Wednesday, June 29, 2011

အိမ်ထောင်ပြုခြင်း (၂)

အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်တစ်ခု တင်ဖြစ်တယ်။
အိမ်ထောင်မပြုဘဲ ရဟန်း (သို့) သီလရှင်ဝတ်ပြီးကျင့်ကြံမှ
ဗုဒ္ဓဘာသာတို့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကို ရနိုင်ပါသလား ဆိုတဲ့
မေးခွန်းကို ဖြေကြားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

ရေးပြီး ဖတ်ကြည့်လိုက်တော့ ငါရေးတဲ့ပို့စ် ကျဉ်းများကျဉ်းလွန်းနေသလား၊
တိုများတိုလွန်းနေသလား၊ ဒီပို့စ်ကို ဖတ်ပြီး လူတွေဇဝေဇ၀ါများဖြစ်နေမလားလို့
စိတ်စနိုးစိတ်နှောင့်ဖြစ်နေမိတယ်။

ထင်ထားတဲ့အတိုင်းပဲ။ ဒကာလေး ကိုပြည့်စုံအောင်က
ဒီပို့စ်နဲ့ပတ်သက်ပြီး ဒီလိုနိဒါန်းခံပြီး မေးထားပါတယ်။
ဘုန်းဘုန်း၊ သိချင်တာလေးတွေနဲ့ အမြင်လေးတွေ ရေးလိုက်တယ် ဘုရား၊
တစ်မျိုးမထင်ပါနဲ့.. သိချင်ရုံသက်သက်ပါပဲဘုရား။

ဒကာလေးကိုပြည့်စုံအောင်ရေ။
ဒကာလေးမေးတာကို တစ်မျိုးမထင်ပါဘူး။
ဒကာလေးမေးတာကို ကျေးဇူးတောင်တင်မိတယ်။
ဒါ့ကြောင့် ဒီလိုမေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ တင်ကြိုပြောပါရစေ။

ဒါက ပို့စ်ထဲမှာ ဘုန်းဘုန်းရေးထားတဲ့စကားလေး။

{ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။}

အောက်ကဟာက ဒကာလေး ကိုပြည့်စုံအောင်ရေးထားတာ။ မေးထားတာ။
ဒီစာကြောင်းအရဆိုရင်
လူသားတိုင်း အိမ်ထောင်ပြုတာ မရှိမဖြစ်လိုတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေတယ် ဘုန်းဘုန်း..။
ဘုန်းဘုန်း ဆိုလိုတာက တစ်လင်၊ တစ်မယား စနစ်ကို ဆိုလိုတာ ဆိုရင်
(လူသားတစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင်
သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်း ဆက်ဆံခြင်းဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်)
အဲလို အဓိပ္ပါယ်မျိုးပါတဲ့ စာကြောင်းပုံစံ ရေးသင့်တယ် ထင်ပါတယ် ဘုန်းဘုန်း။

ရှင်းလင်းချက်။
ဒီလိုပါဒကာလေးရေ။ ဒကာလေးကောက်နှုတ်တင်ပြလိုက်တဲ့ ၀ါကျလေးကိုသာ
ကွက်ပြီး ပြောဆိုရေးသားမယ်ဆိုရင် ဒကာလေးပြောတာ မှန်ပါတယ်။
ဒါပေမဲ့ နောက်တစ်ပိုဒ်မှာ ဘုန်းဘုန်း ဒီလိုရေးထားပါတယ်။
{လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။}

ဒါ့ကြောင့် ဒကာလေးကောက်နှုတ်တင်ပြတဲ့ဝါကျနဲ့ ဒီဝါကျလေးကို ပေါင်းစပ်ကြည့်ရအောင်။

ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။
လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။
အခုဖော်ပြလိုက်တဲ့ စာနှစ်ပိုဒ်ကို ဆက်တိုက်ဖတ်လိုက်တယ်ဆိုရင်
ဒကာလေး ဘုန်းဘုန်းဘာပြောချင်တယ်ဆိုတာ သဘောပေါက်မှာပါ။

ဒီလိုလေ။
လူဆိုတာ အသိဥာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
တိရိစ္ဆာန်ဆိုတာကတော့ အသိဥာဏ်ရှိတာမဟုတ်ဘူး။ ယဉ်ကျေးမှုရှိတာမဟုတ်ဘူး။
လူဖြစ်ရင် လက်ထပ်ပြီးမှ ပေါင်းသင်းနေထိုင်ရမယ်။ လိင်ကိစ္စပြုကျင့်ရမယ်။
တိရိစ္ဆာန်တွေကတော့ ဒီလိုမဟုတ်ဘူး။ တွေ့ကရာနဲ့ အတူနေနေကြတာ။
ဒါ့ကြောင့် လူသားမှာ အိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။
အိမ်ထောင်မပြုဘဲ ပေါင်းသင်းနေလို့ကတော့
တိရိစ္ဆာန်နဲ့မခြားနားတော့ဘူး။

ဆိုတော့ ဒီအိမ်ထောင်ပြုခြင်းဟာ လူသားနဲ့ တိရိစ္ဆာခြားနားချက်လို့ ဘုန်းဘုန်းက ပြောတာပါ။
လူသားတိုင်း မဖြစ်မနေ အိမ်ထောင်ပြုကို ပြုရမယ်လို့ပြောတာမဟုတ်ပါဘူး။
ဒါ့ကြောင့် ဒကာလေးကိုပြည့်စုံအောင်၊ အိမ်ထောင်မပြုဘဲနေလိုက နေနိုင်ပါတယ်ဗျာ။

ဘုန်းဘုန်း ပို့စ်မှာ ဒီလိုလေးပါပါတယ်။

{လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး}

ဒီဝါကျကို အခြေခံပြီး မေးခွန်းတစ်ခုမေးထားပါသေးတယ်။
ကုသိုလ် အကုသိုလ်နဲ့ မဆိုင်ဘူး ဆိုရင်
အိမ်ထောင်မပြုဘဲ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ
ဒါမှမဟုတ် အိမ်ထောင်ပြုလိုက်သော်လည်း အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းနေသူ၊ စောင့်ထိန်းလိုသူတွေအတွက် ကုသိုလ် အကုသိုလ်ကို ဘယ်လိုသဘောမျိုး သတ်မှတ်နိုင်သလဲ ဘုန်းဘုန်း။

အိမ်း။ ဒကာလေးထင်သလို ထင်နိုင်တာပ။
ဒါပေမဲ့ ဘုန်းဘုန်းက ဒီနေရာမှာ အိမ်ထောင်ပြု မပြုဆိုတာပြောနေတာနော်။

ဘုရားရှင်က
အိမ်ထောင်ပြုလို့ကတော့ မင်းတို့ ငရဲပြည်ရောက်မယ်။
အိမ်ထောင်မပြုလို့ကတော့ နတ်ပြည်ရောက်မယ်လို့ မဟောပါဘူး။
ဒါပေမဲ့ အိမ်ထောင်ပြုတဲ့သူတွေ ဆိုင်ရာဆိုင်ရာကျင့်ဝတ်ကိုတော့
ကျေပြွန်အောင်ထမ်းဆောင်ရမယ်လို့ဟောပါတယ်။
လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်လိုဟာမျိုးတွေ ကျင့်သုံးရမယ်ပေါ့။

လင်ဖြစ်တဲ့သူက လင့်ကျင့်ဝတ်နဲ့အညီကျင့်သုံးရင်
မယားဖြစ်တဲ့သူက မယားကျင့်ဝတ်နဲ့အညီ ကျင့်သုံးရင်
ကောင်းတယ်။ ကောင်းတဲ့ဘုံဘ၀ကို ရောက်နိုင်တယ်၊ ကောင်းကျိုးပေးမယ်ပေါ့။
မကျင့်သုံးရင် မကောင်းဘူး။ ကောင်းတဲ့ဘုံဘ၀ကို မရောက်နိုင်ဘူး။ ကောင်းကျိုးမပေးဘူး။

ဒါ့ကြောင့် ဘုန်းဘုန်းက အိမ်ထောင်ပြုတာဟာ
ကုသိုလ် အကုသိုလ်နဲ့မဆိုင်ဘူးလို့ ရေးခဲ့တာပါ။

ဒီနေရာမှာ ဘုန်းဘုန်းပြောခဲ့တာက သီလနဲ့မဆိုင်သေးပါဘူး။
အိမ်ထောင်ပြု မပြုသာပြောတာပါ။

အိမ်ထောင်ပြုတာ ဘာသာရေးနိုင်မဆိုင်ဘူးဆိုတာလဲ အတူတူပါဘဲ။
ဗုဒ္ဓဘာသာကတော့ အိမ်ထောင်ပြုတာကို လက်မခံဘူးလို့ မယူဆစေလိုပါဘူး။

သီလဆိုတာကတော့
အိမ်ထောင်ပြုပြု မပြုပြု၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲဘို့ပါဘဲ။
မမြဲရင် အိမ်ထောင်ပြုသူရော မပြုသူပါ မကောင်းကျိုးပေးမှာ အမှန်ပါ။
ရှစ်းပါးသီလလဲ အတူတူပါဘဲ။

ဒါပေမဲ့ ရှစ်ပါးသီလကိုတော့ စွမ်းနိုင်ရင် ဆောက်တည်။
မစွမ်းနိုင်ရင် မဆောက်တည်နဲ့။
ငါးပါးသီလကိုတော့ စွမ်းနိုင်နိုင်၊ မနိုင်နိုင် ဆောက်တည်ရမှာ။

ဒါနဲ့စပ်လို့ တစ်လက်စတည်း သတိရတာလေး ပြောလိုက်အုံးမယ်။
ရှင်းအောင်သာ ထပ်ပြောရတာ၊ ဒကာလေးသိပြီးသားပါ။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်တယ်။

ဒီဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့
သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။
နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။
ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါတဲ့။

ဒီတော့ ဘုရားရှင်က
ဒီအတွက် လိုက်နာရမဲ့အချက်က
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။

သမသီလဆိုတာ
သီလ က အလေ့အကျင့်၊ ၀ါသနာ၊ သမ - တူညီတာ။
ဆိုတော့ သမသီလ ဆိုတာ အလေ့အကျင့် ၀ါသနာတူညီတာ။

လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ အရေးအကြီးဆုံးအချက်က
သမသီလ - လင်မယား အလေ့အကျင့်၊ ၀ါသနာတူညီဘို့ပါဘဲ။

သမသီလဆိုတာကိုဘဲ
သီလ ကို သီလလို့ဘာသာပြန်ပြီး သမကို တူညီတာလို့ ဘာသာပြန်ရင်
သမသီလ ဆိုတာ တူညီသောသီလ လို့ အဓိပ္ပါယ်ရပါတယ်။

ဆိုတော လင်မယားဖြစ်ပြီဆိုရင်
သမသီလ - တူညီတဲ့သီလကို ဆောက်တည်ကျင့်သုံးရပါတယ်။

လင်ယောက်ကျားက ငါးပါးသီလဆောက်တည်တယ်ဆိုရင်
ဇနီးမယားကလဲ ငါးပါးသီလပဲ ဆောက်တည်ရပါတယ်။
ဒီလိုဘဲ၊ တစ်ယောက်က ရှစ်ပါးသီလဆို နောက်တစ်ယောက်က
ရှစ်ပါးသီလ ဆောက်တည်ရပါတယ်။
ဒါကို သမသီလ - တူညီတဲ့သီလ လို့ပြောတာ။

ဒီလို တူညီတဲ့သီလကို ဆောက်တည်မှသာ
ဒီဘ၀မှာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်ဘ၀ပိုင်ရှင်တွေဖြစ်လာမှာ ဖြစ်ပြီး
အိုအောင်မင်းအောင် ပေါင်းဆုံရမှာပါ။

အဲ့လိုမဟုတ်ဘဲ တစ်ယောက်က ငါးပါးသီလကိုစောင့်သုံးပြီး
တစ်ယောက်က ရှစ်ပါးသီလကို စောင့်သုံးတယ်ဆိုရင်
သမသီလ - လင်မယားတူညီတဲ့သီလ မရှိတော့ပါဘူး။
ဒါ့ကြောင့် ညနေစာစားဘို့ကိစ္စတွေလဲ မတူညီတော့ဘူးပေါ့။
မတူညီတော့ ပျော်ရွှင်မှု အပြည့်အ၀ မရနိုင်တော့ဘူးပေါ့။

ဒီထက်ဆိုးတာက ဒကာလေးပြောတဲ့
ဗြဟ္မစရိယ၊ အဗြဟ္မစရိယကိစ္စတွေ။

ဆိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ လင်မယားကြား
သမသီလ - တူညီတဲ့သီလရှိရမယ်ဆိုတာ အတော်ခရီးရောက်တယ်နော့။

ဒါတင်မကသေးဘူး ဒကာလေးရေ၊
နောင်ဘ၀မှာလဲ ဒီဇနီးမောင်နှံက ပြန်လည်ဆုံဆည်းချင်တာဆိုတော့
ဒီသမသီလ - တူညီတဲ့သီလစောင့်ထိန်းမှုက အရေးပါနေပြန်ရော။

ကိုယ်တို့ဗုဒ္ဓဘာသာမှာ နတ်ပြည်က ခြောက်ထပ်ရှိတာမို့လား။
ဒီလင်ဒီမယား တူညီတဲ့သီလစောင့်ထိန်းမှု သမသီလရှိမှသာ
နောင်ဘ၀မှာ နတ်ပြည်များရောက်ခဲ့ရင် နတ်ပြည်တစ်ထပ်တည်းမှာ
နတ်သားနတ်သမီးဖြစ်မှာမို့လား။

အဲ၊ တစ်ယောက်က ငါးပါးသီလစောင့်ထိန်းပြီး
တစ်ယောက်က ရှစ်ပါးသီလစောင့်ထိန်းတယ်ဆိုရင်နတ်ပြည်ခြောက်ထပ်မှာ
ငါးပါးသီလစောင့်ထိန်းသူက အဆင်းနိမ့်တဲ့နတ်ပြည်မှာ နတ် သွားဖြစ်ပြီး
ရှစ်ပါးသီလစောင့်ထိန်းသူက အဆင့်မြင့်တဲ့ နတ်ပြည်မှာ နတ် သွားဖြစ်မှာပေါ့။
ဒီတော့ ဘယ်လိုလုပ် နောင်ဘ၀မှာ ပြန်လည်ဆုံဆည်းနိုင်မလဲ။

ဒါ့ကြောင့် ဒီဘ၀မှာတင်မက နောင်ဘ၀မှာပြန်လည်ဆုံဆည်းလိုရင်
သမသီလရှိရမယ်လို့ ဘုရားရှင်ဟောခဲ့တာပေါ့ ဒကာလေးရေ။

ကျန်နေတဲ့မေးခွန်းအတွက် မနက်ဖန် (သို့) သဘက်ခါ ပို့စ်မှာ စောင့်ဖတ်ပါလို့ ပြောပါရစေ။
အလုပ်လေးနည်းနည်းရှိနေလို့ပါ။

Monday, June 27, 2011

အိမ်ထောင်ပြုခြင်း (၁)



ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။
ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းမေးပါတယ်။

တချိန်တည်းမှာဘဲ
ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။
ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။

အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။
ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။

လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။

ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ
ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊
အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။

ဒီထက်ရှင်းရှင်းပြောရရင်
အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။
အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။

လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။

ဗုဒ္ဓဘာသာက လူတစ်ဦးတစ်ယောက်ကို အိမ်ထောင်ပြုပါလို့လဲ မတိုက်တွန်းပါဘူး။
ဘုန်းကြီး၊ သီလရှင်ဝတ်ပါလို့လဲ မတောင်းဆိုပါဘူး။

ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ
ကိုယ်လုပ်တဲ့လုပ်ငန်းက ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ကို
ကိုယ်ကဘဲ တာဝန်ယူရတာ ဗုဒ္ဓဘာသာပါ။

ဒါပေမဲ့လဲ အိမ်ထောင်ရေးမှာ လောလောဆယ်ကျင့်သုံးနေတဲ့
တစ်လင် တစ်မယားဓလေ့ထုံးစံ၊ မယားပြိုင်ဓလေ့ထုံးစံတွေနဲ့ပတ်သက်လို့
ဘယ်ဓလေ့ထုံးစံကို ကျင့်သုံးရမယ်လို့ ဗုဒ္ဓဘာသာစာပေမှာ တိတိပပ မတွေ့ရပေမဲ့
တစ်လင်တစ်မယားစနစ်ကိုသာ ဦးစားပေးအကြံပြုထားတဲ့ သုတ္တန်တွေ အတော်တွေ့ရပါတယ်။

အိမ်ထောင်ကျပြီးသား အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ
တစ်ဦးအပေါ် တစ်ဦးသစ္စာရှိဘို့၊
မိမိလင်ယောက်ကျား (သို့) မိမိဇနီးမယားမှတပါး
တခြားသူနဲ့ မကျူးလွန်ဘို့၊ မပစ်မှားဘို့ စတဲ့
ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးအတွက် အကြံပေးထားတာတွေ ရှိပါတယ်။

ဗုဒ္ဓစာပေတစ်နေရာမှာ
“ကိုယ့်မိန်းမမှတစ်ပါး တခြားသောမိန်းမတွေနဲ့ ကျူးလွန်ဖောက်ပြန်တာဟာ
 စီးပွါးရေး လူမှုရေးစတဲ့လုပ်ငန်းတွေအဆင်မပြေမှုရဲ့  အဓိကတရားခံဘဲ” တဲ့။

ဒါ့ကြောင့်
လူသားတိုင်း ခါးဝတ်ပုဆိုးလို (ခါးဝတ်ဘောင်းဘီလို)
ခိုင်မြဲအောင်ကျင့်ဆောင်ရမဲ့ငါးပါသီလထဲမှာ
ဒီအိမ်ထောင်ရေးဖောက်ပြန်မှုမှ ရှောင်ကြည်ရမဲ့သီလကို ထည့်သွင်းထားတာလို့ ယူဆနိုင်မယ်။

Sunday, June 26, 2011

ပြန်ကြားလွှာ

(လူထုစိန်ဝင်းသို့ ပြန်ကြားလွှာ)

သို့မဟုတ်

Discipline and System - စည်းနှင့်စနစ်
ရေးသူ - ဒေါက်တာအရှင်အာစာရ
http://www.mrmrt.info/


 Dhammagarden.comမှာ Dr Ashin Indaka တစ်ဆင့်ဖော်ပြတဲ့ လူထုစိန်ဝင်းရဲ့ “ပြည်တွင်းဖြစ်နိုင်ငံခြားသား”ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးတော့ စင်ကာပူနိုင်ငံ လည်ပတ်နေပုံ တစ်စိတ်တစ်ဒေသ. . .။ သူ့တို့စံနစ် နဲ့ သူတို့စည်းကမ်း။ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်တောင်မှ ယေဘုယျအားဖြင့် အကောင်းလို့ ဆိုနိုင်။

ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲက စာပိုဒ်တစ်ခု -
“နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး
မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။
စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။
စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး
စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို
ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာတွေကျတော့ ထည့်မပြောကြဘူး။”

စင်ကာပူကလူတွေ စည်းကမ်းရှိတာ စောင့်ပြီးဒဏ်ရိုက်နေလို့သာပါ၊ လွှတ်ထားလိုက်လို့ကတော့ စည်းကမ်းပျက်ကြမှာပါပဲလို့ ဆိုလိုချင်သလား မသိ။ အဲဒီလို ပြောရင်လည်း လက်ခံ။ ဖြစ်နိုင်ချေရှိ။ စည်းကမ်းရှိအောင် စောင့်ပြီး ထိန်းပေးနေတာကိုလည်း ကောင်းတယ်လို့ လက်ခံ။ ဥုံနဲ့ရရ ဖွနဲ့ရရ စည်းကမ်းရှိဖို့က အဓိက။ ပကတိစိတ်နဲ့ စည်းကမ်းမရှိတတ်သေးဘူး၊ စည်းကမ်းမရှိနိုင်သေးဘူးဆိုရင် စောင့်ပြီး ထိန်းပေးနေတာကို ချီးကျူးအသိအမှတ် ပြု။ နောက်တစ်ခုက အစောင့်မရှိလည်း တော်ရုံတန်ရုံ အသိရှိတဲ့လူဆိုရင် အမှိုက်မပစ်ရဲလောက်အောင်၊ အမှိုက်မပစ်ရက်လောက်အောင် သန့်ရှင်းဝင်းလက်နေအောင် လုပ်ထားပုံကိုလည်း တတ်နိုင်ရင် အတုခိုး။

