Friday, July 8, 2011

နိုင်ငံခြားပညာတော်သင်


နိုင်ငံခြားပညာတော်သင်ရဟန်းတစ်ပါးရဲ့ အတွေ့အကြုံကို
သိချင်တယ်ဆိုလို့ ပြောပြရအုံးမယ်။
ပထမဦးဆုံးရင်ဆိုင်ရမဲ့အခက်အခဲကတော့
အင်္ဂလိပ်ဘာသာစကား (Language) ပြဿနာပါဘဲ။

နိုင်ငံခြားမှာ ပညာသင်ယူဘို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်
အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်စကားကို
တတ်ကျွမ်းအောင် လေ့လာထားသင့်ပါတယ်။
ဒါမှမဟုတ်ရင် နိုင်ငံခြားထွက်ဖို့ လေယာဉ်ပေါ် စတက်လိုက်တာနဲ့
ပြဿနာစတွေတော့တာပါဘဲ။

ဒါနဲ့စပ်လို့ပြောရဦးမယ်။
မနှစ်က မြန်မာဘုန်းတော်ကြီးတစ်ပါးနဲ့အတူ
အနောက်နိုင်ငံ အင်္ဂလန်ကို ခရီးထွက်ဖြစ်တယ်။
ရန်ကုန်မှ ဘန်ကောက်၊ ထိုမှ လန်ဒန်၊ လေယာဉ်ခရီးစဉ်ပေါ့။

လေယာဉ်ပေါ်ရောက်ပြီး မကြာမီမှာဘဲ လေယာဉ်မယ်တွေက
စားစရာ သောက်စရာတွေ လာချပေးတယ်။ မျိုးစုံပါဘဲ။
စက္ကူထုပ်လေးတွေအပေါ်မှာ အင်္ဂလိပ်စာတန်းလေးတွေနဲ့။
Sugar, Papper, Coffee mate, Salt စသည်ဖြင့်။
ကော်ဖီကြိုက်သူအတွက် ကော်ဖီ၊ လဘက်ရည်ကြိုက်သူအတွက် လဘက်ရည်၊
ကိုယ့်ရှေ့လာချပေးထားတဲ့ခွက်ထဲကို
နောက်လေယာဉ်မယ်တစ်ဦးက အသီးသီး လိုက်ထည့်ပေးတယ်။
Sugar (သကြား) ထုပ်နဲ့ Coffeemate (နို့မှုန့်) ထုပ်လေးတွေကို ဖောက်၊
ကိုယ်လိုသလောက် ရောစပ်သောက်လိုက်ရုံပါဘဲ။

ဒီလိုသောက်နေစဉ် စာရေးသူဘေးမှာပါလာတဲ့
မြန်မာဘုန်းတော်ကြီးက မျက်နှာရှုံ့တွပြီး
‘ဟ၊ မောင်ဣန္ဒက၊ ငါ့လဘက်ရည်က မချိုဘဲနဲ့ စပ်တယ်ကွ’ လို့ပြောပါတယ်။
စာရေးသူလဲ သူဖောက်ထည့်ထားတဲ့အထုပ်လေးတွေကို
အံ့သြစွာနဲ့လှည့်ကြည့်လိုက်တော့ ‘ဗုဒ္ဓေါ’ လို့အော်လိုက်မိတယ်။
စပ်မှာပေါ့။
Papper လို့ခေါ်တဲ့ ငရုပ်ကောင်းမှုန့်ထုပ်ကိုပါ ဖောက်ထည့်ပြီး
လဘက်ရည်နဲ့ဖျော်သောက်နေတာကိုး။

ဒါဟာ အင်္ဂလိပ်ဘာသာစကားကို မလေ့လာခဲ့တဲ့အတွက်
ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါဘဲ။
ဒီလို အသေးအဖွဲပြဿနာလေးတွေကအစ မတွေ့ကြုံရလေအောင်
နိုင်ငံခြားမှာ ပညာသင်ယူဘို့ရှိတယ်ဆိုရင်
အင်္ဂလိပ်ဘာသာစကားကို အထူးလေ့လာဘို့ လိုအပ်ပါတယ်။

