Monday, July 18, 2011

ဝါဆိုအပိုင်းအစများ (၃)


တကယ်တော့ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ
ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော် (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ) တွေကို
ဘုရားရှင်ဟောကြားထားတဲ့အတိုင်း
လိုက်နာကျင့်သုံးတဲ့ဘာသာကို ပြောတာပါ။
ဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေကို
ပယ်နှုတ်ခြင်းလည်း မပြုပါဘူး။ ဖြည့်စွက်ခြင်းလည်း မပြုပါဘူး။
ပိဋကတ်သုံးပုံ အရှိကို အရှိအတိုင်း လက်ခံကျင့်သုံးထားတာပါ။

ဆိုတော့ကား ဘုရားရှင်ဟောကြားထားတဲ့ ရဟန်းတော်တွေအတွက်ချမှတ်ထားတဲ့
ဝိနည်းဥပဒေတွေကိုလည်း အရှိကို အရှိအတိုင်းလက်ခံကျင့်သုံးရမှာပါ။

အကြောင်းကတော့
ဘုရားရှင်ရဲ့ ၀ိနည်းဥပဒေတွေဟာ
ဒီကာလနဲ့ မလျှော်ညီဘူး၊ ဒီဒေသနဲ့မလျှော်ညီဘူးဆိုတာ မရှိလို့ပါ။
အပေါ်ယံအမြင်အားဖြင့် ဒီဝိနည်းဥပဒေဟာ
ဒီခေတ်ဒီအခါနဲ့ အဆင်မပြေဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။
ဒီအရပ်ဒေသနဲ့ အဆင်မပြေဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။
ဘုရားရှင်ရဲ့ နက်ရှိုင်းတဲ့ဥာဏ်တော်နဲ့ ချမှတ်ထားတဲ့ ဒီဝိနည်းဥပဒေတွေရဲ့ နောက်ကွယ်မှာ
လေးနက်တဲ့အဓိပ္ပါယ်တွေ အများကြီးရှိနေမှာပါ။

ဘုရားရှင်က ဒီလိုမျိုးဝိနည်းဥပဒေတွေချမှတ်ထားတာကလဲ
သူ့အတွက်ချမှတ်ထားတာမဟုတ်ပဲ
သူ့သာသနာ သူ့သံဃာအတွက်ချမှတ်ထားတယ်ဆိုတာ အတိအလင်းကြေငြာထားပါတယ်။
ဘုရားရှင် ၀ိနည်းဥပဒေတွေ ချမှတ်ပြဌာန်းထားရခြင်းအကြောင်း (၁၀) ချက်ရှိပါတယ်။
(၁) ရဟန်းသံဃာတော်များ ကောင်းဘို့
(၂) ရဟန်းသံဃာတော်များ ချမ်းသာဘို့
(၃) အကျင့်သီလဖောက်ဖျက်သူတို့ကို နှိမ်နင်းဘို့
(၄) အကျင့်သီလစောင့်ထိန်းသောရဟန်းသံဃာတော်များ ချမ်းသာစွာ နေနိုင်ဘို့
(၅) ဆင်းရဲဒုက္ခမရောက်ဘို့
(၆) ဆင်းရဲဒုက္ခပယ်ရှားဘို့
(၇) မကြည်ညိုသေးသူတို့ ကြည်ညိုဘို့
(၈) ကြည်ညိုပြီးသူတို့ ပိုပြီး ကြည်ညိုဘို့
(၉) စည်းမျဉ်းဥပဒေကို မြှင့်တင်ဘို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့
ဘုရားရှင်က ၀ိနည်းဥပဒေတွေကို ချမှ ပြဌာန်းခဲ့တာပါ။

ခြုံပြီးကြည့်လိုက်ရင်
(ရဟန်းသံဃာတော်တွေကို ညှင်းဆဲ့ဘို့မဟုတ်ပဲ၊
စည်းကမ်းတွေနဲ့ တင်းကြပ်ထားဘို့ မဟုတ်ဘဲ)
ရဟန်းသံဃာတော်တွေရဲ့ ချမ်းသာအကျိုးသက်သက်မျှော်ကိုးပြီး
ဝိနည်းဥပဒေတွေကို ဘုရားရှင်က သတ်မှတ်ပြဌာန်းပေးထားတာပါ။

