Wednesday, June 15, 2011

ငါးပိသံ

ငါးပိအင်္ဂလိပ်နဲ့ ပြောတာ ဘာဖြစ်လဲ
လူထုစိန်ဝင်း


နှစ်ပေါင်းနှစ်ဆယ်ကျော် မနက်(၉)နာရီက ည(၉)နာရီထိ
(၁)ပတ် (၇) ရက် ဖွင့်လှစ် လုပ်ကိုင်လာခဲ့တဲ့
အင်္ဂလိပ်စကားပြောသင်တန်းလေးကို ကျန်မာရေးအခြေအနေအရ
ရပ်နားထားခဲ့တာ နှစ်ပေါက်အောင် ကြာခဲ့ပါပြီ။
အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ ဒုက္ခိတ တယောက်အဖို့
ကျောင်းသားတွေနဲ့နေရတာ တော်တော်အဆင်ပြေတာပါ။
တနေ့လုံး သူတို့ကို စာသင်ပေးလိုက်၊ စကား ပြောလိုက်နဲ့
ပျင်းဖို့တောင် အချိန်မပေးနိုင်တော့ပါဘူး။

နောက်ပြီးတော့ ကျောင်းသားတွေဟာ သတင်းထောက်ကောင်းတွေ ဖြစ်တယ်။
တမြို့လုံးနေရာအနှံ့ ဘယ်မှာ ကားတိုက်တယ်၊ ဘယ်မှာ မီးလောင်တယ်
ဆိုတာမျိုးတွေကို သူများတွေထက်ဦးပြီး အမြဲသိနေရတယ်။
ကျောင်းသူကျောင်းသားတွေ မရှိတော့ နားပင်းသွားသလို ဖြစ်သွားတယ်။ ကျောင်းသူကျောင်းသားတွေကလည်း အမြဲမပြတ် လာလာပြီးတော့
မဖွင့်သေးဘူးလား၊ မဖွင့်သေး ဘူးလားနဲ့ မေးနေကြလေတော့
ကျောင်းပြန်ဖွင့်ပြီး စာပြန်သင်ချင်တယ်။

ဒါပေမယ်လို့ ဆရာဝန်တွေက နှလုံးရောဂါ၊
အဆုတ်ပါမကောင်းတာကြောင့် စာမသင်စေချင်ဘူး။
အောက်ဆီဂျင် ပိုက်တန်းလန်း တပ်ထားရတာကိုလည်း မဖြုတ်စေချင်ဘူး။
လူနာ ဖြစ်တော့လည်း ဆရာဝန့်စကား နားမထောင်ချင်လို့ ဘယ်ဖြစ်တော့မှာလဲ။
ကျောင်းသူကျောင်းသားများအဖို့လည်း
စကားပြောလေ့ကျင့်စရာနေရာလေး ပျောက်သွားရတာဆိုတော့ စိတ်မကောင်းကြဘူး။ အဲဒါကြောင့် အမြဲမပြတ်လာပြီး နားပူကြတယ်။

ရန်ကုန်မြို့မှာ စကားပြောသင်တန်းကောင်းတွေ အများကြီးရှိပါတယ်။
အသင်ကောင်း၊ အပြကောင်း၊ ဆရာကောင်းတွေလည်း မနည်းလှပါဘူး။
ဒါပေမယ့် အချိန်ဇယားမရှိ၊ ပြဌာန်းသတ်မှတ်တဲ့ စာအုပ်မရှိ၊
လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်၊ တက်ချင်သလောက်တက်၊
အင်္ဂလိပ်စကားပြောရင် ပြောချင်တဲ့စကားပြော၊
ကျောင်းသားတခါဖြစ်ပြီးရင် (၅) နှစ်တက်တက်၊ (၁၀) နှစ်တက်တက်၊
ကြိုက်သလောက်တက် ဆိုတာမျိုးကျတော့ ဘယ်မှာမှ ရှာလို့မတွေ့ကြဘူးလေ။

အဲဒါကြောင့် ကျောင်းလေးကို ပြန်ဖွင့်ထားချင်တယ်။
ခက်တာက မကောင်းတော့တဲ့ နှလုံးနဲ့အဆုတ်။
ဒဏ်တွေကလည်း များခဲ့ပေတာကိုး။

မြန်မာလူငယ်လေးတွေရဲ့ ဥဏ်ရည်ဥာဏ်သွေးဟာ မနိမ့်လှပါဘူး။
အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြော သပ်သပ်ပြောမယ်ဆိုရင်
အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာ မလိုပါဘူး။
လူမျိုးတမျိုးလုံးကို ခြုံပြောတာပါ။
တဦးချင်းယှဉ်လို့ သူတို့က သာတာမျိုးတွေတော့ ရှိတာပေါ့။
မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့မရဘူးဆိုတာ မရှိပါဘူး။
မြန်မာစကား သိတ်မပီတဲ့ ရှမ်းပအို့ဝ် ဦးပဉ္ဇင်းလေးတွေတောင်
အင်္ဂလိပ်စကားကျတော့ ပီပီသသ ပြောနိုင်ရွတ်နိုင် ကြတာပါ။