သာသနတက္ကသီလဓမ္မာစရိယ (သို့မဟုတ်) သာသနဓဇဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဟာ
အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ပြောတတ်တယ်ဆိုရင်
သီရိလင်္ကာနိုင်ငံမှာရှိတဲ့
Buddhist and Pali University မှာဖြစ်စေ
University of Kelaniya မှာဖြစ်စေ
M.A သင်တန်းကို တက်ရောက်ခွင့်ရှိပါတယ်။
Fee ကြေး US $ 750 ပေးသွင်းရတယ်။

မြန်မာနိုင်ငံက ရဟန်းတော်တွေအတွက် သင်တန်းကာလက တစ်နှစ်တည်းပါ။
အခြားနိုင်ငံက ကျောင်းသားရဟန်းတော်တွေအတွက်တော့ နှစ်နှစ်တက်ရတယ်။
မြန်မာနိုင်ငံက ရဟန်းတော်တွေကို
ပါဠိစာပေ အတန်အသင့် လေ့လာလိုက်စားဘူးတယ်လို့ ယူဆပြီး
M.A သင်တန်း တစ်နှစ်တည်းသာ တက်ရတာပါ။

မြန်မာပြည်မှာ အင်္ဂလိပ်စာကို အခြေခံလောက်သာ လေ့လာဘူးတဲ့ရဟန်းတော်များကတော့
M.A သင်တန်းမတက်ခင် Aquinas ဆိုတဲ့ကောလိပ်မှာ
အင်္ဂလိပ်စာသင်ယူကြတယ်။

စာရေးသူလဲ အဲဒီကောလိပ်မှာ အင်္ဂလိပ်စာတိုးတက်ဖို့အတွက်
တက်ရောက်ခဲ့ပါတယ်။ အဲဒီကောလိပ်မှာ
1: Preliminary Level (ပထမဆင့်)
2: Intermediate Level (ဒုတိယဆင့်)
3: Final Level (တတိယဆင့်) လို့
အဆင့်သုံးဆင့်ခွဲထားတယ်။

ဒီကောလိပ်ကို တက်ရောက်ပညာသင်ယူနိုင်ဘို့ ၀င်ခွင့်ဖြေဆိုရတယ်။
ဝင်ခွင့်မှာ ကိုယ်ရတဲ့အမှတ်နဲ့ ကိုက်ညီသင့်လျှော်တဲ့ အဆင့်မှာ
တက်ရောက်သင်ယူရတယ်။ US $ 50 ခန့်မျှသာ ပေးသွင်းရတယ်။

အင်္ဂလိပ်စာကိုသာ ဦးစားပေးသင်တဲ့ ကောလိပ်လဲဖြစ်၊
ဈေးနှုန်းလဲ သက်သာ၊ သွားရ လာရတာလဲ လွယ်ကူလို့
မြန်မာရဟန်းတော်တွေအတွက် အသင့်တော်ဆုံး ကောလိပ်ပါဘဲ။
အဆင့်အသီးသီးမှာ အင်္ဂလိပ်ဘာသာ (Language) တစ်ခုကိုဘဲ
1: Grammar
2: Composition
3: Comprehension
4: Speech ဆိုပြီး ဘာသာ (Subject) လေးမျိုးခွဲသင်တယ်။