 “စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြ”တယ် ဆိုတာလည်း ပြောသလောက်ကြီး မဟုတ်။ သတိထားမိသလောက်တော့ စည်းကမ်းမရှိရှိအောင် အတင်းအကြပ်ကြီး လုပ်နေရတာ မဟုတ်။ ရဲအစောင့်တွေ ကြောက်ခမန်းလိလိ အများကြီး ရှိနေတာ မဟုတ်။ ကြိုးကြားကြိုးကြား သွားသွားလာလာ ဘာတိဘာသာ ရှိနေကြ။ ပုံမှန်လူ၊ သာမန်လူ၊ အရပ်သားတစ်ယောက် အနေနဲ့ ရဲတွေကို ထည့်တွက်စရာ မလို။ ရဲ ရှိနေမှန်းတောင် သိစရာ မလို။ ဒီကြားထဲက တစ်ခုခု မတော်တရော် လုပ်မိလိုက်တာကို ရဲသိသွားရင်တော့ တကယ်ဆော်။ ဆင်ခြေမပေးရ။ အသနားမခံရ။ လာဘ်ထိုးလို့လည်း ရမှာမဟုတ်။

နောက်ပြီး ရဲစောင့်တယ်ဆိုတာလည်း စည်းကမ်းပျက်သူကို ဒဏ်ရိုက်ဖို့သက်သက် ရယ်လို့တော့ ဟုတ်ပုံမရ။ လိုအပ်ရင် လိုအပ်တဲ့လူကို ကူညီဖို့၊ အကြမ်းဖက်တာတွေ လုတာတွေ ကာကွယ်ဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်တွေလည်း ရှိအုံးမှာ။ ငွေကုန်ခံပြီး အစောင့်ရဲတွေ ခန့်ထားတာနဲ့ ပတ်သက်လို့ အဖြစ်အပျက်တစ်ခု သတိရမိသေး။ ဒါလည်း ဖြစ်နိုင်ရင် တတ်နိုင်ရင် အတုခိုးသင့်တဲ့ သူတို့စနစ်ကို ခပ်ရေးရေး မြင်လိုက်ရတဲ့ ကိစ္စတစ်ခု။

----------

ဘုန်းကြီးလေးပါး နေတဲ့ ဒီကျောင်းမှာ ကျောင်းဘုန်းကြီး ခရီးသွားနေတဲ့အချိန်၊ လက်ထောက်ဦးဇင်းသုံးပါးသာ ကျောင်းမှာ ရှိနေတုန်းက။ မနက်စောစော ငါးနာရီခွဲ။ အတွင်းကနေ ကန့်လန့်ချ ပိတ်ထားတဲ့ ဓမ္မာရုံ အ၀င်တံခါးရှေ့မှာ မှောက်နေတဲ့ လူငယ်တစ်ယောက်။ အတွင်းခံဘောင်းဘီ ၀တ်ထားတာကလွဲလို့ ကိုယ်လုံးတီး။ အသေလား အရှင်လား မသေချာ။ စောစောထ တံခါးဖွင့်တဲ့ ဦးဇင်းတစ်ပါး တံခါးဖွင့်ဖွင့်ချင်း အဲဒီလူကို တွေ့လိုက်ရတော့ လန့်သွား။ တံခါးပြန်ပိတ်ပြီး ကျိန်းနေတုန်းဖြစ်တဲ့ ကျန်တဲ့ ဦးဇင်းနှစ်ပါးကို ဖုန်းဆက်နှိုးပြီး အမြန်ဆင်းခဲ့ကြဖို့ခေါ်။ ကိစ္စက အကြီးကြီး ဖြစ်သွားနိုင်တာမို့ ဂေါပကဥက္ကဋ္ဌကို ဖုန်းဆက်အကြောင်းကြား။ ရဲဌာန အကြောင်းကြား။

“လူတစ်ယောက် မှောက်နေတယ်၊ သေသလား ရှင်သလား မသိဘူး”ဆိုတဲ့ တိုင်းကြားချက်ကို အခြေခံပြီး ရဲဌာနက စီစဉ်ဆောင်ရွက်ပေးပုံ အသိအမှတ်ပြုလောက်စရာ။ ရဲဌာနက “ငါးမိနစ်အတွင်း ရောက်အောင်လာခဲ့မယ်”တဲ့။ ဒါပေမယ့် . . .  ။ သုံးမိနစ်နဲ့ ရောက်လာ။ ရဲကားတစ်စီး။ အသက်နှစ်ဆယ့်ငါးနှစ်လောက် ရှိမယ်ထင်ရတဲ့ ရဲနှစ်ယောက်။ ခြောက်လုံးပြူး ကိုယ်စီ။ လက်ထိပ်လည်းပါ။ ရဲတစ်ယောက်က မှောက်နေတဲ့လူနားသွားပြီး “Excuse me . . .”တဲ့။ ယဉ်ကျေးတာလား။ ဟန်ဆောင်တာလား။ Formalityဆိုတာလား။ လက်စသတ်တော့ လူသေမဟုတ်။ လူမူး။ ငမူး။ တံတိုင်းကျော်ပြီး ၀င်လာခဲ့။ မူးတာပဲဖြစ်ဖြစ် ရူးတာပဲဖြစ်ဖြစ် ကျူးကျော်ဝင်ရောက်မှု။

နောက်တစ်ခု လိုလိုမယ်မယ် သူတို့ စီမံထားပုံက လေးစားစရာ။ ရဲကားထက် နှစ်မိနစ်လောက် နောက်ကျပြီး ambulanceဆိုတဲ့ လူနာတင်ယာဉ်တစ်စီး ရောက်လာ။ အသက်နှစ်ဆယ့် ငါးနှစ်လောက်ပဲ ရှိမယ်လို့ ယူဆရတဲ့ ရဲမေနှစ်ယောက် ကားပေါ်ကဆင်းလာ။ လူနာထမ်းစင် (ဒါမှမဟုတ်) လူသေထမ်းစင်တစ်ခုကို နှစ်ယောက်သား ရှေ့နောက်ဦးပဲ့ လက်နဲ့ဘယ်ညာ ကိုင်မလျက်သား။ အားပါးပါး . . . တကယ်လုပ်ကြမယ့် ပုံ။ ရဲတစ်ယောက်က မလိုဘူးဆိုတော့ ချက်ချင်းပြန်သွားကြ။

အမူးကောင်းကောင်းမပြေသေးတဲ့ ငမူးကို စစ်ကြမေးကြတုန်း ဂေါပကဥက္ကဋ္ဌ ရောက်လာ။ တပည့်တော် လုပ်လိုက်မယ်။ အရုဏ်ဆွမ်း ဘုဉ်းပေးဖို့ ကြွကြတော့။ နောက်မှ အကြောင်းအရာကို ပြန်ပြောပြ။ စစ်ကြမေးကြ အဖြေက ဘာမှ မရေရာ။ ဖြေပုံက မူးတစ်ဝက် ရူးတစ်ဝက်။ အင်္ဂလိပ်ကို ကောင်းကောင်းမပြောတတ်တာလည်း ပါမှာ။ လံကွတ်တိနဲ့ ကိုယ်လုံးတီးမို့ ပတ်စပို့မပါ။ ကဒ်ပြားတွေဘာတွေလည်း မပါ။ စီးတီဟောက လာတယ်ဆိုတာပဲ တိတိကျကျသိရ။ သူ့အကြောင်းကို ဘယ်လိုဖော်ထုတ်။ လောလောဆယ် ရဲဌာန လိုက်ခဲ့။ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ် မမှတ်မိဘူးလား။ မှတ်မိ။ ရော့ ဒီဖုန်းနဲ့ဆက်။ မင့်သူငယ်ချင်းကို ရဲဌာန လိုက်ခဲ့ဖို့ ပြောလိုက်။ လက်ထိပ်ခပ်။ ဂွပ်။

----------

ဂေါပက ဥက္ကဋ္ဌ တရုတ်ကြီး ပြန်ခါနီး ပြော။ “အဲဒီကောင် မြန်မာ။” “မဟုတ်တာ။ သူ မြန်မာဆိုတာ ဘယ်လိုလုပ်သိလဲ။” “သူ ဖုန်းဆက်တော့ မြန်မာစကား ပြောတာ ကြားလိုက်တယ်။” ကျူးကျော်ဝင်ရောက်လာပြီး မှောက်နေတဲ့ ငမူးဖြစ်နေတော့ မြန်မာဆိုတာကို လက်ခံဖို့ အင်တင်တင်။ ကျားကျား မီးယပ်လုပ်။ “မင်းတောင် မြန်မာ မဟုတ်ဘဲ မြန်မာစကား နာလည်သေးရင် အဲဒီကောင်လည်း မြန်မာမဟုတ်ဘဲ မြန်မာစကား ပြောတတ်တာ ဖြစ်နိုင်တာပေါ့။” 
“ဟားဟားဟား . . . အိုကေ အိုကေ။”

:)
ရှင်အာစာရ

Saturday, June 25, 2011

အီးမေးပြောင်းခြင်း


အရင်သုံးနေတဲ့ အီးမေးလ် ashinindaka@gmail.com  ကို

ဆက်လက်၍ သုံးစွဲလို့ မရတော့ပါ

အဟက်ခံလိုက်ရပြန်ပြီဟု ယူဆမိပါသည်။

သို့အတွက်

dhammagardenashinindaka@gmail.com

ကို ဆက်သွယ်ကြပါရန် ဓမ္မမိတ်ဆွေသူငယ်ချင်း၊ ညီတော် နောင်တော်များအား

အသိပေးအကြောင်းကြားအပ်ပါသည်။

ပုံ။ http://www.technobuzz.net/how-to-secure-gmail/

Heart

 
Use your heart to listen to the Teachings, not your ears.
 
Ajahn Chah

Friday, June 24, 2011

ပြည်တွင်းဖြစ်နိုင်ငံခြားသား


ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့
ရေးသူ- လူထုစိန်ဝင်း

´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။
သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။
ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။
နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။

´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့
အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ရုန်းနေတာ ပျင်းတာလား။

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။
မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊
တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊
ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့
၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။

ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။
သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။

 မြို့ရွာနဲ့ အလှမ်းဝေးကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ
သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရတာပါ။
 ဒီလူမျိုးတွေကို ပျင်းသတဲ့လား။
တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊
ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး
မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။
စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။
စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး
စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို
ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာတွေကျတော့ ထည့်မပြောကြဘူး။

ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံနည်းပြီး
စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ
``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။
``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့
အရှေ့တိုင်းက လူဝါတွေလောက်ဆိုးတာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။
သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။

မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။
ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။
နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ
နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး
တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊

တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း
ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။
မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင်အောင်
အဆင့်သင့် လုပ်ထားရတာလေ။

မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင်တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။

နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ
သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။
စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။

ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊
စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။
မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။
ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။
အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊
သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့
´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။

ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့်ဘဲနဲ့
ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။
မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊
အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။
စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။
ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။

နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။
တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။
ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး
ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။
ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်

အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊
တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး
အလုပ်လုပ် ပေးနေကြတယ်လေ။
မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ
သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ်
ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။
အပြစ်မတင်ပါဘူး။

ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက်
ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက်
ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊
ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့
သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ
လူထုစိန်ဝင်း၏ ဆောင်းပါးကို ကြိုက်လို့ ကူးယူ ဖော်ပြသည်)

Thursday, June 23, 2011

ဘုန်းကြီး၊ မိန်းမနှင့် chatting (၃)


နိုင်ငံခြားလို့ခေါ်တဲ့တခြားနိုင်ငံကို ပညာသင်ထွက်နေတဲ့ မြန်မာရဟန်းတော်တွေထဲမှာ
တကယ့်ကို သာသနာချစ်စိတ် ဘာသာချစ်စိတ် လူမျိုးချစ်စိတ်နဲ့
ပညာသင်ထွက်နေတာအများကြီးပါ။

ဘွဲ့ရရုံလောက်၊ မြန်မာပြည်က ရိုးသားတဲ့ ဒကာ ဒကာမတွေထံက
ငွေအလှူခံကောင်းရုံလောက် (so-called) ပညာတော်သင်ထွက်နေတဲ့
မြန်မာရဟန်းဆိုတာ အနည်းငယ်ပဲ ရှိပါတယ်။
ဒီလိုအလေအလွင့်ရဟန်း ရည်ရွယ်ချက်ကင်းမဲ့တဲ့ ရဟန်း၊
ရိုးသားတဲ့ အားနာတတ်တဲ့ မြန်မာလူမျိုးတွေထံက ညာစားတတ် ညာတောင်းတတ်တဲ့
(so-called) နိုင်ငံခြားပညာသင်ရဟန်းများ ရှိနေတာ မဆန်းပါဘူး။

အမဲရှိမှ အဖြူရဲ့အရောင်ဟာ ပိုပြီးပေါ်လွင်ပါတယ်။
အကာရှိမှ အနှစ်က ပိုတန်ဘိုးရှိတာပါ။

ဒီလိုမျိုး ညာစားတတ်တဲ့ရဟန်းတွေရှိမှ တကယ့်ရိုးရိုးကုတ်ကုတ်နဲ့
ဘာသာ သာသနာအတွက် ကြိုးစားနေတဲ့ ရဟန်းတော်တွေရဲ့ ဂုဏ်က ပိုပေါ်လွင်မှာပါ။
တကယ်တော့ တခြားနိုင်ငံထွက်ပြီး ပညာသင်နေတဲ့မြန်မာရဟန်းတော်တွေထဲမှာ
အလေအလွင့်ရဟန်းတော်တွေ
အခွင့်အရေးလိုချင်တဲ့ ရဟန်းတော်တွေ
အချောင်နေ အချောင်စား ရဟန်းတော်တွေ ပါဝင်နေတာ
အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကလဲ ဒါမျိုးတွေ ရှိခဲ့တာပါဘဲ။
ရှင်ဒေ၀ဒတ်ကို ကြည့်။
အမပေးထားရလို့ အခွင့်အရေးများရမလားလို့
ဘုရားထံမှာ ရဟန်းဝတ်လာတာပါ။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော့ ပျော်ရွှင်ဝမ်းသာနေတဲ့ သုဘဒ်ရဟန်းကြီးကိုကြည့်။
အချောင်နေ အချောင်စားချင်လို့ ရဟန်းဝတ်လာတာပါ။

သာသနာ့သမိုင်းကို ပြန်ကြည့်။
အသောကမင်းလက်ထက် အခွင့်အရေးလိုချင်လို့၊ အချောင်နေ အချောင်စားနေချင်လို့
ရဟန်းဝတ်လာတာတွေ တွေ့ရပါတယ်။
မြန်မာ့သမိုင်းမှာရော၊ ရှိမှာပါဘဲ။
ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ဦးနုခေတ်၊
ဦးနေ၀င်းခေတ်၊ န၀တ၊ နအဖ၊ ခုခေတ်၊ ရှိနေအုံးမှာပါ။ အချောင်စားတွေ။
ဒီလို အချောင်စားတွေက အနည်းစုပါ။ တော်တော်နည်းပါတယ်။

ဒီလို သာသနာ့ချစ်စိတ်နဲ့ ရဟန်းဘောင်ရောက်လာတာမဟုတ်ဘဲနဲ့
သာသနာ့ပညာတွေသင်ပြီး တခြားနိုင်ငံထွက် စာသင်နေတဲ့ရဟန်းများအဖို့
မလုပ်ဝံ့တာ ရှိမယ်မထင်ပါဘူး။
သူတို့တွေက ကွန်ပြူတာလေးလဲ နှိပ်တတ်တော့ ကမျင်းပြီပေါ့။

ဒါနဲ့ဆက်စပ်လို့
လူကိုယ်တိုင်တစ်မျိုး၊ စာနဲ့တစ်ဖုံ လျှောက်ကြားတာတွေ အမျိုးမျိုးတွေ့နေရပါတယ်။
မြန်မာနိုင်ငံမှ တခြားနိုင်ငံကို ထွက်ပြီး အွန်လိုင်း Chatting မှာ
ဂျိုမွှေနေတဲ့ အုပ်စု နှစ်စုရှိတယ်တဲ့။
တစ်အုပ်စုက ဘုန်းကြီးအုပ်စုဖြစ်ပြီး
နောက်တစ်အုပ်စုကတော့ သိပြီးသားဖြစ်တာမို့
မပြောတော့ပါဘူး။

တကယ်တော့ ဒီလိုကြီးအပြောခံရတာ အတော်လေး ၀မ်းနည်းမိပါတယ်။
အတော်လေး ခြောက်ခြားမိပါတယ်။
အတော်လေးရှက်မိပါတယ်။

တခြားနိုင်ငံကိုထွက်ပြီး ပညာသင်နေတဲ့ မြန်မာရဟန်းတော်အများစုက
အထက်တစ်နေရာမှာ ပြောခဲ့သလို ဘာသာ သာသနာ လူမျိုးချစ်စိတ်နဲ့
ရိုးရိုးသားသား ကြိုးစားနေကြတာပါ။
အနည်းစုသော အလေအလွင့်ရဟန်းတော်များကြောင့်
တစ်လှေလုံး အပုပ်အပွအဆင့်အတန်း ရောက်နေရပါပြီ။
မိမိတို့ ရဟန်းတော်တွေကို သာမန်အဆင့်အတန်းမျှမရှိတဲ့
သာမာန်လူတို့တောင် မပြုဝံ့တဲ့ အပြုအမူတွေ ပြုလုပ် ပြောဆိုနေတာလို့
လူအများစုက အထင်သေး အမြင်သေးဖြစ်နေကြပါပြီ။

ဒါ့ကြောင့် သာသနာ့ဘောင်တွင်းဝင်ရောက်နေတဲ့
သာသနာကို မှီခိုနေတဲ့ထိုထိုသော ရဟန်းများ
အွန်လိုင်း chatting မှာ ပေါက်တတ်ကရတွေ မပြောတော့ပါနဲ့လို့
လျှောက်ထားပါရစေ။

ဒကာ ဒကာမများကိုလဲ ဒီလိုအနည်းစု ရဟန်းကြောင့်
ရိုးသား ကြိုးစားနေတဲ့ ပညာသင်နေကြတဲ့ ရဟန်းတော်တွေကို
အထင်သေး အမြင်သေး မဖြစ်စေလိုပါဘူး။
ခွဲခွဲခြားခြားကြည့်တတ်ပါစေ။

ဒီလို chatting မှာပေါက်တတ်ကရတွေ ပြောနေတဲ့ရဟန်းတွေနဲ့ပတ်သက်လို့
ဒကာကြီးတစ်ဦးလျှောက်ထားလွှာကို သတ်ပုံမပြောင်းဘဲ
မူရင်းအတိုင်း တင်လိုက်ပါတယ်။
နိုင်ငံခြားမှာ ပညာတော်သင်နေတဲ့ ရဟန်းတော်များနှင့်တကွ
အားလုံး ဆရာတော် သံဃာတော်များ သတိကြီးစွာ ဖတ်ပေးတော်မူကြပါဘုရား။

လျှောက်ထားလွှာ

ဆရာတော် အရှင် ဦးဣန္ဒက ဘုရား
တပည့်တော် ရိုသေစွာဦးခိုက်ရိုကြိုးရှိခိုးလိုက်ပါတယ်ဘုရား။
တပည့်တော်ကတော့ Australia Sydney မှာ
နေထိုင်တဲ့ ဦးကိုကြီး ဖြစ်ပါတယ်ဘုရား။ တပည့်တော်သိချင်တဲ့အကြောင်းလေးတွေရှိလို့
ဆရာတော့်ဆီကို
စာရေးမေးလျောက်လိုက်ရခြင်းဖြစ်ပါတယ်ဘုရား။

တပည့်တော်ရဲ့စာထဲမှာအမှားများပါသွားရင် တပည့်တော်ကို
ဘာမှမသိတဲ့တကာတစ်ယောက်အဖြစ်သတ်မှတ်ပြီးခွင့်လွှတ်ပေးပါဘုရား။
ခေတ်ရေစီးကြောင်းနဲ့အတူ စီးဆင်းမျောပါလာတဲ့ ရဟန်းတော်များအကြောင်းကိုမေးချင်တာပါဘုရား။

ဖြစ်ပုံကဒီလိုပါ။

တပည့်တော်က တိုင်းတပါးမှာအကြာကြီးနေထိုင်နေရသူဖြစ်ပေမယ့်လို့
ရတနာသုံးပါးကိုတော့ တကယ့်ကိုယုံကြည်အားထားသူပါဘုရား။
တပည့်တော်လိုပဲတပည့်တော်နဲ့ပတ်သက်သူအားလုံးကိုလဲ
အဲလိုနေစေချင်တဲ့ဆန္ဒကြောင့်တပည့်တော်သိသလောက်လေးကို
မျှဝေပေးတတ်တဲ့အကျင့်လေးကိုလုပ်လေ့ရှိပါတယ်ဘုရား။ ဒါကြောင့်လဲပဲအပြောခံရတယ်ထင်ပါတယ်ဘုရား။

