Thursday, May 5, 2011

ဒကာဖိုးသား အမေး


ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ မသိ..

ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။

တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ် ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်

မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက တရားဓမ္မနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတာ..

ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက.. ဥပမာ.. ဘုန်းဘုန်းတို့ ရေးတဲ့ ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်.. ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ.. အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ်.. ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော..။

အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား..။
အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကို ခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။

ရိုသေစွာ ဦးတင်လျက်
ဖိုးသား

ကဲ၊ ကိုဂင်္ဂါတို့ Mr Mrt တို့ ကူညီဖြေပေးကြပါအုံး။