး) ကိုသာ ရည်ညွှန်းပါတယ်။
ဒီနေရာမှာတော့ လူထီး ဆိုတာ ရိုးရိုးလူထီးပါ။
ပြည့်တန်ဆာထီး မဟုတ်ပါဘူး။

ဒီဘဲကြီးနဲ့အဆင်မပြေဘူး လို့ပြောရင်
ဒီလူကြီးနဲ့ အဆင်မပြေဘူးလို့ နားလည်ရပါတယ်။
ရှိစေတော့။

အမ္ဗပါလီနဲ့ဆက်စပ်ပြီး
ဗမာစကား ပြည့်တန်ဆာ ဆိုတာကို 
နားလည်ခံစားမိသလောက် ပြောချင်တာပါ။

ပြည့်တန်ဆာဆိုတာ
 ပြည်ရဲ့ တန်ဆာ၊ တိုင်းပြည်ရဲ့ တန်ဆာ၊ တိုင်းပြည်ရဲ့ အသုံးအဆောင်၊
တိုင်းပြည်တစ်ပြည်မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေထဲက အင်္ဂါရပ်တစ်ခု၊ 
တိုင်းပြည်တစ်ပြည်ရဲ့ လိုအပ်ချက်တစ်ခု။

ဆိုတော့ 
ပြည့်တန်ဆာ လို့ နာမည်လှလှလေးကို သုံးနှုန်းခြင်းဖြင့် 
ဒီလုပ်ငန်းလုပ်တဲ့သူကို ဂုဏ်တင်ပေးရာရောက်ပါတယ်။
ဒီလုပ်ငန်းလုပ်တဲ့သူကို
ပြည့်တန်ဆာလို့ မြန်မာစကားတီထွင်ပေးခဲ့တဲ့သူကို ကျေးဇူးတင်ရမယ်။
အင်မတန် အစပ်အဟတ်တည့်တဲ့ နာမည်ဘဲ။

ဒါ့ကြောင့် ဒီပြည့်တန်ဆာဆိုတဲ့ဝေါဟာရကို
အခြားအကျည်းတန်တဲ့ စကားလုံးတွေ မသုံးဘဲ 
ပြည့်တန်ဆာလို့ ခေါ်တာ အကောင်းဆုံးဘဲ လို့ယူဆတယ်။

ပြည့်တန်ဆာဆိုတဲ့ လှပတဲ့ဗမာစကားလိုဘဲ 
ပါဠိစာပေမှာလဲ လှပတဲ့ ပါဠိစကားလုံးတွေ ရှိတယ်။

ပါဠိလို ပြည့်တန်ဆာကို 
နဂရသောဘိနီ (မြို့ကို သာယာစေတတ်သူ)
ရူပူပဇီဝိနီ (ရုပ်အဆင်းနဲ့ အသက်မွေးဝမ်းကြောင်းသူ) တဲ့။

အတော်အသက်ဝင်တဲ့ စကားလုံးတွေဘဲ။


Tuesday, August 30, 2011

ခိုးလို့မရတာက



ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ 
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။

မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။

လူတော်တော်များများက ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကို 
အတော်လေး တပ်မက်ကြတယ်။
ကိုယ့်ရဲ့ ဇနီး မယား သမီး သားတွေကို 
အတော်လေး ချစ်ခင်စုံမက်ကြတယ်။
တချို့များ ကိုယ့်ဇနီးမယားကို သေပြီး နောင်ဘ၀အထိ ယူဆောင်သွားလို့
ရတယ်များထင်နေလား မသိဘူး။
ချစ်လိုက်ကြတာ၊ ယုယလိုက်ကြတာ။
လိုအပ်တာထက်ကို ပိုနေလိုက်တာ။

ကိုယ့်တိုက်တာ အိမ်မြေ စည်းစိမ်တွေကိုလည်း ဒီအတိုင်းဘဲ။
တပ်မက်လိုက်ကြတာ၊ တွယ်တာလိုက်ကြတာ။
နောင်ဘ၀ ယူသွားလို့ ရတယ်များ ထင်နေလားမသိပါဘူး။

တကယ်တော့ လင်ယောက်ကျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲဖြစ်ဖြစ်
သေသွားပြီဆိုရင် ကျန်ရစ်သူကို ခေါ်သွားလို့ မရပါဘူး။

ဒီဘ၀မှာ တော်စပ်တဲ့ ဇနီးမယား ခင်ပွန်းယောက်ကျားက
ဒီဘ၀မှာပဲ ကိုယ်နဲ့ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာ ရှာဖွေ စုဆောင်းထားတဲ့ 
စည်းစိမ်ဥစ္စာ ငွေရေးကြေးရေးတွေကလည်း
ကိုယ်နဲ့ ဒီဘ၀မှာပဲ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာသာ ပိုင်ပါတယ်ဆိုတဲ့ ဇနီးမယားကိုတောင် 
သူတပါးက လုယူသွားနိုင်သေးတယ်။
စည်းစိမ်ဥစ္စာလဲ ထို့အတူဘဲ။
ဟိုတလောက ဇနီးမောင်နှံနှစ်ယောက် မနက်စောစော
အုန်းနို့ခေါက်ဆွဲကပ်ဖို့ ကျောင်းကိုလာတယ်။
ဆိုင်ကယ်နဲ့။
ယောက်ကျားက ရှေ့က မောင်း။
မိန်းမက နောက်က စီး။
သူတို့နှစ်ဦးကြားမှာက လက်ကိုင်အိပ်လေးတင်လို့။
ကျောင်းကို လာတာ။
ဆီဆိုင်နားရောက်တော့ ဆီဖြည့်ဖို့ ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တာနဲ့
ဘယ်အချိန်က ကပ်လိုက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးက 
ဝူး ဆို သူတို့ဆိုင်ကယ်နားကို ကပ်လိုက်ပြီး နှစ်ယောက်ကြားက လက်ကိုင်အိပ်လေးကို
ဆွဲလုပြီး မောင်းထွက်သွားတယ် တဲ့။
လက်ကိုင်အိပ်ထဲမှာက ပတ်စ်ပို့နဲ့ ငွေနည်းနည်းပါသွားတယ်။

နိုင်ငံခြားမှာနေတာ ပတ်စ်ပို့က အင်မတန်အရေးကြီးတယ်။
၁၉၉၉ - ခုနစ် နိုင်ငံခြားစထွက်ခါနီးတော့
နိုင်ငံခြားသွားဘူး လာဘူးရှိတဲ့ ဦးဇင်းက သြ၀ါဒချွေဘူးတယ်။
“နိုင်ငံခြားရောက်ရင် 
ပတ်စ်ပို့က အဖေ၊ ဒေါ်လာက အမေ၊ 
ဒီအဖေနဲ့အမေကို ရိုရိုသေသေကိုင်တွယ်ရမယ်၊ 
လုံလုံခြုံခြုံသိမ်းဆည်းရမယ်” တဲ့။

ပြောချင်တာက ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ ငွေရေး ကြေးရေးတွေဟာ
ဘာမှ အစိုးမရဘူး။ အချိန်မရွေး သူခိုးဓားပြတွေ ခိုးယူ လုယက်သွားနိုင်တယ်။

ဒီမှာ နတ်သားရဲ့
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ဆိုတဲ့အမေးအတွက်
ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။

ပုညံ စောရေဟိ ဒူဟရံ - သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် တဲ့။

ဗုဒ္ဓဘာသာဝင်တွေက ၃၁ ဘုံကို လက်ခံယုံကြည်ပါတယ်။
ဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ဒီဘ၀နဲ့တင် ကိစ္စမတုံးသေးပါဘူး။
နောင်ဘ၀တွေမှာ (၃၁) ဘုံမှာ ကျင်လည်ရအုံးမှာပါ။

ဒီလို ၃၁ ဘုံကျင်လည်တဲ့အခါ ကောင်းတဲ့ဘုံရောက်ဖို့
ကောင်းတဲ့မိဘတွေနဲ့တွေ့ဘို့ 
ကောင်းတဲ့ဆရာသမားတွေနဲ့တွေ့ဘို့
ကောင်းတဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့က
အခု ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းဘို့ပါ။

အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်အခါမှာ နောင်ဘ၀မှာ
ကိုယ်ဘာကောင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်မှာပါ။
ကိုယ့်နောင်ဘ၀အတွက် အခု ကိုယ်ဘာလုပ်နေတယ်ဆိုတာက အဆုံးအဖြတ်ပေးမှာပါ။

ဆိုလိုတာက
အခုကိုယ်လုပ်နေတဲ့ ကောင်းမှုကုသိုလ်က ကိုယ့်နောက်ကို အစဉ်အမြဲ လိုက်ပါနေမှာပါ။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ကိုယ့်နောက်မပါအောင်
ဘယ်သူကမှ တားဆီးပိတ်ပင်လို့မရပါဘူး။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ဘယ်သူခိုးကမှ ခိုးယူလို့ မရပါဘူး။
ဘယ်ဓားပြကမှ လုယူ တိုက်ယူလို့ မရပါဘူး။
ဒါ့ကြောင့် ဘုရားရှင်က 
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာတွေမဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် လို့ ပြောကြားခဲ့တာပါ။

ဒီဂါထာလေးကို အကျဉ်းချုပ်လိုက်ရင်
အိုသည့်တိုင်အောင် ကောင်းတာက သီလ အကျင့်ပါ။
ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်ဆောက်ရမှာက သဒ္ဓါပါ။
လူသားတွေအတွက် ရတနာဆိုတာ ပညာကို ပြောတာပါ။
သူခိုးဓားပြတို့ခိုးယူလုယက်လို့ မရတဲ့အရာဟာ ကောင်းမှုကုသိုလ်ပါ။


