Friday, May 20, 2011

ရှင်ဥပဂုတ်


ရှင်ဥပဂုတ်အကြောင်းကို အရင်တစ်ခါ တိုစိစိလေး ရေးဘူးတယ်။
ဓမ္မကထိကဆရာတော်တစ်ပါးက
ရှင်ဥပဂုတ်ကို ပိဋကတ်စာပေထဲမှာ မပါလို့ မကိုးကွယ်သင့်ကြောင်း စသည်ပြောကာ
သုံးစားမရလောက်သည်အထိ ပြောဟောသွားခဲ့တယ်။

တကယ်တော့ အဲ့ဒီဓမ္မကထိကဟာ
ရှင်ဥပဂုတ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင် သုတေသနလုပ်ပြီး ဟောပြောတာ မဟုတ်ပါဘူး။
မိုးကုတ် ခါတော်မှီဆရာတော် အရှင်ပညိန္ဒာဘိဝံသ ရေးထားတဲ့
ထေရ၀ါဒဗုဒ္ဓဘာသာစစ်တမ်း၊ အိန္ဒိယ မြန်မာဗုဒ္ဓဘာသာ စတဲ့စာအုပ်လေးတွေဖတ်ပြီး
လျှောက်ပြောတဲ့အဆင့်လောက်ပဲ ရှိပါတယ်။
ရှင်ဥပဂုတ်ကို ပိဋကတ်စာပေထဲ မပါတာနဲ့ မရှိဘူး၊ မကိုးကွယ်ရဘူးလို့တော့
မပြောသင့် မဟောသင့်ပါဘူး။

ဟိုနေ့က အားအားရှိတာနဲ့ မဂ္ဂဇင်းစာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။
ဆရာကြီး မြ၀င်း (ဒဿန) ရေးထားတဲ့ ရှင်ဥပဂုတ်အကြောင်းပါ။

ဆရာကြီးက ရှင်ဥပဂုတ်အကြောင်းကို ပြောဆိုရာမှာ
စာအုပ်လေး တစ်အုပ်နှစ်အုပ်ဖတ်ပြီး ရှင်ဥပဂုတ် ရှိတယ်၊ မရှိဘူး ဆန္ဒစောပြီး
ဆုံးဖြတ်ချက်မချဘို့ လယ်တီဆရာတော်ကြီးစကားကို ကိုးကားပြောသွားပါတယ်။
နောက်ပြီး ရှင်ဥပဂုတ်ဟာ မြန်မာပြည်မှာ ရိုးရာကိုးကွယ်မှုဖြစ်လာလို့
ရိုးရာတစ်ခုအဖြစ် ဆရာကြီးက ထိန်းသိမ်းထားလိုဟန်ရှိပါတ။်

ဆရာကြီးရဲ့ အယူအဆတွေ၊ ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ အယူအဆတွေကို
သဘောကျလို့ တင်ပြလိုက်ပါတယ်။
ဆက်ဖတ်ကြည့်ပါအုံး။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏
အရှင်ဥပဂုတ္တနှင့် စပ်လျင်းသောအမြင်

တစ်ညနေခင်းတွင် ဓမ္မမိတ်ဆွေတစ်ဦး ရောက်လာပါသည်။
ထိုဓမ္မမိတ်ဆွေရောက်လျှင်ရောက်ချင်း ကျွန်တော်က ဤသို့ စကားစ လိုက်ပါသည်။
“ပြောစရာတွေ ရလာပြီထင်တယ်”
“ဟုတ်တယ်ဆရာရေ့၊ ပြောစရာတွေ ရလာတယ်။
အရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ ပြောစရာတွေ ရလာတယ်။”
“အရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ ဆရာတော်တွေက ဟောနေကြပြီပဲဗျာ၊
ဘာတွေများ ပြောစရာတွေ ရလာလို့လဲ”
“တလောက ကျွန်တော့်ဇာတိရွာကို ပြန်ရောက်သွားတယ်၊
ကျွန်တော့်ဇာတိရွာက အညာမှာလေ၊ ကျွန်တော်က ဆရာ့လို အညာသားပါ။
ဇာတိရွာကိုရောက်တော့ ကျွန်တော့်တူရဲ့ ရှင်ပြုအလှူပွဲနဲ့တိုးပါတယ်။
အလှူဝင်တဲ့နေ့မှာ ကျွန်တော်အလှူမဏ္ဍပ်ကို ရောက်သွားပါတယ်။
အဲဒီမှာ ရှင်ဥပဂုတ်တင်တာနဲ့ တိုးပါတယ်။

