Tuesday, May 31, 2011
Idol or Ideal
Buddhists are not idol worshippers but ideal worshippers.
K Sri Dhammananda
Monday, May 30, 2011
အနေကဇာတင်ပွဲ (၄)
မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရုပ်တုတစ်ဆူဝယ်ပြီးရင်ဖြစ်စေ၊
စေတီအသစ်တစ်ဆူတည်ပြီးရင်ဖြစ်စေ အနေကဇာတင်ပွဲကျင်းပလေ့ရှိတယ်။
တခြားဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီဟိုဠ်လို့ခေါ်တဲ့ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ဒီလိုမျိုးအနေကဇာတင်ပွဲ ပြုလုပ်တဲ့အစဉ်အလာကို မတွေ့ခဲ့ရဘူး။
နားလည်ထားရမှာက ရုပ်ပွါးတော် ဆင်းတုတော်ကို အနေကဇာတင်ပွဲ မပြုလုပ်လည်း
ကိုးကွယ်လို့ရတယ်၊ ပူဇော်လို့ရတယ်ဆိုတာပါ။
အနေကဇာတင်ပွဲ ပြုလုပ်ပြီးမှ ကိုးကွယ်ရမယ်ဆိုတဲ့ အစဉ်အလာ
မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲ စွဲ မနေသင့်ပါဘူး။
ဒီလို ရုပ်ပွါးဆင်းတုတော်တွေကို ကိုးကွယ်လို့ အခြားဘာသာဝင်တွေက
ဗုဒ္ဓဘာသာဝင်တွေကို
“ခင်ဗျားတို့တတွေက ရုပ်တုကိုးကွယ်ကြတာပဲ၊
ဗုဒ္ဓဘာသာဟာ ရုပ်တုကိုးကွယ်တဲ့ဘာသာပဲ”
လို့ ပြောဆိုကြပါတယ်။
တကယ်တော့ ရုပ်တုကို ကိုးကွယ်တာမဟုတ်ပါဘူး။
ဒီရုပ်တုကို ကြည့်ပြီး လွန်ခဲ့တဲ့ ဟိုး.. နှစ်ပေါင်း ၂၅၀၀ ကျော်က
ပွင့်ထွန်းပေါ်ပေါက်ခဲ့တဲ့ သက်ရှိထင်ရှား ဘုရားရှင်ကို ပြန်လည် သတိရစေဘို့ပါ။
ဘုရားရှင်ကို ပြန်လည်သတိရပြီး ဘုရားရှင်ရဲ့ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်
ပြုမူဆောင်ရွက်ခဲ့တာတွေကို အားကျဘို့ပါ။
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်ကို ကြည့်ပြီး ဘုရားရှင်ရဲ့ ဂုဏ်သိက္ခာတွေကို
ဂုဏ်ကျေးဇူးတွေကို လွယ်လင့်တကူ ပြန်လည်အမှတ်ရစေဘို့ပါ။
ဘုရားရှင် ပြောပြဟောပြခဲ့လို့ ကောင်းတာ၊ မကောင်းတာတွေကို
တိတိပပသိရှိလာရတယ်၊ အနိမ့်အဆုံးအဆင့် ငါးပါးသီလ အကျိုးအပြစ်တွေကို
သိပြီး ကျင့်သုံးခွင့်ရလာတယ်၊
ဒီလို သိခွင့်ရလာပြီး ကျင့်သုံးခွင့်ရရှိခဲ့လို့ ဘုရားရှင်ကို ကျေးဇူးတင်တဲ့အနေနဲ့
ကိုးကွယ်ဆည်းကပ်ရမှာပါ။ ကိုးကွယ်ဆည်းကပ်နေတာပါ။
ဒီရုပ်ပွါးတော် ဆင်းတုတော်ကို အိမ်မှာ မထားဘဲ
မိမိရဲ့နှလုံးသားက ဘုရားရှင်ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို လွယ်လင်တကူ
ပြန်လည်အမှတ်ရ အာရုံပြနိုင်တယ်ဆိုရင်
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်ကို အိမ်မှာ ထားစရာ မလိုတော့ပါဘူး။
ဒါ့ကြောင့်ဘုရားရှင်ရဲ့ ရုပ်တုတော်တွေကို ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ချမ်းသာချင်လို့၊ ကျန်းမာချင်လို့၊ လိုအင်ဆန္ဒပြည့်ဝချင်လို့၊
ကျူးလွန်ထားတဲ့အပြစ်ပြေပျောက်ချင်လို့ ကိုးကွယ်တာမဟုတ်ပဲနဲ့
လူသားတွေအကျိုးအတွက် ဖြည့်ဆည်းခဲ့တဲ့ပါရမီ၊
မနားတမ်းဟောကြားလမ်းညွှန်ခဲ့တဲ့ငြိမ်းချမ်းရေးအကျင့်တရားတော်တွေကြောင့်
ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်ဆည်းကပ်တာပါ။
ခက်တာက
မြန်မာဗုဒ္ဓဘာသာဝင်အချို့က ဘုရားရှင်ရဲ့ ရုပ်ပွါးတော်တွေကို
ပုံစံအမျိုးမျိုးထုပြီး နာမည်အမျိုးမျိုးပေးနေတာပါ။
ဘုရားရှင်၏ ရုပ်တုတော်ပုံနှင့်ပတ်သက်ပြီး ထုလုပ်ရမည့်ပုံ (၉) မျိုးရှိတယ်လို့