ရတနာသုံးပါးထဲက ဘုရားနဲ့ တရားအကြောင်းကိုပြောရင်
 ငြိမ်နေတတ်တဲ့ တပည့်တော်ရဲ့ဘာသာခြားမိတ်ဆွေမြန်မာအတော်များများက
အထူးသဖြင့် အမျိုးသမီးများက သံဃာနဲ့ပတ်သက်ပြီးပြောရင်
နှာခေါင်းရှုံ့ချင်တတ်ကြပါတယ်။

ဘာကြောင့်အဲလိုဖြစ်သလဲမေးတော့
နင်တို့ကသာ အထူးတလယ်ကိုးကွယ်နေတာ
နင်တို့ ဘုန်းကြီးတွေက အွန်လိုင်းပေါ်မှာပြောချင်တာပြော
လုပ်ချင်တာလုပ်နေကြတာလေ လို့ပြောလာတော့
တပည့်တော်လဲ မခံချင်တဲ့စိတ်နဲ့ ပြန်ပက်မိတာပေါ့ဘုရား။

ဒါပေမယ့်
သူတို့ပြောတာကတော့ နင်ကဘာသိလို့လဲ
ငါတို့က ကိုယ်တွေ့
နင်တို့အားထားယုံကြည်နေတဲ့ ဘုန်းကြီးတွေက
သူများပေးတာကိုယူပြီး ဘာမှအလုပ်မလုပ်ပဲ
အွန်လိုင်းပေါ်ထိုင်ပြီး ဟိုကောင်မလေး အင်ဗိုက်လုပ်လိုက်
ဒီလူနဲ့ရည်းစားစကားပြောလိုက် လုပ်နေတာကိုသိရဲ့လားတဲ့။

တပည့်တော်လဲသေချာအောင်မေးကြည့်မှ
တပည့်တော် သူငယ်ချင်းတစ်ယောက်အတွေ့အကြုံကိုပြောပြပါတယ်ဘုရား။
သူက facebook တို့ Gtalk တို့ ဘာတို့ကိုသုံးလေ့ရှိတာကိုးဘုရား
မြန်မာထုံးစံအတိုင်းလေ။

တစ်နေ့ ဘုန်းကြီးတစ်ပါးကလာအက်လို့
သူက ကောင်းကောင်း မွန်မွန်ပဲလက်ခံစကားပြောပါတယ်တဲ့။
အစ အချိန်အတော်များများအထိတော့ ဘုရားနဲ့ပတ်သက်တာ
ကံနဲ့ပတ်သက်တာ ပြောနေပေမယ့် လေးငါးခြောက်လကြာလို့ ရင်းနှီးလာတော့
စီးပွါးရေးစကား ဘာသာရေးစကားအပြင် ရည်းစား စကားပါပြောလာပါသတဲ့။

ဘုန်းကြီးတွေက ရည်းစားစကားပြောလို့ရလားမေးတော့
ငါတို့လဲ ကိလေသာမကုန်သေးတာမို့ ပြောလို့ရတာပေါ့လို့ပြန်ဖြေပါသတဲ့။ ကိလေသာမကုန်သေးရင်
ဘာလို့ဘုန်းကြီးဝတ်နေသေးလဲ လူထွက်လိုက်ပါလား ဆိုတော့
အင်းမလုပ်အဲမလုပ်နဲ့ ယောင်တိယောင်တောင်လုပ်နေပြန်ရောတဲ့။
စိတ်ဆိုးလို့ နင်နဲ့ ငါနဲ့ ပြောပြန်တော့
ငါက ဘုန်းကြီးဆိုတာကို မမေ့နဲ့ဦးလေ
ဘုန်းကြီးကိုမရိုမသေပြောရင် ငရဲကြီးတတ်တယ်လို့ပြန်ပြောပါသတဲ့လေ။
ဘာသာခြားရဲ့ထုံးစံအတိုင်း သူတို့က တစ်ခွန်းမခံပြန်ပြောတာပေါ့
ငရဲ ကြီးအောင်လုပ်တဲ့လူက ငရဲကို အရင်သွားရမှာလို့။

ခက်တာက သူတို့ပြောတာကို တပည့်တော်ကယုံရအရမ်းခက်နေပြန်ရော။
သူတို့ကဘာသာခြားဆိုတော့ တပည့်တော်ကိုးကွယ်တဲ့ဘာသာကို
စော်ကားတာပဲ့လေလို့ ယူဆမိလို့ပါ။

ဒါပေမယ့် မကြာခင်က မြန်မာပြည်ကိုပြန်သွားမှ ပိုသိရတော့တယ်ဘုရား။
တပည့်တော်မှာ ညီမ နှစ်ယောက်ရှိပါတယ်
တစ်ယောက်က ဘန်ကောက် အေဘက် တက္ကသိုလ်မှာ နာစဉ်တက်နေတာပါ
တစ်ယောက်တော့ အနီးအနားနိုင်ငံမှာအလုပ်လုပ်နေပါတယ်ဘုရား။
မတွေ့ရတာကြာပြီဖြစ်တဲ့ဘန်ကောက်က ညီမကိုတွေ့ချင်လို့
မြန်မာပြည်မှာဆုံဖို့ပြောရင်း မြန်မာပြည်ကို မြန်သွားမိပါတယ်ဘုရား။

တပည့်တော်မြန်မာပြည်ရောက်တော့ ဗုဒ္ဓဘာသာထုံးစံအိမ်မှာဆွမ်းကပ်တာပေါ့ဘုရား။
ဒါပေမယ့် အရင်က ဘာသာကို ရိုသေကိုင်းရှိုင်းရုံမက
ဘုန်းကြီးများကိုပါ ရိုသေတတ်တဲ့ တပည့်တော်ရဲ့ ညီမအငယ်
ပြောင်းလဲ သွားတာကိုသတိထားမိပါတယ်ဘုရား။

သူက ဆွမ်းစားမှာပါလာတဲ့ နိုင်ငံခြားပညာသင်နှစ်ပါးပါလာတာနဲ့တင်
အရိုအသေမပေးတော့တာပါ။
တပည့်တော်က သိချင်နေပေမယ့် ကိစ္စက မပြီးသေးတာကြောင့်မမေးဖြစ်ပါဘူး။
အားလုံးပြီးလို့ သိချင်တာကိုမေးကြည့်မှ သူ့ကအကုန်ပြောပြပါတယ်ဘုရား။

သူတက်နေတဲ အေးဘက်(ABAC)
တက္ကသိုလ်မှာ မြန်မာဆရာအများကြီးရှိကြသလို မြန်မာကျောင်းသားတွေလဲအများအပြားရှိပါသတဲ့။
ကျောင်းသူတော်တော်များများက တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ
နေထိုင် ပညာသင်ကြားနေတဲ့ ရဟန်းငယ်အတော်များများနဲ့ သိနေကြတယ်တဲ့ဘုရား။
အဲဒီအထဲမှာ တပည့်တော် ညီမလဲပါတာပေါ့။

သူ့အဖြစ်က ဒီလိုပါ။

ဘုန်းကြီးနဲ့ ခင်မင်ရတာ စိတ်ငြိမ်းချမ်းရမယ် ဘာသာအတွေ့အကြုံရမယ်ဆိုတဲ့အတွေးနဲ့
facebook က နေတဆင့် ခင်လာတဲ့ ဘုန်းကြီးတစ်ပါးနဲ့
Gtalk ပြောင်းပြီးစကားပြောတဲ့အထိရင်းနှီးလာပါသတဲ့။
ဘုန်းကြီးဆီကလဲ ဘုရား တရားနဲ့ ပတ်သက်ပြီးအတော်အတန်သိရလို့
ကျေနပ်လို့မဆုံးခင်မှာပဲ တပည့်တော်ညီမကို
အဲဒီဘုန်းကြီး ရည်းစားစကားပြောပါရောတဲ့။

အစကတော့ ညီမက အံ့သြနေတာပေါ့နော်။
နောက်တော့လဲ လူသားပါပဲလေဆိုပြီး နားလည်မှုနဲ့ဆက်ပြောနေပေမယ့်လို့ ရည်းစားအဖြစ်လက်မခံတော့ဘူးဆိုတာသိရက်နဲ့
မိတ်ဆွေအဖြစ် အသိအမှတ်ပြုဖို့မျက်နှာပြောင်တိုက်ပြီးနေသတဲ့လေ။
နောက်တော့ မဖြစ်တော့ဘူးဆိုပြီး
တပည့်တော်ညီမကပဲ ဘလောဂ်လုပ်ပြစ်လိုက်ရတယ်လို့ပြောပါတယ်။

ကျန်တဲ့သူငယ်ချင်းတွေလဲ တပည့်တော်ညီမလိုခံရတာရှိပါသေးသတဲ့။
နာမည်နဲ့ နိုင်ငံကိုမပြောတာတော့ ကျေးဇူးတင်ရမယ်ထင်ပါတယ်ဘုရား။
အကြည်ညိုမပျက်တော့ဘူးပေါ့ဘုရား။

ညီမကပြောသေးတယ် အဲလိုအပြောခံထားရတော့
ရဟန်းငယ်မျက်နှာတွေကိုမြင်ရင် ရှိခိုးလို့မရတော့ဘူးတဲ့ဘုရား။
အဲလောက်တောင်မျက်နှာပြောင်တိုက်နေကြပြီလားဘုရား။
တကယ်သာ အဲဒါအမှန်ဆိုရင် တပည့်တော် အတော့်ကို စိတ်မကောင်းဖြစ်မှာပါပဲ။
ဆရာတော် စဉ်းစားကြည့်ပါဘုရား။

တပည့်တော်တအားယုံကြည်ကိုးစားလာတဲ့ ဘုန်းကြီးများ(သံဃကိုယ်စား)က
ရှေ့ဆောင်လမ်းပြလုပ်ပြီး ဒီလိုလုပ်ပါသတဲ့။
တပည့်တော်မယုံချင်ပေမယ့် မျက်စိမှိတ်ယုံရပါတော့မယ်။
အဲဒီလို ရဟန်းငယ်များ တကယ်ပဲရှိနေပြီလားဘုရား။
ပညာသင်ထွက်ပြီးသာသနာပြုတယ်ဆိုတာရော ဘာကို ပြောပါသလဲဘုရား။
ဒီလိုသာလုပ်နေမယ်ဆိုရင်ပေါ့။

တပည့်တော် ရဟန်းငယ်များဖက်ကနေစဉ်းစားပေးပါသေးတယ်ဘုရား။
သူတို့လဲ လူငယ်တွေမို့ စိတ်ဖြစ်လောက်တယ်ပေါ့ဘုရား။
ဒါပေမယ့် အဲလိုဖြစ်တယ်ဆိုရင်လဲ လူနာမည်နဲ့လုပ်သင့်တာပေါ့ဘုရား။
အခုက ပြောင်ကြီးကိုလုပ်နေကြပြီလေ။

အရင်က မိတ်ဆွေမြန်မာဘာသာခြား
တွေပြောတုန်းကမယုံခဲ့ပေမယ့် အခုတော့ ယုံလိုက်ရပြီးဘုရား။
ဒါကြောင့် တပည့်တော်သိချင်တဲ့မေးခွန်းလေးတွေကိုဖြေပေးစေချင်ပါတယ်ဘုရား။

၁။ ဘုန်းကြီးများ အင်တာနက်သုံးတာဟာ အပြစ်မရှိဘူးလားဘုရား

၂။ မိန်းကလေးများကို စိတ်ဒုက္ခရောက်အောင် ဒေါသဖြစ်အောင် လုပ်ပေးသူ ဘုန်းကြီးကရော ပိုအပြစ်မဖြစ်ဘူးလားဘုရား။ ငရဲ ခံရရင် သူတို့ပိုခံရသင့်တာပေါ့။
ဥပမာ အရက်ရောင်းသူလိုပေါ့ဘုရား
သူရောင်းလို့သောက်သုံးသူပေါများလာတဲ့အတွက် ပိုမိုအပြစ်ခံရသလိုပေါ့ဘုရား။

၃။ နိုင်ငံခြားပညာသင်၊ သာသနာပြုထွက်တယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါသလဲဘုရား။

၎။ သာသနာမျက်နှာညှိုးအောင်လုပ်သူများ(လုပ်သောသူကိုသာဆိုလိုသည်) ကို သာသနာဖျက်လို့ခေါ်နိုင်ပါသလားဘုရား။

၅။ နိုင်ငံခြားပညာသင်လို့ထွက်လာပြီး
အဲဒီလိုအွန်လိုင်းပေါ်ထိုင်ရင်းမဟုတ်တာ လုပ်နေတာဟာ တကာ တကာမများရဲ့ ငွေကိုဖြုန်းတီးရုံမက သဒ္ဓါတရားကိုပါဖျက်ဆီးသလိုမဖြစ်ဘူးလားဘုရား။

ပြီးတော့
၆။အဲဒီလိုအွန်းလိုင်းပေါ်မဟုတ်တာလုပ်တဲ့ ရဟန်းငယ်များ များလာတဲ့အတွက် သူတို့ကိုယ်စားရှက်ပြီး မင်းက ဘာ ဘာသာလဲလို့မေးတဲ့အချိန်မှာ ငါက ဘာသာမဲ့ (ရတနာသုံးပါးကိုတကယ်ယုံကြည်သော်လည်း အပြောမခံရအောင်)လို့ ပြောတာရော မုသာဝါဒကံထိုက်ပါသလားဘုရား။

ဆရာတော်ဘုရား
ကျေးဇူးအထူးပြုပြီးတော့ ဒီမေးခွန်းလေးတွေကို ဖြေကြားပေးစေလိုပါတယ်ဘုရား။ ဆရာတော်ကိုမေးရတာကလဲ ဆရာတော်ဟာ နိုင်ငံခြားမှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်နေသလို ဆရာတော်က စာပေကိုနိုင်နိုင်နင်းနင်းရေးနိုင်တဲ့အပြင်
တော်ခဲ့တဲ့ဆရာ နေခဲ့တဲ့ကျောင်း ရခဲ့တဲ့ဘွဲ့တွေကိုကြည့်ရုံနဲ့
အတတ် (၀ိဇ္ဇာ) ရှိသလို အကျင့်လဲ(စရဏ)လဲပြည့်စုံနေမယ်ဆိုတာ
ဆရာတော်ရဲ့ ပရိုဖိုင်ကိုဖတ်ရုံ ဆရာတော်ရဲ့ အတွေးအခေါ်ပါတဲ့စာကို
ဖတ်ရုံနဲ့သိနိုင်တာမို့ ဆရာတော့်ကိုပဲရွေးပြီးမေးလိုက်ရတာပါ။

တပည့်တော်လဲ ဆရာတော်ရဲ့ Dhammagarden Centre အားပေးနေသူတစ်ယောက်ပါ။
ဆိုလိုတာက  ဆရာတော့်ကိုကြည်ညိုရင်းစွဲ ရှိနေတာကြောင့်ပါ။

ပြီးတော့ တပည့်တော်တိုက်တွန်းလိုက်ပါရစေဘုရား
နိုင်ငံခြားပညာသင် နိုင်ငံခြားသာသနာပြုရဟန်းတော်များကို
နိုင်ငံခြားပညာသင်လူငယ်ကြားမှာ နာမည်မပျက်စေဖို့ ဂုဏ်သရေရှိစေဖို့ စာလေးတစ်ခု အသိပေးလေး တစ်စောင်လောက်ရေးပေးပါလားဘုရား။

အနာဂါတ်သာသနာအားဟာ
အနာဂါတ်လူငယ်များလက်ထဲမှာသာရှိနေတာကြောင့်ပါဘုရား။
ဆရာတော်နဲ့ပတ်သက်သူ ရဟန်းငယ်များကိုလဲ
တကယ်လို့မထိန်းနိုင်ဘူးဆိုရင်လဲ လူအကောင့်နဲ့ပဲ
ရည်းစားစကားပြောကြပါလို့ အကြံပေးချင်ပါတယ်ဘုရား။
မိကျောင်းမင်းကိုရေခင်းပြတာတော့မဟုတ်ပါဘူးဘုရား။
အကြံပေးရုံသက်သက်ပါ။

သာသနာဟာ ဘာသာခြားတွေကြားမှာ
ဝင့်ကြွားစေလိုတဲ့ စေတနာသက်သက်ကြောင့်ပါဘုရား။
ဆရာတော် ကျန်းမာချမ်းသာ၍ စာပေကောင်းများကိုရေးသားကာ သာသနာကောင်းစွာပြုနိုင်ပါစေဘုရား။
(ဆရာတော့်ကိုတော့အထူးပင်ယုံကြည်ပါတယ်။
ရဟန်းငယ်များလုပ်သလိုမလုပ်ဘူးဆိုတာပေါ့။
မပြောတတ်လို့မှားသွားရင်လဲ ခွင့်လွှတ်နားလည်ပေးပါဘုရား။

ဆရာတော်တင်ထားတဲ့ လယ်တီဆရာတော်စတဲ့
တကယ့်ဆရာတော်ကြီးတွေကိုတင်ထားတဲ့အတွက်
ဆရာတော်ရဲ့ အကျင့်စရဏကို ခန့်မှန်းမိပါတယ်ဘုရား။)

တပည့်တော်
ဦး______
Australia

ပုံ၊ http://blog.pumkin.com/2010/06/its-good-to-talk-and-chat.html

Wednesday, June 22, 2011

ဘုန်းကြီး၊ မိန်းမနှင့် chatting (၂)


မင်းကွန်းဆရာတော်ကြီး အားသွန်ခွန်စိုက် တည်ထောင်ခဲ့တဲ့
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ဟာ
အခုဆိုရင် နှစ်ပေါင်း ၂၅ နှစ်တင်းတင်းပြည့်ပါပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလ ၂၄ ရက်နေ့မှာ
ရန်ကုန်၊ ကမ္ဘာအေးမှာရှိတဲ့ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ
၂၅ နှစ်ပြည် ငွေရတုသဘင်ကို
စည်စည်ကားကား ခန်းခန်းနားနားကျင်းပမယ်လို့
သာသနာ့တက္ကသိုလ် (မန္တလေး) မှာ လက်ထောက်မော်ကွန်းထိန်းလုပ်နေတဲ့
သူငယ်ချင်းဘုန်းကြီးက သီတင်းပို့ပါတယ်။

ဒီပွဲမှာ ကန်တော့ခံ သြ၀ါဒခံယုံလောက်တင်မဟုတ်ဘဲ
ဒီတက္ကသိုလ်ကြီးများရဲ့ နှစ်ပေါင်း ၂၅ တာ ကာလအတွင်း
တိုးတက်မှု ဆုတ်ယုတ်မှုတွေကို စာတမ်းဖတ်သင့်ကြောင်း၊
ဆွေးနွေးသင့်ကြောင်း အကြံပြုလိုက်ပါသေးတယ်။

တကယ်တော့ သာသနာ့တက္ကသိုလ်ကြီးတွေပေါ်ပေါက်လာတာ
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအတွက် ကံကောင်းခြင်းလက်ဆောင်ပါဘဲ။

လွန်တော်မူသွားရှာပြီဖြစ်တဲ့
ဆရာတော်ဦးသီလာနန္ဒ (ပါမောက္ခချုပ်ဟောင်း၊ ITBMU) က
“အင်္ဂလိပ်ခေတ်တုန်းက လယ်တီဆရာတော်ဘုရားကြီးသာ မပေါ်ပေါက်ခဲ့ဘူးဆိုရင်
မြန်မာပြည် သာသနာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်” လို့
ပြောခဲ့ဘူးပါတယ်။

အင်္ဂလိပ်ခေတ်မှာ လယ်တီဆရာတော်ဘုရားကြီးရဲ့
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအပေါ်မှာ ဘယ်လောက်အထိအရေးပါခဲ့တယ်ဆိုတာ
ဆရာတော်က ပြောချင်တာနေမှာပါ။

ဒီစကားမျိုးကို ထပ်ပြောရရင်
ခုလိုမျိုးရုပ်ပိုင်းဆိုင်ရာတိုးတက်မှု အလွန်မြန်ဆန်လွန်းနေတဲ့ခေတ်မှာ
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလောကမှာ သာသနာ့တက္ကသိုလ်တွေများ မပေါ်ပေါက်ခဲ့ရင်
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသာသနာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ ရှေးရိုးအတိုင်း (ရှေးသင်ရိုးအတိုင်း) လိုက်နေတဲ့
ဆရာတော်ကြီးတွေ ဘုန်းကြီးတွေ ဦးဇင်းတွေ ကိုရင်တွေရဲ့
သာသနာတော်အပေါ် စောင့်ရှောက်မှု၊ အားထုတ်မှုတွေ
အနည်းငယ်မျှ မှုန်ဝါးသွားစေလိုတဲ့စိတ်ဆန္ဒ လုံးဝမရှိပါဘူး။
ရှေးရိုးအတိုင်း မလိုက်ရဘူးလို့ မဆိုလိုပါဘူး။ လိုက်ပါ။