သူတို့ ရှင်ဥပဂုတ်တင်ပုံက လင်ပန်းတစ်ခုထဲမှာ ဆန်ထည့်၊ ငှက်ပျောသီးထည့်၊
အုန်းသီးထည့်၊ နောက် ငါးခြောက်ပြားထည့်၊ ပြီးတော့ မဏ္ဍပ်အမိုးပေါ်မှာ တင်လိုက်ပါတယ်။
ကျွန်တော်က အရှင်ဥပဂုတ္တဟာ ရဟန္တာဖြစ်နေလေတော့ နတ်တင်သလို တင်လို့ မဖြစ်ဘူး။
ဆွမ်းချက်ပြီး ရိုရိုသေသေကပ်လှူရတယ်လို့ပြောပါတယ်။

အဲဒီတော့ သူတို့က
ဦးလေးရယ်တဲ့၊ အစဉ်အလာက အဲသလို တင်လာခဲ့ကြတာပါပဲတဲ့။
အဲဒီလိုပြောနေတုန်း ရွာသားတစ်ဦးရောက်လာပြီး
အရှင်ဥပဂုတ္တဟာ ထေရ၀ါဒဗုဒ္ဓဘာသာမှာ မရှိပါဘူးတဲ့။
ရိုးရာအစဉ်အလာရှိလို့သာ တင်နေကြတာပါတဲ့။
အဲဒါကို ဆရာ့ကို ပြောပြချင်လို့ လာခဲ့တာပါ”
“အေးဗျာ၊ တစ်လောကလည်း လူငယ်တစ်ယောက်နဲ့ တွေ့တယ်။
သူကလည်း အဲဒီအတိုင်းပြောတယ်။

ဒါနဲ့ သူ့ကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးစီရင်တဲ့
‘၀ိမတိစ္ဆေဒနီ’ ကျမ်းမှာလာတဲ့အတိုင်း ပြောလိုက်ရတယ်”
“၀ိမတိစ္ဆေဒနီကျမ်းမှာ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ဘယ်လိုရေးထားသလဲ ဆရာ”
“နေဦးဗျာ၊ ကျွန်တော်ဝိမတိစ္ဆေဒနီကျမ်းကို ယူလိုက်ဦးမယ်”
ကျွန်တော်သည် စာအုပ်စင်သို့သွား၍ ၀ိမတိစ္ဆေဒနီကျမ်းကို ယူပါသည်။

ဝိမတိစ္ဆေဒနီကျမ်းကို မြင်သောအခါ မိတ်ဆွေက ဤသို့စကားဆိုပါသည်။
“စာအုပ်က အတော့်ကို ဟောင်းနေပြီနော်”
“ဟောင်းဆို ၁၉၂၁ ခုနစ်က ရိုက်တာဗျ၊ (၈၈) နှစ်တောင် ရှိသွားပြီ။
ရိုက်တဲ့ပုံနှိပ်တိုက်က ရန်ကုန်မြို့ ကြည့်မြင်တိုင် မြန်မာအက္ခရာ စာပုံနှိပ်တိုက်တဲ့”
“အတော်ကြာခဲ့ပြီဘဲ။ ဒါဖြင့် အရှင်ဥပဂုတ် ရှိတယ် မရှိဘူးဆိုတဲ့ ပြဿနာဟာ
ရှေးကတည်းက ရှိခဲ့တာပေါ့။”
“ဟုတ်တာပေါ့ဗျာ၊ ရှေးကတည်းက ရှိခဲ့တာပေါ့၊
အဲ့ဒီကျမ်းထဲမှာ ပုဂ္ဂိုလ်တစ်ဦးက
‘လေးရပ်ရှင်သေ၊ ပေါင်းရှစ်ထွေကို၊ တည်နေမပျက်၊ ခုတိုင်ထက်ဟု၊
စဉ်ဆက်သေချာ၊ ပြောကြပါ၏။
ရှိရာသည်လား၊ စကားယုတ္တိ၊ ဆိုတိုင်းရှိက၊ ဘမိနေရပ်၊ မျိုးဇာတ်နာမည်၊
နေသည်ခြင်းရာ၊ သြဇာလေးနက်၊ ဆက်မဆက်နှင့်၊ မပျက်ခုတိုင်၊
တည်နိုင်ရကြောင်း၊ ဤလုံးပေါင်းကို၊ ကောင်းကောင်းမုချ၊ သိချင်လှ၏’
လို့ မေးထားပါတယ်။

