Saturday, July 16, 2011

ဝါဆိုအပိုင်းအစများ (၂)



ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ရဟန်းတော်များဟာ
(မိုးဥတု) သုံးလအတောအတွင်း (၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ) မိမိတို့နေထိုင်ရာ မိမိတို့သီတင်းသုံးရာကျောင်းတိုက်တစ်တိုက်တည်းမှာ နေပါမည် လို့
အဓိဋ္ဌာန်ပြု ရွတ်ဆိုတာကို ၀ါဆိုတယ်လို့ပြောကြတာပါ။

တကယ်တော့ ဒီလို မိုးဥတုသုံးလမှာ တစ်နေရာတည်း
တစ်ကျောင်းတည်းနေမယ်ဆိုတဲ့ ၀ါဆိုတဲ့အလေ့အကျင့်ဟာ
ဗုဒ္ဓဘာသာရဲ့ ကိုယ်ပိုင်အလေ့အကျင့်တော့ မဟုတ်ပါဘူး။
မူရင်းက တခြားဘာသာ (ဂျိန်းဘာသာလို့ထင်ပါတယ်) တို့ရဲ့ အလေ့အကျင့်ပါ။
ဗုဒ္ဓဘာသာက ကော်ပီကူးထားတာပါ။

ဝါဆိုဇာတ်လမ်းဖြစ်ပေါ်လာပုံက ဒီလိုပါ။
ဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်
ဘုရားရှင်ရဲ့ တပည့်သား  ရဟန်းသံဃာတော်များက
 နေပူမရှောင် မိုးရွာမရှောင် ဟိုသွား ဒီသွား သွားလာနေကြတယ်။
နေပူတဲ့ နွေရာသီမှာ ဟိုသွားဒီသွားလှည့်လည်သွားနေတာ ပြဿနာမဟုတ်ပေမဲ့
မိုးရာသီ တောင်သူလယ်သမားများ စိုက်ပျိုးချိန် ခရီးသွားတာနေတာကတော့
တောင်သူလယ်သမားတို့အတွက် ပြဿနာဖြစ်လာတယ်။

ခရီးသွားရဟန်းတော်များက တောင်သူလယ်သမားတွေရဲ့
လယ်ခင်း ယာခင်းတွေပေါ်ဖြတ်သန်းသွားလာနေတော့
ကောက်ပဲသီးနှံတွေ ပျက်စီးတော့တာပေါ့။

ဒါ့ကြောင့် တောင်သူလယ်သမားများက
“အခြားဘာသာက ရဟန်းတော်များတောင် ဒီလိုမျိုးမိုးရာသီမှာ
ခရီးမထွက်ကြဘူး။ ကုန်ကုန်ပြောရရင် တိရစ္ဆာန်ဖြစ်တဲ့ငှက်သတ္တ၀ါလေးတွေတောင်
ဒီလိုမိုးရာသီမှာ ဘယ်မှမပျံသန်းပဲ
သူတို့အသိုက်အမြုံထဲမှာ အေးအေးလူလူနေထိုင်ကြတယ်၊
ဘယ့်နှယ်၊ ငါတို့ရဟန်းဂေါတမရဲ့ တပည့်ရဟန်းတွေက ဒီလိုအချိန်မျိုးမှာတောင် လမ်းသလားနေရသလဲ” လို့ ကဲ့ရဲ့ကြပါတယ်။

ဒီကဲ့ရဲ့စကားကို ဘုရားရှင်သိတော့ မိုးဥတုသုံးလမှာ ခရီးမထွက်ရ၊
တစ်နေရာတည်း တစ်ကျောင်းတည်းမှာနေထိုင်ရမည်၊
မနေထိုင်က အပြစ် (အာပတ်) သင့်စေလို့
ဝိနည်းစည်းကမ်းသတ်မှတ်လိုက်ပါတယ်။

ဒါကရဟန်းသံဃာတော်များအတွက် ၀ါဆိုပွဲ ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ပါ။

ဒီတော့ မေးစရာက
(၁)
ခုခေတ်ရဟန်းတော်များဟာ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်များလို
ကုန်းကြောင်းလျှောက်စရာမလိုတော့ဘူး၊ လမ်းမလျှောက်ရတော့ဘူး။
ဆိုလိုတာက လယ်ခင်း ယာခင်းတွေကို ဖြတ်သန်းသွားလာစရာမလိုတော့ဘူး။
ဆိုတော့ ခုခေတ်ရဟန်းတော်များ မိုးရာသီမှာ ခရီးသွားလာနေရင်
တောင်သူလယ်သမားတွေအတွက် ထိခိုက်နစ်နာစရာ မရှိတော့ဘူး။
တောင်သူလယ်သမားတွေနဲ့ ပြဿနာမဖြစ်နိုင်တော့ဘူး။
ဒါ့ကြောင့် ရဟန်းတော်များ မိုးရာသီဝါဆိုလမှာ ၀ါမဆိုပဲ ခရီးသွားလာနေရင်
အဆင်ပြေနိုင်သလား။

(၂)
ဗုဒ္ဓဘာသာရဟန်းတော်များဟာ ကမ္ဘာတ၀ှမ်းနိုင်ငံအသီးသီးမှာ ရှိနေပါပြီ။
မြန်မာပြည် အိန္ဒိယပြည်တို့မှာ အခုအချိန်အခါ မိုးရာသီလို့ဆိုနိုင်ပေမဲ့
အခုလောလောဆယ်မိုးရာသီ မဟုတ်တဲ့ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံတွေမှာ
ရောက်နေတဲ့ သီတင်းသုံနေတဲ့ ရဟန်းတော်တွေရော ၀ါဆိုဘို့လိုသလား။
ဆက်လက်ဖော်ပြပါမည်