မှတ်သားဘူးပါတယ်။
 ( ၁ )ဗောဓိညောင်ပင်အောက် ထိုင်နေတော်မူပုံ ၊
( ၂ ) ဓမ္မစကြာတရားဦးဟောနေတော်မူပုံ (ဓမ္မစကြာမုဒြာ)
( ၃ ) အနိမိသ၌ ရပ်တော်မူနေပုံ ( ဗျာဒိတ်ပေးနေပုံ )
( ၄ ) လက်ယာနံစောင်း လျောင်းနေတော်မူပုံ ၊
( ၅ ) မာရ်နတ်၏ အန္တရာယ်ကို ဖြေရှင်းစဉ် မြေကြီးကို ကိုင်၍သက်သေပြုနေပုံ (ဘူမိဖဿမုဒြာ)
( ၆ ) ပရိနိဗ္ဗာန်စံတော်မူပုံ ၊
( ၇ ) အာဠာရ၊ဥဒက တို. အရှုံးကြီးရှုံးလေစွ ဟု ဂရုဏာသက်ကာ
ရင်ခွင်တွင် လက်တော်တင်ထားပုံ ( မဟာဂရုဏာမုဒြာ )
(၈) ရတနာစင်္ကြန်၌ စင်္ကြန်လျှောက်တော်မူပုံ
(၉) ညီတော် အာနန္ဒာအား လက်သန်းဖြင်.မြေမှုန်.များကို ကောက်ယူပြတော်မူပုံတို့ဖြစ်ပါတယ်။
မြန်မာပြည်မှာ ထုလုပ်ကိုးကွယ်နေတဲ့ ရုပ်ပွါးတော်တွေနဲ့ပတ်သက်ပြီး
ဒက္ခိဏသာခါရုပ်ပွါးတော်ကတော့ ကြည့်ရတာ အဆိုးဆုံးလို့ထင်ပါတယ်။
ကြည်ညိုဖွယ်မဖြစ်ပါဘူး။
ဒက္ခိဏသာခါရုပ်ပွါးဆင်းတုတော် စတာတွေနဲ့ပတ်သက်ပြီး
ရေစကြိုအရှင်ဧသိက က ဒီလို တင်ပြခဲ့ပါတယ်။
မြန်မာပြည်၌ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှုလည်း ခေတ်စားလှသည်။ ဤရုပ်ပွားတော်နှင့် ပတ်သက်၍လည်း ဖြစ်ရပ်ဇာတ်လမ်းများ ထွေးယှက်နေသည်။
ဒက္ခိဏသာခါဆိုသည်မှာ မြန်မာဘာသာဖြင့် တောင်အကိုင်း ဟူ၍ အဓိပ္ပာယ် ရသည်။ ဘီစီ ၃-ရာစုတွင် ရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာ ထေရီမယ်တို့သည် သီဟိုဠ်သို့ သာသနာပြု ကြွခဲ့ကြသည်။
သီဟိုဠ်ကျွန်းသားတို့ ကိုးကွယ်ရန် မဟာဗောဓိပင်မှ လက်ယာတောင်ကိုင်းကို ဖြတ်ယူ၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုးခဲ့၏။ ထိုဗောဓိပင်မှ အသားတို့ကို ရုပ်ပွားထုလုပ် ကိုးကွယ်ရာမှ ဒက္ခိဏသာခါဘုရား ပေါ်ပေါက်လာသည် ဆို၏။
မြန်မာနိုင်ငံတွင် သက္ကရာဇ် ၇၈၈-ခုနှစ်၌ နန်းတက်သော မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ ဒက္ခိဏသာခါ ရုပ်ပွားတော် အဆူရေ ၃၀၀-ကျော် ရောက်ရှိလာရာ
ရဟန်းရှင်လူ မှူးမတ်ပြည်သူတို့ အမြတ်တနိုး ကိုးကွယ်ခဲ့ကြသည်။
ထိုအချိန်မှ စ၍ ဒက္ခိဏသာခါ ရုပ်ပွားတော် ကိုးကွယ်မှု ခေတ်စားလာလေသည်။
ရှေးဦးက ဒက္ခိဏသာခါ ရုပ်ပွားများမှာ အခြားရုပ်ပွားများကဲ့သို့ပင်
အချိုးအဆစ် ပြေပြစ်စွာ ထုလုပ်ခဲ့ကြသည်။
အခြားရုပ်ပွားများနှင့် ခြားနားသည်မှာ ကြာပန်းဆောင်းခြင်းသာ ထူးသည်။
ဤသို့ ကြာပန်းဆောင်းသော ဖြစ်ရပ်မှာမူ မဟာယာနဂိုဏ်းနှင့် ယှက်နွယ်နေပြန်သည်။ မဟာယာနကျမ်းတို့၌ ဤသို့ ရေးဆိုထားသည်။
ကောသလမင်းနှင့် မလ္လိကာ မိဖုရားတို့သည် ဘုရားရှင်အထံသို့ လာကြရာ
ဘုရားရှင် မရှိခိုက်နှင့် ကြုံနေ၏။ ရှင်မောဂ္ဂလာန်သည် တန်ခိုးတော်ဖြင့် လိုက်ရှာရာ
ဘုရားရှင်သည် ကြာမျိုး ၅-ပါး ဖူပွင့်နေသည့် အနောတတ္တ အိုင်ထဲ၌
 ကြာပွင့်ကြီးတစ်ခုပေါ်မှာ ဈန်ဝင်စားနေ၏။
အိုင်စောင့်နတ်ကြီး ၉-ဦးတို့ကလည်း
ဘုရားရှင်ကို ကြာပွင့်ထီး တစ်လက်စီဖြင့် ဆောင်းမိုးပေးထားကြသည်။
ဤဖြစ်စဉ်ကို တွေ့မြင်လာခဲ့ရသဖြင့် ရှင်မောဂ္ဂလာန်သည်
ကောသလနှင့် မလ္လိကာမိဖုရားတို့အား ပြန်လည် ပြောပြ၏။
မင်းနှင့် မိဖုရားတို့သည် ဘုရားရှင် စံမြန်းနေပုံကို စိတ်ကူးဖြင့် ကြည်ညိုသွားကြသည်။ ဤပုံသဏ္ဌာန်မျိုးကို ရုပ်တုပြုလုပ်၍ ကိုးကွယ်လိုကြောင်း