သင်ကြားတဲ့နည်းစနစ်တွေကတော့ ခေတ်မှီတယ်ပြောရမှာဘဲ။
အနောက်တိုင်းဆန်တယ်။ ငြီးငွေ့ရမဲ့ရက်ဆိုလို့ တစ်ရက်မှ မရှိခဲ့ဘူး။
အရွယ်စုံ၊ လူမျိုးစုံ၊ ဘာသာစုံတက်ရောက်ခွင့်ရှိတယ်။
သင်ကြားပေးတဲ့အကြောင်းအရာတွေကလဲ စုံလို့။
ရှိတ်စပီးယားရဲ့ ပြဇာတ်တွေလဲ ပါတယ်။
ပြဇာတ်တွေကို သင်ကြားပို့ချပြီးတိုင်း အဲဒီပြဇာတ်ရဲ့ ဗွီဒီယိုကားကို ကြည့်ရတယ်။
အဲဒါကတော့ ဗွီဒီယိုကားထဲမှာ ပြောတဲ့စကားတွေကို
ဘယ်လောက်အထိနားလည်သလဲဆိုတဲ့Listening Skill အတွက်ပါဘဲ။

Level တစ်ခုတစ်ခုစီရဲ့ ပညာသင်ကာလကတော့ (၆) လဖြစ်တယ်။
မြန်မာနိုင်ငံကလဲ အင်္ဂလိပ်စာအခြေခံပါလာ၊
ဒီကောလိပ်မှာလဲ Level တစ်ခုလောက်တက်ပြီးတဲ့ မြန်မာရဟန်းတော်တစ်ပါးဟာ
တက္ကသိုလ်မှာ M.A သင်တန်းကို ကောင်းကောင်းတက်ရောက်နိုင်ပါပြီ။
Lecture များကို ကောင်းကောင်းလိုက်နိုင်ပါပြီ။

စာရေးသူတော့ ဒီကောလိပ်မှာ
Intermediate Level တစ်ခုတက်ပြီးနောက်
University of Kelaniya မှာ M.A တက်ဖြစ်ခဲ့တယ်။
၂၀၀၀ - ခုနစ်တုန်းကပါ။
အဲ့ဒီနှစ်တုန်းက ဘာသာရပ် ၁၀ - ခုလိုက်ရတယ်။
စာမေးပွဲဖြေဆိုတဲ့အခါမှာတော့
ကိုယ်လိုက်ထားတဲ့ဘာသာရပ် ၁၀ - ခုထဲက
ကြိုက်ရာငါးဘာသာကို ရွေးချယ်စာရင်းပေးပြီး ဖြေဆိုရပါတယ်။

သင်ကြားပို့ချတဲ့ဆရာတွေကတော့ Ph.D ဘွဲ့ရတွေချည်းပါဘဲ။
ဆရာတိုင်းဟာ သူတို့ရဲ့ Lecture ကို ပို့ချပြီးတိုင်း
မေးလိုရာ မေးနိုင်ကြောင်း အမြဲပြောပါတယ်။

ဒီလိုပြောတိုင်း စာရေးသူရဲ့ ငယ်ဆရာဖြစ်တဲ့
ဘုန်းတော်ကြီးတစ်ပါးကို သတိရမိတယ်။
ပထမငယ်တန်းတက်စဉ်အခါတုန်းက
စာချဘုန်းကြီးက ဘုရား ရဟန္တာတို့ ရယ်ရွှင်တဲ့အခါ
ဟသိတုပ္ပါဒ်စိတ်နဲ့ရယ်ရွှင်တဲ့အကြောင်းပြောပြတယ်။
ဒါဆိုရင် ဘာဖြစ်လို့ ဒီဟသိတုပ္ပါဒ်စိတ်ကို
အသောဘန (မတင့်တယ်တဲ့) စိတ်ထဲ ထည့်သွင်းထားရတာလဲ ဘုရား လို့

စာရေးသူက မေးမိတော့
သားရေဖုံးစာအုပ်အနှောင့်နဲ့ ခေါင်းအထုခံခဲ့ရတယ်။
သီရိလင်္ကာနိုင်ငံ ပညာသင်ကြားရေးစနစ်မှာတော့
မသိတာ မရှင်းတာရှိရင် မေးမြန်းနိုင်ပါတယ်။
သူတို့နိုင်ငံက ဆရာတွေက ဒီလိုမေးတာဟာ
ကျောင်းသားတစ်ယောက်တိုးတက်ဖို့၊ ပညာတတ်ဖြစ်ဖို့
အခြေခံလိုအပ်ချက်လို့ သဘောထားကြတယ်။