“ကျီးသဲလေးထပ်ဆရာတော်ကြီးက ဘယ်လိုဖြေခဲ့သလဲ ဆရာ”

“ကျီးသဲလေးထပ်ဆရာတော်ကြီးက
‘သူသေလေးပါး၊ သူရှင်လေးပါးတို့၏အကြောင်း အတ္ထုပ္ပတ္တိကို
ကျမ်းကြီးကျမ်းခိုင်တို့၌ မတွေ့စဖူး၊ ပဥှာကထန မည်သောမှတ်စုကျမ်း၌သာ တွေ့ဖူးသည်’
လို့ ဖြေပါတယ်။
အဲ့ဒီလိုဖြေပြီးမှ သူရှင်လေးပါးမှာ အ၀င်အပါဖြစ်တဲ့ ရှင်ဥပဂုတ်အကြောင်းကို
မိလိန္ဒပဥှာကျမ်း၊ မဟာရာဇ၀ံသကျမ်းတို့ကို ကိုးကားပြီး ရေးပါတယ်။
ရှင်ဥပဂုတ်အကြောင်းကိုတော့ ကျွန်တော် အကျယ်မပြောတော့ပါဘူး။
မိတ်ဆွေလဲ သိပြီးသားဖြစ်မှာပါ။”

“ရှင်ဥပဂုတ်အကြောင်းကိုတော့ ကျွန်တော် အထိုက်အလျောက်သိပါတယ်။
သီရိဓမ္မာသောကမင်းကြီးရဲ့ ရန်ကို ချိုးနှိမ်ဖို့ သံဃာတော်တို့က
မဟာသမုဒ္ဒရာမှာ ကြေးပြာသာဒ်နဲ့ သီတင်းသုံးတော်မူတဲ့
ရှင်ဥပဂုတ်ကို ပင့်စေပြီး မာရ်နတ်ကို ဆုံးမစေတဲ့အကြောင်းကို
ကြားဖူးပါတယ်ဆရာ”

“၀ိမတိစ္ဆေဒနီကျမ်းထဲမှာလည်း အဲဒီလို ဖော်ပြထားပါတယ်။

အဲဒီကျမ်းထဲမှာ အရေးကြီးတာက အရှင်ဥပဂုတ်နဲ့ပတ်သက်တဲ့
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ပါဘဲ။
အဲဒီမှတ်ချက်ကို အခု ကျွန်တော်ဖတ်ပြပါ့မယ်။
ရှင်ဥပဂုတ် သမုဒ္ဒရာ၌နေသည်မှန်လျှင် ဒိပြင်အရှင်များကိုလည်း
ယုံမှားမရှိသင့်ပြီ။ ထိုအရှင်တို့၏အတ္ထုပ္ပတ္တိကို ပြဆိုသောစာပေကို
မတွေ့ရ၍သာ မပြနိုင်ရှိလေသည်။ သင်္ဂါယနာဝင်ကျမ်းကြီးတို့၌
မပါသည်မှာလည်း တတိယသင်္ဂါယနာတင်ပြီးနောက်မှ
ပေါ်ထွက်လာသော ရဟန္တာများဖြစ်၍ မပါသည်ဟု ယူရမည်။