ရှင်မောဂ္ဂလာန်အား လျှောက်ထားကြသည်။ ခွင့်ပြုချက် ရသဖြင့် မင်းနှင့် မိဖုရားတို့သည် ကြာပန်းဆောင်း ရုပ်ပွားကို ကိုးကွယ်ခဲ့ကြသည်ဟု ဆိုလေသည်။
ဤအဆိုအရ ဒက္ခိဏသာခါ ရုပ်ပွားများမှာ မဟာယာနတို့ အယူအဆအရ
ထုလုပ် ကိုးကွယ်ခဲ့ကြသည်ဟု ဆိုနိုင်ပြန်ပါသည်။
နောက်ပိုင်းတွင် ဒက္ခိဏသာခါ ရုပ်ပွားပုံများကို ဂိုဏ်းဆရာလုပ်သူတို့က
အမျိုးမျိုး စိတ်ကူး၍ ချဲ့ထွင် ပြုလုပ်ကြသည်။
ရုပ်ပွားတော်တွင် မှို ၉-ချက် ရိုက်ခြင်းစသော အစီအမံများကို ထည့်သွင်းထားကြသည်။ ထိုရုပ်ပွားတော်ကို ကိုးကွယ်လျှင် လာဘ်ပေါများမည်။
အရောင်းအ၀ယ် ကောင်းမည်။ ရာထူးတိုးမည်။
အန္တရာယ် ကင်းမည်။ မီးဘေးမှ လွတ်မည်။ သိဒ္ဓိပေါင်းစုံ ပြီးစီးနိုင်သည် စသည်ဖြင့်
ဂိုဏ်းဆရာတို့၏ အသုံးချခံ ရုပ်ပွားတစ်ဆူ ဖြစ်လာလေသည်။
အဆိုးရွားဆုံး ပြုလုပ်ချက်မှာ ရုပ်ပွားတော်၏ ပုံသဏ္ဌာန် ဖြစ်သည်။
ရုပ်ပွားပုံစံကို ပန်းပုမတတ်သူ ထုလုပ်သကဲ့သို့
ပုအိုင့်သော၊ လည်ကုပ်တိုသော ပုံဆိုးများကို ထုလုပ်ကြသည်။
(အမှန်စင်စစ်)
ဗုဒ္ဓဘုရားသည် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြည့်စုံသူ ဖြစ်၍
အပြစ်ပြောဖွယ် မရှိ။
တင့်တယ်သော ရူပကာယတော် ရှိပါသည်။
ဤကဲ့သို့ ဆိုးရွားသော ပုံသဏ္ဌာန် ရုပ်ပွားတို့ကို ထုလုပ် ကိုးကွယ်နေကြသည်မှာ
ဘုရားရှင်၏ ကြည်ညိုမြတ်နိုးဖွယ်ရာ ရုပ်အဆင်းကို ဖျက်ဆီးထား ခြင်းပင် ဖြစ်ပါတော့သည်။
ယနေ့ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓရုပ်ပွားတော်များကို
ပုံစံအမျိုးမျိုး အယူအဆ အသွယ်သွယ်တို့ဖြင့် ထုလုပ် တည်ထား ကိုးကွယ်နေကြသည်။
- နှုတ်ခမ်းမွှေးတပ်သော ရုပ်ပွားများ ၊
- မျက်မှန်တပ်သော ရုပ်ပွားများ ၊
- မှဲ့တပ်သော ရုပ်ပွားများ ၊
- နဖူး၌ အဖုတပ်သော ရုပ်ပွားများ ၊
- လက်စွပ်ဝတ်သော ရုပ်ပွားများ ၊
- မြွေပတ်သော ရုပ်ပွားများ ၊
- ဆင်စီး မြင်းရံ ရုပ်ပွားများ-
စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နေကြသည်။
အချို့ ရုပ်ပွားများမှာ မူလတင်ပျဉ်ခွေ ရုပ်ပွား၏ ဒူးနှစ်ဖက်နှင့် ပခုံးနှစ်ဖက်ပေါ်၌ မတ်ရပ်ရုပ်ပွားလေးများကို ထည့်သွင်း ထုလုပ်ထားသည်ကို တွေ့ရသည်။
ပလပ်စတစ်ဖြင့် လောင်းထားသော ရုပ်ပွားဖြစ်သည်။
ထိုရုပ်ပွားကို ကြည့်၍ ဆပ်ကပ်ပြနေသလားဟု ထင်မှားလောက်အောင်
အရုပ်ဆိုး အကျည်းတန်နေပါသည်။
အချို့ ဘုရားရင်ပြင်ပေါ်၌ လူကြိုက်များသော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စသော
ဘိုးတော်ဆိုသူ စိတ္တဇရုပ်ကောင်တို့ကို ပြုလုပ်ထားရာ
ဗုဒ္ဓဘာသာအတွက် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များ ဖြစ်ပေသည်။
ယခု ဖော်ပြခဲ့သော အကြောင်းရပ်များမှာေ
ထရ၀ါဒ၌ ရောနှောနေသည့် ကိုးကွယ်မှုများ ထဲမှ ထင်ရှားသော ကိုးကွယ်မှုများ ဖြစ်ပါသည်။
မထင်မရှားဖြင့် ကိုးစားနေကြသော အသေးအမွှား ကိစ္စများလည်း
အမြောက်အမြား ရှိနေချေသေး၏။
Ref: ရေစကြိုအရှင်ဧသိက ထေရ၀ါဒဗုဒ္ဓဘာသာ စာ ၁၃၉-၁၄၁
Sunday, May 29, 2011
ထပ်ကာ ထပ်ကာ
Should a person commit evil,
he should not do it again and again.