Monday, August 29, 2011

ညီမျှနေဘို့



ဘုရားရှင်ကို မေးတဲ့ နတ်သားရဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။

အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း 
ဒီမေးခွန်းကို ဒကာကြီးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား တဲ့။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပဲ။

လူတွေရဲ့ ရတနာဆိုတဲ့ နတ်သားရဲ့ စကားမှာပါတဲ့ လူဆိုတာ 
ဗုဒ္ဓဘာသာဝင်တွေကိုသာ လူလို့ခေါ်တာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အင်္ဂလိပ်ရော တရုတ်ရော၊ ကုလားရော လူတွေပဲ။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက်
ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။
ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။

ဘုရားရှင်ရဲ့ အဖြေက
ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။

ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။
အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့ 
ပညာလဲ ပါရမယ်လို့ ဘုရားရှင်ဆိုလိုဟန် ရှိပါတယ်။

ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာပါ။ 
ဒါကြောင့် ပညာဟာ လူသားအားလုံးရဲ့ ရတနာပါ လို့ 
ဘုရားရှင်ဖြေကြားခဲ့တာလို့ နားလည်မိတယ်။

မှန်ပါတယ်။
ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) ဟာ အကြည်ညိုမှားတတ်ပါတယ်။
ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။
တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။
တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။

မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုက
သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။
ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။
မှား၏ မှန်၏ မဝေဘန်ကြဘူး။ 

ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင် 
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး 
မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ
မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့ 
မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။

မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့
အတော်စိတ်မသက်မသာဖြစ်မိတယ်။
ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊ 
ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာတယ်။

နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့
ရိုက်စားလုပ်ထားမှန်းသိရတယ်။

ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလဲ ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက
ကြိတ်ကြိတ်တိုးပဲ။

ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး 
စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။

စာပေမှာတော့
ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။

အဓိပ္ပါယ်က
ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ 
မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊ 
ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။

အနောက်နိုင်ငံက ပုဂ္ဂိုလ်များကြတော့ ပညာအားကြီးပြီး
သဒ္ဓါတရားအားနည်းတယ်။
သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ 
ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။
မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ
လာနေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို 
မရောက်နိုင်တော့ဘူး။

ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်
စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။
ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့
ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။

ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ
ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။
ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။

သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။


Saturday, August 27, 2011

တည်ဆောက်၊ ဆောက်တည်



နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက 
ကိံသု သာဓု ပတိဋ္ဌိတာ - 
 (ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့ 
What is suitable to be established in? တဲ့။

ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ
ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့ 
ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ယူဆတယ်။

ဘုရားရှင်ရဲ့ အဖြေက 
သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။
သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက်သင့်တယ်။

သဒ္ဓါဆိုတဲ့ပုဒ်အဓိပ္ပါယ်ကို
အခြားအခြားသောဆရာတော် သမားတော်ကြီးတွေရဲ့ ဖွင့်ဆိုချက်ကို
ခဏမေ့ထားပြီး ကိုယ့်နည်းကိုယ့်ဟာနဲ့ ဖွင့်ဆိုနားလည်ကြည့်ရအောင်။
သဒ္ဓါဆိုတာက (ဘာသာရေး) ယုံကြည်မှုကိုပြောတာ။
ဘာသာရေးယုံကြည်မှုရှိဘို့က ဘာသာရေးလိုက်စားမှုရှိမှ။
ဘာသာရေးလိုက်စားမှုဆိုတာ 
ဘာသာရေးကျင့်ဝတ်တွေကိုလေ့လာပြီး ကျင့်ကြံတာကို ပြောတာ။ 
အဖြောင့်အားဖြင့် သဒ္ဓါဆိုတာ ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာ။
ဘာသာရေးကိုင်းရှိုင်းဘို့ ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုတာ
ရင်ထဲ နှလုံးသားထဲ ဦးဏှောက်ထဲ အလိုလိုရောက်လာတာမဟုတ်ဘူး၊ 
အလိုလိုပေါ်ပေါက်လာတာ မဟုတ်ဘူး။
တည်ဆောက်ယူရတာ။ ဆောက်တည်ယူရတာ။ ကြိုးစားယူရတာ။

ဒါ့ကြောင့် ဘုရားရှင်က
သဒ္ဓါ သာဓု ပတိဋ္ဌိတာ 
ဘာသာရေးကိုင်းရှိုင်းမှုကို တည်ဆောက်ယူပါ၊ 
(မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို) 
ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ကြံနိုင်ဘို့ တည်ဆောက်ယူပါတဲ့။
ဟုတ်တယ်။ အရက်သောက်ဖို့၊ ဒစ္စကိုဘားသွားဘို့၊ 
Pub သွားဘို့ဆိုရင် အထူးတည်ဆောက်စရာမလိုဘူး။
အထူးကြိုးစားစရာမလိုဘူး။
အလွယ်တကူပဲ။ အသံကြားတာနဲ့ ခြေက လှမ်းပြီးနေပြီ။

အဲ၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင် 
အထူးကို ကြိုးစားရတယ်။ အားစိုက်ရတယ်။
ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို 
ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာဝင်တဲ့ ဘာသာရေးဆန်တဲ့အလေ့အကျင့်မျိုးဆိုရင်
ကြိုးစားရတယ်။ အားထည့်ရတယ်။ 

ဒီလိုအလေ့အကျင့်မျိုး နှစ်နဲ့ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့
ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရတယ်။

မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်လုပ်ထားတယ်။ 
ကြားထဲ နှစ်ရက်လောက်ပျက်သွားရင် ကောင်းတဲ့အလုပ်ဆိုတော့
ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရတယ်။

ဒါ့ကြောင့်မို့လည်း ဘုရားရှင်က
ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှုသဘောတရား၊
ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှုသဘောတရားကို တည်ဆောက်သင့်ပါတယ်
ကြိုးစားသင့်ပါတယ်လို့ ပြောထားတာနေမှာ။


Friday, August 26, 2011

အကောင်းဆုံးအရာ




ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။
နတ်သားတစ်ယောက်ကမေးတာကို 
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။ 
တိုတိုလေးပဲ။ 
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို 
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။


အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။


ဘုရားရှင်အဖြေကို မသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။


မြန်မာပြည်အိမ်တစ်အိမ်မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက ထပြောတယ်။
“တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ”တဲ့။
အတွေးတစ်မျိုးနဲ့ ရီခဲ့ရသေးတယ်။


ဒကာကြီးဆိုလိုတာက ဒီလိုပါ။
သားသမီးတွေကို အမြဲတမ်း အိုသည့်တိုင်အောင် အားမကိုးရဘူး။
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။
ကိုယ့်ဇနီးမယားကသာ အိုသည့်တိုင်အောင် နောက်ဆုံးသေသည့်တိုင်အောင်
ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ လို့
ဒကာကြီးက ပြောချင်တာဖြစ်မှာပါ။


အဲ့ဒကာကြီးရဲ့သားကတော့ အိုသည့်တိုင်အောင် ကောင်းတာက ပိုက်ဆံပါတဲ့။
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင် 
အိုသည့်တိုင်အောင် ဘာမဆို လုပ်လို့ရတာဖြစ်လို့ 
အိုသည့်တိုင်အောင် ကောင်းတဲ့အရာဟာ ပိုက်ဆံလို့ပြောရတာပါတဲ့။


ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို
စိတ်ချမ်းသာမှုလို့ ပြောတယ်။
သူပြောတာက ဟုတ်သလိုလိုတော့ ရှိပါတယ်။
ဒါပေမဲ့ ဒါဟာ အကျိုးတရားကြီးပဲ။
စိတ်ချမ်းသာမှုဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ရမလဲ။
အကြောင်းတရားကို ရှာရအုံးမှာပါ။


ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ဘုရားရှင်ရဲ့ အဖြေက 
သီလံ ယာဝ ဇရာ သာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။


ဘုရားရှင်ရဲ့ ဒီအဖြေကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါးသီလကို ရွတ်ဆိုမိတယ်။
သူတပါးအသက်မသတ်နဲ့၊ 
သူ့ဥစ္စာမခိုးနဲ့၊ 
သူ့အိမ်ယာ မပြစ်မှားနဲ့၊
လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကို မသောက်နဲ့၊ မသုံးစွဲနဲ့။


ဒီငါးပါးသီလက အခြေခံ လူ့ကျင့်ဝတ်ဖြစ်တယ်။
လူတိုင်းစောင့်ထိမ်းရမဲ့ သီလဖြစ်တယ်။


ဒီသီလက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တယ်။
အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမဲ့ ဒီသီလကို မစောင့်ထိန်းရင်
အိုသည့်တိုင်အောင် မကောင်းနိုင်ဘူးလို့ ပြောင်းပြန်တွေးမိတယ်။


တချိန်တည်းမှာပဲ ရွာက အရက်သမားဦးသာမောင်ကို သတိရမိတယ်။
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပြီ။ အရက်က သောက်တုန်း။
အကျိုးဆက်က ကလေးကရော ခွေးကရော သူ့ကို ဘယ်သူမှ မလေးစားဘူး။
သာရေး နာရေး ထမင်းစားဝိုင်းတွေမှာလည်း သူဘယ်တော့မှ 
လူကြားသူကြား၊ လူတော သူတော တိုးမစားရဲဘူး။
သူများတွေပြီးမှ ချောင်ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ 
ငယ်ငယ်ကတည်းက အရက်သောက်လာတာ။ 


အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော်အရွယ်တိုင်အောင်
လူမှန်းသူမှန်းမသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင်
ဦးသာမောင်လို အသက်ခြောက်ဆယ်အရွယ်အထိ သားမေ့ မယားမေ့
ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင်
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။


အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ်ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင်
တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊ 
နောက်ဆုံးတန်းမှာ ခပ်ကုတ်ကုတ်နဲ့ နာရတော့မှာ။


လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။


ဒါ့ကြောင့် လူ့လောကကြီးမှာ အိုသည့်တိုင်အောင် ကောင်းတာဟာ
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။ 
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲ လို့ ထပ်ဆင့်းနားလည်လိုက်ပါတယ်။

Wednesday, August 24, 2011

ငါးနဲ့လိပ်



ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါ။ 
နိဗ္ဗာန်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း 
ပြောနေကြပေမဲ့ ကြားနေရပေမဲ့ ဂဃနဏ သိတဲ့သူ ရှားတယ်။ 
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဘုန်းကြီးတွေတောင်
“အရှင်ဘုရား၊ အရှင်ဘုရားတို့ ပြောပြောနေတဲ့ ဟောဟောနေတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလဲဘုရား” လို့ သွားမေးကြည့်။ 
အင်း၊ အဲ ဆိုတဲ့စကားလုံးတွေ အကြိမ်များစွာ ကြားရမှာဖြစ်ပြီး
နိဗ္ဗာန်ဆိုတာ နိနဲ့ ၀ါန ပေါင်းစပ်ထားတဲ့ပုဒ်ဖြစ်တယ် စသဖြင့် 
အငယ်တုန်းက ဆရာဘုန်းကြီးက ကျက်ခိုင်းလို့ ရထားတဲ့ဟာတွေကို 
ရွတ်ပြ ဆိုပြ ပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေဆို
ငယ်ငယ်တုန်းက စနစ်တကျ မသင့်ခဲ့ရလို့ ဒါကိုတောင် 
ကျကျနန မရွတ်ပြ မဆိုပြနိုင်ပါဘူး။ 

ဒါ့အပြင် နိဗ္ဗာန်နဲ့ ပတ်သက်လို့ ရှင်းပြတဲ့အခါ စကားလုံး တစ်လုံးနဲ့တစ်လုံး 
တစ်ထွာလောက်ဝေးပြီး စကားလုံးတစ်လုံး ထွက်လာဘို့
ကွမ်းတစ်ယာညက်ခန့်ကြာ စောင့်ဆိုင်းရပါလိမ့်မယ်။
ပါဠိအဘိဓာန်ဆရာကြီးကတောင် နိဗ္ဗာန်ဆိုတဲ့ပုဒ်ကို
မောက္ခ၊ လွတ်မြောက်ရာ
နိရောဓ၊ ချုပ်ငြိမ်းရာ၊
တဏှက္ခယ၊ တတ်မက်မှုတဏှာကုန်ရာ၊
ဒီပ၊ အလင်းရောင် စသဖြင့် ပရိယာယ်စကားလုံး (၄၀) ကျော် ထုတ်ပြသွားပါတယ်။
ဒါကလဲ နိဗ္ဗာန်ကို နားလည်ဘို့အတွက် အဘိဓာန်ဆရာကြီးရဲ့  ကြိုးပမ်းမှုပါပဲ။

ထိုထိုကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို ကိုးကားမှီငြမ်းပြီး
မြန်မာဘာသာပြန်ဆရာတော်များကလည်း
အလွန်တရာ မြင့်မြတ်တာ၊ အစဉ်ထာဝရတည်မြဲတာ၊ ဖျက်ဆီးလို့ မရတာ၊ 
မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ မဟုတ်တာ။
ဆင်းရဲမှုကို ကျော်လွန်တာ၊ အဖြစ်အပျက် မရှိတာတွေဟာ နိဗ္ဗာန်ဆိုပြီး
ပြောတော့တာပဲ။ ဟောတော့တာပဲ။

ရှင်းရှင်းပြောရရင် ဒီရှင်းပြချက်တွေက 
နိဗ္ဗာန်ဆိုတာ ဘာလဲ ဆိုတာ
ရှင်းသွားအောင် လုပ်မပေးနိုင်ပါဘူး။
ရှင်းမသွားတဲ့အပြင် ပိုတောင် ရှုတ်ထွေးသွားပါသေးတယ်။
ဒါကလဲ ရှုတ်ထွေးသင့်လို့ ရှုတ်ထွေးတာပါ။

နိဗ္ဗာန်အဓိပ္ပါယ်ကို ရှင်းပြတဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်၊
ရှင်းပြတာကို နာယူ၊ လေ့လာ၊ နားထောင်တဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်ဖြစ်နေတော့
ရိုးရိုးပုဂ္ဂိုလ်တို့အရာမဟုတ်တဲ့ နိဗ္ဗာန် ဆိုတာကို 
ဘယ်လိုမှ အပြည့်အ၀ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းသိလောက်နဲ့ပဲ နိဗ္ဗာန်ကို နားလည်ကျမှာပါ။

လူတွေဟာ ဝေါဟာရပညတ်တစ်ခုကို အဓိပ္ပါယ်ဖော်ဆောင်ရာမှာ 
သူတို့မျက်စိနဲ့ မြင်တဲ့အရာဝတ္ထုကိုသာ
သူတို့စိတ်သိနဲ့ အဓိပ္ပါယ်ဖောင်ဆောင်နိုင်ကြတာမဟုတ်ပါလား။

သူတို့မျက်စိနဲ့မမြင်နိုင်တဲ့အရာဝတ္ထုကို 
သူတို့စိတ်အသိနဲ့ အဓိပ္ပါယ် မဖောင်ဆောင်နိုင်ကြပါဘူး။
နိဗ္ဗာန်ဆိုတာကြီးကိုလည်း သူတို့မျက်စိနဲ့ မမြင်နိုင်လို့ အဓိပ္ပါယ်မဖော်ဆောင်နိုင်ကြဘူး။
ခန့်မှန်းယော်ရမ်းပြီး နိဗ္ဗာန်ဆိုတာ ဒီလိုကွ၊ ဟိုလိုကွ နဲ့ ပြောဆိုနေကြတာ။

နိဗ္ဗာန်နဲ့စပ်လို့
မဟာတန်း ပထမနှစ်တုန်းက သင်ခဲ့ရတဲ့ ဒေါက်တာရာဟုလာရေးခဲ့တဲ့ 
What the Buddha Taught 
ဆိုတဲ့ စာအုပ်ခလေးတောင် သတိရမိသေး။

(စာအုပ်မှာ ဒီလို)

ငါးသတ္တ၀ါတွင် ကုန်းမြေအကြောင်းဖော်ပြရန် ဝေါဟာရမရှိသကဲ့သို့
လူတို့တွင်လည်း လောကုတ္တရာအတွေ့အကြုံကို ဖော်ပြနိုင်ရန် စကားလုံးမရှိချေ။
လိပ်က ၄င်း၏မိတ်ဆွေ ငါးအား
ကုန်းပေါ်မှာ လမ်းလျှောက်၍ ရေကန်သို့ ပြန်လာကြောင်း ပြောပြသည်။

ငါးက
အော်၊ ဟုတ်လား၊ ရေကူးလာခဲ့တာမဟုတ်လား ဟု ပြန်မေးလေသည်။

လိပ်က 
ကုန်းပေါ်တွင် ရေမကူးနိုင်ကြောင်း၊ ကုန်းမြေသည် မာကြောကြောင်း၊
လမ်းလျှောက်၍ သွားရကြောင်း ရှင်းပြသည်။
သို့ရာတွင် ငါးက လိပ်ပြောသော ကုန်းမြေကဲ့သို့ မရှိနိုင်ကြောင်း၊ 
ရေကန်ကဲ့သို့ပင် လှိုင်းအိကလေးများနှင့် ရေပြင်သာဖြစ်ရမည်ဖြစ်၍
ရေငုတ်နိုင်၊ ရေကူးနိုင်မည်သာဖြစ်ကြောင်း ဇွတ်ငြင်းဆိုလေတော့သည်။

Just as the fish had no words in his vocabulary to express the nature of the solid land.
The tortoise told his friend the fish
that he (the tortoise) just returned to the lake after a walk on the land.
‘Of course’ the fish said, ‘You mean swimming.’
The tortoise tried to explain that one couldn’t swim on the land,
that it was solid, and that one walked on it.
But the fish insisted that there could be nothing like it,
that it must be liquid like his lake, with waves,
and that one must be able to dive and swim there.

ဟုတ်တယ်။ ရိုးရိုးလူသား (လောကီလူသား) တို့ နိဗ္ဗာန်ဆိုတာကို သေချာ မသိနိုင်။
မျက်မှောက်သိဖြင့် နိဗ္ဗာန်ကို မသိနိုင်။
တရားကျင့်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတဲ့
အရိယာအဆင့်လေးဆင့် တစ်ဆင့်ဆင့်ရောက်မှသာ 
နိဗ္ဗာန်သဘောသဘာဝကို သေသေချာချာ အတွင်းသိ အစင်း (အဆင်း) သိ 
(၀ါ) မျက်မှောက်သိ သိနိုင်မယ်။

ဆိုတော့ နိဗ္ဗာန်ကို ဂဃနဏ သိဘို့ သောတာပန်ဖြစ်ဖို့လိုတယ်။
သကဒါဂါမ်ဖြစ်ဖို့လိုတယ်။
အနာဂါမ်ဖြစ်ဖို့လိုတယ်။
ရဟန္တာဖြစ်ဖို့လိုတယ်။