ဒါပေမဲ့ ခေတ်ရေစီးကြောင်းနောက်ကို အမှီလိုက်နိုင်တဲ့
ခေတ်လူငယ်တွေကို ခေတ်နည်းနဲ့ ပြောနိုင်ဟောနိုင်အောင်
သင်ပေးတဲ့ ဗုဒ္ဓဘာသာပညာသင်ဌာနတွေ လိုအပ်တာတော့အမှန်ပါ။
ခေတ်ရဲ့လိုအပ်ချက်ကို သာသနာ့တက္ကသိုလ်ကြီးတွေပေါ်ပေါက်လာပြီး
ဖြည့်ဆည်းပေးနိုင်လို့ အင်မတန်မှ ကြည်နူးဝမ်းသာဖြစ်ရပါတယ်။

သာသနာ့တက္ကသိုလ်ကြီးတွေမှာက
ပိဋကတ်စာပေ၊ သာသနာ့သမိုင်း၊ သာသနာနဲ့ဆက်စပ်တဲ့ပထ၀ီဘာသာရပ်၊
မြန်မာစာ၊ သက္ကတဘာသာတွေအပြင်
အင်္ဂလိပ်စာနဲ့ ကွန်ပြူတာပညာရပ်တွေကိုပါ မဖြစ်မနေသင်ယူရပါတယ်။

သာသနာ့တက္ကသိုလ်တွေမှာ လေးနှစ်ပညာသင်ယူပြီး
တောင်တန်းသာသနာပြု ကြွရပါတယ်။ ပြီးမှ တက္ကသိုလ်က
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့အပ်နှင်းပါတယ်။
ဂုဏ်ထူးတန်းဆက်တက်ခွင့်ရတဲ့ဦးဇင်းတွေ ဂုဏ်ထူးတန်းဆက်တက်ပေါ့။
အခုတော့ သာသနာ့တက္ကသိုလ်ကြီးများက PhD ဘွဲ့အထိ အပ်နှင်းနေပြီလို့ သိရပါတယ်။

ဒီသာသနာ့တက္ကသိုလ်ကြီးတွေအပြင် ဆရာကြီးဦးမြင့်ဆွေတည်ထောင်ထားတဲ့
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊
သီတဂူဆရာတော်တည်ထောင်တဲ့
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဆိုတာတွေလဲ ရှိပါသေးတယ်။
အဲ့ဒီတက္ကသိုလ်တွေလဲ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ ဘာသာရပ်တွေကို
သင်ကြားပေးနေတဲ့တက္ကသိုလ်တွေပါဘဲ။

ဒီလိုမျိုးတက္ကသိုလ်တွေသာ စနစ်တကျနဲ့လုပ်လို့ အောင်မြင်လိုက်ပြီဆိုရင်
ကမ္ဘာမှာ မြန်မာဟာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လာရင် အလေးပြုခံရအုံးမှာပါ။
ဒီလိုမျိုးတက္ကသိုလ်တွေမှာ စာသင်သားဦးဇင်းတွေ
မြောက်များစွာသင်ယူနေတယ်လို့လဲ သိရပါတယ်။

တချို့ ဆိုရင် ဒီလိုမျိုးတက္ကသိုလ်တွေတက်ပြီး
အိန္ဒိယလိုနိုင်ငံမျိုး၊ သီရိလင်္ကာလိုနိုင်ငံမျိုး၊ ထိုင်းလိုနိုင်ငံမျိုးတွေမှာ
ပညာဆက်လက်သင်ယူနေကြတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၂၀၀) ကျော်၊
သီရိလင်္ကာနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၂၀၀) ကျော်နဲ့
ထိုင်းနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာရဟန်းတော် (၁၀၀) ကျော်ရှိကြောင်းသိရပါတယ်။

ဒီလိုနိုင်ငံအသီးသီးမှာ ဒီလောက်များပြားလှတဲ့ရဟန်းတော်တွေ
ပညာသင်ယူနေတာ အတော့ကို အားရစရာကောင်းပါတယ်။

ဒါပေမဲ့……

ဒီဒါပေမဲ့က အတော့ကို အရေးပါပါတယ်။
ဒီလောက်များပြားတဲ့ရဟန်းတော်တွေ သူများနိုင်ငံမှာ
ပညာသင်ယူနေတာဟာ တကယ့်စေတနာမှန်နဲ့ရော ဟုတ်ရဲ့လား။

စေတနာမှန်ဆိုတာက
ဘက်စုံက ကျရှုံးနေတဲ့ မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာသနာရေးဘက်က မကျရှုံးရအောင် ကယ်တင်လိုတဲ့ စေတနာကို ပြောတာပါ။
ဒီလိုမျိုးစေတနာနဲ့ သူများနိုင်ငံကို သွားပြီး သင်နေကြတာဟုတ်ပါရဲ့လား။

ဒီမေးခွန်းအတွက်
ရဟန်းတော် (၈၀% ) ရှစ်ဆယ်ရာခိုင်နှုန်းလောက်က
ဟုတ်ပါတယ်လို့ ဖြေမှာ ယုံကြည့်ပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ်။
သူများနိုင်ငံကို စာသင်စထွက်တယ်ဆိုကတည်းက
သူများနိုင်ငံက ပညာသင်နည်းစနစ်နဲ့ အမိနိုင်ငံက ပညာသင်နည်းစနစ်
ယှဉ်ထိုးကာ ခေတ်မှီမှီ အဆင့်အတန်းမှီမှီ ထိထိရောက်ရောက်
သာသနာပြုချင်လို့ပါ။

ဒါပေမဲ့ ရဟန်းတော် (၂၀%) နှစ်ဆယ်ရာခိုင်နှုန်းကတော့
ခပ်ရိုင်းရိုင်းပြောရရင် အလေအလွင့်တွေလို့ပဲ ပြောပါရစေ။
တခြားဦးဇင်းတွေ နိုင်ငံခြားထွက်လို့ လိုက်ထွက်တာပါ။
သာသနာတိုးတက်စေလိုတဲ့စိတ်၊ နိုင်ငံတိုးတက်စေလိုတဲ့စိတ်၊
သာသနာချစ်စိတ်၊ နိုင်ငံချစ်စိတ် အလျင်းမရှိပါဘူး။

ဒီလိုမျိုးအလေအလွင့်ရဟန်းတော်တွေကို
အင်္ဂလိပ်စာသင်ပေးလိုက်ရတာ၊ ကွန်ပြူတာသင်ပေးလိုက်ရတာဟာ
ကြောင် တောင်ပံတပ်ပေးလိုက်တာနဲ့ တူပါတယ်။

ကြောင်ဆိုတာမျိုးက တောင်ပံမပါတာတောင်
သူ့အနီးအနားက သတ္တ၀ါတွေကို လိုက်လံဖမ်းဆီးသတ်ဖြတ်နေတာမို့လား။
တောင်ပံသာ တပ်ဆင်ပေးလိုက်လို့ကတော့ … စဉ်းစားသာကြည့်ပေတော့။
ဒီလိုမျိုး ဒီလောက်အကြာကြီး နိဒါန်းချီရေးနေရတာဟာ
ဒကာကြီးတစ်ယောက်က ပေးပို့လိုက်တဲ့ Email စာကြောင့်ပါ။

(လိုရင်းရောက်တော့မှာပါ၊ ဆက်ရေးရပါအုံးမယ်) 
ပုံ၊ http://immabook.blogspot.com/2010/04/bahaya-chattingskypeyminbox-fbetchati.html

Tuesday, June 21, 2011

ဘုန်းကြီး၊ မိန်းမနှင့် chatting (၁)


ဟိုနေ့က ရင်းနှီးတဲ့ဒကာတစ်ဦးကျောင်းကိုရောက်လာချိန်
စကားတွေ တော်တော်များများပြောဖြစ်တယ်။

သူပြောတဲ့ထဲမှာ
သူတို့မိဘ၊ ဘိုးဘွားတွေခေတ် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်လောက်က
သူတို့ရဲ့မိဘတွေ၊ အဖိုးအဖွားတွေ
သူတို့လောက် ကံမကောင်းကြောင်း၊
ဘာပြုလို့လဲ ဆိုရင် မိဘ အဖိုးအဖွားတွေခေတ်တုန်းက
တရားဘာဝနာအားထုတ်ဖို့ တရားရိပ်သာများ ဒီနေ့ခေတ်လောက်မပေါများကြောင်း၊
ဒီနေ့ခေတ်တွေမှာတော့ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ
တရားရိပ်သာကျောင်းတိုက်တွေ ပေါ်ပေါက်လာကြောင်း၊ ပေါများလာကြောင်း၊
ဒါ့ကြောင့် အလွယ်တကူ တရားအားထုတ်ဖို့ရနိုင်ကြောင်း၊
ဒါ့အပြင် တရားနာချင်တဲ့သူတွေအတွက်
တရားစီဒီခွေများလဲ အလွယ်တကူရရှိနိုင်ကြောင်း၊
အင်တာနက်ရှိတဲ့သူတွေဆိုရင်
တရားစီဒီခွေ ၀ယ်ယူစရာမလိုဘဲ 
အင်တာနက်က အလွယ်တကူ နာယူနိုင်ကြောင်း
လျှောက်ထားပါတယ်။

ဘာသာရေးနဲ့ပတ်သက်ပြီး အကောင်းဘက်ကရှုမြင် လျှောက်ထားလာတာပါ။
ဒီဒကာလျှောက်ထားသလို
တကယ်ပဲ မြန်မာပြည် သာသနာရေးအခြေအနေ တိုးတက်လာသလား။
သာသနာရေးအခြေအနေကို ပြောတော့မယ် ဆွေးနွေးတော့မယ်ဆိုရင်
သာသနာနဲ့ဆက်စပ်တဲ့ စာပေတွေကို သင်ပေး၊ သင်ယူမှု (ပရိယတ္တိ) နဲ့
ကျင့်ကြံမှု (ပဋိပတ္တိ) ဘယ်လောက်အထိ မြင့်မားသလဲဆိုတာကို
အကဲခတ်ရပါမယ်။

သင်ပေး၊ သင်ယူမှုကို ထား၊
ကျင့်ကြံမှုအပိုင်းကို အရင်လေ့လာကြည့်ရအောင်။
ကျင့်ကြံမှုကို ပဋိပတ္တိလို့ခေါ်ကြတယ်။
မြန်မာပြည်မှာ တရားကျင့်ဘို့ ရိပ်သာတွေ မှိုလိုပေါလာတာမှန်ပါတယ်။
တရားပြတဲ့ဘုန်းကြီးတွေ ဆရာတော်ကြီးတွေလဲ ဒုနဲ့ဒေးပဲ။
တရားပြတဲ့ဘုန်းကြီးတွေကို ပထမဆုံးစီစစ်ကြည့်ရအောင်။
လက်လှန်းမှီသလောက် ပြောပြရရင်
မြန်မာပြည်မှာ နာမည်အကြီးဆုံးဖြစ်တဲ့
မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာဆိုပြီး ရိပ်သာကြီးနှစ်ခုရှိတယ်။

မဟာစည်ရိပ်သာကို အဦးဆုံးတည်ထောင်သွားတဲ့မဟာစည်ဆရာတော်ကြီးရော
မိုးကုတ်ရိပ်သာကို အဦးဆုံးတည်ထောင်သွားတဲ့ မိုးကုတ်ဆရာတော်ကြီးပါ
ပရိယတ္တိလို့ခေါ်တဲ့ စာပေသင်ယူမှု၊ သင်ပေးမှုတွေကို
တဖက်ကမ်းခတ် တတ်မြောက်တဲ့ ဆရာတော်ကြီးတွေ ဖြစ်ပါတယ်။
ဆရာတော်ကြီးနှစ်ပါးစလုံးဟာ ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်စာပေတွေကို
နှံ့စပ်ကျွမ်းကျင်တော်မူကြပါတယ်။

ဒီလို ပိဋကတ်စာပေတွေကို ဒိုးလိုမွှေ ရေလိုနှောက်ခဲ့တဲ့ဆရာတော်ကြီးတွေဟာ
အချိန်တန်တော့ ပဋိပတ္တိလိုင်းပြောင်းပါတယ်။ ကျင့်ကြံတယ်ပေါ့။
သင်ပေး သင်ယူခဲ့ယုံတင်မက ကျင့်ကြံပြီးမှ
 ကျင့်လို့ သိခဲ့တဲ့၊ ဖတ်လို့သိခဲ့တဲ့ တရားတော်တွေကို ဒကာ၊ ဒကာမတွေကို
ပြန်လည်ဟောကြားပေးတာဆိုတော့
ဆရာတော်ကြီးတွေရဲ့တရားတော်တွေဟာ နာလို့ ကောင်းမှကောင်း၊
ပိဋကတ်အဆီအနှစ်တွေချည်းပဲ။

ယနေ့ခေတ်မှာရော။
မဟာစည်ရိပ်သာကို ၀င်ပြီး တရားထိုက်သင့်သလောက်ကျင့်၊ တရားနာပြီး
ပြန်လည်ဟောကြားပေးတဲ့သူကို မဟာစည်နည်းနဲ့ တရားဟောတယ်တဲ့။
မိုးကုတ်ရိပ်သာကို ၀င်ပြီး တရားထိုက်သင့်သလောက်ကျင့်၊ တရားနာပြီး
ပြန်လည်ဟောကြားပေးတဲ့သူကို မိုးကုတ်နည်းနဲ့ တရားဟောတယ်တဲ့။

တရားဟောတဲ့ဆရာတော်တွေထဲမှာ
အချို့ဆရာတော်တွေက ပရိယတ္တိစာမေးပွဲများအောင်မြင်ပြီးမှ
ကိုယ်နှစ်သက်ရာရိပ်သာဝင်၊ တရားအားထုတ်၊ ပြန်ဟောလေ့ရှိတယ်။
ပရိယတ္တိမကင်းတဲ့ပဋိပတ်သမားဖြစ်တော့ သူ့အောက်မှာ
တရားကျင့်ရတဲ့ တရားနာရတဲ့သူအတွက် ယုံကြည်စိတ်ချရတာပေါ့။

ဒါပေမဲ့ စာပေလဲ ဘာမှ မသင်ဘူး။ တရားကလဲ ကောင်းကောင်းမကျင့်ဘူးပဲနဲ့
တရားရိပ်သာစခန်းပွဲတွေမှာ တရားပြနေတာ နည်းမှန် လမ်းမှန် ကျနိုင်ပါ့မလား။

ကျရှုံးချိန် ဆုံးရှုံးချိန်ရောက်လာရင် မကောင်းတာတွေကို အကောင်းထင်ပြီး
မကောင်းတဲ့သူကို ၀ိုင်းသြဘာပေးတတ်တဲ့ သဘောသဘာဝရှိတယ်။
သာသနာတော်ကြီးလဲ ကျရှုံးချိန် နီးကပ်လာလို့လားမသိဘူး။

ပရိယတ္တိပိဋကတ်စာပေမတတ်တဲ့ တရားဟုတ္တိပတ္တိမကျင့်ဘူးတဲ့သူတွေက
တရားပြနေတယ်တဲ့။ အံ့သြစရာပဲ။ သူတို့ပဲ ထိပ်တန်းရောက်နေကြတယ်။
အများစုကလဲ ဘာသာရေးအခြေခံနည်းတော့
ဘာမှခွဲခြမ်းဝေဘန်နိုင်အားမရှိကြဘူး။
ဒီတော့ လက်သီးလက်မောင်းတန်းနိုင်တဲ့ ဘာမှ မတတ်တဲ့ တရားဟောဘုန်းကြီးမျိုး
နေရာရလာတာ ဆန်းတော့ မဆန်းဘူး။

ပရိယတ္တိပိဋကတ်စာပေကောင်းကောင်းမသင်ဘူးတဲ့
အချို့တရားဟောဘုန်းကြီးများကလည်း စာလေးတွေဖတ်၊ မှတ်၊
အကောင်းဆုံးစကားလုံးကို ရွေးချယ်၊ လူတွေရှေ့မှာ ပြောပြ၊
လူတွေကျအောင် ပြောပြ၊ ဟုတ်နေတာပဲ။ လူတွေကို ချက်ချင်း ကျသွားတာပဲ။

လူတွေမှာကလဲ ကိုယ့်ဒုက္ခနဲ့ကိုဆိုတော့ သိပ်ပြီး စာကောင်းပေကောင်း မဖတ်နိုင်တော့ဘူး။
ဖတ်နိုင်တဲ့ဘုန်းကြီးက ဖတ်ထားတာလေးကို (အကျင့်မပါဘဲ) ဟောပြလိုက်တော့
ဒို့ဘုန်းကြီးတော်တယ် ဖြစ်ကုန်ရော။

ရိပ်သာအသီးသီးကို သွားပြီး တရားကျင့်တဲ့သူတွေရော။ အခြေအနေဘယ်လိုလဲ။
ရိပ်သာတွေကို သွားပြီး ၁၀ ရက်စခန်း၊ တစ်လစခန်း စသည်ဖြင့်
တရားကျင့်တဲ့ယောဂီတွေကိုလဲ သူများနိုင်ငံတွေမှာလို
စစ်တမ်းကောက်ယူသင့်တယ်။

တရားထိုင်တဲ့ယောဂီတွေ ဆယ်ရက်လောက်ထိုင်လိုက်တာ
ဘယ်လောက်နားလည်တယ်၊ ဘယ်ဥာဏ်လောက်အထိရောက်သွားတယ် စသဖြင့်
ရှိသမျှယောဂီတွေကို စစ်တမ်းကောက်ယူသင့်တယ်။

နောက်ပြီး ရိပ်သာအသီးသီးကို ရောက်လာတဲ့သူတွေရဲ့
တရားအားထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလဲ မေးသင့်တယ်။

အလုပ်မရှိလို့လား၊ အလုပ်အားလို့လား၊ စိတ်ကျရောဂါကြောင့်လား၊
သားသမီးက ထိုင်ခိုင်းလို့လား၊ သူငယ်ချင်းက ခေါ်လို့လား၊
အသက်ကြီးလာလို့ သူများထိုင်လို့ ရောထိုင်တာလား၊
သံဝေဂကြောင့်လား၊ နိုင်ငံတော်က အလုပ်မပေးနိုင်လို့ အလုပ်မရှိအတူတူ
ရိပ်သာသွားတာကောင်းတယ်ဆိုပြီး ရိပ်သာလာတာလားစသဖြင့်
မေးကြည့်ချင်တယ်။ မေးရရင်ကောင်းမယ်။
ထားပါတော့လေ။

ပဋိပတ္တိ အကျင့်နဲ့ပတ်သက်လို့ ကိုယ့်ပေါင်ကို ဒီလောက် လှန်ထောင်းလိုက်ရရင် တော်လောက်ပါပြီ။

ပရိယတ္တိ-သင်ပေး သင်ယူမှုဘက်လှည့်ကြည့်ရအောင်။

သာသနာနဲ့ဆက်စပ်တဲ့စာပေကို သင်ပေး၊ သင်ယူခြင်းလုပ်ငန်းကို
သာသနာတွင်းမှာ အတွင်းကျကျနေထိုင်နေတဲ့
ကိုရင်၊ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်တွေက အဓိကထမ်းဆောင်နေတာပါ။
စာရေးသူတို့ စာမေးပွဲတွေကို ဖြတ်သန်းနေရတဲ့အချိန်တုန်းက
အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊
ဓမ္မာစရိယတန်း ဆိုပြီး အတန်းတွေ အဆင့်ဆင့် သတ်မှတ်ထားတယ်။

အတန်းတိုင်းကို ရန်ကုန်၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဆောင်ဦးရွက်ပြုပြီး
သင့်တော်မဲ့ဆရာတော်တွေကို ပင့်ကာ မေးခွန်းထုတ်စေပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ စာဖြေဌာနအသီးသီးက စာဖြေသံဃာတော်တွေကို
တစ်ရက်တည်း တစ်ချိန်တည်းမှာ ဖြေဆိုစေပါတယ်။
စာမေးပွဲအောင်ဘို့ တစုံတခုသောအတိုင်းအတာအထိ
အတော်ကြိုးစားခဲ့ရပါတယ်။

စာမေးပွဲအောင်မြင်တဲ့ ကိုရင်ဦးဇင်းတွေကိုလဲ
စာအောင်ဆုနှင်းသဘင် ခန်းခန်းနားနားကျင်းပပေးပါတယ်။
မြို့နယ်အသီးသီးမှာရှိကြတဲ့ တာဝန်ရှိ လူကြီးတွေအားလုံးတက်ရောက်ကာ
အောက်လက်မှတ်ကို ဆက်ကပ်ကြပါတယ်။

ယနေ့ခေတ်မှာတော့ အတော်လေးခြားနားသွားပြီဆိုတာကို
မြန်မာပြည်ခဏပြန်တုန်းက သူငယ်ချင်း စာချဘုန်းကြီးတစ်ပါးက ငြီးတွားလို့
သိခဲ့ရပါတယ်။

