Saturday, May 7, 2011

ဝန်ထမ်း


(၁)
ငယ်စဉ်ကိုရင်ဘ၀တုန်းက စာပေများကို သင်ကြားရင်း
စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ….
ဆိုတဲ့ ဘုရားရှင်ရဲ့ ရဟန်းတွေအပေါ် တပ်လှန့်နှိုးစော်ထားတဲ့ စာပိုဒ်ကို သတိထားမိခဲ့တယ်။
အဓိပ္ပါယ်က
ဘုန်းကြီးတွေ (သာသနာပြု) ခရီးထွက်ရမယ် တဲ့။

(၂)
ငယ်စဉ်ကာလ စာသင်သားဘ၀တုန်းက
နွေရာသီစာမေးပွဲတွေဖြေပြီး အားလပ်ရက်တွေမှာ
ဇာတိရပ်ရွာကို ခေတ္တခဏအလည်ပြန်စဉ်
ရွာက ငယ်ဆရာတော်က
“ကိုရင်တို့တတွေ ကြီးလာတဲ့အခါ
သာသနာ့ဝန်စီး မဖြစ်စေနဲ့၊ သာသနာ့ဝန်ထမ်းဖြစ်ရမယ်။
ဒီလိုသာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ဖို့
စာသင်တိုက်မှာ စာသင်နေတဲ့ စာသင်သားတစ်ပါးအနေနဲ့
အခုချိန်ကတည်းက စာပေပရိယတ်ကို ကြိုးစားသင်ယူဘို့ လိုတယ်။
‘ထီးထမ်း လမ်းလျှောက်’ လုပ်မနေကြနဲ့” တဲ့။


(၃)
ဘုရားရှင်ပြောတဲ့
ဘုန်းကြီးတွေ (သာသနာပြု) ခရီးထွက်ရမယ် ဆိုတဲ့စကားကို
ငယ်ငယ်တုန်းက ခံစားလို့ရပေမဲ့ တိတိပပနားမလည်ခဲ့ဘူး။
ထို့အတူပဲ။
ငယ်ဆရာပြောခဲ့တဲ့ သာသနာ့ဝန်စီးဆိုတဲ့ဝေါဟာရတွေ
သာသနာ့ဝန်ထမ်းဆိုတဲ့ဝေါဟာရတွေ
ထီးထမ်းလမ်းလျှောက် ဆိုတဲ့ အသုံးအနှုန်းတွေကို
နားလည်ဘို့ အတော်အားထုတ်ခဲ့ရတယ်။

နားလည်မိသလောက်ပြောပြရရင်
သာသနာ့ဝန်စီးဆိုတာ သာသနာ့အရေ (သင်္ကန်း) ကို မှီခိုပြီး
လုပ်စားနေတဲ့ဘုန်းကြီးကိုပြောတာ။
တနည်းအားဖြင့်
ကိုယ်က သာသနာတော်အတွက်ဖြစ်မလာဘဲ
သာသနာတော်ကို ကိုယ့်အတွက်ဖြစ်အောင် လုပ်စားပြီး
ကိုယ်ကျိုးစီးပွါးအတွက် သာသနာတော်ကို ခုတုံးလုပ်စားတာကို
သာသနာ့ဝန်စီးလို့ခေါ်တာ။

 သာသနာ့ဝန်ထမ်းဆိုတာကတော့
ပရိယတ် ပဋိပတ်သာသနာတော်ကို ရေရှည်တည်တံ့အောင်
ပြန့်ပွါးအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ဘုန်းကြီးတွေကို ပြောတာ။
တနည်းအားဖြင့်
ကိုယ့်အတွက် သာသနာတော်ကို အသုံးမချပဲ
သာသနာတော်အတွက် ကိုယ့်ကို အသုံးချတာကို သာသနာ့ဝန်းထမ်းလို့ ပြောတာ။

ထီးထမ်း လမ်းလျှောက်ဆိုတာကတော့
သင်ယူခြင်း ပရိယတ် နဲ့ ကျင့်ကြံခြင်းပဋိပတ်ကို ကောင်းကောင်းမလုပ်ဘဲ
အခါအားလျှော်စွာ ပေါ်ပေါက်လာတဲ့ သာရေး နာရေးကိစ္စလေးတွေကိုသာ
ထီးထမ်း လမ်းလျှောက်သွားနေတဲ့ဘုန်းကြီးကို ပြောတာ။

ရွာကငယ်ဆရာတော်ဆုံးမခဲ့တဲ့ စကားဟာ
ဘုရားရှင်ပြောခဲ့တဲ့ စရထ ဘိက္ခဝေ စာရိကံ
ဘုန်းကြီးတွေ (သာသနာပြု) ခရီးထွက်ရမယ် ဆိုတဲ့စကားတော်ကို
အလွယ်ဆုံး အရှင်းဆုံးနည်းနဲ့ ဘာသာပြန်ပြလိုက်တာဘဲလို့
နောက်ပိုင်းမှာ သဘောပေါက်လာတယ်။