Tuesday, August 23, 2011

ဒို့ဘာသာ၊ နိဒါန်း


(၁)
ဒို့ဘာသာဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့
ခေါင်းစဉ်ငယ်လေးတွေ အမြောက်အများပေးကာ
အပိုင်းပေါင်း (၃၁) ပိုင်းခွဲ ရေးသားဖော်ပြခဲ့ပါတယ်။
(၂)
၂၀၀၉ -ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ခဏပြန်ပြီး
သူငယ်ချင်းဦးဇင်းရှိရာ ဒေါက်တာပါရမီနေနေတဲ့
ထေရ၀ါဒသာသနာပြုတက္ကသိုလ်မှာ တည်းခိုနေတဲ့အချိန်၊
ရန်ကုန်၊ တောင်ဥက္ကလာ၊ ရွှေမြင်းမိုရ်မိုးကုတ်ရိပ်သာဆရာတော်က
ဖုန်းဆက်လာပါတယ်။
“သူ ဇနိတာရာမကျောင်းတိုက်မှာ ၁၀ ရက်စခန်းတရားပွဲအတွက် တရားသွားဟောပေးရမှာမို့
သူ့ကျောင်း (ရွှေမြင်းမိုရ်ကျောင်းမှာ) ၁၀ ရက်တရားစခန်းပွဲမှာ တရားဟောပေးစေလိုကြောင်း”
စာရေးသူကို ဖုန်းဆက်ပြောလာပါတယ်။
“၁၀ - ရက်စခန်းတရားပွဲဆိုတော့ ၀ိပဿနာတရားတွေချည်း ဟောပေးရမှာလား”
လို့ ပြန်မေးဖြစ်ပါတယ်။
“ဦးဇင်း ဟောချင်တာ ဟောပါ” လို့ ဆရာတော်က ပြောတာနဲ့
“မှန်ပါဘုရား” လို့ ပြန်လျှောက်လိုက်ပါတယ်။
(၃)
ဟောချင်တာဟောဆိုတော့ အဆင်ပြေတာပေါ့။
မိုးကုတ်ရိပ်သာမှာ တရားဟောရမှာဆိုတော့
နိဗ္ဗာန်ရောက်ကြောင်းဝိပဿနာတရား၊
အထူးသဖြင့် မိုးကုတ်နည်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို အခြေခံတဲ့
ဝိပဿနာတရားတွေကို ဟောကြားပေးရမယ်ဆိုတာ
သိပြီးသား။
ဒါပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းဝိပဿနာတရားဆိုတာထက်
ပိုသိသင့်တဲ့
ဗုဒ္ဓဘာသာသဘောတရားလေးတွေကို
ဟောပြရရင် ပိုအကျိုးရှိမှာလို့ စဉ်းစားမိတယ်။
(၄)
အကျိုးဆက်ကတော့
ဒို့ဘာသာတရားတော် ဖြစ်လာတာပါပဲ။
(၅)
တကယ်တော့ Facebook နဲ့ www.dhammagarden.com တို့မှာ
ဖော်ပြခဲ့တဲ့ ဒို့ဘာသာဆိုတဲ့အကြောင်းအရာတွေဟာ
အထက်ကပြောခဲ့သလို စာရေးသူရန်ကုန်ပြန်ရောက်ခိုက်
ဟောကြားခဲ့တဲ့ တရားတော်တွေကို
ပြန်ရေးထားတာပါ။ (MP3 ရှိပြီးသားပါ။)

ဒါပေမဲ့ ထုံးစံအတိုင်း ဟောတရားတွေကို
ပြန်လည်ရေးသားရတာဆိုတော့ ဟောထားတဲ့အတိုင်း တသဝေမတိမ်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
အချို့ ဟောထားတဲ့ အထဲမှာ မပါတာတွေ ရေးထားတဲ့ အထဲမှာ ပါပါတယ်။
အချို့ရေးထားတဲ့အထဲမှာ မပါတာတွေ ဟောထားတဲ့ အထဲမှာ ပါပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်။
မစို့ မပို့ ဟောထား ရေးထားတာလေတွေဟာ
နိဗ္ဗာန်ရွှေပြည်ကြီးအထိ မပို့နိုင်တောင်
တစုံတခုသောအတိုင်းအတာအထိ အကျိုးသက်ရောက်မှု
ရှိလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

ဒေါက်တာအရှင်ဣန္ဒက (Dhammagarden)

Monday, August 22, 2011

ဒို့ဘာသာ (၃၁) နိဂုံးပိုင်း



အစောကပြောခဲ့သလို မင်းတုန်းမင်းကြီးလက်ထက်မှာ ပဉ္စမသင်္ဂါယနာတင်ပွဲကျင်းပခဲ့ပါတယ်။
သာသနာ အတော် စည်ပင်ပြန့်ပွါးခဲ့ပါတယ်။
မင်းတုန်းမင်းပြီးတော့သီပေါမင်း။
သာသနာတော်တိုးတက်မှု အရှိန်အဟုန်ကောင်းတုန်းပါဘဲ။

နောက် အင်္ဂလိပ်တွေ ၀င်လာတယ်ပဲ ဆိုကြပါဆို့။
ဘာသာခြားတွေ ကိုယ့်နိုင်ငံတွင်းဝင်လာတော့ ရှိရင်းစွဲကိုယ့်ဘာသာကို
ထောက်ပံ့မှုတွေ လျော့နည်းလာတာ အမှန်ပါပဲ။

အဲ့ဒီအချိန် အုပ်ချုပ်တဲ့အင်္ဂလိပ်အစိုးရက ဗုဒ္ဓဘာသာကို အားမပေးတော့
ဘာသာရေးနိုးကြားတဲ့သူတွေက တစ်ပိုင်တစ်နိုင်အဖွဲ့အစည်းတွေ ဖွဲ့ကြတယ်။
အမိနိုင်ငံတော်က မိမိတို့ယုံကြည်ကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာ မပျောက်ပျက်သွားဘို့၊ 
အမိမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ဘို့၊ ထွန်းကားပြန့်ပွါးဘို့
ဆရာတော်သံဃာတော်တွေဦးဆောင်ပြီး အထက်ဗမာပြည်၊ အောက်ဗမာပြည်
ဆိုင်ရာဆိုင်ရာဒေသတွေမှာ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ကြတယ်။

ဒီလိုအဖွဲ့အစည်းတွေထဲမှာ သံဃသာမဂ္ဂီအဖွဲ့အစည်းကြီးဟာ
အင်မတန် အားကောင်းခဲ့တယ်။
၁၉၂၀ ပြည့်လွန်နှစ်ခန့် အင်္ဂလိပ်အစိုးရအုပ်စိုးစဉ် 
ဒီသံဃာသာမဂ္ဂီအဖွဲ့ကြီးက ဆဋ္ဌသင်္ဂါယနာတင်ဘို့ ဆော်သြခဲ့ပါသေးတယ်။
အင်္ဂလိပ်အစိုးရက ဒီကိစ္စကို ခေါင်းထဲလုံးလုံး မထည့်ခဲ့ပါဘူး။

တကယ်တော့ အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့အချိန်မှာကိုက
 ဗုဒ္ဓဘာသာ ပိဋကတ်စာပေနှင့်ပတ်သက်ပြီး
စိုးရိမ်ရမည့်အခြေအနေရောက်နေပါပြီ။

လက်ရှိ ပိဋကတ်စာပေတွေကို 
တစ်ဆင့် ကူးယူတဲ့အခါမှာဖြစ်စေ၊ ပုံနှိပ်တဲ့အခါမှာဖြစ်စေ 
ပုဒ်၊ ပါဌ်၊ အက္ခရာ၊ ၀ါကျ ချို့ယွင်းမှုများ တဖြည်းဖြည်း ပေါ်ပေါက်လာနေပါပြီ။
 ပုဒ်၊ ပါဌ်မမှန် အက္ခရာချို့ယွင်းရင် အဓိပ္ပာယ်ပြန်ဆိုမှုမှာလည်း လွဲမှားတော့တာပါဘဲ။
အဓိပ္ပာယ် လွဲမှားပါက သင်ကြားမှု ပရိယတ္တိဒေသနာများ ပျက်စီးသွားတော့တာပေါ့။
ပရိယတ္တိဒေသနာပျက်စီးသွားရင် 
ပဋိပတ္တိအကျင့်တရားတွေလည်း ဘယ်မှန်ကန်တော့ပါ့မလဲ။
အကျင့်လွဲမှားရင် ဘယ်လိုလုပ် ပဋိဝေဓလို့ခေါ်တဲ့ တရားထူးရနိုင်တော့မှာလဲ။

ဒီအရေးကို မြင်လို့ ဒီအရေးကို စိုးရိမ်လို့ အင်္ဂလိပ်အစိုးရလက်ထက်မှာ သံဃသာမဂ္ဂီဆရာတော်များက
ဆဋ္ဌသံဂါယနာတင်ပွဲကျင့်ပဖို့ လှုံ့ဆော်ပေမဲ့ အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။

၁၉၄၈ ခုနစ်၊ လွတ်လပ်ရေးရပြီးခါမှ ဦးနုဝန်ကြီးချုပ်ဖြစ်မှ
သံဃာတော်တွေရဲ့ဆန္ဒတော်ဖြစ်တဲ့ ဆဋ္ဌသံဂါယနာတင်ပွဲကို ကျင်းပနိုင်ခဲ့တယ်။
နေရာကတော့ ရန်ကုန်မြို့၊ ကမ္ဘာ အေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာပါ။

ဒီဆဋ္ဌသံဂါယနာတင်ပွဲကြီးကို
၁၉၅၄ - ခုနစ် မေလ (၁၇) ရက်နေ့မှာ စတင်ကျင်းပပြီး
၁၉၅၆ -ခုနစ်၊ မေလ (၂၄) ရက်နေ့မှာ အောင်မြင်ပြီးဆုံးပါတယ်။