ဒီနေ့ခေတ်မှာ အခြေပြုမူလတန်းဆိုတာ မရှိတော့ဘူးတဲ့။
ပြဌာန်းစာတွေမှာလဲ မြန်မာစာ ဆိုတာကို ဖြုတ်ပစ်လိုက်ပြီတဲ့။
ဒီလို မြန်မာစာဖြုတ်ပစ်လိုက်တဲ့အတွက်
ခုခေတ်ကိုရင်ဦးဇင်းတွေ မြန်မာစာတစ်ကြောင်းကို ဖြောင့်ဖြောင့်မရေးနိုင်တော့ဘူးတဲ့။

ပထမငယ်တန်းစတဲ့ ပထမပြန်စာမေးပွဲတွေကလဲ အရင်တုန်းကလို
ရန်ကုန်က မေးခွန်းထုတ်တာ မဟုတ်တော့ဘူးတဲ့။
ပြည်နယ်နှင့်တိုင်းအသီးသီးက ဘုန်းကြီးတွေက
ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းအတွက် ကိုယ့်ဟာကိုမေးခွန်းထုတ်ပြီး
ကိုယ့်ဟာကို စာမေးပွဲကျင်းပနေရတယ်တဲ့။

အကျိုးဆက်ကတော့ တချို့ ပြည်နယ်၊ တချို့တိုင်းတွေက ကိုရင် ဦးဇင်းတွေက
ပညာရည်အဆင့်အတန်းမှီပေမဲ့ တချို့နေရာတွေက ကိုရင်တွေ ဦးဇင်းတွေက
လုံးဝ သုံးစားလို့ မရတော့ဘူးတဲ့။

သူဆက်ပြောတာက
ဓမ္မာစရိယအောင်ပြီးသား ဦးဇင်းတစ်ပါး ရဟန်းခံပွဲတစ်ပွဲမှာ
ကမ္မ၀ါစာ ကောင်းကောင်းမဖတ်တတ်တွေ့လိုက်ရကြောင်း၊
ဒါတွေဟာ ဗုဒ္ဓသာသနာတော်နဲ့ဆက်စပ်တဲ့ပညာရေး ညံ့ဖျင်းလာတဲ့သဘောဆောင်ကြောင်း၊
စာအောင်သံဃာတော်တွေကိုလဲ အရင်တုန်းကလို စာအောင်ဘွဲ့နှင်းသဘင်မလုပ်တော့ဘဲ
ကျောင်းတိုက်အသီးသီးကို အောက်လက်မှတ်လေးတွေကို လူတစ်ယောက်နဲ့ ပို့ပေးလိုက်ကြောင်း
စသဖြင့် လက်ရှိ ပရိယတ္တိပညာရေးနဲ့ဆက်စပ်ပြီး ငြီးတွားပြပါတယ်။

သူပြောပြမှ ဟိုတလောက အလည်လာတဲ့စာချဘုန်းကြီးတစ်ပါးပြောတဲ့စကား
နားထဲပြန်ကြားယောင်လာတယ်။
“ခုခေတ်ကိုရင်တွေ ဦးဇင်းတွေ၊ ပထမကြီးတန်းအောင်ပြီးတာတောင်
‘ငါ ကျောင်းကို သွားမယ်’ ဆိုတဲ့စကားကို ပါဠိလို မရေးတတ်တော့ဘူး တဲ့။
သူပြောတာ အများစု ကိုရင် ဦးဇင်းကို ပြောတာနေမှာပေါ့လေ။
အနည်းအကျဉ်းတော့ ရေးတတ်တန်ကောင်းပါရဲ့။

ပထမကြီးတန်းအောင်မြင်ပြီး ကိုရင်ဦးဇင်းတွေအတွက်
ဆက်လက်ပညာသင်ယူဘို့ ရွေးချယ်ရမဲ့လမ်းတွေထဲမှာ
မင်းကွန်းဆရာတော်ကြီး ပင်ပင်ပန်းပန်းတည်ထောင်သွားတဲ့
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)
ပေါ်ပေါက်လာလို့ သာသနာအတွက် ဖြေသိမ့်လို့ ရလိုက်ပါတယ်။
ခုခေတ် သာသနာ့ပညာရေးမှာ ဒီတက္ကသိုလ်တွေဟာ အတော်လေးအားထားရာဖြစ်လာတယ်။

(ဆက်လက်ရေးရအုံးမှာပါ၊ လိုရင်းမရောက်သေးပါဘူး)
ပုံ။ http://imakulatanadia.blogspot.com/2011/03/chatting-dengan-tuhan.html

Monday, June 20, 2011

ပိုက်ဆံနဲ့ဘာသာ

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့


ဖိုးပညော (သပိတ်ကျင်း)

ငွေဟာ လူတွေရဲ့ သည်းခြေကြိုက် တစ်မျိုးဖြစ်ပါတယ်။
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။
ငွေကြောင့် လူတွေချမ်းသာသုခရကြသလို
ငွေကြောင့်လည်း သောကပင်လည်ဝေနေကြရတဲ့ လူတွေလဲ အများကြီး ရှိပါတယ်။
ငွေကို လူတွေ ဘာကြောက်မက်နေကြတာလဲလို့ဆိုရင်
အဓိကအကြောင်းရင်းကတော့
စားဝတ်နေရေး ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။

စားဝတ်နေရေး ကျန်းမာရေးအတွက်
ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွတ်တဲ့ လူတွေတောင် ရှိပါတယ်။
တချို့က ငွေသာရမယ်ဆိုရင် မိမိရဲ့ အရှက်နဲ့ သိက္ခာကို စတေးပြီး ရှာကြံကြပါတယ်။
တချို့ကတော့ သူတစ်ပါးတွေရဲ့ အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပါတယ်။
တချို့ကြပြန်တော့လည်း မျက်မှောက်ဘ၀မှာ ဖြစ်ပျက်နေတဲ့ ဘ၀ပြဿနာကို
ဖြေရှင်းနိုင်ဖို့အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါ ထည့်မစဉ်းစားနိုင်တော့ပဲ
ဘ၀ကို ရေစုံမျှောလိုက်ကြတဲ့ လူတွေလဲ ရှိခဲ့ကြပါတယ်။

မိမိတို့ ဘိုးဘွားစဉ်ဆက်တွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုစတာတွေလည်း သတမထားနိုင်ဘဲ လက်ရှိတွေ့ကြုံနေရတဲ့
ဘ၀အခက်အခဲကို ပြေလည်သွားရင် ပြီးတာပဲဆိုပြီး
အမျိုး၊ ဘာသာအပေါ် သစ္စာမဲ့သွားကြတဲ့လူတွေလည်း အများကြီးပဲ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ်။

ကိုကြည်လွင်၊ မခင်အုံးမြင့်တို့မှာ သားသမီးခြောက်ယောက်ရှိပါတယ်။
အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီမို့
မိဘတွေနဲ့ အတူမနေကြတော့ပါဘူး။
ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့အတူနေပြီး
သုံးယောက်ကတော့ ကျောင်းတက်နေတုန်းဖြစ်ပတယ်။

ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ဆေးလိပ် အရက်စတာတွေလည်း မသောက်မစားပါဘူး။
သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ပီသစွာ လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။
  
 အသက်ငါးဆယ်လောက်အရောက်မှာတော့
ကိုကြည်လွင်ရဲ့ ဘ၀ကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။
တနေ့မှာ ကိုကြည်လွင်ဘ၀အတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့
လေဖြတ်ခြင်းရောဂါဆိုတဲ့ အရိပ်မဲကြီး ကျရောက်ခဲ့ပါတယ်။
ခန္ဓာကို ညာဘက်တခြမ်းလုံး ဘယ်လိုမှ လှုပ်ခြားလို့ မရတော့ပဲ
အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့ရပါတယ်။
တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘ၀ရပ်တည်နေတဲ့
မိသားစုစားဝတ်နေရေးဟာ တော်တော်လေး ကျပ်တည်းသွားရပါတယ်။

ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှပစ္စည်းလေးတွေကို
ထုခွဲရောင်းချပြီး ကုသပေးပေမဲ့လည်း ထူးခြားခြင်းမရှိခဲ့ပါဘူး။
ဇနီးဖြစ်သူ မခင်အုံးမြင့်အနေနဲ့လည်း
အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ခဲ့ဘူးတာ မဟုတ်ပါဘူး။
 ဒါပေမဲ့ အခုလို အရေးကြုံလာတဲ့အခါမှာတော့
မိသားစုစားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ
အိမ်တကာအ၀တ်လျှော်လိုက်၊ မိုးတွင်းကာလမှာ ချောင်းမြောင်းထဲက
ကန်စွန်းရွက်ခူးရောင်းလိုက်၊ သူတပါးအိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလိုက်
စတဲ့ကျပမ်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ်။

မခင်အုံးမြင့်ရဲ့ ကြိုးစားမှု လုံ့လ၀ီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ
အချောင်လည်ကြီး မဟုတ်ပေမဲ့ ငါးပိရေနဲ့ ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ်။

ဒါပေမဲ့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို
သူတို့မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျတဲ့
နေ့တစ်နေ့ နောက်ထပ် ကြုံတွေ့လာရပြန်တယ်။

မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ သူတို့မှီခိုအားထားနေထိုင်ရာ
အိမ်ဂေဟာကို ဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ်။

မခင်အုံးမြင့်ဟာ လေဖြတ်ရောဂါနဲ့ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့
ကိုကြည်လွင်ကို ပြုစုနေရတာက တစ်မျိုး၊
မိသားစုစားဝတ်နေရေး ကျပ်တည်းရတာက တစ်ဖုံ၊
နေအိမ်ပြိုလဲသွားရတာက တစ်နည်းဆိုတော့
သောက အပူလုံး ကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ်။

ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံ အိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင်
တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး။
ကိုကြည်လွင်သာ ကျန်းမာရေးကောင်းနေမယ်ဆိုရင်လည်း ပြိုလဲပျက်စီးသွားတဲ့
အိမ်ရဲ့ အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ်ဆိုရင်တောင်
ဖြစ်သလိုနေနိုင်လောက်တဲ့အိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ်။
အခုတော့
သူတို့မိသားစုအနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ၀ိသကြုံနတ်သားဖန်ဆင်းပေးမဲ့
အိမ်ဂေဟာကိုပဲ မျှော်လင့်နေရပါတယ်။

ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်မပါ၊
လိုရာမရောက် ခရီးမပေါက်ဖြစ်နေတဲ့အပြင်
အသက်ရှင်လျက် ဘ၀သေသလိုဖြစ်နေပါတယ်။

နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ
ပျက်စီးဆုံးရှုံးသွားကြတဲ့မိသားစုတွေကို လူမျိုးအသီးသီး ဘာသာစုံအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ
စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုကြည်လွင်၊ မခင်အုံးမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း
ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း
လာရောက်လှူဒါန်းလျက်ရှိပါတယ်။
အဲသည်ပုဂ္ဂိုလ်တွေဟာ
မရှိဆင်းရဲနွမ်းပါးတဲ့လူတွေကို လူသားချင်း စာနာထောက်ထားပြီး
ရိုးရိုးသားသားနဲ့ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင်
ဝမ်းမြောက်နုမော် သာဓုခေါ်စရာဖြစ်ပါတယ်။

ဒါပေမဲ့
ပွဲလန့်တုန်းဖျာခင်းဆိုတဲ့ ပုံစံမျိုးဆိုရင်တော့
ဒါဟာ တကယ့်စေတနာ အစစ်အမှန် မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အလှူဒါနပြုကြပြီဆိုရင်
ကိုယ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ထံက
ဘာမှ မျှော်လင့်ချက်မထားပါဘူး။
ဗုဒ္ဓကလည်း ခံတွင်းက ထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို
ကပ်ငြိတွယ်တာခြင်းမရှိပဲ
လွတ်လွတ်ကျွတ်ကျွတ်စွန့်ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။

အချို့ဘာသာဝင်တွေက အဲ့ဒီလို မဟုတ်ပါဘူး။
ကိုယ့်ဆီကပေးရင် သူဆီကလဲ ပြန်လိုချင်မှုတွေ ရှိကြပါတယ်။
အဲဒါကတော့ အခြားတော့မဟုတ်ပါဘူး။
သူတို့နဲ့ အမြင်တူ အကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို
အစားအသောက် အကူအညီ အထောက်အပံ့တွေပေးပြီး
ဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိကြပါဘူး။ ကိုယ်ကျွေးမွေးထောက်ပံ့လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင်
အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး ပုဂ္ဂိုလ်မရွေးဘဲ
လွတ်လွတ်စွန့်ကြဲ ပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ်။
ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေ ချမ်းသာသွားတာကို မြင်လိုက်ရရင်ပဲ
အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဌလက်ငင်း ကြည်နူးမှုဖြစ်ရတဲ့
ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ်။

အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ်။
အစတုန်းကတော့ ဘာတစ်ခုမှ တောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ်။
ကိုကြည်လွင်တို့ မိသားစုကလည်း သူတို့မိသားစု ဒုက္ခသုက္ခရောက်နေတဲ့ အချိန်မှာ
လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်မဆုံးရှိကြပါတယ်။
နောက်တဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေ ရှိလာကြပါတယ်။

သူတို့ရဲ့တောင်းဆိုမှုတွေကတော့
“ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာ ကျွန်တော်တို့က ကျွေးမွေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဘုရားက ကျွေးမွေးနေတာပါ။
ကျွန်တော်တို့ဘုရားက သူ့ကို အားထားယုံကြည်မယ့် လူသားတွေကို
ဘယ်တော့မှ ပစ်မထားဘူး။ သူရဲ့ တန်းခိုးတော်နဲ့ စောင့်ရှောက်နေတယ်။
ခင်ဗျားတို့မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင်
ခင်ဗျားတို့ အခုလောလောဆယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲပြဿနာတွေကို
ကျွန်တော်တို့ဘုရားရဲ့ ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိ ကူညီပါ့မယ်။
ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်ဆောက်ပေးမယ်။ 
ကျောင်းထုတ်ထားရတဲ့ကလေးတွေကိုလည်း
ကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ်။
ခင်ဗျားမှာဖြစ်နေတဲ့ရောဂါကိုလည်း
ကျွန်တော်တို့ဘုရားရဲ့ မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိ
အထူးကုဆရာဝန်တွေနဲ့ ကုသပေးပါ့မယ်။
အခုလိုပြောရတာကလည်း ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ။
ဒီလိုကယ်တင်တဲ့နေရာမှာလည်း
ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ ဖြစ်နိုင်မှာမို့ပါ။
အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင်
ကျွန်တော်တိှု့ဆီကို အကြောင်းကြားပါ။”

ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်တဲ့အချိန်မှာ
မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ်။
မိမိတို့ ငယ်ငယ်လေးထဲက အရိုးစွဲအောင် ကိုးကွယ်ယုံကြည်ခဲ့တဲ့အာသာတရားကို
စွန့်လွတ်ပြီး
စားဝတ်နေရေး ကျန်းမာရေးကြောင့် အခြားဘာသာတရားကို
ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ
အိပ်မက်တောင်မှ မက်ခဲ့ဖူးတာ မဟုတ်ပါဘူး။
အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက  မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါတယ်။

ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာ အချက်နှစ်ချက်ပေါ်လာပါတယ်။
အဲဒါကတော့ ယခုဘ၀ကောင်းစားရေးနဲ့ နောင်သံသရာကျင်လည်ရေးတို့ပဲဖြစ်ပါတယ်။
နောက်ပြီး ဒီကိစ္စဟာ မိသားစုအရေးဖြစ်တဲ့အတွက်
မိမိတစ်ဦးတည်းနဲ့တင်လည်းဆုံးဖြတ်လို့ မရပါဘူး။
အိမ်ထောင်ဦးစီးဖြစ်တဲ့မိမိက
ဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုရင် ဇနီးနဲ့ သားသမီးတွေပါ
 မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ်။

တစ်ဘက်က ကြည့်မယ်ဆိုရင်လည်း
မိမိကျန်းမာရေးကောင်းစဉ်အချိန်အခါက
နှစ်ထပ်အိမ်ကြီးပေါ်မှာ ဘာအပူအပင်မှ မရှိဘဲ နေလာခဲ့တဲ့သားသမီးတွေဟာ
အခုတော့ တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ
ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ်။

မိသားစုစီးပွါးရေးချွတ်ခြုံကျမှုကြောင့်
ကလေးတွေရဲ့ကျောင်းပညာရေးကလည်း
တစ်ပိုင်းတစ်စနဲ့ ကျောင်းထုတ်ထားရပါတယ်။
သားသမီးတွေရဲ့ ဘ၀ရှေ့ရေး၊ မိသားစုစားဝတ်နေရေး။
မိမိရဲ့ ကျန်းမာရေး၊ နောက်ပြီး တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ နေရတဲ့ ဘ၀နောင်ရေးစတာတွေဟာ
ကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့
အခြားဘာသာထဲကို ရောက်ဖို့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။

ဒီအချိန်မှာတော့ အခြားဘာသာဝင်တွေဟာ
ကိုကြည်လွင်တို့မိသားစုနေတဲ့အိမ်ကို
နေညမပြတ် တစ်ယောက်ပြီးတစ်ယောက် ၀င်ထွက်နေကြပြီး
သူတို့ဘုရားက လူသားတွေအပေါ်ကို ဘယ်လို စောင့်ရှောက်တယ်၊
တရားတော်တွေရဲ့ အနှစ်သာရတွေဟာ ဘယ်လို အကျိုးကျေးဇူးများတယ်၊
သူတို့ဘုရားသာလျှင် လူသားတွေအတွက်
ကယ်တင်ရှင်အစစ်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို
လာရောက်စည်းရုံးဟောပြောကြပါတယ်။

သူတို့ဘာသာရေးအဖွဲ့အစည်းများမှလည်း သူတို့လတ်တလောစားသောက်ဖို့၊
ဝတ်ဖို့အတွက် ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်မှအစ အ၀တ်အထည်များကိုလည်း ပို့ပေးကြပါတယ်။
နောက်ပြီး ပြိုလဲနေတဲ့အိမ်ကိုလည်း ပြန်လည်တည်ဆောက်ဖို့အတွက်
သံများ၊ သွပ်များ၊ အသားများကိုလည်း မက်လောက်အောင် ပို့ပေးကြပါတယ်။
ကိုကြည်လွင်ခံစားနေရတဲ့ရောဂါဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်ဆိုပြီး
သူတို့ဘုရားကျောင်းကိုခေါ်ကာ ၀တ်ပြုဆုတောင်းပြီး
အထူးကုဆရာဝန်တွေနဲ့ ကုသပေးကြပါတယ်။
အထူးကုဆရာဝန်တွေရဲ့ ကျေးဇူးကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲဖြစ်နေတဲ့
ကိုကြည်လွင်ရဲ့ ရောဂါဝေဒနာဟာ တဖြည်းဖြည်း သက်သာလာပါတယ်။
အိမ်ကိုလည်း လက်သမားများနဲ့ ဆောက်လိုက်တဲ့အခါ နှစ်ပတ်အတွင်း ပြီးသွားပါတယ်။

ကိုကြည်လွင်တို့ မိသားစုကို အခုလို စေတနာဗလပွနဲ့
ဘာလို့ထောက်ပံ့လှူဒါန်းနေကြတာလဲဆိုရင်
အဖြေကတော့ ရှင်းနေတာပဲ။
ခွေးအ များဟာ သူတို့အစာဖြစ်လာမဲ့သားကောင်ကို
စုပေါင်းအင်အားနဲ့ ၀ိုင်အုံလိုက်ပြီး ကိုက်ဖြတ်စားသောက်သလိုမျိုး ဖြစ်နေပါတယ်။
သူတို့စက်ကွင်းထဲကို ရောက်လာတဲ့သားကောင်ကိုလည်း
အလွတ်ပေးတယ်ဆိုတာ မရှိပါဘူး။
အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုဟာ သူတို့အတွက် သားကောင်ဖြစ်ခဲ့ရသလို
သူတို့ထောက်ပံ့တဲ့ပစ္စည်းတွေဟာလည်း
ကိုကြည်လွင်တို့ မိသားစုအတွက်တော့ အဆိပ်ဖြစ်ခဲ့ရပါတယ်။

ကိုကြည်လွင်တို့နေမယ့် အိမ်လေးဆောက်ပြီးလို့ တစ်ပတ်လောက်အကြာမှာတော့
သူတို့ကို ထောက်ပံ့လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေ စုရုံးရောက်ရှိလာကြပါတယ်။
သူတို့ဘာတွေ ပြောကြတယ်၊ ဘာတွေလုပ်ကြတယ်ဆိုတာကတော့
ကိုကြည်လွင်တို့မိသားစုနှင့် သူတို့သာလျှင် အသိဆုံးဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ နောက်နေ့ မနက်ပိုင်းမှာ
ကိုကြည်လွင်တို့မိဘ ဘိုးဘွားတွေ လက်ထက်ကတည်းက အိမ်ဦးခန်းမှာ
အမြတ်တနိုး ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွါးတော်ဟာ
အိမ်ရှေ့ရှိ ရေမြောင်းထဲ ရောက်နေတယ်ဆိုတာပါပဲ။