M.A တန်းမှာ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာထဲက
အကြောင်းအရာတွေကို သင်တယ်ဆိုပေမဲ့ မြန်မာပြည်သင်နည်းစနစ်နဲ့မတူဘူး။
သီရိလင်္ကာက ဆရာတွေက မြန်မာပြည်က စာချဆရာတော်တွေ
တွေးခေါ်လေ့မရှိတဲ့ အရာလေးတွေကို တွေးခေါ်ကြံဆပြီး
ပို့ချကြတာဟာ စိတ်ဝင်စားဖွယ် တစ်မျိုးဖြစ်နေပါတယ်။

ဥပမာ၊ ၀ိသုဒ္ဓိမဂ်နှင့် ရှင်မဟာဗုဒ္ဓဃောသ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့ချချက်ထဲမှာ
ဝိသုဒ္ဓိမဂ်ကျမ်းအရင် ၀ိမုတ္တိမဂ်ဆိုတဲ့ကျမ်းရှိခဲ့ဘူးကြောင်း၊
ဝိသုဒ္ဓိမဂ်ကျမ်းနှင့် ၀ိမုတ္တိမဂ်ကျမ်းတို့ဟာ အကြောင်းအရာတူညီရုံမျှမက
အခန်းဖွဲ့စည်းပုံများလဲ တူကြောင်း၊
ရှင်မဟာဗုဒ္ဓဃောသ ၀ိသုဒ္ဓိမဂ်ကျမ်းရေးစဉ်အခါက
သူ့ရဲ့လက်ထဲမှာ ၀ိမုတ္တိမဂ်ကျမ်း ရှိနှင့်နေပြီဟု ယူဆနိုင်ကြောင်း၊
ဒါ့ကြောင့် ရှင်မဟာဗုဒ္ဓဃောသအနေဖြင့်
သူရေးထားတဲ့ဝိသုဒ္ဓိမဂ်ကျမ်း အကြိမ်ကြိမ်ပျောက်ဆုံးသော်လဲ
အလားတူကျမ်းမျိုး ထပ်မံရေးနိုင်ခြင်းဖြစ်ကြောင်း၊
ဝိသုဒ္ဓိမဂ်ကျမ်းရေးစဉ် ပျောက်ဆုံးသည်ဆိုသည်မှာလဲ မဖြစ်နိုင်ကြောင်း၊
ထိုသို့ မှတ်တမ်းတင်ကြခြင်းမှာ ရှင်မဟာဗုဒ္ဓဃောသ ဥာဏ်ကောင်းကြောင်းကို
လွန်လွန်ကဲကဲ ချီးမွှမ်းချင်လို့သာဖြစ်နိုင်ကြောင်း စသည်ဖြင့်
ဆရာတစ်ယောက်က လွတ်လပ်စွာ တွေးခေါ်ပြီး
ဝေဘန်ထောက်ပြသွားခြင်းဟာ
မြန်မာရဟန်းတော်တစ်ပါးအနေဖြင့် စိတ်ဝင်စားဖွဲရာလဲ ဖြစ်သကဲ့သို့
အံ့သြဖွယ်ရာလဲ ဖြစ်နေပါတော့တယ်။

သူတို့တက္ကသိုလ်က ဘာသာရပ်နာမည်တွေကို
ကမ္ဘာ့တက္ကသိုလ်တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အဆင့်မှီမှီပေးထားတာကိုလဲ
1: Buddhist Philosophy of Education and Communication
2: The Bodhisatta Ideal in Theravada and Mahayana Buddhism
3: An Introduction to Pali Commentarial Literature
4: Buddhist Vinaya and Modern Legal Philosophy
5: Social Dimensions of Buddhism
စသဖြင့် စိတ်ဝင်စားဖွယ်ရာတွေ့ရပါတယ်။