ထိုအရှင်တို့ ယခုတိုင် ရှိမည် မရှိမည်ကို စီစစ်ရာမှာ
အသက်တစ်ရာတန်း၌ဖြစ်သောသူသည် နှစ်ရာသို့ရောက်အောင် မရှည်။
အတန်ငယ်လွန်၍သာ ဆုံးရလေသည်ဟု ဟောတော်မူသော သုတ်ပါဠိတော်ကို ထောက်လျှင်
ယခုသို့ရောက်အောင် မရှိရာပြီ။ တစ်ပါးသံဃာ ရဟန္တာတို့၏နောက်ကျန်၍
ရှိရစ်သည်ကို စွဲ၍သာ အရှင်လေးပါးရှိကြောင်းကို ဆိုသည်ဟု ယူရမည်။
သူသေလေးပါးမှာ စာပေကျမ်းဂန်မတွေ့”
“ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ဟာ အင်မတန်မှတ်သားစရာကောင်းပါတယ်။
ရှင်လေးပါးရဲ့ အဓိပ္ပါယ်လည်း ရှင်းသွားတာပဲဗျာ။”
“နေဦးဗျ၊ ဆရာတော်ဘုရားကြီးရဲ့ အဖြေက မဆုံးသေးဘူး။

ဆရာတော်ဘုရားကြီးက ကျွန်တော်တို့အတွက် စဉ်းစားစရာ အချက်တစ်ချက်ကို
ထပ်ပြခဲ့သေးသဗျ။ ကျွန်တော်ဖတ်ပြပါ့မယ်”

ဤမှတစ်ပါး ထောက်ထားရန်အကြောင်းကား
အိန္ဒိယတိုင်း ဘိလပ်ပြည်ကြီးက သမုဒ္ဒရာကို လည်ပတ်၍ကြည့်သော
လောကဓာတ်ဆရာနှစ်ဦးတို့သည် မီးသင်္ဘောတစ်စီးနှင့် ပင်လယ်ကို လည်ရာ
တောင်သမုဒ္ဒရာတွင် ဘယ်ဟာရှိမည်ကို သိရအောင်သွားမည်ဟု
တောင်စူးစူးသို့ ထွက်၍သွားသော်
အများသွားမြဲ ခရီးကို လွန်၍ တစ်ဆယ့်သုံးရက် ထွက်လေသဖြင့်
ရေပြင်လယ်ကောင်တွင် ကျောက်တောင်တစ်ခုပေါ်၍
ထိုကျောက်တောင်ထက်၌ ကြီးစွာသော ကြေးပြာသာဒ်ကို မြင်၏။
အနီးသို့ရောက်စိမ်းသောငှာ စက်ခုတ်ပါသော်လည်း
လွန်စွာရေကြမ်းလှသောကြောင့် အနီးသို့ မကျဘဲ
အမြောက် တစ်ကမ်းခန့်နေရာက ခွာဆုတ်ခဲ့ရသည်။
တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ကို တပ်အပ်မြင်ခဲ့ရသည်ဟုသတင်းစာ
၁၂၂၅ ခုနစ်တွင် ငါတို့အရပ်သို့ ရောက်လာဖူးသည်။

“အတော့်ကို စဉ်းစားစရာ ကောင်းတဲ့အချက်ပဲနော်”

“စဉ်းစားမယ်ဆိုရင် စဉ်းစားစရာတွေ တစ်သီတစ်တန်းကြီးပေါ်လာမယ်။
ဒါ့ကြောင့်မို့ တစ်နည်းတွေ့နဲ့ လွေ့လွေ့ရမ်းရမ်း
ဆုံးဖြတ်ချက်ချလို့ မဖြစ်ပေဘူး။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးမိန့်ဆိုသလို
‘မျက်မြင်မှာ ဥာဏ်တွဲလို့ အနဲနဲ ရှု’ ပေါ့ဗျာ။”
“ကျေးဇူးတင်ပါတယ် ဆရာ”
“အရှင်ဥပဂုတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောနိုင်တာကတော့
အရှင်ဥပဂုတ် ကိုးကွယ်ပူဇော်မှုအစဉ်အလာဟာ
ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ အခိုင်အမာ ရှိနေပြီဆိုတဲ့ အချက်ပါဘဲ”
“အဲ့ဒါကိုတော့ ကျွန်တော်လဲ သဘောတူပါတယ်ဆရာ”
ဤသို့လျှင် ကျွန်တော်နှင့် ဓမ္မမိတ်ဆွေတို့သည် ထိုညနေက
အရှင်ဥပဂုတ္တနှင့်စပ်လျင်း၍ ဆွေးနွေးဖြစ်ခဲ့ကြပါသတည်း။

မြ၀င်း (ဒဿန)

သူရဇ္ဖ (၂၀၀၉၊ ဇွန်)