အိမ်နီးနားချင်းရှိ ဗုဒ္ဓဘာသာဝင်တွေမှာ ဗုဒ္ဓရုပ်ပွါးတော်
အိမ်ရှေ့ရှိ ရေမြောင်းထဲရောက်နေတာနှင့် ပတ်သက်လို့
တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။

မဆင်မခြင်နဲ့ ဘာသာပြောင်းသွားတဲ့ ကိုကြည်လွင်တို့ မိသားစုကိုလည်း အခြားဗုဒ္ဓဘာသာဝင်တွေက မနှစ်မြို့ကြပေမဲ့ သူတို့ရဲ့ လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့်ကိုတော့ ဘယ်သူမှ မတားမြစ်ကြပါဘူး။

ဒါပေမဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိစ္စနဲ့ပတ်သက်လို့ကတော့
“ခင်ဗျားတို့ မယုံကြည်လို့ မကိုးကွယ်ရင်နေပါ၊
ဒီလို လူမြင်မကောင်းတဲ့နေရာမှာတော့ စွန့်ပစ်မထားပါနဲ့” ဆိုတော့မှ
ဗုဒ္ဓရုပ်ပွါးတော်ကို ပြန်ပင့်ပြီး ရပ်ကွက်ထဲရှိ
ရေကန်ကြီးထဲကို သွားရောက်စွန့်ပစ်လိုက်ပါတယ်။

ဒီနေရာလေးမှာ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး
ပြောစရာ စကားလေးတွေ ရှိလာပါတယ်။
အခြားဘာသာဝင်တွေဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မဲ့
လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာပြီဆိုရင်
အဲဒီပုဂ္ဂိုလ်များကို သူတို့ဘာသာထဲ မရောက်ရောက်အောင်
အစွမ်းကုန်ထိ ကြိုးစားပြီး လက်ကမ်းခေါ်ယူကြပါတယ်။

ဒါပေမဲ့ သူတို့ဘာသာဝင်ထဲက တစ်ယောက်ယောက်ကများ အခြားဘာသာထဲကို ၀င်မယ်ဆိုရင်တော့ သေလုမတတ်ကြောက်ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါဟာ သူတို့ကို အပြစ်တင်စရာ မဟုတ်ပါဘူး။
အတုယူစရာဖြစ်ပါတယ်။

အချို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာတရားအပေါ်
မကြည်ညိုသေးတဲ့သူတွေကိုလည်း ကြည်ညိုတတ်လာအောင်
နည်းပေးလမ်းပြနိုင်မှု မရှိသလို ကြည်ညိုပြီးသားဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက
စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုရေးတွေကြောင့် အခြားဘာသာထဲကို
ပြောင်းသွားရင်လည်း ဘယ်လိုခံစားမှုမျိုးမှ မထားတတ်ကြပါဘူး။

ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကြီးလေးတဲ့ ပေါ့ဆမှုတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာတည်တံ့ဖို့ဟာ
လူတွေအားလုံးရဲ့အပေါ်မှာ အခြေခံထားတာမဟုတ်ပါဘူး။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အပေါ်မှာသာ အခြေခံထားတာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဖြစ်နေပေမဲ့
ဗုဒ္ဓဘာသာမဟုတ်ကြတဲ့လူတွေ အများကြီးရှိပါတယ်။
ဒီလိုပြောလို့ မြန်မာလူမျိုးအချင်းချင်း သွေးခွဲတာလားလို့ မေးစရာဖြစ်လာပါတယ်။
    သွေးခွဲတာ မဟုတ်ပါဘူး။

ဘာသာနဲ့လူမျိုး၊ လူမျိုးနဲ့ဘာသာဟာ တစ်ချို့နေရာတွေမှာ
အတူတကွရှိနေကြသလို ကွဲပြားတာတွေလည်း ရှိပါတယ်။
 မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာလို့ဆိုလိုက်ပြန်ရင်လည်း အများအားဖြင့် မြန်မာလူမျိုးတွေက များပါတယ်။

ဒါ့ကြောင့်မို့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာနိုင်ငံတော်ကြီးမှာ
ရေရှည်တည်တံ့နိုင်ဖို့ဆိုရင် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာကို
ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုး ရှိကြဖို့လိုပါတယ်။

ဟိုရပ်ကွက်က အခြားဘာသာထဲကို တစ်ယောက်ပါသွားလိုက်၊
ဒီရပ်ကွက်က တစ်မိသားစုလုံးပြောင်းသွားလိုက်ဆိုရင် ကြာလာရင်
ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အထောက်အပံ့ပေးနိုင်မယ့် မြန်မာလူမျိုးများ
တဖြည်းဖြည်း လျှော့ပါးသွားနိုင်ပါတယ်။

ဒီအကြောင်းမျိုးတွေကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ
အခြားဘာသာထဲကို ပြောင်းသွားရင် တော်တော်ကိုပဲ စိတ်ထိခိုက်ဖို့ကောင်းပါတယ်။
ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေကို မနှစ်သက်လို့ ဒါမှမဟုတ် အခြားဘာသာရေးတရားတော်တွေကို ယုံကြည်လို့ ပြောင်းသွားတယ်ဆိုရင်တော့
သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်လို့ ပြောလို့ရပါတယ်။

ကိုကြည်လွင်တို့ မိသားစုဟာ သူတို့ပြောင်းသွားတဲ့ဘာသာအပေါ်ကို တကယ်ယုံကြည်မှုအပြည့်ရှိလို့ ပြောင်းသွားကြတာ မဟုတ်ပါဘူး။
လတ်တလောတွေ့ကြုံနေရတဲ့ မိသားစုပြဿနာတွေကို
အဖြေရှာဖို့ ပြောင်းသွားကြတာဖြစ်ပါတယ်။

အခြားဘာသာဝင်တွေက သူတို့ကို ထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေကြေးဟာ လေးငါးခြောက်သိန်းလောက်ပဲ ရှိပါတယ်။
ဒီစကားကို ရှင်းအောင်ပြောရရင် ငွေခြောက်သိန်းနဲ့ လူခြောက်ယောက်ကို သူတို့ဘာသာဝင်ဖြစ်အောင် ၀ယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။

အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်သာ ခြောက်ယောက်လို့ထင်ရပေမဲ့
သူတို့ရဲ့ နောင်ဖြစ်လာမဲ့ မျိုးဆက်သစ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်တော့
ဆယ်ဂဏန်း ရာဂဏန်းတောင် မကပါဘူး။

ဒီနေရာလေးမှာ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးများကို သိစေချင်တာလေးက
အခြားဘာသာရေးအသင်းအဖွဲ့များလို အောက်ခြေသိမ်းသာသနာပြုမယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။

မလိုအပ်ဘဲ ဘုရားတည်တာ ကျောင်းဆောက်တာ
နောက်ပြီး ပေါများတဲ့နေရာတွေမှာ အလှူဒါနပြုတာတွေဟာ
ရေပြည့်အိုးကို ထပ်ဖြည့်သလိုမျိုးဖြစ်နေတတ်ပါတယ်။

ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခုကများ ထောက်ပံ့လှူဒါန်းလိုက်မယ်ဆိုရင်
အခြားဘာသာထဲကို ရောက်သွားစရာအကြောင်းမရှိပါဘူး။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ ကိုကြည်လွင်တို့မိသားစုလို
ဟိုတစ်ယောက် ဒီတစ်ယောက် ဘာသာပြောင်းသွားရုံနဲ့
ဒို့ဗုဒ္ဓဘာသာကြီးတို့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး
ခပ်ပေါ့ပေါ့လေးတော့ မနေလိုက်ကြပါနဲ့။
ကြာလာရင် လူမျိုးရောဘာသာပါ ပျောက်သွားနိုင်ကြတယ်ဆိုတာ
ကောင်းကောင်းကြီး သတိထားကြဖို့လိုအပ်ပါတယ်။

ဒီဆောင်းပါးရေးနေတုန်း မပြီးသေးခင်မှာပဲ အမျိုးဘာသာနဲ့ ပတ်သက်ပြီး ကိုကြည်လွင်တို့ရပ်ကွက်ထဲမှာ
စိတ်မကောင်းစရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြန်ပါတယ်။

ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေက
မရှိဆင်းရဲနွမ်းပါးတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေကို သူတို့ဘာသာထဲဝင်ရင်
အိမ်ဆောက်ပေးမယ်၊ ငွေဘယ်လောက်ပေးမယ်၊ လစဉ်လာတွေ ထောက်ပံ့ပေးမယ်၊
အပတ်စဉ် သူတို့ဘုရားကျောင်းကိုလာရင် ငွေငါးရာနဲ့ ဆန်တစ်ပြီပေးမယ်ဆိုပြီး
ပြောင်ပြောင်တင်းတင်း ၀င်ရောက်စည်းရုံးနေကြပါတယ်။

မရှိဆင်းရဲနွမ်းပါးသူတွေဟာ သူတို့ရဲ့ဘုရားကို ယုံကြည်တာ မယုံကြည်တာထက် လောလောဆယ်ရမယ့် ဆန်တစ်ပြီနဲ့ ငွေငါးရာကိုမက်ပြီး
သူတို့ဘုရားကျောင်းကို သွားနေကြပါတယ်။

အခုလောလောဆယ် ကိုကြည်လွင်တို့ မိသားစုအပါအ၀င်
အခြားဘာသာထဲကို ပြောင်းသွားတဲ့ မိသားစုခြောက်စုရှိသွားပြီလို့ သိရပါတယ်။ အဲဒီမိသားစုခြောက်စုရဲ့ လူဦးရေဟာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ဒါဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့ဖို့အတွက် အပေါင်းလက္ခဏာမဟုတ်ပါဘူး။ အနှုတ်လက္ခဏာသာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် မဖြစ်စလောက်ငွေကြေး အစားအသောက်ရရုံလောက်နဲ့တော့
မိမိတို့ ဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့
ဘာသာတရားကို မစွန့်လွတ်သင့်ပါဘူး။
ဘာသာလည်း သိက္ခာကျသလို လူမျိုးလဲ မျက်နှာငယ်ရပါတယ်။

ဒါလောက်ငွေကြေးလောက်ကတော့ ဘယ်ဘုန်းကြီးကျောင်း၊
ဘယ်သီလရှင်ကျောင်းမှာ ၀င်တောင်းဦးတော့ ရနိုင်ပါတယ်။
အခြားဘာသာ တခြားလူမျိုးတွေဆီမှာ ဘာမှ မျက်နှာသွားငယ်စရာ မလိုပါဘူး။
အခြားဘာသာရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေးကြေးကို ဗန်းပြပြီး
မရှိဆင်းရဲနွမ်းပါးတဲ့ သူတွေအပေါ်
အတင်းအဓမ္မကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး။
အဲ့ဒီလို ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာအပေါ်ကို
တစ်ဘက်လှည့်စော်ကားသလိုမျိုးဖြစ်နေပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ
လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံဆိုတာ သိထားသင့်ပါတယ်။
အဲ့ဒါကြောင့် လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ငွေကြေးနဲ့ဝယ်ယူစရာမလိုပါဘူး။
အဲ့ဒီလို ငွေကြေးနဲ့ ၀ယ်ယူလို့ရတဲ့ဘာသာတရားဆိုရင်လည်း
ဘယ်တော့မှ အစစ်အမှန်ဖြစ်မလာနိုင်ပါဘူး ဆိုတာ
ကောင်းကောင်းကြီးသဘောပေါက်ထားဖို့လိုပါတယ်။

Sunday, June 19, 2011

ပိုက်ဆံနဲ့ပညာ


ပိုက်ဆံက ပညာမဲ့တဲ့သူကို ဖျက်ဆီးတတ်တယ်။

ပညာမရှိတဲ့သူ ပိုက်ဆံရှိလာရင် 
ပိုက်ဆံက ပညာမရှိတဲ့သူကို ဖျက်ဆီးပစ်လိုက်တယ်။


ဟနန္တိ ဘောဂါ ဒုမ္မေဓာ

Riches destroys the foolish.
ဓမ္မပဒဂါထာအမှတ်-၃၅၅
ဓာတ်ပုံ။ http://dhammatraveler.blogspot.com

Saturday, June 18, 2011

လူဆင်းရဲ၊ စာဆင်းရဲ၊ အကုန်ဆင်းရဲ

မြန်မာစာဆင်းရဲကြပုံများ


ရေးသူ- မောင်သာနိုး

ကိုလိုနီခေတ်က မြန်မာအချို့ဟာ
သူတို့ မြန်မာစာညံ့ပါတယ် ဆိုတာကိုပဲ အသားယူစရာလို့ အောက်မေ့ပြီး
"ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့ ကြွေးကြော်လေ့ရှိကြတယ်။
မြန်မာစာဆင်းရဲတယ် ဆိုတော့ အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။
တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ် စကားကလည်း
ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကား။

ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာတော့
ဒီလို အခြောက်တိုက် လေလုံးထွားတတ်သူ မရှိသလောက် ရှားသွားပါပြီ။

ဒါပေမယ့် ပါးစပ်က မြန်မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့်
လက်တွေ့ညံ့ပြနေသူတွေကတော့ ရှိနေတယ်။
ရှိသမှ ရိုးရိုးသာမန် အရပ်သားထဲမှာ မဟုတ်၊
အနုပညာစာပေနယ်ထဲမှာ ၀င်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။

အဓိက ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊
မြန်မာစကားသုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိ မတတ်တာ။
တေးဂီတသမားဆိုတာ ဘာသာစကားကို သုံးရသူပဲ ဖြစ်တယ်။
ခေတ်ပေါ် ဘာသာစကားကို သူလိုငါလို ပြောတတ်၊ ရေးတတ်တဲ့အပြင်၊
အနုပညာသမားဆိုမှတော့ ဂန္ထ၀င်စာပေကိုလည်း
အထိုက်အလျောက် ကျွမ်းဝင်ဖို့ လိုပေလိမ့်မယ်။

သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို လေ့လာဖူးကာ
ပျို့၊ ရတု၊ ဂန္ထ၀င်ကဗျာများကိုလည်း ထဲထဲဝင်ဝင် ရှိသင့်တယ်။

အခုတော့ ရှေးဟောင်း ဂန္ထ၀င်ဆိုတာ မပြောနဲ့ ၊
လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလပေါ်တေးကိုတောင် နားဝေးနေသူတွေ တွေ့နေရတယ်။
နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ
အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။
ဒါတောင် သူ့ရဲ့ "လက်ရေတပြင်တည်း" ကို
ရွှေဥာဏ်တော်စူးပြီး "လက်ရေတပြင်စီး" ရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။

ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက
ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။

နောက်မှ ဒီလိုမဟုတ်ရပါဘူး။
"လက်ရည်တပြင်တည်း" ဆိုတာ "တစိတ်တည်း တ၀မ်းတည်း" လို့ ဆိုလိုတာ ဖြစ်တယ်လို့
ဝိုင်းရေးကြ ထောက်ပြတော့မှ "လက်ရည်တပြင်တည်း" ဖြစ်လာတော့တာ။

ဒါတောင် "မင်းဂံဘုတ်" သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ
"ရှန်တဘက်" မဟုတ်ပါဘူး။  "ရှာတဘက်" ပါလို့ အဲဒီခေတ်ကို
ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့်
ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက "ရှန်တဘက်" နေတုန်းပဲ။

မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို
ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်ပြီး သုံးတတ်သူဖြစ်တယ်။
သူ့တေးစာသားနဲ့လဲတွေ့ရော၊
ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက်ကုန် တော့တာပါပဲ။
(အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက မှောက်ကုန်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်)

ဒါကို ဆရာရဲ့ "ပျို့မှာတမ်း" သီချင်းလေးကို ပြန် ဆို ကကြ သံကြားတိုင်း ခံစားမိတယ်။
ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။
သီဆိုသူတွေကိုတော့ အပြစ်မတင်လိုပါဘူး။
သူတို့ကို သင်ကြားပြသပေးလိုက်တဲ့ ဆရာသမားများက ညွှန်ပြသလို
သူ့ခမျာများ ဆိုကြရတာ ဖြစ်မှာပေါ့။

လုပ်ပုံက
"စားစား သွားသွား- နေ နေ၊ မောင့်အပေါ် ဗွေမယူပေါင်ရှင်" တဲ့လေ။
အရေးအမှတ်မှားပြီး ဒီလို ဖြစ်သွားရသလား၊
လူတတ်လုပ်ပြီး တမင်ပြင်သလားတော့ မသိဘူး။
ကြည့်ရတာ "မောင့်အပူပွေသူ" ဆိုတဲ့ မြန်မာစကားအသုံးကို
ဥာဏ်မမီလိုက်တာနဲ့ ထင်ရာကြဲလိုက်ကြပုံပါပဲ။

"အပူပွေ" တယ်ဆိုတာ "ဗျာပွေ" တယ်နဲ့ အတူတူပါပဲ။
မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ ပွေနေသူပါ၊
ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။
စားလေရာ သွားလေရာ နေလေရာ သူ့မှာ မောင့်အတွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။
မောင်ဘယ်သွားသွား၊ ဘယ်စားစား၊ ဘယ်မှာနေနေ၊ ဗွေမယူပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။

တနေ့က ဆရာငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" သီချင်းကို
ဆိုသွားကြတာတွေ ကြားလိုက်ရ ပြန်တယ်။
ဆရာငြိမ်းရေးရင်းက
"ချစ်သူဟာလဲ မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင်" ရယ်လို့ ဖြစ်တယ်။
ဒါကို "ရောက်နှင့်ခဲ့တာမြင်" လို့ လုပ်သွားကြလေရဲ့။
သူ့ခမျာများ "တဲ့ကာ" မြန်မာစကားအသုံးကို မကြားဘူး ရှာကြဘဲကိုး။

"သွားတဲ့ကာ၊ လာတဲ့ကာ" ဆိုတဲ့ အသုံးအနှုန်း မြန်မာစကားမှာ ရှိပါတယ်။
သူ့နေရာနဲ့ သူ့အဓိပ္ပါယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။
ဒါနဲ့ "ခဲ့တာ" အစားဝင်လို့ မရပါဘူး။

မြန်မာစကားမှာ "လေသွေးတယ်" ဆိုတာ တော်တော်ရိုးပါတယ်။
နှင်းဆီ အဖူး အငုံလေးတွေကို လေသွေးလိုက်တော့
ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ ဖြစ်နေတာကို ခေတ်ဟောင်း တေးရေးပညာရှင်က
"သွေးကာချီ ဖူးပွင့်ငုံဝေစီ" လို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။

ဒါကို ခေတ်ပြန်ဆိုသူက
"ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ" လုပ်ပစ်လိုက်တော့ ပျက်ရော။
ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့ ဖြစ်ခြင်း။

မိန်းမပျိုကလေးရဲ့ ကိုယ်လုံးလေးကို
ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။

သက်ရှိ ခေတ်ဟောင်းတေးရေးဆရာတဦးကတော့ ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ
သူ့သီချင်းစာသားကို မှားဆိုတဲ့အတွက် ဒုက္ခရောက်ရပုံကို
ညည်းတွားရှာတာကို ကြားလိုက်ရဖူးတယ်။
သူ့ရေးရင်းက "ရှမ်းမလေးတွေ အချောရယ် ပေါတယ်" လို့ရေးတာ၊
ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများပါတယ်ပေါ့။

ဒါကို "ရှမ်းမလေးတွေ ချောတယ် ပေါတယ်" လုပ်ပစ်လိုက်တော့ သွားရော၊
ရှမ်းမလေးတွေဟာ ချောလဲ ချောတယ်၊ ပေါလဲ ပေါတယ်လို့ ဖြစ်သွားလေတော့တာပ။

နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက
"မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်" ရယ်လို့ ဖြစ်ပါတယ်။
ကိုအံ့ကြီး သီဆို အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။

ဒါကို နောက်ပါက် အဆိုတော်တဦးက
"မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့" ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။
"မြနန္ဒာ" ကို "မြလေးလေးနန္ဒာ" လုပ်ပစ်တာက ရှိရင်းစွဲ
စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နားလည်ရတယ်။