မန္တလေးမြို့မှ ညောင်ရမ်းဆရာတော်ဘုရားကြီးက
သဘာပတိဆရာတော်အဖြစ်ထမ်းဆောင်ပါတယ်။ 
အမေး(ပုစ္ဆက) ဆရာတော်အဖြစ် 
မဟာစည်ဆရာတော်ဘုရားကြီးက တာဝန်ယူဆောင်ရွက်ပြီး
အဖြေ (၀ိဿဇ္ဇက) ဆရာတော်အဖြစ် 
မင်းကွန်းဆရာတော်ဘုရားကြီးက ဆောင်ရွက်တော်မူပါတယ်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးသို့ ထိုင်း၊ ကမ္ဘောဒီးယား၊လော၊ သီရိလင်္ကာနိုင်ငံတို့မှ ထေရ၀ါဒရဟန်းတော် ၁၄၄-ပါး၊ မြန်မာနိုင်ငံမှ ရဟန်းတော် ၂၄၇၃-ပါးတို့က 
၂၄၅-ရက်တိုင်တိုင် ရွတ်တော်မူကြပါတယ်။

ထူးခြားတာက ဒီသံဂါယနာတင်ပွဲကို 
ထေရ၀ါဒမဟုတ်တဲ့ ဂျပန်၊ တိဗက်၊ ဗီယက်နမ်၊ ကိုရီးယား၊ 
ဂျာဗားကျွန်း၊ မလေးကျွန်း၊ ဆစ်ကင်းပြည်စတဲ့ နိုင်ငံတို့မှ 
မဟာယာနဂိုဏ်းဝင် ရဟန်းတော်များလည်း  ကြွရောက်ချီးမြှင့်အားပေးခဲ့ကြပါတယ်။

ဒီခြောက်ကြိမ်မြောက်သံဂါယနာတွင်ပွဲမှာ
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်စာပေတွေကို
စက္ကူထက်မှာ အက္ခရာတင်ပြီး ပိဋကတ်စာပေသန့်စင်ရေးကို ဆောင်ရွက်နိုင်ခဲ့တယ်။

ဒီပွဲကြီးဖြစ်မြောက်အောင် ထောက်ပံ့ပေးသူများကတော့
ထိုအချိန်က အစိုးရများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတ ဦးဘဦး၊ 
နိုင်ငံတော် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သူ ၀န်ကြီးချုပ် ဦးနုတို့က
 ကူညီဆောင်ရွက်တာဝန်ယူပေးပါတယ်။

သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်ဦးဆောင်တဲ့ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးကလည်း တိုင်းသူပြည်သားတို့ကိုယ်စား ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပူဇော်ဘို့ တာဝန်ယူကြပါတယ်။
ဝန်ကြီးချုပ်ကတော် ဒေါ်မြရီဦးဆောင်တဲ့ အမျိုးသမီးများကလည်း 
သံဂါယနာ ဝေယျာဝစ္စ လုပ်ငန်းများကို အားတက်သရော ပါဝင်ပြီး
 လုပ်အားဒါနများ လှူဒါန်းကြကြောင်း သိရပါတယ်။

ဦးနုတို့ခေတ်ကနေပြီး ယနေ့မျက်မှောက်ခေတ်အထိ 
ဆရာတော် သံဃာတော်အရှင်သူမြတ်တွေဟာ
ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာ မကျရှုံးသွားဘို့၊ မပျောက်ကွယ်သွားဖို့
အဓိကအခန်းကဏ္ဍကပါဝင်နေဆဲပါ။

တကယ်လို့သာ ဆရာတော် သံဃာတော်အရှင်သူမြတ်တွေ 
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့မယ်ဆိုရင်
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ပြီပေါ့။
ဒီနေ့ဒီခေတ်လို တစ်ကမ္ဘာလုံးက ပြောပြောနေတဲ့ 
ကမ္ဘာ့ဘာသာကြီးလေးခုဆိုတဲ့စကားဘယ်ဖြစ်လာနိုင်မလဲ။
 ကမ္ဘာဘာသာကြီးသုံးခုလို့ပဲ သုံးနှုန်းတော့မပေါ့။

တကယ်လို့သာ ရှေးရှေးဆရာတော် သံဃာတော်အရှင်သူမြတ်တွေ 
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့လို့ 
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ရင်
အခု ဒီစာရေးနေတဲ့အရှင်လည်း ဘုန်းကြီးတစ်ပါးဘယ်ဖြစ်နိုင်တော့မလဲ။
ဘုန်းကြီးတစ်ပါးဖြစ်နေစေဦးတော့။ 
ဗုဒ္ဓဘာသာဘုန်းကြီးတော့ ဖြစ်မှာမဟုတ်တော့ဘူး။
အခြားဘာသာရဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဦးဖြစ်နေရောပေါ့။
(ဒါမှမဟုတ်၊ အရည်းကြီးဘုန်းကြီးဖြစ်နေရောပေါ့)

ဒီစာကိုဖတ်နေတဲ့သူတွေလည်း ဒီလိုပဲပေါ့။
ဗုဒ္ဓဘာသာဝင်တွေ ဘယ်ဖြစ်နိုင်တော့မှာလဲ။

နောက်တစ်မျိုးစဉ်းစားကြည့်ရအောင်၊
ဒီနေ့ဒီအချိန်ကာလ ဒီနေ့ခေတ်ဗုဒ္ဓဘာသာဝင်တွေ ငါးပါးသီလကျင့်စဉ်မှသည် 
သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရနေတာဟာ ဒီနေ့ခေတ်ဆရာတော် သံဃာတော်တွေ 
ဟောပြောပြသပေးနေလို့မို့လား။

ကိုယ့်အဖိုးအဖွားတွေခေတ်တုန်းကရော။
သူတို့လည်း သူတို့နဲ့ခေတ်ပြိုင်ဆရာတော် သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရခဲ့ကြတာပေါ့။

ဆိုတော့ကား
မိမိတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ သားသမီးတွေ ခေတ်ရောက်ရင် သူတို့လေးတွေကို
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ဘယ်သူက ပြောပြ ဟောပြပေးမှာလဲ။

ရှင်းပါတယ်။ 
အခုလောလောဆယ် မိမိတို့ရဲ့ သားသမီးလေးတွေနဲ့ ရွယ်တူဖြစ်နေတဲ့
ပရိယတ္တိစာသင်တိုက် အသီးသီးမှာရှိနေတဲ့
ကိုရင်လေးတွေ ဦးဇင်းလေးတွေက ပြောပြ ဟောပြပေးမှာပါ။

ဒါ့ကြောင့်မို့ ဘုရားရှင်ရဲ့တရားတော်တွေကို ပြန်လည်ဖောက်သည်ချပေးနေတဲ့ သံဃာထုအခန်းကဏ္ဍ ပြတ်မသွားအောင်၊ ဆက်လက်တည်တံ့အောင်
ဗုဒ္ဓဘာသာဝင်မိသားစုတွေအနေနဲ့ အသက်ငယ်ရွယ်တဲ့ကိုရင်လေးပင်ဖြစ်လင့်ကစား
“ဒီကိုရင်လေးဟာ ဒို့သားသမီးတွေကို ဗုဒ္ဓဘာသာတရားတော်တွေကို 
ပြန်လည်ဟောကြားပေးမည့် ဆရာတော်ကြီးဖြစ်လာမှာပါလား” လို့နှလုံးသွင်းပြီး
ရိုသေစွာ ဆက်ဆံကာ ထောက်ပံ့မှုများ ပြုလုပ်သင့်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာကမ္ဘာမြေပေါ်က ပျောက်ကွယ်မသွားအောင် ထောက်ပံ့တာနဲ့ အတူတူပါပဲ။

ဒါတွေကို ဘာလို့ဒီလောက်ရှည်ရှည်ဝေးဝေးကြီး ပြောနေရသလဲ၊ ရေးနေရသလဲဆိုရင်
သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ 
ဗုဒ္ဓဘာသာမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိစေချင်လို့ပါ။
ဗုဒ္ဓဘာသာ ဒီနေ့အထိရေရှည် တည်တံ့ပြန့်ပွါးနေတာဟာ 
ဆရာတော်သံဃာတော်တွေရဲ့ လုံ့လအားကြောင့် ဆိုတာကို သိစေချင်လို့ပါ။

ဒါ့အပြင် ဗုဒ္ဓဘာသာဟာ မြန်မာလူမျိုး မြန်မာနိုင်ငံအပေါ်မှာ 
အများကြီးလွှမ်းမိုးမှုရှိပါတယ်။
မြန်မာနိုင်ငံသားအများစုကို ဘာလူမျိုးလဲလို့မေးရင်တောင်
ဗုဒ္ဓဘာသာလူမျိုးလို့ဖြေတဲ့သူတွေကိုတောင် အများကြီးတွေ့ဘူး ကြားဘူးပါတယ်။

ရိုးရာ၊ ယဉ်ကျေးမှု၊ မြို့ပြအဆောက်အဦတွေမှာလည်း
ဗုဒ္ဓဘာသာအငွေ့အသက်တွေ လွှမ်းမိုးခံရတာပါဘဲ။

နောက်ဆုံးကုန်ကုန်ပြောရရင် 
မြန်မာပြည်ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပယ်နှုတ်လိုက်ရင်
သုညယဉ်ကျေးမှုသာ ကျန်မှာပါ။
မြန်မာနဲ့ဗုဒ္ဓဘာသာ၊ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာခွဲခြားလို့ မရပါဘူး။ 
ဒါ့ကြောင့် ဒို့ဘာသာဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို
ဒို့ဘာသာဝင်တွေက အဓိပ္ပါယ်ရှိရှိ၊ အနှစ်အသားပါပါ
ကိုးကွယ်ဆည်းကပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