ပါပဉ္စေ ပုရိသော ကယိရာ၊ န တံ ကယိရာ ပုနပ္ပုနံ
မကောင်းမှု ပြုမိစေကာမူ ထိုမကောင်းမှုကို ထပ်ကာ ထပ်ကာ မပြုမိစေရာ။
ဓမ္မပဒ - ၁၁၇
Saturday, May 28, 2011
အနေကဇာတင်ပွဲ (၃)
တချို့က အနေကဇာတင်ပွဲကို ဘုရားသိဒ္ဓိတင်ပွဲတဲ့။
“ဘုရားရုပ်တုကို သိဒ္ဓိမတင်ရသေးဘူး၊ သိဒ္ဓိတင်ရအုံးမယ်” စသည်ဖြင့် ပြောဆိုကြပါတယ်။
သိဒ္ဓိတင်တယ်ဆိုတာ အစွမ်းမရှိတဲ့ အစွမ်းမထက်တဲ့အရာဝတ္ထုတစ်ခုကို
အစွမ်းရှိလာအောင် အစွမ်းထက်လာအောင် ရွတ်ဖတ်မန်းမှုတ်ပေးတာလို့ နားလည်မိပါတယ်။
မိမိတို့အိမ်ကို ပင့်ဆောင်ပြီး ကိုးကွယ်မဲ့ ဗုဒ္ဓရုပ်ပွါးတော်ကို သိဒ္ဓိတင်တယ်ဆိုတော့
ဗုဒ္ဓရုပ်ပွါးတော်က အစွမ်းမရှိလို့လား၊
အစွမ်းမရှိခဲ့ရင်လဲ ဘုန်းကြီးတွေ ရွတ်ဖတ်ပေးရုံနဲ့
အစွမ်းရှိလာမှာလား၊ အစွမ်းထက်လာမှာလား။
ဘုရားကို ဘုန်းကြီးကသိဒ္ဓိတင်ပေးရတယ်ဆိုတာ အတော့်ကို ကြားလို့မကောင်းတဲ့စကားပါ။
သိဒ္ဓိတင်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်၊ အကြောင်းအရာနဲ့ပတ်သက်လို့
ရေစကြိုအရှင်ဧသိကရေးထားတာ အတော်လေးပြည့်စုံလို့
ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
ယနေ့ မြန်မာနိုင်ငံ၌ သိဒ္ဓိတင်သော အလုပ်ကိုလည်း
လူအတော်များများ လက်ခံ ယုံကြည်နေကြ၏။
သိဒ္ဓိတင်ခြင်း ဆိုသည်မှာ
ပါဠိဘာသာ သိဒ္ဓိဟူသော ဝေါဟာရပုဒ်နှင့် မြန်မာဘာသာ တင်ဟူသော ဝေါဟာရနှစ်ခုကို ပေါင်းစပ်၍ သိဒ္ဓိတင် ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပေသည်။
ဤတွင် သိဒ္ဓိဟူသော ပုဒ်ကို အနက်အဓိပ္ပာယ် ရှာဖွေကြည့်ပါက
အဘိဓာန်ပါဠိ၌ သိဒ္ဓိပုဒ်၏ အဖွင့်မရှိ။ ပရိယာယ်လည်း မရှိ။
သို့သော် သာဓနသဒ္ဒါဟောနိုင်သော အနက်တို့ကို ဖော်ပြရာ၌
သိဒ္ဓိပုဒ်ကို ပြီးစီးခြင်းဟူ၍ အနက်ပေးထားကြပါသည်။
မြန်မာအဘိဓာန်ကျမ်း၌
သိဒ္ဓိ = ပြီးခြင်း၊ သိဒ္ဓိတင်၊ လက်ဖွဲ့စသည်ကို အစွမ်းထက်အောင် ဆောင်ရွက်သည်။
ချီးမွမ်းသည်။ အမွှမ်းတင်သည်။ ဟု ဖွင့်ပြထားသည်။
ထို့ကြောင့် သိဒ္ဓိတင်ခြင်းဆိုသည်မှာ
စီမံဖန်တီးထားသော ပစ္စည်းကို အစွမ်းထက်အောင် ဆောင်ရွက်သော အလုပ်ကို ဆိုလိုသည်။
သိဒ္ဓိတင်သည် ဆိုရာမှာလည်း
ဟိန္ဒူ ဗြာဟ္မဏတို့ကဲ့သို့ ဂါထာမန္တန်ဖြင့် ရွတ်ဆိုခြင်းကိုပင် ဆိုလိုပါသည်။
မြန်မာတို့က မန္တန်ဖြင့် မန်းသည်ဟု ခေါ်၏။
လက်ဖွဲ့မန်း၊ ရေမန်း၊ ဆီမန်း စသည်ဖြင့် အမျိုးမျိုးသော မန်းမှုတ်မှုတို့ကို တီထွင်ပြုလုပ်ကြသည်။ ဤသို့ မန်းလိုက်သဖြင့် ရေသည် အစွမ်း ထက်သွား၏။
ဆီသည် တန်ခိုးရှိသွား၏။ လက်ဖွဲ့စသည်တို့လည်း အစွမ်းထက်သွားကာ
လိုရာသိဒ္ဓိများ ပြီးမြောက်မည်ဟု ယုံကြည်ကြသည်။
ဤကဲ့သို့သော ယုံကြည်ချက်ဖြင့် ဂါထာမန္တန်တို့ကို
ကိုယ်တိုင် ရွတ်ဖတ် သရဇ္ဈာယ်၍ သိဒ္ဓိတင် မန်းမှုတ်ကြသည်။
မိမိတို့ မလုပ်တတ်ပါက အခြား မန်းမှုတ်တတ်သူတို့ကို မန်းမှုတ်စေ၍
အစွမ်းထက်အောင် ပြုလုပ်ကြသည်။
သိဒ္ဓိတင်သည်ဆိုသော ဂါထာမန္တန်တို့မှာလည်း
သက္ကတ၊ ပါဠိ၊ မြန်မာဘာသာတို့ဖြင့် သီကုံးထားခြင်း ဖြစ်သည်။
ဂါထာမန္တန်တို့မှာ မိမိတို့ လိုအင်ဆန္ဒကို တောင်းဆိုထားသော စာများသာ ဖြစ်သည်။
ပုံစံအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။
မဟိဒ္ဓိကာ ဘေးရန်ကာ၍ ကမ္ဘာမပျက် အာယုဆက်၍
အသက်ကပ်လုံး တည်စေသော် ။
ခဲဖွယ်ဘောဇဉ် ချိုချဉ်ကစ မွတ်သိပ်လှသော် တောင့်တချက်ချင်း ရောက်စေသော်။
အရေးရှိလျှင် အရိပ်ဆာယာ နတ်တကာနှင့် ၀ိဇ္ဇာအပေါင်း မစေသော် ။
ဗိုလ်လူများစွာ ရန်ပြုလာလျှင် ၀ိဇ္ဇာဗလ နတ်ကစ၍ သိဒ္ဓိဆိုင်ရာ နတ်များစွာက
ညီညာဖြဖြ ၀ိုင်းအုံကြ၍ မ စ ပြုပြင် ငါ့ရုပ်သွင် မထင်ချက်ချင်း ပျောက်စေသော် ။
ဤသို့သော မန္တန်စာဖြင့် သိဒ္ဓိတင်ကြခြင်းသာ ဖြစ်ပေသည်။
ယနေ့ခေတ်တွင် သိဒ္ဓိတင်ခြင်းကို လူကြိုက်များလာသည့်အလျောက်
သိဒ္ဒိတင်ပေးသော ပုဂ္ဂိုလ်ကြီးများလည်း ပေါ်ပေါက်နေ၏။
ထိုပုဂ္ဂိုလ်များမှာ အများအားဖြင့် ဂိုဏ်းဆန်ဆန်အလုပ်ကို ပြုလုပ်နေသူများ ဖြစ်သည်။
ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊ လက်ဖွဲ့၊ ဓာတ်လုံး စသည်တို့ကို
ဥုံ အောင်းဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။
လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီး က ရွတ်ဆိုပေးသမျှကို
ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့်
လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။
ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများ ရှိနေသည်။
ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။
ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲ သွင်းကာ
သပ်ရပ်စွာ သိမ်းဆည်းထားလိုက်သည်။
ပြီးနောက် လက်ကိုင်အိတ် တွင်းမှ ၂၀၀ိ/- တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။ လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသော ပုဂ္ဂိုလ်အတွက် ၁၉၉-ကျပ် အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သော အလုပ်မှာ ဘယ်ဖက်စပ် ကုမ္ပဏီလုပ်ငန်းမှ မရှိချေ။
လူတို့သည် ဘ၀နှင့် ဘ၀ခံစားမှုအတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက်အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။
ယုံကြည်စရာကို ရှာဖွေ လက်ခံနေကြသည်။
ယုတ္တိရှိ မရှိကို အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ။
ရေစကြိုအရှင်ဧသိက၊ ထေရ၀ါဒဗုဒ္ဓဘာသာ စာ ၁၅၈-၁၆၀
Friday, May 27, 2011
အနေကဇာတင်ပွဲ (၂)
မြန်မာပြည်ပရိယတ္တိပညာရေး လို့ခေါ်တဲ့ ဘုန်းကြီးပညာရေးမှာ
ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းလို့
အခြေခံအဆင့်မှာ သုံးတန်းရှိတယ်။
ပထမကြီးတန်းအောင်ပြီးရင်
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဦးစီးပြီး ကျင်းပတဲ့
သာသနဓဇဓမ္မာစရိယဘွဲ့အတွက် ဓမ္မာစရိယစာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့်ရှိသွားပြီ။
ဒီနေရာမှာ ဘွဲ့ဆိုလို့ ပြောရအုံးမယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာဒကာတွေ ဒကာမတွေ အတော်လေး
ဘာသာရေးဝေါဟာရတွေနဲ့ စိမ်းနေတာ တွေ့ရပါတယ်။
ဒီကိုအလည်လာတဲ့ဆရာတော်တစ်ပါးက
သူပြန်ရင် သယ်ဆောင်သွားမည့် အိပ်ကြီးမှာ
သူ့နာမည်နဲ့ လိပ်စာကပ်သွားလိုကြောင်း၊
ဒီအတွက် စာရိုက် ပရင့်ထုတ်ပေးစေလိုကြောင်း၊
ဒီလို စာရိုက်ရာမှာ သူ့နာမည်ရှေ့မှာ ဦး၊ အရှင် လို့မရေးဘဲ
ဘဒ္ဒန္တဆိုတဲ့ စာလုံးရေးပေးစေလိုကြောင်း၊
(ဥပမာ - ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ စသည်)
ဒီလိုဘဒ္ဒန္တစာလုံးရေးတပ်ထားရင် မြန်မာပြည်က လေဆိပ်ဝန်ထမ်းတွေအပါအ၀င်
အားလုံးက လေးစားသမှု ပိုပြုကြကြောင်း၊
ဒီဘဒ္ဒန္တဆိုတဲ့ စာလုံးကို သူတို့က ဘွဲ့ကြီးတစ်ခုလို့ ယူဆကြကြောင်း ပြောပြပါတယ်။
သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးလိုက်ပါတယ်။
တကယ်တော့ ဒီဘဒ္ဒန္တဆိုတာ ဘွဲ့ထူးဂုဏ်ထူး မဟုတ်ပါဘူး။
မြန်မာလိုတော့ အရှင် လို့ အဓိပ္ပါယ်ရပါတယ်။
ရဟန်းဖြစ်ပြီးတဲ့ ဘယ်လိုဦးဇင်းမဆို သူ့တို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ရေးလို့ရပါတယ်။
ဒါ့ကြောင့်မို့ ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ ဆိုတာ
အရှင်ပညာဇောတ၊ အရှင်ဂုဏဆိုတာနဲ့ အတူတူပါဘဲ။
ဘဒ္ဒန္တဆိုတာ သီးခြားဖြေဆိုယူရတဲ့၊ ဒါမှမဟုတ် အစိုးရက သီးခြားကပ်ထားတဲ့
ဘွဲ့ထူး ဂုဏ်ထူးမဟုတ်ပါဘူး။ စကားစပ်မိလို့ ပြောဖြစ်တာပါ။
ထား။
အထက်ကပြောခဲ့တဲ့ ပထမကြီးတန်း အောင်ပြီးပြီဆိုရင်
ဓမ္မာစရိယစာမေးပွဲထက်ကြီးကျယ်တဲ့ တိပိဋကစာမေးပွဲကိုလဲ
ဒါတင်မကပါဘူး။
ရန်ကုန်၊ မန္တလေးတို့မှာရှိတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာ
ပညာသင်ယူချင်တယ်ဆိုရင်လည်း ဒီပထမကြီးအောင်ပြီးတဲ့ ဦးဇင်း၊ ကိုရင်တွေဟာ
ဝင်ခွင့်ဖြေဆိုကာ ၀င်ခွင့်အောင်တယ်ဆိုရင် ပညာသင်ခွင့်ရပါတယ်။
ပထမကြီးတန်းအောင်မြင်ပြီးတဲ့ မိမိကတော့
မန္တလေးမှာရှိတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ
ဝင်ခွင့်ဝင်ရောက်ဖြေဆိုကာ ပညာသင့်ခွင့်ရပါတယ်။
ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ လေးနှစ်ပညာသင်ယူပြီး
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရပါတယ်။
မဟာတန်းတက်ခွင့်ရလို့ မဟာတန်း (၂) နှစ် ဆက်တက်ဖြစ်ပါတယ်။
မဟာဘွဲ့ (M.A) အတွက် ကျမ်းပြုရမယ်ဆိုလို့ ကျမ်းကြီးကြပ်မဲ့ Supervisor နဲ့ညှိနှိုင်းရင်း
ကျမ်းခေါင်းစဉ်စောင့်ရင်း အထက်ကပြောခဲ့တဲ့
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကတိုးပူးပေါင်းကျင်းပတဲ့
အစိုးရဓမ္မာစရိယစာမေးပွဲကို (ဘွဲ့လောဘကြီးတဲ့ မိမိလည်း အလကားမနေပဲ) ၀င်ရောက်ဖြေဆိုဖြစ်ပါတယ်။
အောင်လို့ သာသနဓဇဓမ္မာစရိယဘွဲ့ရလိုက်ပါတယ်။
ဒီအစိုးရဓမ္မာစရိယစာမေးပွဲ အောင်လိုက်တဲ့အချိန်၊ အောင်ပြီလို့ သိလိုက်တဲ့အချိန်မှာ
“ဒါမှ ဣန္ဒက ကွ” လို့ မိမိနာမည်ကို မိမိခေါ်ကာ အော်ဟစ်လိုက်ဖူးပါတယ်။
ဝမ်းသာလွန်းအားကြီးလို့ ရင်ထဲ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံပါ၊ စကားပါ။