"ရစ်ကာသန်းတဲ့" ကို "ရစ်ကာသန်းတော့" လုပ်လိုက်တာကတော့
မြန်မာစကားကို မတတ်တာပါပဲ။

ရှေးအတိတ်တဘောင်က "အသက်ကလေးရယ်တဲ့ ရှည်စေလို၊
မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို" ရယ်လို့ ရှိတယ်။
ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။
"ရေညိုသန်းတော့ မန်းတောင်ရိပ်ခို" ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။
"ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခို" ဆိုတာ စကား အဆက်အစပ်ကို မရှိတော့ဘူး။

ပါရမီရှင်က ဖွဲ့သီရေးစပ်ထားတဲ့ တေးဂီတများဟာ
တိုင်းပြည်ရဲ့ အနုပညာရတနာများပဲ ဖြစ်တယ်။
နောင်လာနောက်သားများက တရိုတသေ ထိန်းသိမ်းကြရဖို့ တာဝန်ရှိတယ်။
ကိုယ်စာပေဗဟုသုတ ခေါင်းပါးတိုင်း လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။
အနုပညာသမားရယ်လို့ လုပ်ချင်မှတော့ လေ့လာရမှာပေါ့။

စီးဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို တေးထဲမှာ
သုံးထားတဲ့ ဘာသာစကားကိုလဲ နှိုက်နှိုက်ချွတ်ချွတ် လေ့လာအပ်တယ်။

ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ
"သီချင်းစာသားတွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်တယ်ကွယ်" လို့
ပြောတာကို မှတ်သားလိုက်ဖူးတယ်။
ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့ ရင်ဖွင့်သံပါပဲ။

သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေးကြီးတယ်။
ကနေ့ခေတ် လူငယ်များ မပီကလာ ဆိုကြတာကို ပြောကြရေးကြ လှပါပြီ။
သီချင်းကလေးမဟုတ်၊ သီချင်းကြီးဆိုရာမှာ
စကားမပီတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်တော်လည်း ရေးဖူးပြီ။

"လျှပ်ပန်းခွေနွဲ့" ကို သီဆိုသွားသူတဦးက
"ဘ၀ဂ်စောင်းအောင်" ကို "ဘ၀ဂ်ဆောင်းအောင်" လို့ ဆိုသွားတဲ့အကြောင်းပါ။
"စ" သံ နဲ့ "ဆ" သံကို မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့်
သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။
ရုပ်မြင်သံကြား ကြော်ငြာတခုမှာ "ဝေဒနာ" ကို "ဝေသနာ" လို့ ပြောသွားတာ။
"စောင်းတန်း" ကို "ဇောင်းတန်း" လို့ ဖတ်သွားတာကို (အမှန်က "စောင်းဒန်း") လဲ
ကြားလိုက်ရသေး။ ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီး ရေးပေးလိုက်ပုံ
ရပါတယ်။ ဖတ်တဲ့သူက မဖတ်တတ်တော့ ကိုးရိုးကားရား ဖြစ်သွားရော။

"မြန်မာပြည်တ၀န်း နာမည်ဆန်း" တဲ့။ (ဖြစ်သင့်တာက "မြန်မာပြည်တ၀န်း
နံမည်ဆန်း")။ စာအတိုင်း ဖတ်နေစရာ မလိုပါဘူး။
"ရေးတာက အမှန် ဖတ်တာက အသံ" ဆိုထားတာပဲ။
"နံမည်" လို့ဖတ်မှ "မြန်မာပြည်" နဲ့ ကာရန် ညီမှာပေါ့။

အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာတခုကတော့
"လိပ်ခေါင်းရောဂါရှိလိုက်တာ" တဲ့။
ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။
"အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး" လို့ပဲ
ပြန်အော်ဖို့ ကောင်းတယ်။

"ကျင်းပလိမ့်မှာဖြစ်ကြောင်း"၊ "သွားရောက်လိမ့်မှာဖြစ်ကြောင်း" တဲ့။
မြန်မာစကားမှာ "လိမ့်" နဲ့ "မှာ" တွဲသုံးတာ ရှိကို မရှိဘူး။
ဒီလူတွေ ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိ ရတော့တယ်။

ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြပုံတွေထဲက
သိသာရုံ အကျဉ်းမျှ တင်ပြလိုက်ရတာ ဖြစ်ပါကြောင်း။

[မြင့်မြတ်သူ စာအုပ်တိုက်က ထုတ်ဝေတဲ့
မောင်သာနိုးရဲ့ မြန်မာစကားနဲ့စာပေ စာအုပ်၊ ၂၀၀၁ ခုနှစ်၊ မေလ၊
ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။]
ပုံ။ http://www.waiyanphone.net/

Friday, June 17, 2011

သာသနာပြုချင်သပ ဆိုရင်


မန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက
အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြန်ကြွလာတယ်။ ေ
ရာက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။

သြ၀ါဒထဲမှာ
"သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း"
ထည့်သွင်းပြောကြားသွားတယ်။

သာသနာပြုရဟန်းတော်အနေနဲ့ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ
သင်ရတဲ့ အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။
အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း ဆရာတော်ရဲ့သြ၀ါဒကို
အဲဒီအချိန်အခါတုန်းက နားလည်ခဲ့တယ်။
ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
ဆရာတွေ သင်ကြားပေးတဲ့စာတွေကို ကောင်းကောင်းနှလုံးမသွင်းဖြစ်ခဲ့ဘူး။
ဆရာတွေ ညွှန်ကြားတဲ့ စာအုပ်တွေကို စိတ်ပါလက်ပါ မဖတ်ဖြစ်ခဲ့ဘူး။
စာမေးပွဲ အောင်ရုံပဲ လုပ်ဖြစ်ခဲ့တယ်။
အပေါင်းအသင်းတွေနဲ့ စကားပြော၊ ဝေဘန်၊
အကြောင်းမရှိ အကြောင်းရှာ မြို့ထဲလျှောက်သွား၊
ဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်လွန်စေခဲ့တယ်။

အကျိုးဆက်ကတော့
ဆရာတော် ဦးဥာဏ၀ရပြောခဲ့တဲ့ ၀ိဇ္ဇာ (အတတ်ပညာ) မပြည့်စုံခဲ့တာဘဲ။

အခုအချိန်ကျမှ ရှိသမျှစာ ကုန်းရုန်းဖတ်နေရတော့
သာသနာပြုတဲ့နေရာမှာ ထင်သလောက် ခရီးမရောက်ဘူး။
ခေတ်စာရော ပိဋကတ်စာပေတွေကိုပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် ဖတ်မှတ်ရတယ်။
ဒါမှသာ တရားပွဲတွေမှာ မေးသမျှမေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တာ။

(မှတ်ချက်။ နိုင်ငံခြားတရားပွဲများတွင် မြန်မာပြည်ဓမ္မကထိကဆရာတော်များကဲ့သို့
မျက်စိနှစ်လုံး စုံမှိတ်ကာ "သတည်း" ချရုံမျှဖြင့် မပြီးပါ။
တရားပွဲပြီးဆုံးသောအခါ အမေးအဖြေကဏ္ဍရှိပါသည်။
တရားဟောစဉ် တရားထဲတွင်ပါသော မရှင်းလင်းသော အချက်အလက်များကို
စာရွက်ဖြင့် တရားနာပရိသတ်တို့က ရေးမှတ်ထား၍
တရားပွဲပြီးချိန်တွင် မေးလေ့ရှိရာ မေးသူတို့ ကျေနပ်သည်အထိ
တရားဟောသူက ဖြေကြားပေးရပါသည်။)

ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေးမှာ
ပဋိပတ်မကင်းသော ပရိယတ်သမားဖြစ်ဖို့အတွက်
နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များ သတိပဌာန်တရားအားထုတ်ရပါတယ်။ ဆရာတော်ဦးဥာဏ၀ရ ပြောခဲတဲ့ စရဏ (အကျင့်တရား)နဲ့ ပြည့်စုံဖို့ပင်။

ဒီလို တရားအားထုတ်စဉ်အချိန်တုန်းကလည်း ငယ်ရွယ်သူဖြစ်သည့်အလျှောက်
စိတ်ပါလက်ပါ အားမထုတ်ဖြစ်ခဲ့ဘူး။ ၀တ်ကျေတမ်းကျေပဲ ထိုင်ခဲ့တယ်။
အကျိုးဆက်ကတော့ သတိပဌာန်တရားအားထုတ်တဲ့သူတွေက
ပြဿနာတစုံတရာ မေးလာတဲ့အခါ
(ကိုယ်က သေသေချာချာ ဂဃနဏ အားမထုတ်ဘူးတဲ့အတွက်)
အခက်အခဲများစွာ တွေ့ရခြင်းပင်။
ဒါ့ကြောင့် သာသနာပြုမယ်ဆိုရင် (အထူးသဖြင့်) နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင်
ဝိဇ္ဇာ (အတတ်ပညာ) ရော စရဏ (အကျင့်တရား) ပါ ပြည့်စုံဖို့ အရေးကြီးတယ်။

ဝိဇ္ဇာ (အတတ်ပညာ)နဲ့ ဆက်စပ်ပြီး
မြန်မာစာပေ ပိဋကတ်စာပေတတ်ကျွမ်းထားရမည့်အပြင်
နိုင်ငံခြားသာသနာပြုရဟန်းဖြစ်ဖို့ အင်္ဂလိပ်စာ အင်္ဂလိပ်စကားလည်း တတ်ထားမှ။
ပိဋကတ်စာပေ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင် အင်္ဂလိပ်စကားမတတ်ရင် သာသနာပြုတဲ့နေရာမှာ ခရီးရောက်မှာ မဟုတ်ပါဘူး။

သာသနာ့တက္ကသိုလ်တက်တုန်းက အင်္ဂလိပ်စကားပြောတတ်ချင်လွန်းလို့
ညနေဆိုရင် မန္တလေးတောင်ပေါ်တက်ပြီး
နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားလိုက်ပြောရတာလည်းအမော။

တစ်နေ့ မင်းကွန်းဘက်ကပြန်လာတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ မန္တလေးတောင်ပေါ်မှာတွေ့တယ်။
အင်္ဂလိပ်စကားထိုက်သင့်သလောက်ပြောတတ်နေတဲ့
စာရေးသူ့ကို "ဘွဲ့ဘယ်နှစ်ခုရပြီလဲ" လို့ မေးတယ်။
အဲတုန်းက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရပြီးခါစဆိုတော့
"တစ်ဘွဲ့ရပြီးပြီ" လို့ ပြောရတာပေါ့။
ဒီတော့ နိုင်ငံခြားသား မျက်လုံးပြူးသွားတယ်။
 "ခင်ဗျားက တစ်ဘွဲ့ပဲ ရသေးတာ၊ အင်္ဂလိပ်စကား အတော်ပြောနိုင်သားပဲ၊
ဟိုဘက်ကမ်းက ဘုန်းကြီးတွေက ပြောတယ်၊ သူတို့ ကိုးဘွဲ့ရပြီးပြီတဲ့၊
ဒါပေမဲ့ ခင်ဗျားလို အင်္ဂလိပ်စကား မပြောတတ်ဘူး" တဲ့။
မှတ်ကရော။
နိုင်ငံခြားမှာတော့ မြန်မာပြည်မှာလို ဘွဲ့ကြီးတွေကို နံရံတွေမှာချိတ်ပြီး သာသနာပြုလို့မရပါဘူး။
ဘုန်းဘုန်းက ၉ ဘွဲ့ရပါ၊ ဘုန်းဘုန်းက ၁၂ ဘွဲ့ရထားတာပါလို့ပြောပြီး သာသနာပြုလို့ မရပါဘူး။ လုပ်ရည်ကိုင်ရည်က အရေးကြီးပါတယ်။
နောက်တစ်ခုက အသက်ကြီးတိုင်းလည်း နိုင်ငံခြားမှာ နေရာမရပါဘူး။

သာသနာပြုတဲ့စွမ်းရည်ဟာ အသက်ကြီးတာ (၀ါကြီးတာ)နဲ့ မဆိုင်ပါဘူး။
အရည်အချင်းရှိတဲ့သူက ပလ္လင်ပေါ်တက်ရတာပါ။
အသက်ထက် (၀ါထက်) အရည်အချင်းက ပိုအရေးကြီးပါတယ်။
ဒါဟာ သဘာဝကျပြီး "မြတ်စွာဘုရားရဲ့မူ" လို့ပြောမယ်ဆို ပြောလို့ရပါတယ်။
မြတ်စွာဘုရားက အသက်ကြီးတဲ့ ၀ါကြီးတဲ့ အရှင်ကောဏ္ဍညတို့အဖွဲ့ကို ရာထူးကြီးကြီးမပေးဘဲ အသက်ငယ်တဲ့ ၀ါငယ်တဲ့ (နောက်မှ သာသနာ့ဘောင်ကို ရောက်လာတဲ့)
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ရာထူးကြီးကြီးပေးထားလို့ပါဘဲ။

ဒါကိုထောက်ရှုပြီး ကမ္ဘာ့စံချိန်နဲ့သာမက မြတ်စွာဘုရားရဲ့မူဝါဒနဲ့ပါကိုက်ညီအောင်
 မြန်မာပြည်ရှိ စာသင်တိုက်များ၊ သာသနာ့တက္ကသိုလ်များမှာ
ဝါကြီးတာထက် အရည်အချင်းရှိတဲ့သူများကို ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။

အင်္ဂလိပ်စာမတတ်တဲ့ ဆရာတော်တစ်ပါးနဲ့
အနောက်နိုင်ငံ အင်္ဂလန်ကို ခရီးအတူထွက်ဖူးတယ်။
အင်္ဂလိပ်စာမတတ်တဲ့အတွက် အသေးအဖွဲလေးတွေမှာ
အကြီးအကျယ် ပြဿနာဖြစ်ခဲ့ရတယ်။
လေဆိပ်ဝင်တာနဲ့ ကျန်းမာရေးအတွက် ဆေးစစ်ရတယ်။
သူများတွေ ငါးမိနစ်နဲ့ပြီးရမဲ့ဟာ သူ့မှာ နာရီဝက်နဲ့ မပြီးနိုင်ဘူး။
ဆေးစစ်တဲ့အခန်းထဲ တစ်ယောက်စီဝင်ရတာဆိုတော့
စာရေးသူလည်း ၀င်ပြီး ကူညီခွင့်မရပါဘူး။
နောက်မှ သိရတာက ဟိုကပြောတဲ့စကားကို နားမလည်တဲ့အတွက်
ဓာတ်မှန်ရိုက်တဲ့အခါ အနေအထား တလွဲစီ ဖြစ်ဖြစ် နေတာဆိုပဲ။

ကျောင်းရောက်တော့
ဒကာမကြီးတစ်ယောက်က လှူဖွယ်လေးတွေကို ကိုင်ပြီး လာလှူတယ်။
စာရေးသူလည်း ရေမိုးချိုး အနားယူတယ်။
ခဏနေတော့ ဆရာတော်က စာရေးသူအခန်းထဲဝင်လာပြီး
"မောင်ဣန္ဒက၊ အခုနက ဒကာမကြီးက အလိုက်သိတယ်နော်၊
လန်ဒန်မှာ ရာသီဥတုက အေးတော့ အသားပတ်မှာစိုးလို့ထင်တယ်၊
ဒို့ကို Skin Lotion လာလှူသွားတယ်၊ ကိုယ်တော့ လိမ်းလာခဲ့ပီ" လို့ပြောတယ်။
စာရေးသူလည်း မျက်လုံးပြူးသွားတယ်။
"နေစမ်းပါဦး ဆရာတော်၊ ဆရာတော့် Skin Lotion ဗူးကြည့်ပါရစေဦး" လို့ပြောပြီး
သူ့အခန်းထဲ လိုက်ကြည့်တော့ "ဘယ်ကလာ Skin Lotion ဗူး ဟုတ်ရမှာလဲ၊
အဲဒါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တဲ့အခါ သုံးရမဲ့ဟာ" လို့ ဆရာတော့်ကို ပြောပြရတယ်။

အင်္ဂလိပ်စာ အင်္ဂလိပ်စကား မတတ်ရင် သာသနာပြုဘို့ နေနေသာသာ ဒီလိုအသေးအဖွဲလေးတွေမှာကိုပဲ
အမှားမှားအယွင်းယွင်းဖြစ်နေလို့ ဖြေရှင်းလို့ကို မပြီးနိုင်ဘူး။

ဒါက ၀ိဇ္ဇာ (အတတ်ပညာ) နဲ့ပတ်သက်လို့ တတ်သင့်တာတွေ တတ်ထားဖို့
သတိရတုန်း အကြံပေးဖြစ်တာပါ။

စရဏ (အကျင့်)နဲ့ပတ်သက်လို့လည်း ပြောစရာတွေ တပုံတပင်ကြီး။
နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ရိပ်သာတစ်ခုခုမှာ ဆရာနည်းကျကျ
သတိပဌာန်တရားကို အားထုတ်ထားသင့်တယ်။
သောတာပန်စသည်မဖြစ်တောင် နည်းမှန် လမ်းမှန်နဲ့
တစုံတခုသောအတိုင်းအတာအထိ အားထုတ်ထားသင့်တယ်။

ဓမ္မကထိကလေသံတွေကို နားထောင်တဲ့အခါမှာ (၀ါ) တရားနာတဲ့အခါမှာ
တရားအားထုတ်ဖူးတဲ့ ဓမ္မကထိကလေသံက တရားနာသူ့အပေါ်မှာ ခွန်အားပိုရှိပါတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးမှ တရားဟောသာသနာပြုမယ်ဆိုရင်
ပိုအောင်မြင်မယ်လို့ စာရေးသူတော့ ယုံကြည်တယ်။

အဲ၊ အကျင့် (စရဏ) ဆိုလို့ တရားထိုင်တဲ့အကျင့်သာ မရှိချင်နေမယ်။
ကွမ်းစားတဲ့အကျင့်တော့ ရဟန်းတော်တော်များများရှိကြတယ်။
 မြန်မာပြည် လူတော်တော်များများကလည်း ကွမ်းစားကြတော့
ရဟန်းတော်တွေထံပါ ကွမ်းစားတဲ့အကျင့် ကူးစက်ကုန်ပုံပေါ်တယ်။
အခုနောက်ပိုင်း ရဟန်းတော်တော်များများ (ကိုရင်များပါ)
ကွမ်းစားတဲ့အကျင့်ရှိလာတာကို တွေ့ရတယ်။
ဆွမ်းစားကွမ်းစားဆိုတဲ့ စကားတွဲလုံးတွေကလည်း ရဟန်းတော်များ
ဆွမ်းစားပြီးရင် ကွမ်းစားရမဲ့အလေ့အကျင့်ကို တွန်းအားပေးနေသလိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊
ကွမ်းစားတာဟာ မကောင်းပါဘူး။

စာရေးသူ မလေးရှားနိုင်ငံရောက်တာ တစ်နှစ်ကျော် နှစ်နှစ်ပါးရှိပြီ။
မလေးရှားရောက် ရွှေမြန်မာတွေနဲ့ တရုတ်တွေကို အများဆုံးဆက်ဆံရတယ်။
ရံဖန်ရံခါ သူတို့ရဲ့အိမ်တွေကို သာရေးနာရေးကိစ္စတွေနဲ့ ဆွမ်းစားကြွရတယ်။
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းမှာ ဗမာရှိ မရှိ
လှေကားအတက် ဒေါင့်ကို ကြည်တာနဲ့ သိရတယ်။
ဗမာအများစုဟာ ကွမ်းဝါးလေ့ရှိပြီး ကွမ်းတံတွေးကို
လှေကားအတက်ဒေါင့်တွေမှာ ထွေးလေ့ရှိတာကိုး။

စာရေးသူတော့ ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး
နိုင်ငံခြားမှာ အနေများလာလို့လားတော့ မသိဘူး။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုကြီးထွားလာတယ်။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အနှိမ်ခံရမှာ အရမ်းကြောက်တာပဲ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင်
မခံနိုင်လွန်းလို့ ဖြေရှင်းရတာလဲ အမောပဲ။
ကိုယ့်လူမျိုးကိုလည်း ကြုံတဲ့အခါတိုင်း အသိတရားမြင့်မြင့်နဲ့
အဆင့်အတန်းရှိရှိ သိပ်နေစေချင်တာပဲ။

အိမ်ပေါ်တက်လိုက်လို့ လှေကားဒေါင့်တွေမှာများ
ကွမ်းတံတွေးတွေတွေ့လိုက်ရရင် သူတို့အစား ကိုယ်ရှက်မိတယ်။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းတံတွေးတွေ ထွေးတဲ့အတွက်ကြောင့်
 ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားဘယ်လောက်ရှိတယ်ဆိုတာ ဖေါ်ပြနေတာပဲ မဟုတ်လား။
တနည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ပြောပြနေတာပဲမဟုတ်လား။