Saturday, August 20, 2011

ဒို့ဘာသာ (၃၀) မင်းတုန်းမင်း



ရှင်အရဟံနဲ့ အနော်ရထာ ဆရာဒကာလက်တွဲညီညီ သာသနာပြုပြီးတဲ့နောက်
သာသနာစည်ပင်ပြန့်ပွါးလာတယ်။
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်လို့ခေါ်တဲ့
ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အဆက်ဆက် သာသနာဆက်လက်တည်တံ့လာတယ်။

သမိုင်းခေတ်တလျှောက် ဗုဒ္ဓသာသနာအတက်အကျရှိခဲ့ပေမဲ့လို့
ဆရာတော်သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးကြောင့်
မြန်မာ့မြေပေါ်မှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့တယ်။
ခေတ်အဆက်ဆက်မှာ ဆရာတော်သံဃာတော်အရှင်သူမြတ်တွေ
နည်းမျိုးစုံနဲ့ သာသနာတည်တန့်ခိုင်မြဲပြန့်ပွါးဘို့အရေး 
ကြိုးပမ်းအားထုတ်ခဲ့တာကို လေ့လာသိရှိရတယ်။

အချို့ခေတ်က အချို့ဆရာတော်ကြီးများ ဗုဒ္ဓစာပေတွေကို 
ကဗျာ၊ ရတု၊ တေးတပ်၊ ပျို့စတဲ့ ကိုယ်အားသန်တဲ့အရေးအသားမျိုးတွေရေးသားပြီး
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ကြတော့ နိဿျလို့ခေါ်တဲ့ ပါဠိတစ်ပုဒ် မြန်မာတစ်ပုဒ် ဘာသာပြန်နည်းစနစ်နဲ့ 
ဗုဒ္ဓပါဠိစာပေတွေကိုရေးသားကာ ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို 
ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်တွေက ဗုဒ္ဓပါဠိစာပေတွေကို 
သာမန်အရပ်သားလူတန်းစားထဲကို ရောက်စေဖို့  သာမန်လူတန်းစားဖတ်နိုင်ဖို့ 
ရည်ရွယ်ချက်နဲ့ စကားပြေအရေးအသားတွေနဲ့ ရေးသားကာ
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်ကြီးများဆို ပါဠိဘာသာကျမ်းစာအုပ်ကြီးများ၊ 
ဋီကာကျမ်းများရေးသားကာ သာသနာပြုခဲ့ကြပါတယ်။
သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ကုန်ဘောင်မင်းဆက်ထဲက မင်းတုန်းမင်းလက်ထက်ရောက်လာပါတယ်။
မင်းတုန်းမင်းဆိုတာက မန္တလေး ရတနာပုံမြို့သစ်ကို တည်ထောင်ခဲ့တဲ့မင်းပါ။
သူ တချို့ကိစ္စတွေမှာ ဆိုးတေခဲ့ပေမဲ့ 
သာသနာကိုတော့ အတော်ထောက်ပံ့ခဲ့ပါတယ်။

မြို့တော်သစ်မှာ ကောင်းမှုတော် လောကမာရဇိန်၊ ကျောက်တော်ကြီးဘုရား အတုမရှိကျောင်းတော်ကြီးတွေဟာ
(သူကြီးဘုရား ရွာသားကောင်းမှုလို့ပဲ ပြောပြော) 
သူဦးစီးတည်ထားခဲ့တာတွေပါ။
ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်ကြီးကိုတောင် သူ ထီးတော်အသစ် တင်လှုခဲ့ပါသေးတယ်။

ဒါ့အပြင် မင်းတုန်းမင်းကြီးဟာ 
ပိဋကတ်သုံးပုံပါဠိတော်တို့ကို ပေထက်အက္ခရာတင်ခဲ့ပါတယ်။
ပေထက်အက္ခရာတင်တာနဲ့တင် အားမရပဲ
ပိဋကတ်တော်များ အရှည်တည်တံ့ရေးအတွက် 
ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ဘို့ ဆန္ဒရှိလာပြန်လို့
စကျင်တောင်မှ ကျောက်ပြားများကိုမှာယူပြီး
ကျောက်ထက်အက္ခရာတင်လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက် ပိဋကတ်ကျောက်စာမူကို 
မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားအတွင်းမှာ လေ့လာနိုင်ပါတယ်။
အုတ်တံတိုင်းသုံးကန့် ကန့်ထားပြီး ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကို
သူ့အကန့်နဲ့သူ စနစ်တကျ ထားရှိထားခဲ့တဲ့ မင်းတုန်းမင်းရဲ့ စီမံမှုကို
မချီးကျူးလို့ မဖြစ်ပါဘူး။
 ပိဋကတ်တော်တို့ကို ကျောက်စာအဖြစ်မှတ်တမ်းတင်ရာမှာ
၁။ ၀ိနည်းငါးကျမ်းပါဠိတော် (၁၁၁) ချပ်
၂။ အဘိဓမ္မာပါဠိတော် (၂၀၈) ချပ်
၃။ သုတ္တန်ပါဠိတော် (၄၁၀) ချပ်
စုစုပေါင်းကျောက်ချပ်ရေ (၇၂၉) ချပ်ရှိပါတယ်။

မင်းတုန်းမင်းကြီးဟာ ရှေးရှေးသောမင်းများဖြစ်တဲ့ 
အဇာတသတ်၊ ကာလာသောက၊ သီရိဓမ္မာသောက၊ ၀ဋ္ဓဂါမဏိမင်းတို့လို
ပိဋကတ်တော်ကို နှုတ်ဖြင့်ရွတ်ဆိုသော 
သံဂါယနာတင်ပွဲ ပြုလုပ်လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်ပါတယ်။

ဒါ့ကြောင့် မြန်မာသက္ကရာဇ် ၁၂၃၃၊ သာသနာနှစ် ၂၄၁၅၊ ခရစ်နှစ် ၁၈၇၁ မှာ 
မင်းတုန်းမင်း အုပ်စိုးစဉ် ပဉ္စမသံဂါယနာတင်ပွဲကို ကျင်းပဖြစ်ခဲ့ပါတယ်။
ဒီသံဂါယနာတင်ပွဲမှာ ပိဋကတ်တော်များကို နှုတ်ဖြင့် ရွတ်ဆိုကြရာ 
၅-လနှင့် ၃-ရက်ကြာမှ ပြီးမြောက်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။


Friday, August 19, 2011

ဒို့ဘာသာ (၂၉) တလွဲ



ဗမာစကားမပြောတတ်တာနဲ့ပတ်သက်လို့
သတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်။

တခါတုန်းက ရွာတစ်ရွာမှာ ဒကာတစ်ယောက်ဟာ
မိုးလေ၀သညီညွတ်မျှတတဲ့အလျှောက် လယ်ယာများအောင်မြင်တဲ့အတွက်
ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။
ကျောင်းဘုန်းကြီးတစ်ပါးကိုလည်း စိတ်ကြိုက်ရွေးချယ်ပင့်ဆောင်ပြီး ကိုးကွယ်ထားသတဲ့။

ကျောင်းဒကာနဲ့ ကျောင်းအမဟာ တစ်ဦးတည်းသောသမီးပျိုကို
ဆရာတော်ဘုန်းကြီးထံလှူရန် ပစ္စည်းအမျိုးမျိုးနဲ့ 
နေ့စဉ်ဆွမ်းချိုင့်ပို့ပြီး လှူဒါန်းဆက်ကပ်စေပါတယ်။

ကျောင်းဒကာရဲ့သမီးကလည်း ကျောင်းရောက်တဲ့အခါ တံမြက်လှည်း
ရေတော် ပန်းတော်ဆက်ကပ် ဝေယျာဝစ္စအ၀၀ကို သေချာကျနစွာ ပြုလုပ်ပြီးမှ
ဘုန်းတော်ကြီးကို ရိုသေစွာ ၀တ်ချကာ အိမ်ကို ပြန်လာလေ့ရှိပါတယ်။

ဒါပေမဲ့ ကျောင်းဒကာရဲ့သမီးဟာ 
ကျောင်းကိုသွားလို့ ပြန်တဲ့အခါတိုင်း ဘုန်းတော်ကြီးကို ၀တ်ချပြီး
“အရှင်ဘုရား၊ တပည့်တော်မ ကြွပါဦးမယ်ဘုရား” လို့ 
အမြဲလျှောက်ထားတတ်သတဲ့။

ဘုန်းတော်ကြီးကလည်း 
“ဒီကလေးမ စကားပြော တယ်မချောဘဲကိုး၊ 
ဘယ့်နှယ် ဘုန်းကြီးကို သူက ပြန်ပါဦးမယ်ဘုရားလို့ မပြောဘဲ
ကြွပါဦးမယ်ချည်းပြောနေရသလဲ မသိဘူး၊ 
ဒီကိစ္စ ကျောင်းအမကြီး ကျောင်းကိုလာမှ ပြောရဦးမယ်” လို့တွေးပြီး
ကျောင်းအမကြီး ကျောင်းကို အလာစောင့်နေတာပေါ့။

တစ်နေ့ ကျောင်းအမကြီးဆွမ်းပို့လာတဲ့အခါ ဘုန်းတော်ကြီးက
“ကျောင်းအမကြီး၊ သင့်သမီးဟာ နည်းမဟုတ် လမ်းမကျ၊ 
ပြန်မယ်လို့ ဦးချတဲ့အခါတိုင်း ဘုန်းကြီးကို တပည့်တော်မ ကြွပါဦးမယ်လို့
ပြောတဲ့စကား အလွန်ပဲ မှားတာပေါ့။ 
ဘုရားယဉ်ကျေးမှုနဲ့ လားလားမှ မလျှော်၊ ဒကာမကြီး ဆုံးမမှ တော်ရော့မယ် လို့
ဆီးကြိုပြောပါတယ်။