အဲ့ဒီလို ဘာသာရပ်နာမည်တွေ အမျိုးမျိုးပေးထားပေမဲ့
ဗုဒ္ဓဘာသာကျမ်းဂန်ဖြစ်တဲ့ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတွေထဲက
အကြောင်းအရာတွေကို သင်တာပါဘဲ။
ဘာသာရပ်နာမည်ဆန်းသည့်အားလျှော်စွာ
ခေတ်အမြင်၊ ခေတ်အတွေးအခေါ်၊ ခေတ်အခြေအနေတွေနဲ့
ညှိနှိုင်းပြီးသင်တော့ စိတ်ဝင်စားဖွယ်ရာ ပိုကောင်းပါတယ်။

M.A တန်းစာမေးပွဲမဖြေဆိုခင် စာမျက်နှာ (၂၅-၃၀) ခန့်ရှိတဲ့
စာတမ်းငယ် (Dissertation) တစ်ဆောင် တင်သွင်းရတယ်။
ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို ရေးတင်ရုံပါဘဲ။
စာတမ်းအကောင်းအဆိုးပေါ်မူတည်ပြီး အမှတ်အနည်းအများပေးတယ်။

စာမေးပွဲမဖြေခင် စာမေးပွဲအတွက်ပြင်ဆင်ဘို့ တစ်လခန့်ကြိုတင် ကျောင်းပိတ်ပေးတယ်။
ဘာသာရပ်ငါးမျိုးဖြေဆိုရပြီး တစ်ဘာသာမှာ လေးပုဒ်ဖြေဆိုရတယ်။
တစ်ပုဒ်ကို ၂၅ - မှတ်ပေးတယ်။
အကြောင်းအရာပေါ်မူတည်ပြီး အနည်းဆုံး တစ်ပုဒ်ကို
(A4 Size) စာမျက်နှာ သုံးမျက်နှာခန့်ဖြေဆိုရတယ်။
အဖြေလွှာပေါ်မှာ Mergin၊ မျဉ်းကြောင်းတွေက အစီစဉ်တကျ ရှိနှင့်နေပြီးသားမို့
အဖြေလွှာစာရွက်ဝေရင် ဘာမှလုပ်စရာမလိုဘူး။ အဖြေရေးရုံပါဘဲ။

အမှတ် (၁၀၀)ဖို့ ဖြေဆိုရတဲ့အထဲမှာ အမှတ် (၅၀) ရရင် အောင်မြင်သူလို့သတ်မှတ်ပြီး
(၆၅) မှတ်ရသူကိုတော့ ဂုဏ်ထူးဖြင့် အောင်မြင်သူလို့ သတ်မှတ်တယ်။
ဒီနေရာမှာ မြန်မာနိုင်ငံ ပရိယတ္တသာသနာ့တက္ကသိုလ်နဲ့ မတူတဲ့ ထူးခြားချက်ကတော့
အောင်မှတ် (၅၀) ကို ပျမ်းမျှအားဖြင့် ယူခြင်းပါဘဲ။

ဆိုပါစို့။
ဘာသာတစ်ခုက (၆၀) မှတ်ရပြီး အခြားဘာသာတစ်ခုက (၄၀) မှတ်သာ ရတယ်ဆိုရင်လဲ
ပျမ်းမျှအားဖြင့် (၅၀) မှတ်ဖြစ်သည့်အတွက် အောင်မြင်သူလို့ သတ်မှတ်ပါတယ်။

ဘာ့ကြောင့် ဒီစနစ်ကို ကျင့်သုံးရတာလဲ ဆိုတာနဲ့ပတ်သက်လို့
ဆရာတစ်ယောက်ထံ ချဉ်းကပ်ပြီး မေးမြန်းဘူးတယ်။
စာသင်သားကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်အားလုံးမှာ မတော်နိုင်ဘူး။
လူတစ်ယောက်ဟာ ဘာသာရပ်တစ်မျိုးမှာ တော်တယ်ဆိုရင်ပဲ
လောကကြီးမှာ အသုံးဝင်တော့တာဘဲ။
ဒါ့ကြောင့် ဒို့က ဒီစနစ်ကို ကျင့်သုံးရတာ။