အင်္ဂလိပ်စာသိတ်ကောင်းတဲ့ အိန္ဒိယသားတွေကလည်း
"၀ဲရီးဂွတ်" ကို ပျောက်အောင် မဖျောက်နိုင်ကြပါဘူး။
အင်္ဂလိပ်စာနဲ့ ဘွဲ့ယူထားတဲ့ ဂျပန်တယောက်ကို Thank You တို့၊
Thirty တို့လို အသံမျိုး ပီသအောင် ရွတ်ခိုင်းဖို့ အတော်ခက်ပါတယ်။
ဆရာရှေ့မှာ ပီနေပေမယ်လို့ ကွယ်ရာ ရောက်သွားတာနဲ့
"ဆိုင်းကျူး" "ဆာတီး" လို့ အသံထွက်လာတာပါပဲ။

အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက်မာတတ်တဲ့
စင်ကာပူတရုတ်တွေရဲ့ "စင်းဂလိပ်" စကားကို
အင်္ဂလိပ်တွေ၊ အမေရိကန် တွေ နားမလည်ကြလို့
အင်္ဂလိပ်စကားစစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့
လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ်က
ဝန်ကြီးချုပ် လီကွမ်ယုကတောင် သတိပေးခဲ့သေးတာလေ။

မြန်မာတွေ မညံ့ပါဘူး။
အင်္ဂလိပ်စကားပြောတဲ့ အလေ့အကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။
မပြောမဖြစ် ပြောကိုပြောရမယ့်အခြေအနေမျိုးကြုံရင်
တဖက်သား ကောင်းကောင်းနားလည်အောင် ပြောနိုင်စွမ်းကြပါတယ်။
နှုတ်ဆွံ့တာ ပျောက်သွားရင် ပြောတတ် ဆိုတတ် ဖြစ်လာကြတာပါပဲ။
နှုတ်ဆွံ့တာပျောက်အောင် အလေ့အကျင့် များများလုပ်ဖို့ လိုတယ်။
ပြီးတော့ နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်။

နိုင်ငံခြားသား တယောက် မြန်မာစကား မပီကလာ ပီကလာ ပြောနေတာတွေ့ရင်
ပျက်ရယ်ပြု ရှုတ်ချပစ်လိုက်ပါသလား။
မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို
သဘောတောင် ကျမိတယ်မဟုတ်လား။
နိုင်ငံခြားသားတွေလည်း အလားတူပါပဲ။
နိုင်ငံခြားသားတယောက်က သူတို့ ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင်
သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာ စကားမှ မဟုတ်တာပဲ။
မိခင်ဘာသာစကားလို ဘယ်ပီပါ့မလဲ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန် မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ။
စကားလုံးအသုံး အနှုန်းတွေက ခန့်ညာလှပပြီး အဆင့်မြင့်ပါပေတယ်။
ဒါပေမယ့် လေသံကတော့ "အဖရို" (Afro) လေသံပါပဲ။
အမေရိကန် လေသံမပေါက်ပါဘူး။
"အဖရို" လေသံမို့ နားမလည်ဘူး မရှိပါဘူး။
အမေရိကန် သမတရော၊ အင်္ဂလိပ်ဝန်ကြီးချုပ်ရော၊
ပြင်သစ်သမတနဲ့ ရုရှခေါင်းဆောင်ကြီးရော နားလည်ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်နေပြီး
အင်္ဂလိပ်စကားကို "အဖရို" လေသံနဲ့ ပြောရကောင်းလားလို့ အပြစ်မတင်ပါဘူး။
အဖရိကသားက "အဖရို" ပဲ လေသံထွက်မှာပေါ့ လို့ နားလည်ကြပါတယ်။
ဂျာမန်ဝန်ကြီးချုပ် ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။

အဲဒီတော့ ငပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ
ဘာရှက်စရာ ရှိသလဲ။
အသံမှန်မှန် ထွက်တတ်လို့ သူတပါးနားလည်ရင် ပြီးရောမဟုတ်လား။
ဘိုသံ ပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာကမှ
တကယ်တော့ ရှက်စရာ ကောင်းတာပါ။
တုတာက တုတာပါပဲ။
ဘယ်တော့မှ အစစ်ဖြစ်မလာပါဘူး။

အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေ" နဲ့ ပြောမှာပဲ။
ဂျာမန်ကလည်း အင်္ဂလိပ်စကား ကို ဂျာမန် "လေ" နဲ့ ပြောမှာပဲ။
အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာနေတဲ့ စကော့လူမျိုးကလဲ အင်္ဂလိပ်စကားကို
စကော့တို့ တောင်ပေါ် "လေ" နဲ့ ပြောမှာပါပဲ။
ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂ လိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။

မြန်မာပါးစပ်က မြန်မာသံပဲ ထွက်မှာပေါ့။
ဒါကို ဘယ်အင်္ဂလိပ်လူမျိုးကမှ သရော်ပြောင် လှောင်လိမ့်မယ် မဟုတ်ပါဘူး။
ရဲရဲသာ ပြောစမ်းပါ။
လေးငါးဆယ်ရက်အတွင်း နှုတ်သွက် လျှာသွက် ဖြစ်လာပါလိမ့်မယ်။
အဲဒီအခါကျရင်
သိမ်ငယ်စိတ်တွေပျောက်ပြီး နှုတ်ဆွံ့နေတာလည်း လုံးဝပျောက်သွားမှာပါ။

မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီ နေခဲ့ကြရတာ ဖြစ်လေတော့
ဒီနေ့ထိ မျက်နှာဖြူမြင်ရင် ဘယ်လိုမျက်နှာဖြူပဲဖြစ်ဖြစ်
ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲ ဖြစ်ပါတယ်။
ကိုယ် တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား၊
အမှိုက်ကျုံးတဲ့ မြူနီစပယ် အလုပ်သမားလား၊
နွားသတ်တဲ့ အမဲသားသည်လားဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။

ဒီနေ့ လခ သိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ ကျောင်းကြီးတွေမှာ
ကိုယ့်သား သမီးတွေကို ထားပြီး၊
ဂုဏ်ယူဝင့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့ အချက်တချက် ရှိပါတယ်။
အဲဒီအချက်က ဘာလဲဆိုတော့
တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ
စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူး ဆိုတာပါ။

တခြားအကြောင်း ကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေး နေချင်တဲ့အတွက်
နေထိုင်ခွင့်ရအောင် အလုပ်တခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာပါ။
တချို့ဆို စာလုံးဝ မသင်တတ်ကြပါဘူး။
တချို့ ဘာဘွဲ့၊ ဘာဆရာဖြစ်လက်မှတ်မှ မရှိကြပါဘူး။
ကိုယ်တိုင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ထားတာ ဖြစ်လေတော့
အဲဒီလို ၀င်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ၊ ခန့်စာရေးပေးပါဆိုပြီး
လာပြောတာတွေ အများကြီးကြုံဖူးလို့ သိနေတာပါ။

အသားဖြူဖြူ၊ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့
သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက် စမ်းပါ။
မြန်မာတွေ မညံ့ပါဘူး။
ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့
အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လား။
ဒါ ဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆ သာတယ်လို့ ဆိုနိုင်တာပေါ့။

မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။
သိမ်ငယ်စိတ်ဆိုတာ "အငုံ့စိတ်" ပဲ။ အားတော့နာပါတယ်။
ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။
ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီးထိရောက်၊
ပိုပြီး သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။
စေတနာနဲ့ ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။
အငုံ့စိတ်၊ သိမ်ငယ်စိတ် ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြောတာပါ။
လွတ်လပ်ရေးရခဲ့တာပဲ နှစ်ပေါင်း (၆၀)နီးပါပြီ။
ကျွန်စိတ်တွေ ပျောက်ဖို့ ကောင်းပါပြီ။

ကိုဖီအာနန်လို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးတယောက်တောင်မှ
အင်္ဂလိပ်စကားကို "အဖရို" သံနဲ့ ပြောနေသေးတာပဲ။
မြန်မာလူမျိုးတယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ ဘာရှက် စရာရှိလဲ။
အသံထွက်မှန်မှန်နဲ့ တဖက်သား နားလည်အောင် ပြောတတ်ဖို့ လိုရင်းပဲ မဟုတ်လား။

မြန်မာတွေ ပညာရည် မနိမ့်ပါဘူး။ လူစွမ်းလူစ မနုံနဲ့ပါဘူး။
ပင်ကိုယ်ဗီဇ မဖျင်းပါဘူး။
ကျွန်စိတ် ပျောက်ဖို့ ကလေးတခုသာ လိုတာပါ။
လူထုစိန်ဝင်း။

{စတိုင်သစ် မဂ္ဂဇင်း၊ အမှတ် ၁၃၆၊ နိုဝင်ဘာ၊ ၂၀၀၄}
မာယာမဂ္ဂဇင်းမှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။

ဓာတ်ပုံ။ http://www.dhammaweb.net/notes/view.php?id=402