အဲဒီအခါ ကျောင်းအမကြီးက
“အရှင်ဘုရား၊ ဟုတ်ရဲ့လားဘုရား၊ ရိုင်းလိုက်လေဘုရား၊ 
ဒီသမီးဟာ သူအမိန့်ရှိလိုက်ရင် ဒီလိုပဲဘုရား” လို့ 
ဘုန်းတော်ကြီးကို လျှောက်ထားပါသတဲ့။

အဲဒီအခါ ဘုန်းတော်ကြီးက
“အင်း၊ သမီးမှားလို့ အမေဖြစ်သူကို ပြောခါမှ သာပြီး မှားတော့တာပဲ။ 
အင်း တတ်နိုင်ပါဘူး၊ ကျောင်းဒကာလာမှပဲ သူတို့သားအမိဖြစ်ပျက်ပုံကို 
အကြောင်းစုံပြောပြရမှာပဲ” လို့ စိတ်ကူးပြီး 
ကျောင်းဒကာ ကျောင်းအလာကို မျှော်နေမိသတဲ့။

ကျောင်းဒကာလည်း စီးပွါးရေးရာ လယ်ယာကိစ္စနဲ့ အလုပ်များနေတာမို့
ကျောင်းကို ရောက်မလာနိုင်ဘဲ ဖြစ်နေတာပေါ့။

ဘုန်းကြီးကလည်း 
“ဒီကျောင်းဒကာကလည်း ကျောင်းကို လာနိုင်ခဲသားပဲ” လို့ မျှော်နေတုန်း
တစ်နေ့တော့ ကျောင်းဒကာဟာ ပျာယီးပျာယာကျောင်းကို ရောက်လာသတဲ့။

အဲဒီအခါ ဘုန်းတော်ကြီးက
“ကျောင်းဒကာကြီး၊ ကျောင်းဒကာကြီးရဲ့ သမီးဟာ စိတ်ကြီးဝင်နေသလားမှ မသိဘူး၊
ကျောင်းကပြန်တော့မယ်စိတ်ကူးလို့ ဘုန်းကြီးကို ဦးချရင် 
တပည့်တော်မ ကြွပါဦးမယ်လို့ချည်း အမြဲမှားပြီး လျှောက်ထားနေတာပဲ။ 
အင်း၊ သူက ငယ်ရွယ်သူမို့ မှားတာကို ဘုန်းကြီး သည်းခံပါတယ်။
ဒါပေမဲ့ ကျောင်းအမကြီး ကျောင်းကိုလာတော့
ကျောင်းအမကြီးသမီး စကားမှားကြောင်း ပြောမိတဲ့အခါ
“ဒီသမီး အမိန့်ရှိလိုက်ရင် ဒီလိုချည်းပဲ” လို့
ကျောင်းအမကြီးကပါ ထပ်ပြီးမှားပြန်တယ် ကျောင်းဒကာကြီးရဲ့။
ကျောင်းဒကာ ကျောင်းအမတွေဖြစ်ပြီး ဘုန်းကြီးနဲ့ စကားမပြောတတ်တာကတော့ 
မတော်ပါဘူး။ အဲဒါ ကျောင်းဒကာသိအောင် ဘုန်းကြီးက ပြောပြပေးတာပါ” လို့
ညည်းညည်းညူညူ ပြောပြလိုက်သတဲ့။

အဲဒီအခါ ကျောင်းဒကာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့
“အရှင်ဘုရား၊ သမီးမှားရာမှာ မိခင်ကပါ ရောမှားလို့ 
သဘောထား ဒီလောက်ရိုင်းတာတွေ၊
သူတို့ကို ဒီကျောင်းထဲမှာ တစ်ခါလာပြီး ခြေတော်ရာမှ မချပါစေနဲ့ဘုရား”
လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်သတဲ့။

ကျောင်းဒကာရဲ့စကားကို ကြားလိုက်ရတဲ့ ဘုန်းတော်ကြီးဟာ
“အင်း၊ ဘယ်လိုမျှ မတတ်နိုင်တော့ဘူး။ ကျောင်းဒကာမိသားစုတွေမှာ
ဒီလိုသာ အထပ်ထပ်လွဲမှားနေကြရင် ငရဲလားဖို့ပဲ ရှိတော့တယ်” လို့
ညည်းမိသတဲ့။

တော်ဝင်နွယ်၏ အပ္ပမာဒ ပုံပြင်များမှ


Wednesday, August 17, 2011

ဒို့ဘာသာ (၂၈) ရွှေထီးဆောင်းခဲ့တဲ့အချိန်



ပုဂံပြည် ရှင်အရဟံရောက်ပြီးတဲ့နောက် အနော်ရထာမင်းနဲ့ပြည်သူအများ
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပြီး သာသနာရောင်ဝါထွန်းလင်းခဲ့တယ်။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာရဟန်းတော်များ ပါဠိစာပေကျမ်းဂန်တွေကို 
(အထူးသဖြင့် ပါဠိသဒ္ဒါကျမ်းတွေကို) ရေးသားနိုင်တဲ့အထိ
ထူးချွန်တတ်မြောက်လာကြတယ်။

သီဟိုဠ်ဘုန်းကြီးတွေက သူတို့နိုင်ငံက ရေးသားထုတ်ဝေတဲ့
ကစ္စည်းသဒ္ဒါလိုမျိုး ပါဠိသဒ္ဒါကျမ်းတွေနဲ့ မာနတက်နေပြီး
မြန်မာဘုန်းကြီးတွေကို ဘာမှမတတ်ဘူးလို့ အထင်သေးနေတဲ့အချိန်၊

ပုဂံခေတ်မြန်မာရဟန်းတော်တစ်ပါးဖြစ်တဲ့ ရှင်အဂ္ဂ၀ံသက
သဒ္ဒနီတိလို ပါဠိသဒ္ဒါကျမ်းကြီးကို ရေးသားထုတ်ဝေလိုက်တော့
“မြန်မာဘုန်းကြီးများလဲ ပါဠိစာပေအတော့်ကို တတ်သကိုး၊ ဒို့နိုင်ငံမှာရှိတဲ့ ပါဠိသဒ္ဒါကျမ်းထက် မြန်မာဘုန်းကြီးရေးတဲ့ပါဠိသဒ္ဒါကျမ်းက ပိုကောင်းတယ်ဟေ့” ဆိုပြီး
သီဟိုဠ်ရဟန်းတော်များ ပုဂံခေတ်မြန်မာရဟန်းတော်များကို 
ဦးအကြိမ်ကြိမ်ညွတ်ကာ ပြန်လည်မော်ကြည့်လာရသည်အထိ ဖြစ်ခဲ့ဘူးပါတယ်။

ဒို့ခေတ်မှာလဲ ဘယ်သူကများ သီဟိုဠ်ရဟန်းတော်များ မော်ကြည့်လာအောင် 
စွမ်းဆောင်နိုင်မလဲ?

ကြားဘူးတာလေး ပြောကြည့်ချင်တယ်။
ဟုတ်မဟုတ်တော့ မသေချာပါဘူး။

မြန်မာပြည်က တိပိဋက (ပိဋကတ်သုံးပုံ) အောင်ပြီးသားဆရာတော်တစ်ပါး
သီဟိုဠ်နိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
အစည်းအဝေးပြီးတော့ ခန်းမထဲက ထွက်တဲ့အချိန်
မြန်မာပြည်က ပိဋကတ်သုံးပုံအောင်ထားတဲ့ ဘုန်းကြီးရောက်နေတယ် ဆိုတာသိတော့
သတင်းထောက်တွေက ၀ိုင်းအုံလာတာပေါ့။

အင်္ဂလိပ်လို ပြောကြည့်တယ်။ အင်္ဂလိပ်လို မေးပါတယ်။
တိပိဋကဆရာတော် နားမလည်ပါဘူး။ ဘာမှကို မသိပါဘူး။
ပါဠိလို ပြောတယ်။ မေးပါတယ်။
ပိဋကတ်သုံးပုံအောင်ထားတဲ့ဆရာတော်က
ပရိစယော နတ္တိ လို့ပြောသတဲ့။
အဓိပ္ပါယ်က အလေ့အကျင့်မရှိလို့ မပြောတတ်ဘူး ပေါ့။

သတင်းထောက်များက ‘ဟာကွာ’ ဆိုတဲ့စကားမျိုးပြောပြီး
နောက်ဆုတ်ပြန်ကုန်သတဲ့။

ဒီအဖြစ်အပျက်လေးက သူများပြောတာ ကြားဘူးတာပါ။
ဟုတ် မဟုတ် မသေချာပါဘူး။

ဟုတ်ခဲ့ရင်လဲ ပိဋကတ်သုံးပုံအောင်ပြီးသားဆရာတော်မှာ အပြစ်မရှိပါဘူး။
အင်္ဂလိပ်စကား သူမှ မသင်ဘူးတာ၊ ဘယ်ပြောတတ်မလဲ။
ပိဋကတ်သုံးပုံသာ သူအောင်ထားတာ၊ ပါဠိစကားပြော အလေ့အကျင့်မရှိတော့
သူ ပါဠိစကား ဘယ်ပြောတတ်မလဲ။

ဒါပေမဲ့ ဒီလိုမျိုးတွေ မဖြစ်အောင် ဒို့နိုင်ငံ ဘုန်းကြီးများပညာရေး
ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ။ 