တကယ်တော့ ဒီစနစ်ဟာ ဒို့တက္ကသိုလ်တစ်ခုတည်း ကျင့်သုံးနေတာ မဟုတ်ဘူး။
ပညာရေးမှာ ထိပ်တန်းရောက်နေပါတယ်ဆိုတဲ့
နိုင်ငံကြီးတွေက တက္ကသိုလ်အသီးသီးမှာလဲ ဒီစနစ်ကို ကျင့်သုံးနေတာဘဲ လို့ သူက ရှင်းပြပါတယ်။
ဒီတော့ စာရေးသူကို လမ်းပြပေးခဲ့တဲ့ မျက်စိဖွင့်ပေးခဲ့တဲ့
အမိပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှာ
ပိဋကတ်စာပေမှာတော်ပြီး အင်္ဂလိပ်စာမှာ ချော်လို့ စာမေးပွဲ ကျသွားသူ၊
မြန်မာစာပေမှာ တော်ပြီး ပါဠိစာပေမှာ ချော်လို့ တက္ကသိုလ်မှ ထွက်သွားရသူစတဲ့
ညီတော်နောင်တော်တွေကို ပြန်လည်သတိရ မြင်ယောင်နေမိပါတော့တယ်။

သီရိလင်္ကာနိုင်ငံမှာ M.A အောင်တော့ အနည်းဆုံးနှစ်နှစ်ကြာတဲ့
M.Phil (Master of Philosophy) တန်း တက်ရပါမယ်။
တက္ကသိုလ်စည်းမျဉ်းအရ တိုက်ရိုက် PhD ဆက်လုပ်ခွင့် မရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေထံ စုံစမ်းကြည့်တော့
M.A ပြီးရင် M.Phil လုပ်စရာမလိုဘဲ PhD တိုက်ရိုက်ဆက်တက်ခွင့်ရှိကြောင်း
သိရပါတယ်။ ဒါ့ကြောင့် အချိန်နဲ့ငွေ အကုန်သက်သာအောင်
အိန္ဒိယနိုင်ငံမှာရှိတဲ့ တချိန်က ဘုံဘေလို့ ခေါ်တဲ့ Mumbai မြို့ကို ပြောင်းဖြစ်သွားတယ်။
ဆရာကြီးဦးရွှေအောင်နဲ့ ဦးအံ့မောင်တို့တက်ခဲ့တဲ့ တက္ကသိုလ်ပါဘဲ။

တက္ကသိုလ် Fee ကြေးကတော့ တစ်နှစ်မှာ US $ 150 ခန့်သာ ကုန်ကျပါတယ်။
ဒါပေမဲ့ အဆောင်စရိတ်က တစ်နှစ်ကို US $ 500 ခန့်ကုန်ကျပြီး
သွားလာစရိတ် စားစရိတ်အပါအ၀င် စုစုပေါင်းတစ်နှစ်လျှင်
US $ 1500 နဲ့ 2000 ကြားမှာ ရှိပါတယ်။

PhD တန်းဆိုတော့ Thesis ရေးရတယ်။
Thesis ရေးဘို့အတွက် ကိုယ့်ကို Guide လုပ်မဲ့ ဆရာတစ်ယောက်ကို ရှာရတယ်။
ဘုံဘေတက္ကသိုလ်မှာ Buddhist Studies မရှိသေးတော့
ကိုယ့်ဗုဒ္ဓဘာသာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Philosophy (ဒဿနိကဗေဒ) ဌာနမှာ
ကျောင်းဝင်ခွင့်လျှောက်ထားရတယ်။