ဒါကို ဘာသာရေးအသုံးမှာ ဥဒါန်းစကားလို့ ခေါ်ပါတယ်။
ဘုရားရှင်လည်း ဘုရားဖြစ်ဖို့ ဘ၀ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ရပါတယ်။
နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာ လောကီအာရုံ လောကီစည်းစိမ်ကို ငြီးငွေ့ပြီး
တောထွက်ပါတယ်။ တရားကျင့်ပါတယ်။
အသက် (၃၅) နှစ်အရွယ်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့
မိုးသောက်ယံ အချိန်မှာ ဘုရားဖြစ်ပါတယ်။
ဒီလိုဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း သူ့နှလုံးသားထဲမှာ သူ့ရင်ထဲမှာ
ဝမ်းသာလုံးတွေ တစ်လုံးပြီး တစ်လုံးတက်လာပါတယ်။
နောက်ဆုံးမှာ ဒီဝမ်းသာလုံးတွေဟာ ဘုရားရှင်ရဲ့ ပါးစပ်တော်က
စကားလုံးအဖြစ်ထွက်လာတော့တာပါဘဲ။
ဒီဘုရားရှင်ရဲ့ ၀မ်းသာစကားလုံးတွေကတော့
“အနေကဇာတိသံသာရံ” အစချီတဲ့ ဂါထာတွေပါ။
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း ဘုရားရှင်မြွက်ဆိုတဲ့စကားလုံးတွေဖြစ်လို့
ဘုရားရှင်ရဲ့ ပထမဦးဆုံးစကားတော် လို့ မှတ်ချက်ပြုကြပါတယ်။
ဘုရားဖြစ်ပြီး ပထမဦးဆုံးရွတ်ဆိုတဲ့ ဒီ “အနေကဇာတိသံသာရံ” ဂါထာတွေထဲက
အနေကဇာ ဆိုတဲ့ရှေ့ဆုံးစကားလေးကို ယူပြီး အနေကဇာတင်တယ် လို့ ပြောဆိုနေကြတာပါ။
မြန်မာရဟန်းတော်များက ရုပ်ပွါး၊ ဆင်းတု၊ စေတီတွေရှေ့မှာ ထိုင်ကာ
အရင်ပြောခဲ့တဲ့အစီအစဉ်အတိုင်း အနေကဇာတင်တယ် ဆိုပြီး ပြုမူနေကြတာပါ။
ဘုရားရှင်ကတော့ ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း (အသက်ရှင်ဆဲဆိုတော့)
သူကိုယ်တိုင် ရွတ်ဆိုနိုင်တာပေါ့။
အခုဘုရားရှင်က မရှိတော့ ရုပ်ပွါးတော်၊ ဆင်းတုတော်၊ စေတီတော်တွေကို ကိုးကွယ်ရတာ။
ဒါတွေက သက်မဲ့တွေ (အသစ်တွေ - သစ်သားစသည်မှ ဘုရားဖြစ်လာတာတွေ) ဆိုတော့
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်းရွတ်ဆိုတဲ့
ဥဒါန်းဂါထာတွေ (၀မ်းသာစကားတွေ) ကို
သက်ရှိထင်ရှား ဘုရားရှင်ကိုယ်စား ဘုန်းကြီးတွေက ရွတ်ဆိုပေးရတဲ့သဘောပဲ။
ဒါကိုပဲ အနေကဇာတင်တယ်လို့ ခေါ်နေကြတာပဲ။
ဘုန်းကြီးတွေက သစ်သားရုပ်တုစတာတွေကို ဘုရားရှင်ကိုယ်စား ရွတ်ဆိုပေးတာနဲ့
ဘုရားဖြစ်သွားရောလား။ ဒီလိုတော့လဲ မဟုတ်ပါဘူး။
ဒီရုပ်တုကို ကိုးကွယ်မယ်ဆိုတာသိအောင် အထိမ်းအမှတ်ပြုလိုက်တဲ့ပွဲပါဘဲ။
အမှန်စင်စစ်၊ ဒီရုပ်တုကိုသာ ကိုးကွယ်တာတော့လဲ မဟုတ်သေးပါဘူး။
Thursday, May 26, 2011
အနေကဇာတင်ပွဲ (၁)
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာဒကာကြီးတစ်ဦးက
ကဆုန်လပြည့်နေ့မှာ သူ့အိမ်မှာ
အရုဏ်ဆွမ်းဘုဉ်းပေးဘို့ ပင့်လျှောက်လာပါတယ်။
ဆွမ်းပင့်ကပ်ရခြင်းရည်ရွယ်ချက်က
 မြန်မာပြည်က လူကြုံနဲ့မှာလိုက်တဲ့
ဘုရားရှင်ရဲ့ ရုပ်ပွါးဆင်းတုတော်ရောက်လာလို့
အဲ့ဒီရုပ်ပွါးဆင်းတုတော်ကို
ကဆုန်လပြည့်နေ့လို နေ့ထူးနေ့မြတ်မှာ အနေကဇာတင်ပွဲကျင်းပမှာဖြစ်လို့ပါတဲ့။
အနေကဇာတင်ပွဲဆိုမှ အနေကဇာတင်ပွဲနဲ့ပတ်သက်ပြီး
အတွေးနယ်ချဲ့မိတယ်။
အတွေ့အကြုံအရ ပြောရရင်
အနေကဇာတင်ပွဲကို
နံနက်စောစောအရုဏ်ဆွမ်းမစားမီ အချိန်မှာ ကျင်းပလေ့ရှိပါတယ်။
မိမိတို့နေအိမ်မှာ ပင့်ဆောင်ကိုးကွယ်ထားတဲ့ ရုပ်ပွါးဆင်းတုတော်ကို
ဘုရားစင်မှာ ဘုရားရှင်သီတင်းသုံးရာနေရာမှာ သပ်သပ်ယပ်ယပ်ထားရှိကြပါတယ်။
ဘုရားအနေကဇာမတင်မီ
ဆွမ်း ခဲဖွယ် ဘောဇဉ် ရေချမ်း ပန်း နံ့သာ ဆီမီး ထီး တံခွန်ကုက္ကား
မုလေးပွား စသည်တို့ကို လှူဒါန်းပူဇော်ထားလေ့ရှိပါတယ်။
ယင်းနောက် မိမိတို့နီးစပ်ရာကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်တွေကို
ပင့်ဆောင်လေ့ရှိပါတယ်။
အနေကဇာတင်ဘို့ ကြွရောက်လာကြတဲ့ သံဃာတော်များက
ဘုရားရှင်ရုပ်ပွါးတော်ရှေ့မှာ ချထားတဲ့ ပန်း နံ့သာ ထီး တံခွန်ကုက္ကား
မုလေးပွားစသည်တို့ကို အသီးသီးကိုင်ဆောင်ကြလျက်
အနေကဇာတင်မည့် ဘုရားရှင်ရုပ်ပွါးဆင်းတုတော်ကို ရှိခိုးကာ
ရှေးဦးစွာ -
နမော တဿ သုံးကြိမ်ရွတ်ဆိုတယ်။
ယင်းနောက် အနေကဇာတိ သံသာရံ ဂါထာကို သုံးကြိမ် ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ ပထမဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ် ပဋိလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ ဒုတိယဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ၊ ပဋိလုံကို ရွတ်ဆိုတယ်။
ယင်းနောက် ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ နဲ့စတဲ့ တတိယဂါထာကို ရွတ်ဆိုတယ်။
ယင်းနောက် ဟေတုပစ္စယော စတဲ့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိကို ရွတ်ဆိုတယ်။
နောက်ဆုံး ဇယန္တော ဗောဓိယာ မူလေ စတဲ့ ဂါထာတွေကို ရွတ်ဆိုတယ်။