(၄)
ဆိုတော့ကား
ဘုန်းကြီးတွေရဲ့ ပဓာနလုပ်ငန်းဟာ သာသနာပြုလုပ်ငန်းဘဲ။
ဘုန်းကြီးတွေထဲက ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ကိုယ်လဲ
ပညာသင်ကာလအလွန်မှာ သာသနာပြုလုပ်ငန်းလုပ်ဖို့
စိုင်းပြင်းရတော့တယ်။
ဘယ်လိုနည်းနဲ့ သာသနာပြုမလဲ။
သူများနိုင်ငံမှာ နေနေရသခိုက်
အခွင့်အရေး ပေးရင် ပေးသလို သာသနာပြုနေရတယ်။
တရားဟောခြင်းဖြင့် သာသနာပြုနေရတယ်။
စာသင်ပေးခြင်းဖြင့် သာသနာပြုနေရတယ်။
စာရေးခြင်းဖြင့်သာသနာပြုနေရတယ်။
ခုခေတ်မှာတော့ စာရေးခြင်းဖြင့် သာသနာပြုရာမှာ
အထိရောက်ဆုံးလို့ ထင်တယ်။
ဘလော့ဂ်လေးတစ်ခုလုပ်ပြီး ဗုဒ္ဓစာပေတွေကို ရေးတင်လိုက်ရင်
တကမ္ဘာလုံးကလူတွေ ဖတ်ပေရော့။
မြန်မာပြည်ကလူတွေလဲ ဖတ်၊ မလေးရှားက လူတွေလဲ ဖတ်၊
စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ရုရှ၊ အမေရိက၊ ဗြိတိန်၊ ပြင်သစ်
နိုင်ငံစုံက လူတွေ ဖတ်ပေရော့။
ဘလော့ဂ်ရေးပြီး သာသနာပြုရတာ အတော်ခရီးရောက်ပဲ။

ဒီလိုဘလော့ဂ်ရေးပြီး သာသနာပြုတာလဲ
အထက်ကပြောခဲ့တဲ့ ဘုရားရှင်ရဲ့ စကားတော်နဲ့
ငယ်ဆရာတော်ရဲ့ စကားတော်ကို လိုက်နာကျင့်သုံးနေတာပါဘဲ။
ဒီလိုလိုက်နာကျင့်သုံးနေတာဟာလဲ ဘုရားရှင်အလိုတော်ကျ
ကိုယ့်အလုပ်ကို လုပ်နေတာပါလို့ ဆိုရင် ငြင်းလို့ ရမယ်မထင်ပါဘူး။
ဆိုတော့ကား ဘလော့ဂ်ရေးပြီး သာသနာပြုနေတာသည်
ဘုရားရှင်အလိုတော်ကျ သာသနာပြုနေတာကလွဲလို့
တခြားဘာရည်ရွယ်ချက်မှ မပါပါဘူး။

(၅)
အချို့အချို့သော ဒကာကြီး ဒကာမကြီးတွေ
ဒကာလေး ဒကာမလေးတွေက ဒီလိုရေးပြ တင်ပြတာတွေကို ဖတ်လိုက်ရလို့
အင်မတန်ကျေးဇူးတင်ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောကြပါတယ်။
ဒီထဲမှာမှ ဒကာလေးဖိုးသားရေးလိုက်တဲ့စာက အင်မတန်ကို ထူးခြားပါတယ်။

သူ့စာရဲ့ လိုရင်းက ဒီလို ဘလော့ဂ်မှာ ရေးတင်ပြတဲ့ဆရာတော် သံဃာတော်တွေရဲ့
ကျေးဇူးကြောင့် သူ့အနေနဲ့ ဗုဒ္ဓဘာသာစာပေအသိတွေ အလွန်တိုးပွါးလာကြောင်းနဲ့
ဒီအတွက် ဆရာတော် သံဃာတော်တွေကို ဘယ်လို ကျေးဇူးပြန်ပြုရမလဲ
ဆိုတဲ့ အကြံတောင်းလာပါတယ်။
ကျေးဇူးကြီးတဲ့ ကျေးဇူးရှိခဲ့ဘူးတဲ့ မိဘတွေကို အကောင်းဆုံးကျေးဇူးဆပ်နည်းကတော့
သဒ္ဓါ - ဘာသာတရားမကိုင်းရှိုင်းတဲ့ မိဘတွေကို
ဘာသာတရားကိုင်းရှိုင်းလာအောင်
သီလ - ငါးပါးသီလလောက်မှ မလုံခြုံတဲ့ မိဘတွေကို
သီလလုံလုံခြုံခြုံ စောင့်ထိန်းနိုင်လာအောင်
စာဂ - စွန့်ကျဲပေးကမ်းလှူဒါန်းမှု မပြုချင်တဲ့မိဘတွေကို စွန့်ကျဲပေးကမ်းလှူဒါန်းချင်စိတ်ဖြစ်လာအောင်
ပညာ - တရားအားမထုတ်ချင်တဲ့မိဘတွေ တရားအားထုတ်ချင်စိတ်ပေါက်လာအောင်
သားသမီးတွေက ပြုလုပ်ပေးရမယ်လို့ ဘုရားရှင် ဟောကြားခဲ့ဘူးတယ်။

ဒီတော့ ဒကာလေး ဖိုးသားအနေနဲ့လဲ
ကျေးဇူးရှိခဲ့ဘူးတဲ့ဆရာတော်သံဃာတော်တွေကို ကျေးဇူးဆပ်ချင်တယ်ဆိုရင်
ဆရာတော်သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းဟင်းအကောင်းစားဖြစ်တဲ့
ဘဲကင် ကြက်ကင်တွေနဲ့ ကပ်မှ ကျေးဇူးပြန်ဆပ်တာမဟုတ်ပါဘူး။
မိမိပတ်ဝန်းကျင်၊ မိမိနဲ့အတူနေသူငယ်ချင်း၊ ဆွေမျိုးဥာတကာ၊
မိဘတွေကို အခုပြောခဲ့တဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့
ဆရာတော်သံဃာတော်တွေ ဟောပြလေ့ရှိတဲ့
သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားတွေ တိုးပွါးအောင် လုပ်ဆောင်နေတာဟာလဲ
ကျေးဇူးဆပ်နေတာပါဘဲ၊ ကျေးဇူးဆပ်ရာရောက်တာပါဘဲလို့ ပြောပါရစေ။