နိုင်ငံခြားမှာ သာသနာပြုမဲ့ရဟန်းတော်ဟာ ကွမ်းဝါးခြင်းစတဲ့
ဒီလိုအသေးအဖွဲလေးတွေကို ရှောင်ကြဉ်ထားသင့်တယ်။
သာသနာပြုမဲ့မြန်မာရဟန်းတော်ရဲ့ သွားတော်က မီးသွေးထက်မဲနေမယ်ဆိုရင် သာသနာပြုမဲ့မြန်မာရဟန်းတော်က
Vampire လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင်နဲ့တူနေမယ်ဆိုရင်
အသန့်အပြန့်ကြိုက်တတ်တဲ့ တရုတ် အင်္ဂလိပ်စတဲ့လူမျိုးတွေကို
ဘယ်လိုမှ သာသနာပြုလို့ရမယ်မထင်ဘူး။

ဒါနဲ့စပ်လို့ ငယ်ဆရာတစ်ပါးပြောတာကို အမှတ်ရမိတယ်။
"ငါ့ကို ဒကာမကြီးတစ်ယောက်က လျှောက်တယ်ကွာ၊
အရှင်ဘုရား၊ တပည့်တော်ရဲ့သားသမီးတွေကို
ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရလို့ စည်းကမ်းထုတ်ထားတာ၊
အခု သူတို့တွေ အသက် ၃၀ ကျော်ကုန်ပြီ။
တစ်ယောက်မှ ဆေးမသောက် ကွမ်းမစားကြဘူးဘုရား၊
အရှင်ဘုရားကော၊ အရှင်ဘုရားတပည့်တွေကို ဒီလိုစည်းကမ်း မထုတ်နိုင်ဘူးလားဘုရား၊
သူတို့ပါးစပ်တွေ သွားတွေ အကုန်လုံး နီရဲနေတာပဲတဲ့၊ ငါတော့ ရှက်လိုက်တာကွာ" တဲ့။
ငယ်ဆရာပြောပြဘူးတဲ့စကားပါ။

အားလုံးစွမ်းစွမ်းတမံ သာသနာပြုနိုင်ကြပါစေ

၂၀၀၈-ခုနစ်လောက်တုန်းက မန်း၊ သာသနာ့တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းအတွက်
ရေးလိုက်တာ စာတိုလေးပါ။
ဒီမှာဖော်ပြတဲ့ဓာတ်ပုံ ဘယ်ကရတယ်မသိတော့ဘူး။ ခွင့်လွတ်ပါ။

သာသနာပြုချင်သပ ဆိုရင်

ကမန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက
အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြန်ကြွလာတယ်။ ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။
သြ၀ါဒထဲမှာ
"သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း" ထည့်သွင်းပြောကြားသွားတယ်။

သာသနာပြုရဟန်းတော်အနေနဲ့ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ
သင်ရတဲ့ အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။
အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း ဆရာတော်ရဲ့သြ၀ါဒကို
အဲဒီအချိန်အခါတုန်းက နားလည်ခဲ့တယ်။
ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
ဆရာတွေ သင်ကြားပေးတဲ့စာတွေကို ကောင်းကောင်းနှလုံးမသွင်းဖြစ်ခဲ့ဘူး။
ဆရာတွေ ညွှန်ကြားတဲ့ စာအုပ်တွေကို စိတ်ပါလက်ပါ မဖတ်ဖြစ်ခဲ့ဘူး။
စာမေးပွဲ အောင်ရုံပဲ လုပ်ဖြစ်ခဲ့တယ်။
အပေါင်းအသင်းတွေနဲ့ စကားပြော၊ ဝေဘန်၊
အကြောင်းမရှိ အကြောင်းရှာ မြို့ထဲလျှောက်သွား၊
ဒီလိုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်လွန်စေခဲ့တယ်။

အကျိုးဆက်ကတော့
ဆရာတော် ဦးဥာဏ၀ရပြောခဲ့တဲ့ ၀ိဇ္ဇာ (အတတ်ပညာ) မပြည့်စုံခဲ့တာဘဲ။

အခုအချိန်ကျမှ ရှိသမျှစာ ကုန်းရုန်းဖတ်နေရတော့
သာသနာပြုတဲ့နေရာမှာ ထင်သလောက် ခရီးမရောက်ဘူး။
ခေတ်စာရော ပိဋကတ်စာပေတွေကိုပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် ဖတ်မှတ်ရတယ်။
ဒါမှသာ တရားပွဲတွေမှာ မေးသမျှမေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တာ။

(မှတ်ချက်။ နိုင်ငံခြားတရားပွဲများတွင် မြန်မာပြည်ဓမ္မကထိကဆရာတော်များကဲ့သို့
မျက်စိနှစ်လုံး စုံမှိတ်ကာ "သတည်း" ချရုံမျှဖြင့် မပြီးပါ။
တရားပွဲပြီးဆုံးသောအခါ အမေးအဖြေကဏ္ဍရှိပါသည်။
တရားဟောစဉ် တရားထဲတွင်ပါသော မရှင်းလင်းသော အချက်အလက်များကို
စာရွက်ဖြင့် တရားနာပရိသတ်တို့က ရေးမှတ်ထား၍
တရားပွဲပြီးချိန်တွင် မေးလေ့ရှိရာ မေးသူတို့ ကျေနပ်သည်အထိ
တရားဟောသူက ဖြေကြားပေးရပါသည်။)

ပရိယတ္တိသာသနာ့တက္ကသိုလ်ပညာရေးမှာ
ပဋိပတ်မကင်းသော ပရိယတ်သမားဖြစ်ဖို့အတွက်
နောက်ဆုံးနှစ် စာသင်သားရဟန်းတော်များ သတိပဌာန်တရားအားထုတ်ရပါတယ်။ ဆရာတော်ဦးဥာဏ၀ရ ပြောခဲတဲ့ စရဏ (အကျင့်တရား)နဲ့ ပြည့်စုံဖို့ပင်။

ဒီလို တရားအားထုတ်စဉ်အချိန်တုန်းကလည်း ငယ်ရွယ်သူဖြစ်သည့်အလျှောက်
စိတ်ပါလက်ပါ အားမထုတ်ဖြစ်ခဲ့ဘူး။ ၀တ်ကျေတမ်းကျေပဲ ထိုင်ခဲ့တယ်။
အကျိုးဆက်ကတော့ သတိပဌာန်တရားအားထုတ်တဲ့သူတွေက
ပြဿနာတစုံတရာ မေးလာတဲ့အခါ
(ကိုယ်က သေသေချာချာ ဂဃနဏ အားမထုတ်ဘူးတဲ့အတွက်)
အခက်အခဲများစွာ တွေ့ရခြင်းပင်။
ဒါ့ကြောင့် သာသနာပြုမယ်ဆိုရင် (အထူးသဖြင့်) နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ၀ိဇ္ဇာ (အတတ်ပညာ) ရော စရဏ (အကျင့်တရား) ပါ ပြည့်စုံဖို့ အရေးကြီးတယ်။

ဝိဇ္ဇာ (အတတ်ပညာ)နဲ့ ဆက်စပ်ပြီး
မြန်မာစာပေ ပိဋကတ်စာပေတတ်ကျွမ်းထားရမည့်အပြင်
နိုင်ငံခြားသာသနာပြုရဟန်းဖြစ်ဖို့ အင်္ဂလိပ်စာ အင်္ဂလိပ်စကားလည်း တတ်ထားမှ။
ပိဋကတ်စာပေ ဘယ်လောက်ကျွမ်းကျင် ကျွမ်းကျင် အင်္ဂလိပ်စကားမတတ်ရင် သာသနာပြုတဲ့နေရာမှာ ခရီးရောက်မှာ မဟုတ်ပါဘူး။

သာသနာ့တက္ကသိုလ်တက်တုန်းက အင်္ဂလိပ်စကားပြောတတ်ချင်လွန်းလို့
ညနေဆိုရင် မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားလိုက်ပြောရတာလည်းအမော။

တစ်နေ့ မင်းကွန်းဘက်ကပြန်လာတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ မန္တလေးတောင်ပေါ်မှာတွေ့တယ်။
အင်္ဂလိပ်စကားထိုက်သင့်သလောက်ပြောတတ်နေတဲ့
စာရေးသူ့ကို "ဘွဲ့ဘယ်နှစ်ခုရပြီလဲ" လို့ မေးတယ်။
အဲတုန်းက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရပြီးခါစဆိုတော့
"တစ်ဘွဲ့ရပြီးပြီ" လို့ ပြောရတာပေါ့။
ဒီတော့ နိုင်ငံခြားသား မျက်လုံးပြူးသွားတယ်။
 "ခင်ဗျားက တစ်ဘွဲ့ပဲ ရသေးတာ၊ အင်္ဂလိပ်စကား အတော်ပြောနိုင်သားပဲ၊
ဟိုဘက်ကမ်းက ဘုန်းကြီးတွေက ပြောတယ်၊ သူတို့ ကိုးဘွဲ့ရပြီးပြီတဲ့၊
ဒါပေမဲ့ ခင်ဗျားလို အင်္ဂလိပ်စကား မပြောတတ်ဘူး" တဲ့။
မှတ်ကရော။
နိုင်ငံခြားမှာတော့ မြန်မာပြည်မှာလို ဘွဲ့ကြီးတွေကို နံရံတွေမှာချိတ်ပြီး သာသနာပြုလို့မရပါဘူး။ ဘုန်းဘုန်းက ၉ ဘွဲ့ရပါ၊ ဘုန်းဘုန်းက ၁၂ ဘွဲ့ရထားတာပါလို့ပြောပြီး သာသနာပြုလို့ မရပါဘူး။ လုပ်ရည်ကိုင်ရည်က အရေးကြီးပါတယ်။
နောက်တစ်ခုက အသက်ကြီးတိုင်းလည်း နိုင်ငံခြားမှာ နေရာမရပါဘူး။

သာသနာပြုတဲ့စွမ်းရည်ဟာ အသက်ကြီးတာ (၀ါကြီးတာ)နဲ့ မဆိုင်ပါဘူး။
အရည်အချင်းရှိတဲ့သူက ပလ္လင်ပေါ်တက်ရတာပါ။
အသက်ထက် (၀ါထက်) အရည်အချင်းက ပိုအရေးကြီးပါတယ်။
ဒါဟာ သဘာဝကျပြီး "မြတ်စွာဘုရားရဲ့မူ" လို့ပြောမယ်ဆို ပြောလို့ရပါတယ်။
မြတ်စွာဘုရားက အသက်ကြီးတဲ့ ၀ါကြီးတဲ့ အရှင်ကောဏ္ဍညတို့အဖွဲ့ကို ရာထူးကြီးကြီးမပေးဘဲ အသက်ငယ်တဲ့ ၀ါငယ်တဲ့ (နောက်မှ သာသနာ့ဘောင်ကို ရောက်လာတဲ့)
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ရာထူးကြီးကြီးပေးထားလို့ပါဘဲ။

ဒါကိုထောက်ရှုပြီး ကမ္ဘာ့စံချိန်နဲ့သာမက မြတ်စွာဘုရားရဲ့မူဝါဒနဲ့ပါကိုက်ညီအောင်
 မြန်မာပြည်ရှိ စာသင်တိုက်များ၊ သာသနာ့တက္ကသိုလ်များမှာ
ဝါကြီးတာထက် အရည်အချင်းရှိတဲ့သူများကို ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။

အင်္ဂလိပ်စာမတတ်တဲ့ ဆရာတော်တစ်ပါးနဲ့
အနောက်နိုင်ငံ အင်္ဂလန်ကို ခရီးအတူထွက်ဖူးတယ်။
အင်္ဂလိပ်စာမတတ်တဲ့အတွက် အသေးအဖွဲလေးတွေမှာ
အကြီးအကျယ် ပြဿနာဖြစ်ခဲ့ရတယ်။
လေဆိပ်ဝင်တာနဲ့ ကျန်းမာရေးအတွက် ဆေးစစ်ရတယ်။
သူများတွေ ငါးမိနစ်နဲ့ပြီးရမဲ့ဟာ သူ့မှာ နာရီဝက်နဲ့ မပြီးနိုင်ဘူး။
ဆေးစစ်တဲ့အခန်းထဲ တစ်ယောက်စီဝင်ရတာဆိုတော့ စာရေးသူလည်း ၀င်ပြီး ကူညီခွင့်မရပါဘူး။ နောက်မှ သိရတာက ဟိုကပြောတဲ့စကားကို နားမလည်တဲ့အတွက်
ဓာတ်မှန်ရိုက်တဲ့အခါ အနေအထား တလွဲစီ ဖြစ်ဖြစ် နေတာဆိုပဲ။

ကျောင်းရောက်တော့
ဒကာမကြီးတစ်ယောက်က လှူဖွယ်လေးတွေကို ကိုင်ပြီး လာလှူတယ်။
စာရေးသူလည်း ရေမိုးချိုး အနားယူတယ်။
ခဏနေတော့ ဆရာတော်က စာရေးသူအခန်းထဲဝင်လာပြီး
"မောင်ဣန္ဒက၊ အခုနက ဒကာမကြီးက အလိုက်သိတယ်နော်၊
လန်ဒန်မှာ ရာသီဥတုက အေးတော့ အသားပတ်မှာစိုးလို့ထင်တယ်၊
ဒို့ကို Skin Lotion လာလှူသွားတယ်၊ ကိုယ်တော့ လိမ်းလာခဲ့ပီ" လို့ပြောတယ်။
စာရေးသူလည်း မျက်လုံးပြူးသွားတယ်။
"နေစမ်းပါဦး ဆရာတော်၊ ဆရာတော့် Skin Lotion ဗူးကြည့်ပါရစေဦး" လို့ပြောပြီး
သူ့အခန်းထဲ လိုက်ကြည့်တော့ "ဘယ်ကလာ Skin Lotion ဗူး ဟုတ်ရမှာလဲ၊
အဲဒါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တဲ့အခါ သုံးရမဲ့ဟာ" လို့ ဆရာတော့်ကို ပြောပြရတယ်။

အင်္ဂလိပ်စာ အင်္ဂလိပ်စကား မတတ်ရင် သာသနာပြုဘို့ နေနေသာသာ ဒီလိုအသေးအဖွဲလေးတွေမှာကိုပဲ
အမှားမှားအယွင်းယွင်းဖြစ်နေလို့ ဖြေရှင်းလို့ကို မပြီးနိုင်ဘူး။

ဒါက ၀ိဇ္ဇာ (အတတ်ပညာ) နဲ့ပတ်သက်လို့ တတ်သင့်တာတွေ တတ်ထားဖို့
သတိရတုန်း အကြံပေးဖြစ်တာပါ။

စရဏ (အကျင့်)နဲ့ပတ်သက်လို့လည်း ပြောစရာတွေ တပုံတပင်ကြီး။
နိုင်ငံခြားမှာ သာသနာပြုမယ်ဆိုရင် ရိပ်သာတစ်ခုခုမှာ ဆရာနည်းကျကျ
သတိပဌာန်တရားကို အားထုတ်ထားသင့်တယ်။
သောတာပန်စသည်မဖြစ်တောင် နည်းမှန် လမ်းမှန်နဲ့
တစုံတခုသောအတိုင်းအတာအထိ အားထုတ်ထားသင့်တယ်။

ဓမ္မကထိကလေသံတွေကို နားထောင်တဲ့အခါမှာ (၀ါ) တရားနာတဲ့အခါမှာ
တရားအားထုတ်ဖူးတဲ့ ဓမ္မကထိကလေသံက တရားနာသူ့အပေါ်မှာ ခွန်အားပိုရှိပါတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးမှ တရားဟောသာသနာပြုမယ်ဆိုရင်
ပိုအောင်မြင်မယ်လို့ စာရေးသူတော့ ယုံကြည်တယ်။

အဲ၊ အကျင့် (စရဏ) ဆိုလို့ တရားထိုင်တဲ့အကျင့်သာ မရှိချင်နေမယ်။
ကွမ်းစားတဲ့အကျင့်တော့ ရဟန်းတော်တော်များများရှိကြတယ်။
 မြန်မာပြည် လူတော်တော်များများကလည်း ကွမ်းစားကြတော့
ရဟန်းတော်တွေထံပါ ကွမ်းစားတဲ့အကျင့် ကူးစက်ကုန်ပုံပေါ်တယ်။
အခုနောက်ပိုင်း ရဟန်းတော်တော်များများ (ကိုရင်များပါ)
ကွမ်းစားတဲ့အကျင့်ရှိလာတာကို တွေ့ရတယ်။
ဆွမ်းစားကွမ်းစားဆိုတဲ့ စကားတွဲလုံးတွေကလည်း ရဟန်းတော်များ
ဆွမ်းစားပြီးရင် ကွမ်းစားရမဲ့အလေ့အကျင့်ကို တွန်းအားပေးနေသလိုပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကွမ်းစားတာဟာ မကောင်းပါဘူး။
စာရေးသူ မလေးရှားနိုင်ငံရောက်တာ တစ်နှစ်ကျော် နှစ်နှစ်ပါးရှိပြီ။
မလေးရှားရောက် ရွှေမြန်မာတွေနဲ့ တရုတ်တွေကို အများဆုံးဆက်ဆံရတယ်။
ရံဖန်ရံခါ သူတို့ရဲ့အိမ်တွေကို သာရေးနာရေးကိစ္စတွေနဲ့ ဆွမ်းစားကြွရတယ်။
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းမှာ ဗမာရှိ မရှိ
လှေကားအတက် ဒေါင့်ကို ကြည်တာနဲ့ သိရတယ်။
ဗမာအများစုဟာ ကွမ်းဝါးလေ့ရှိပြီး ကွမ်းတံတွေးကို
လှေကားအတက်ဒေါင့်တွေမှာ ထွေးလေ့ရှိတာကိုး။

စာရေးသူတော့ ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး
နိုင်ငံခြားမှာ အနေများလာလို့လားတော့ မသိဘူး။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုကြီးထွားလာတယ်။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အနှိမ်ခံရမှာ အရမ်းကြောက်တာပဲ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင်
မခံနိုင်လွန်းလို့ ဖြေရှင်းရတာလဲ အမောပဲ။
ကိုယ့်လူမျိုးကိုလည်း ကြုံတဲ့အခါတိုင်း အသိတရားမြင့်မြင့်နဲ့
အဆင့်အတန်းရှိရှိ သိပ်နေစေချင်တာပဲ။

အိမ်ပေါ်တက်လိုက်လို့ လှေကားဒေါင့်တွေမှာများ
ကွမ်းတံတွေးတွေတွေ့လိုက်ရရင် သူတို့အစား ကိုယ်ရှက်မိတယ်။
ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းတံတွေးတွေ ထွေးတဲ့အတွက်ကြောင့်
 ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ
ကိုယ့်မှာ အသိတရားဘယ်လောက်ရှိတယ်ဆိုတာ ဖေါ်ပြနေတာပဲ မဟုတ်လား။
တနည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ပြောပြနေတာပဲမဟုတ်လား။

နိုင်ငံခြားမှာ သာသနာပြုမဲ့ရဟန်းတော်ဟာ ကွမ်းဝါးခြင်းစတဲ့
ဒီလိုအသေးအဖွဲလေးတွေကို ရှောင်ကြဉ်ထားသင့်တယ်။
သာသနာပြုမဲ့မြန်မာရဟန်းတော်ရဲ့ သွားတော်က မီးသွေးထက်မဲနေမယ်ဆိုရင် သာသနာပြုမဲ့မြန်မာရဟန်းတော်က
Vampire လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင်နဲ့တူနေမယ်ဆိုရင်
အသန့်အပြန့်ကြိုက်တတ်တဲ့ တရုတ် အင်္ဂလိပ်စတဲ့လူမျိုးတွေကို
ဘယ်လိုမှ သာသနာပြုလို့ရမယ်မထင်ဘူး။

ဒါနဲ့စပ်လို့ ငယ်ဆရာတစ်ပါးပြောတာကို အမှတ်ရမိတယ်။
"ငါ့ကို ဒကာမကြီးတစ်ယောက်က လျှောက်တယ်ကွာ၊
အရှင်ဘုရား၊ တပည့်တော်ရဲ့သားသမီးတွေကို
ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရလို့ စည်းကမ်းထုတ်ထားတာ၊
အခု သူတို့တွေ အသက် ၃၀ ကျော်ကုန်ပြီ။
တစ်ယောက်မှ ဆေးမသောက် ကွမ်းမစားကြဘူးဘုရား၊
အရှင်ဘုရားကော၊ အရှင်ဘုရားတပည့်တွေကို ဒီလိုစည်းကမ်း မထုတ်နိုင်ဘူးလားဘုရား၊ သူတို့ပါးစပ်တွေ သွားတွေ အကုန်လုံး နီရဲနေတာပဲတဲ့၊ ငါတော့ ရှက်လိုက်တာကွာ" တဲ့။
ငယ်ဆရာပြောပြဘူးတဲ့စကားပါ။

အားလုံးစွမ်းစွမ်းတမံ သာသနာပြုနိုင်ကြပါစေ