နောက်ဆုံးတွင် ဦးဆောင်ဆရာတော်က ဘုရားရှိခိုးလို ဂါထာမျိုးတွေ
ဇယန္တော ဗောဓိယာ မူလေ လို အဘိသိက်ဂါထာမျိုးတွေကို
အနက်မြန်မာပြန်နဲ့ ရွတ်ဆိုကာ ဒကာ ဒကာမများက
သတည်း ဆုံးတိုင်းဆုံးတိုင်း သာဓုခေါ်ကြပါတယ်။
သာဓုခေါ်ပြီးတိုင်း အသင့်လှူထားတဲ့ ပန်း ပေါက်ပေါက်ဆိုကို ပက်ကြဲကာ
ဘုရားရှင် ရုပ်ပွါးတော်ကို ပူဇော်လေ့ရှိပါတယ်။
ဆက်လက်ပြီး အမွှေးနံ့သာရေများထည့်ထားတဲ့ ဖလားထဲမှာ သပြေခက်ကိုနှစ်ပြီး
ဘုရားရှင် ရုပ်ပွါးဆင်းတုတော်ကို ပက်ဖျန်းသွန်းလောင်းကာ
ဘုရားအနေကဇာတင်ပွဲကို အဆုံးသတ်ပါတယ်။
ပြီးနောက် ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို ဆွမ်းကပ်ပါတယ်။
ဆွမ်းကပ်ပြီးတော့ ငါးပါးသီလဆောက်တည်။ ဆရာတော်က အနုမောဒနာ တရားဟော၊
အလှူရှင်များက ရေစက်သွန်းချ အမျှဝေပါတယ်။
ဒါက မြန်မာပြည်မှာ ဗုဒ္ဓရုပ်ပွါးဆင်းတုတော်ကို မိမိတို့အိမ်မှာ ပင့်ဆောင်ပြီး
(၀ယ်ယူပြီး) မကိုးကွယ်မီ ပြုလုပ်လေ့ရှိတဲ့ အနေကဇာတင်ပွဲ အကျဉ်းချုပ်ပါဘဲ။
တွေးမိတာက
အနေကဇာတင်တယ်ဆိုတာ ဘာလဲ။
ဒီလိုမျိုး အနေကဇာတင်ခြင်းအလေ့ ဘယ်ကလာသလဲ။
ဘယ်တုန်းက စခဲ့သလဲ။
မြန်မာနိုင်ငံမှာလို တခြားနိုင်ငံမှာရော ဒါမျိုး လုပ်လေ့ ရှိသလား။
ဘုရားရှင်ရုပ်ပွါးဆင်းတုတော်ကို အနေကဇာမတင်ပဲ ကိုးကွယ်ကောင်းပါသလား စတဲ့
လဲ - ပေါင်းများစွာ လား - ပေါင်းများစွာ မေးခွန်းတွေ တသီကြီး ခေါင်းထဲ ၀င်လာပါတယ်။
Wednesday, May 25, 2011
အတွေးဦး
အိန္ဒိယနိုင်ငံမှာ ကျောင်းတက်စဉ်
မြန်မာရဟန်းတော်များဦးစီးထုတ်ဝေသောစာစောင်အတွက်
ရေးပေးသောစာတိုပေစလေး ဖြစ်ပါတယ်။
My First Thought
It was the year 2001 when I first landed in India for the very first time in pursuit of my pre-doctoral further study following the completion of my M.A in Sri Lanka. As soon as I stepped down from the plane on the land of India, my old friends introduced me to an association established for the Myanmar monk-students and its associated pamphlets.
As new comer to India, I paid my casual attention to my friend’s and had responded in the most indifferent way to such association, then. It could possibly be because my attention was very much tied-up with admission formality to the University. Secondly, my past experience with such similar associations, which I got involved with, had produced no benefit at least to me personally. The associations that I had associated with in the past were not well run and well supported publicly.
The associations that I was involved with in the past were in some ways not creditable associations. As such, many of the leaders were of no creditable stature and the associations were disappointedly non-functional. Among the leaders of the association, to my disappointment, some were not true leader, the associations have no by-law or constitution and secondly, the leader could not lead with a set aims and objective of the association. On top of that was said, mishandling and misappropriation of association funds and property real heart breaking experiences. Probably, because of my bad past experience with association, my attention, at this time, was most casual. 
My past experience tells me that those leaders of the association should have the quality and understanding of the importance of the success of an association. For an association to function and be successful, there should be unbiased or impartiality of objective. The moment an association deviates from its own written objective, with personal bias coming into play, the association loses its objective.
Our Buddhist teachings also remind us how one could fall into such a pitfall when we allow such factors to come into play: (1) attachment (chanda) (2) hatred (dosa) (3) fear (bhaya) and (4) ignorance (moha). These four are regarded as four ways of falling into injustice.