ဗုဒ္ဓဘာသာနိုင်ငံတွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေ 
ကိုယ့်ကို ပညာရေးနဲ့လေးစားလာအောင်
(ပုဂံခေတ်ကရဟန်းတော်တွေကို မော်ကြည့်လာသလို
ဒို့ခေတ်ရဟန်းတော်တွေကို မော်ကြည့်လာအောင်)
ဘယ်လိုပညာရေးမျိုးတွေ ပြဌာန်းသင်ယူ သင်ပေးသင့်သလဲ။
ဝိုင်းဝန်းစဉ်းစားရမှာပါ။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဗိသုကာအတတ်ပညာတွေလဲ
အတော်လေးကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဆိုတာ သိရတယ်။
ကျန်စစ်သားလှူဒါန်းထားတဲ့ အာနန္ဒာစေတီတော်ကြီးအပါအ၀င်
စေတီပုထိုးတွေကို ကြည့်လိုက်။
ပုဂံခေတ်က အင်ဂျင်နီယာတွေ ဘယ်လောက်တော်တယ်ဆိုတာ အထင်အရှားတွေ့မြင်ရမှာပါ။

ပုဂံခေတ်ရဟန်းတော်များသာ ဗုဒ္ဓဘာသာစာပေတတ်ကျွမ်းကြတာမဟုတ်ဘူး။
တိုင်းသားပြည်သူတွေလဲ ပါဠိစာပေတတ်ကျွမ်းကြတယ်တဲ့။
မင်းမှုထမ်းနေတဲ့ အမတ်ကြီးတစ်ယောက်ဆို 
ပါဠိကျမ်းစာ ဋီကာတစ်အုပ်တောင် ရေးသွားခဲ့တယ်။

ပုဂံခေတ်ပြည်သူပြည်သားများလဲ ပါဠိစကားပြောလောက်ကတော့ အေးဆေးပဲတဲ့။
ဗိုင်းငင်ရင်း၊ ရေခပ်ရင်း၊ လယ်ထွန်ရင်း ပါဠိဂါထာတွေ သီကုံးလေ့ရှိသတဲ့။
ပါဠိစကားတွေ ပြောလေ့ရှိသတဲ့။

အော်၊ ခုခေတ်များတော့ ပါဠိစကားမပြောနဲ့။ 
ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူး။

ဗမာစကား မပြောတတ်တာနဲ့ပတ်သက်လို့
မနက်ဖန်ကျမှ ပုံပြင်လေးတစ်ပုဒ်ပြောပြအုံးမယ်။

Tuesday, August 16, 2011

ဒို့ဘာသာ (၂၇) လိုက်ဖက်




ရှင်အရဟံကြောင့် အနော်ရထာမင်းဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာတယ်။
ယုံကြည်ပြီးနောက် ပုဂံပြည်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့
အရေးအကြီးဆုံးအရာတွေကို ထားရှိပူဇော်လိုတယ်။
ဒီအတွက် အနော်ရထာမင်း ရှင်အရဟံအထံတော်မှ အကြံတောင်းတယ်။


ရှင်အရဟံက 
ဘုရား တရား သံဃာရတနာသုံးပါးနဲ့ ပတ်သက်တဲ့
ဘုရားရတနာအတွက် ဘုရားရှင်ရဲ့ ဓာတ်တော်
တရားရတနာအတွက် ပိဋကတ်သုံးပုံ
သံဃာရတနာအတွက် ရဟန်းသံဃာတော်တွေကို 
ပင့်ဖိတ် ထားရှိပူဇော်သင့်ကြောင်းမိန့်ပါတယ်။


ဒီမိန့်ကြားချက်အရ
အနော်ရထားမင်းကြီး ဘုရားရှင်ရဲ့ ဓာတ်တော်ရဘို့
သူ့ရဲ့သံတမန်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊
ကမ္ဗောဒီးယားနိုင်တို့အထိ စေလွှတ်ပါတယ်။
ဒါပေမဲ့ မရခဲ့ပါဘူး။


တရားရတနာအတွက် ပိဋကတ်သုံးပုံရဘို့ ရှင်အရဟံရဲ့ ဇာတိ
မွန်ပြည်နယ် သထုံမြို့ကို သံတမန်တွေစေလွှတ်ပြီး တောင်းခံပါတယ်။


မွန်ပြည်နယ်ကို အုပ်စိုးနေတဲ့ မနူဟာမင်းက 
မောက်မောက်မာမာနဲ့ ပြောဆိုလိုက်လို့
ရရင်ရ၊ မရရင်ချ မူကို စွဲကိုင်ကာ
မရသည့်အဆုံး စစ်တိုက်ပြီး ပိဋကတ်သုံးပုံကို အရယူနိုင်ခဲ့ပါတယ်။
သထုံက မွန်ရဟန်းတော်များကိုလည်း ပင့်ဆောင်ခဲ့ပါတယ်။


ဒါ့အပြင် မွန်ဘုရင် မနူဟာမင်းကိုပါ ဖမ်းဆီးပြီး
ပုဂံနေပြည်တော်ကို ခေါ်ဆောင်ခဲ့ပြီး အကျင်းချထားခဲ့တယ်လို့ ဆိုပါတယ်။


ကိုရင်ဘ၀တုန်းက ပုဂံကိုရောက်တော့ အတူသွားဖော် ပုဂံနယ်သားဦးဇင်းက
ပုဂံ တစ်နေရာမှာရှိတဲ့ အဆောက်အဦအောက်ထပ်လေးကိုပြပြီး
“ဒါ မွန်ဘုရင် မနူဟာမင်းကို အကျဉ်းချတဲ့နေရာပေါ့” 
လို့ ပြောပြတာ မှတ်မိနေတယ်။


အဲ့ဒီအကျဉ်းချတယ်ဆိုတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ 
မနူဟာဘုရားဆိုတာရှိတယ်။
မွန်ဘုရင် မနူဟာမင်း အကျဉ်းကျစဉ် အနော်ရထာမင်းထံ ခွင့်ပန်ပြီး
တည်ထားတဲ့ဘုရားလို့ ဆိုပါတယ်။
ပုဂံ မြင်းကပါ အရပ်မှာပါ။


ဘုရားဂူအတွင်း ရှေ့ဘက်မှာ ထိုင်တော်မူ ဆင်းတုတော်ကြီးသုံးဆူရှိပြီး
အနောက်ဘက်မှာ လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူရှိပါတယ်။
ဆင်းတုတော်ကြီးတွေဟာ တော်တော့ကို ကြီးပါတယ်။
စေတီဂူအတွင်း နေရာအပြည့်နီးပါးပါဘဲ။


ဆင်းတုတော်ကြီးဟာ
မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း 
နေနေရသည့်ပုံပန်းသဏ္ဌာန်ဖြစ်နေပါတယ်။


ခရီးအတူသွား ပုဂံနယ်သားဦးဇင်းပြောပြတာက
မွန်ဘုရင် မနူဟာမင်းဟာ သူအကျဉ်းကျနေစဉ် ဘုရားစေတီတည်ဆောက်ပြီး
သူ့စိတ်ခံစားချက်ကို အနောရထာမင်းသိအောင် ပြသသွားတာလို့ ပြောပြပါတယ်။


ဒီမနူဟာဘုရားအတွင်းက သပိတ်ကြီးကလဲ အတော်ကြီးပါတယ်။
ဆင်းတုတော်နဲ့ လိုက်ဖက်အောင် လုပ်ထားတာ နေမှာပေါ့လေ။


ဒီနေရာမှာ ဖြူးမြို့နားက ကညွတ်ကွင်းဆိုတဲ့မြို့လေးမှာရှိတဲ့
ငါးထပ်ကြီးဘုရားက ဘုရားဆင်းတုတော်ကြီးကို သတိရမိတယ်။
ဒီဆင်းတုတော်ကြီးကလဲ အတော့်ကို ကြီးတာ။


တစ်နေ့ တောရွာက လယ်သမားတစ်ယောက် 
ငါးထပ်ကြီးဘုရားဆင်းတုတော်ကြီးကို လာဖူးသတဲ့။
ဘုရားဖူးရင်း လယ်သမားဆိုတော့ လယ်အလုပ်ပဲ စိတ်ရောက်နေတာပေါ့။
ပထမဦးဆုံး ဘုရားဆင်းတုတော်ကြီးရဲ့ လက်တော်ကြီးကို 
လယ်သမား ဖူးတွေ့ရတယ်။ မြင်တွေ့ရတယ်ပေါ့။


ဒီတော့ လယ်သမားက 
“အားပါးပါး၊ လက်ကြီးက အကြီးကြီးပါလား၊ ဒီလောက်ကြီးတဲ့လက်ရှိတဲ့သူကို ငှားပြီး
ငါ့လယ်ထဲက စပါးတွေ ရိပ်လိုက်လို့ကတော့ ခဏလေးနဲ့ ပြီးသွားမှာ” 
လို့ စဉ်းစားတယ်တဲ့။


အဲ့လိုစဉ်းစားရင်း ဆင်းတုတော်ကြီးရဲ့ လက်ကနေ တဖြေးဖြေးနဲ့ အပေါ်မော့ဖူးလိုက်တော့
ဆင်းတုတော် ပါးစပ်ကြီးကို တွေ့လိုက်ရသတဲ့။ 
ပါးစပ်ကလဲ ခန္ဓာကို အချိုးအစားနဲ့ညီအောင် အကြီးကြီး လုပ်ထားရတာပေါ့။


ဒီတော့ လယ်သမားက
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလောက်ကြီးတဲ့ပါးစပ်နဲ့ဆို 
ငါ့လယ်ထဲက ထွက်တဲ့စပါး သူစားလို့ ကုန်လိမ့်မယ်” 
လို့ ပြန်စဉ်းစားမိပြန်သတဲ့။


လူများ တယ်ခက်ပါလားနော်၊ 


ဘုရားဆင်းတုတော်ဖူးနေတဲ့အချိန်တောင် 
ကိုယ့်အလုပ် ကိုယ့်စီးပွါးရေးကို အလွန်အမင်းသတိရနေကြတယ်။