ဒီနေရာမှာ ၀ါဆိုခြင်းအဓိပ္ပါယ်ဇာတ်လမ်းလေးကို ရိုးရိုးလေးဖတ်ကြည့်ပြီး
ခုခေတ်မလိုတော့ပါဘူးကွာ၊ ဒို့အနောက်နိုင်ငံတွေမှာ ၀ါဆိုဘို့မလိုတော့ပါဘူးကွာ လို့
ဝါဆိုခြင်းတည်းဟူသောဝိနည်းစည်းကမ်းကို မလိုက်နာလို့ မရပါဘူး။

ဝါဆိုဦးမှာ ဘုရားရှင်ထံက ကမ္မဋ္ဌာန်းတရားတောင်းပြီး
ဝါကျွတ်တော့ ဘုရားရှင်ထံပြန်လာကာ
မိမိရဲ့အခက်အခဲ သို့မဟုတ် မိမိရရှိလာသောတရားထူးကို
ပြန်လည်လျှောက်ထားတဲ့အလေ့အကျင့်
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက ထွန်းကားခဲ့ပါတယ်။

ဒီခေတ်မှာလည်း ဒီဝါဆိုခြင်းကို အကြောင်းပြုပြီး ၀ါဆိုလမှ စတင်ကာ
စာပေပို့ချခြင်း၊ တရားအားထုတ်ခြင်းလုပ်ငန်းများကို ပြုလုပ်လေ့ရှိပါတယ်။

ဒါတွေဟာ ၀ါဆိုခြင်းတည်းဟူသော
 ပြယုဂ်သင်္ကေတတွေရဲ့ အကျိုးရလာဒ်တွေ မဟုတ်ပါလား။

ဒါ့ကြောင့်
(၁)
ခုခေတ်ရဟန်းတော်များဟာ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်များလို
ကုန်းကြောင်းလျှောက်စရာမလိုတော့ဘူး၊ လမ်းမလျှောက်ရတော့ဘူး။
ဆိုလိုတာက လယ်ခင်း ယာခင်းတွေကို ဖြတ်သန်းသွားလာစရာမလိုတော့ဘူး။
ဆိုတော့ ခုခေတ်ရဟန်းတော်များ မိုးရာသီမှာ ခရီးသွားလာနေရင်
တောင်သူလယ်သမားတွေအတွက် ထိခိုက်နစ်နာစရာ မရှိတော့ဘူး။
တောင်သူလယ်သမားတွေနဲ့ ပြဿနာမဖြစ်နိုင်တော့ဘူး။
ဒါ့ကြောင့် ရဟန်းတော်များ မိုးရာသီဝါဆိုလမှာ ၀ါမဆိုပဲ ခရီးသွားလာနေရင်
အဆင်ပြေနိုင်သလား။

(၂)
ဗုဒ္ဓဘာသာရဟန်းတော်များဟာ ကမ္ဘာတ၀ှမ်းနိုင်ငံအသီးသီးမှာ ရှိနေပါပြီ။
မြန်မာပြည် အိန္ဒိယပြည်တို့မှာ အခုအချိန်အခါ မိုးရာသီလို့ဆိုနိုင်ပေမဲ့
အခုလောလောဆယ်မိုးရာသီ မဟုတ်တဲ့ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံတွေမှာ
ရောက်နေတဲ့ သီတင်းသုံနေတဲ့ ရဟန်းတော်တွေရော ၀ါဆိုဘို့လိုသလား
ဆိုတဲ့မေးခွန်းတွေကို ဖြေရရင်ဖြင့်

ဝိနည်းတော်ဥပဒေအတိုင်း ရဟန်းတော်များ ၀ါဆို ၀ါကပ်ချိန်ရောက်ရင်
ခရီးမသွားမူ၍
မိမိတို့သီတင်သုံးရာကျောင်းတိုက်မှာ
ဝါဆိုဝါကပ်ပြီး ပရိယတ်၊ ပဋိပတ်လုပ်ငန်းများကို
ကြိုးစားပြုလုပ်သင့်ပါကြောင်း။