စာရေးသူဟာ သီရိလင်္ကာနိုင်ငံ University of Kelaniya က M.A နဲ့
ဘုံဘေတက္ကသိုလ်ကို ပထမဦးဆုံး ၀င်ခွင့်လျှောက်ထားသူဆိုတော့
Guide လုပ်မဲ့သူက အသေးစိတ်မေးမြန်းစုံစမ်းတယ်။
သာသနာ့တက္ကသိုလ်က
သာသနတက္ကသီလဓမ္မစရိယ (B.A Buddhism) အောင်လက်မှတ်နဲ့
M.A အောင်လက်မှတ်ကို ကြည့်တယ်။
အမှတ်စာရင်း အပြခိုင်းတယ်။
ပြဌာန်းစာ (syllabus) ကို စစ်ဆေးတယ်။

သီရိလင်္ကာနိုင်ငံ တက္ကသိုလ်က ပြဌာန်းစာကတော့ ပြောစရာမလိုပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ်က ပြဌာန်းစာကို စစ်ဆေးတဲ့အခါ
နိုင်ငံခြားသား ဆရာတစ်ယောက်အနေနဲ့ နားမလည်နိုင်တဲ့ ဘာသာရပ်နာမည်၊
နားမလည်နိုင်တဲ့ စာအုပ်နာမည်တို့ကို တွေ့ရတယ်။
စာရေးသူက အမျိုးမျိုးအဖုံဖုံရှင်းပြလိုက်မှ သူနားလည်ပြီး လက်ခံသွားပါတယ်။
ဒီတော့ မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ်က ဘာသာရပ်နာမည်နဲ့
ပြဌာန်းစာအုပ်နာမည်တို့ကို အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်အသီးသီးရှိ
ဆရာများ အလွယ်တကူ သိရှိနားလည်စေရန်
သီရိလင်္ကာနိုင်ငံမှာ ရှိတဲ့ ပြဌာန်းစာ နာမည်တို့လို စနစ်တကျ ဖြစ်နေရင်တော့ ပိုကောင်းပါတယ်။

မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ် သင်ကြားပို့ချမှုဟာ
နိုင်ငံတကာအဆင့်မှီပေမဲ့ ပြဌာန်းစာအုပ်ပြင်ဆင်မှု အားနည်းချက်ကြောင့်
အခြားနိုင်ငံ တက္ကသိုလ်ရှိဆရာတွေရဲ့ ယုံကြည်အားရမှုကို လျော့နည်းစေပါတယ်။
ပြဌာန်းစာအုပ်တွေနဲ့ B.A, M.A အောင်လက်မှတ်တို့ကို စစ်ဆေးပြီးတဲ့အခါ
ကိုယ့်ဌာနဖြစ်တဲ့ ဒဿနိကဗေဒဌာနရဲ့ အကြီးဆုံး Head ရဲ့ လက်မှတ်ထိုးနဲ့
စာရေးသူမှာရှိတဲ့ BA, MA နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံးကို
မော်ကွန်းထိန်းဌာနကို ပို့ပါတယ်။

အကြောင်းက မြန်မာပြည်က ရခဲ့တဲ့ BA နဲ့ သီရိလင်္ကာက ရခဲ့တဲ့ MA တို့ဟာ
ဘုံဘေတက္ကသိုလ်က BA, MA တို့နဲ့ ညီမျှမှု ရှိမရှိ စစ်ဆေးဖို့ပါဘဲ။
နှစ်ပတ်လောက်ကြာတော့ ညီမျှမှု ရှိတယ်ဆိုတဲ့အဖြေရလာပါတယ်။
ဒီတော့ Guide လုပ်မဲ့သူက ကိုယ်ရေးမဲ့ Thesis ခေါင်းစဉ်ကို မေးပြီး
၁၀ - မျက်နှာခန့် အကျဉ်းချုပ်ရေးပြခိုင်းပါတယ်။
Proposed Thesis ဆိုပါတယ်။
သဘောတူ ကြိုက်နှစ်သက်ပြီဆိုရင် အဲဒီ Proposed Thesis ကို
မိတ္တူ ၁၅ - မူပွါးပြီး ဘုံဘေတက္ကသိုလ်မှာရှိတဲ့
Research and Recognition Committee (RRC) သို့တင်ရတယ်။
RRC ကလက်ခံတယ်ဆိုရင် Research Visa ရဖို့အတွက်
မော်ကွန်းထိန်း၊ သို့မဟုတ် ပါမောက္ခချုပ်လက်မှတ်ရအောင် ကြိုးစားရပါတယ်။
လက်မှတ်ရပြီးရင် နယူးဒေလီမြို့မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သွားပြီး
Research Visa လျှောက်လွှာများတင်ရတယ်။

ပြီးတော့ မြန်မာပြည်က ပြန်စောင့်ရတယ်။
၈ လလောက်အကြာမှာ မြန်မာနိုင်ငံက အိန္ဒိယသံရုံးနဲ့ ကာယကံရှင်ကျောင်းသားထံ
Research Visa လျှောက်ထားနိုင်ပြီဆိုတဲ့အကြောင်းကြားစာ ပို့ပေးတယ်။
အဲ့ဒီစာရတာနဲ့ အိန္ဒိယသံရုံးမှာ Research Visa ရယူပြီး
ဘုံဘေတက္ကသိုလ်သို့ ပြန်လာကာ တရားဝင်ကျောင်းသားဖြစ်ဖို့ မှတ်ပုံတင်ရပါတယ်။
Research Visa မပါရင် PhD ကျောင်းသားအဖြစ် လက်မခံပါဘူး။
ကျောင်းသားဖြစ်ပြီဆိုရင်တော့ Thesis စတင်ရေးလို့ရပြီပေါ့။

တစ်လတစ်ခါ နှစ်လ တစ်ခါ ကိုယ့်ရဲ့ Guide နဲ့တွေ့ပြီး ကိုယ်ရေးထားတာကို ပြ၊
ဆွေးနွေးစရာရှိတာ ဆွေးနွေး၊ ပြင်စရာရှိတာ ပြင်ဆင်ရပါတယ်။
ဒီလိုနဲ့ ကျမ်းရေးပြီးပြီဆိုပါစို့။
ကျောင်းသားဖြစ်ပြီး ၂၂ လ အကြာမှာ ၁၅ - မျက်နှာခန့် Synopsis ရေးတင်ရပါတယ်။
နောက် ၂ - လအကြာမှာမှ ကျမ်းတင်သွင်းခွင့်ရှိပါတယ်။
PhD တန်းအတွက် သတ်မှတ်ထားတဲ့ သင်တန်းကာလကတော့
အနည်းဆုံး ၂၂ လဖြစ်ပြီး အများဆုံး ငါးနှစ်လို့ သတ်မှတ်ထားတယ်။
ကျမ်းတင်ပြီး ၂ - လမှ ၆ - လအတွင်း Viva voce ထိုင်ရတယ်။
Viva ထိုင်ပြီး နှစ်ပတ်လောက်အကြာမှာ PhD စာမေးပွဲ အလုံးစုံ
ပြီးမြောက်အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ PhD ဘွဲ့နဲ့ ထိုက်တန်တဲ့အကြောင်းတို့ကို
ကြေငြတဲ့ Declaration စာတစ်ဆောင်ပို့ပေးတယ်။

ဒီ စာရတဲ့နေ့ကစပြီး ကိုယ့်ရဲ့နာမည်ရှေ့မှာ Dr. စတတ်လို့ရပါပြီ။
Dr. Ashin Indaka စသည်ဖြင့်ပေါ့။

၂၀၀၆ - ခုနစ်တုန်းက သာသနာ့တက္ကသိုလ် (မန္တလေး) နှစ်ပတ်လည်မဂ္ဂဇင်းအတွက်
ရေးပေးတာလေးပါ။