Every individual, who gets involved with the association, should carefully look into his own self on his thoughts and feelings and reflect deeply and make analysis in order to find out his own bias or motives. One should be able to pass the litmus test of the above four factors when he chooses to work as a leader of an association.
The success of an association depends very much on the one who has taken a lead role in an association. So much is dependent on the leader’s quality and his stature. The leader bears solely the burden of success and downfall of an association. Therefore, it is essential to select a good and qualified leader. So raises the question here how and what type of a person should be a leader. In my personal opinion, there is an acronym (L-e-a-d-e-r) that said it all, when we select a leader. The leader should have the following qualifications:
v     L - learned,
v     E - educated,
v     A - active,
v     D - determination,
v     E - experience and
v     R - respectable.
So the leader should be a learned, educated, active and respectable person with determination and experience. Then only the society with such a leader would succeed and prosper in the long run. With that this is my conviction that if I ever join an association, those leaders of the association should have those qualifications.
When I came to India for the second time after I completed the University formability and got formally admitted to the University as a pre-doctoral student, I got admitted to the M-M-W-A-I as a member. I realized that I could not stay away from the association while I am living in an environment in the community of the local society. Nevertheless, my desire of a good leader of an association still lingers on in the back of my mind.
As a member of MMWAI, after sometime, I was pretty much involved in the contribution of the association literature and at the same time distributing books including its constitution. I was fascinated by those books which are systematically compiled and published for public review. Its operational transparency and its accomplishment have done beyond my expectation. What MMWAI has done is more than praiseworthy, commendable and exemplary.
When I have gone through the book ‘constitution’ and ‘The Forth Anniversary Book’ I have found the aims and objectives of MMWAI and it is systematically and firmly organized. It is recommended and supported by the Embassy of Myanmar with the intention of promotion of Buddha Sasana. Many of the renowned Sayadaws, both from India and Myanmar, are rooting for the MMWAI. This association, MMWAI, has now being well rooted and established in the land where the light of Dhamma was discovered.
Moreover, it is learnt that there are so many Dhamma-comrades from different places of our mother land (Myanmar), staying and studying in different universities of India. They will, sooner or later, secure the degrees from respective universities with new and diverse knowledge on Buddhism.
Furthermore, I come to know that our devotees from different places have strongly supported the MMWAI. Regarding this, there is no an iota of doubt about that the devotees have a strong confidence – a strong confidence that the monk-students who have completed their study would be able to serve as missionary monks for the promotion and propagation of Buddha Sasana nationally and internationally.
If so, looking from the lay devotee’s support of the Buddha Sasana, as far as I know, they could responsibly endorse and bear the burden of support for the missionary work in the past, in the present, and they will be able to take it in the future, too.
Here, my thought on this matter is “how we, monks, look at it, as the community of Sanghas receiving the lay devotee’s supports. How far have we prepared to acknowledge our indebtedness to the lay devotees? Have we worked hard to be worthy of their support by accumulating the knowledge and wisdom to contribute to our new generations of Buddhists in the mother land - Myanmar? To that call of challenge, are we ready to accept this great challenge and the demand of this new era of Buddha Sasana?
This was what struck me, my first thought.
Monday, May 23, 2011
အနိုင်ယူပါ
 Conquer anger by love, 
Conquer evil by good, 
Conquer the miser with liberality, and 
Conquer the liar with truth. 
Dhammapada 223
Sunday, May 22, 2011
ပါဠိဘာသာ
ဘုရားရှိခိုးသည့်အခါ မိမိနားမလည်သော ပါဠိထက်
နားလည်သော မြန်မာစကားကို သုံးကာ
စကားအဓိပ္ပါယ်၌
စိတ်ကို စူးစိုက်စွာ သွင်းလျက် ဆုတောင်းရမည်။
ပါဠိသည် ဘုရားဟော ကျမ်းစကားနှင့်သာ ဆိုင်သော
ဘာသာစကားမဟုတ်။
မြတ်စွာဘုရားလက်ထက်၌ အရပ်သုံးစကားဖြစ်ရာ
ထိုစကားနှင့်ပင် အကောင်းကို ပြောကြ၏။
ထိုစကားနှင့်ပင် ဆိုးယုတ်စွာ ဆဲရေးကြ၏။
ထိုစကားနှင့်ပင် ကာလသားသမီးများ ချစ်ကြိုက်ကြလေရာ
ပါဠိဘာသာကို အသုံးပြုမှ ဖြစ်သည်ဟု စွဲမှတ်ရန် အကြောင်းမရှိ။
သဘောအဓိပ္ပါယ်ကို သိသော စူးစိုက်သောစိတ်သာ ပဓာနဖြစ်လေသည်။
သို့ဖြစ်၍ ဘုရားဟောပါဠိတော်ဟုပြောခြင်းထက်
ဘုရားဟောတရားဟူသော စကားက သာ၍ မှန်လေသည်။
အကြောင်းမူကား
မြတ်စွာဘုရားသည် ပါဠိကို ဟောသည်မဟုတ်။
တရားကိုထား ဟောလေရာ ထိုအခါ ပါဠိခေါ် မဂဓဘာသာမှာ
အရပ်သုံးစကားဖြစ်၍ မည်သူမဆို နားလည်သဖြင့်
လွယ်ကူသောကြောင့် ထိုဘာသာစကားကို သုံးတော်မူလေသည်။
ထိုဘာသာစကားကြောင့် ဘုရားသခင်၏ တရားတော်
ယခုတိုင် တည်သည်မဟုတ်။
ဘုရားဟောတရားကြောင့် ထိုဘာသာစကားသည်
ယခုတိုင် တည်ရှိလေသည်။
အကယ်၍ မြတ်စွာဘုရားသည် ထိုဘာသာစကားကို အသုံးမပြု၊
အခြားဘာသာစကားတစ်ခုခုကို အသုံးပြုချေက
ပါဠိဘာသာသည် ပျောက်ကွယ်ကုန်သော များစွာသော
ရှေးဘာသာစကားများကဲ့သို့
ကွယ်ပျေက်၍ သွားလေမလား မသိရပေ။
 လုံးလုံးပင် မကွယ်မပျောက်စေကာမူ
ယခုလို အခြေကျကျ ခိုင်လုံစွာတည်နေမည်မဟုတ်ပေ။
အချို့က ပါဠိကို ကမ္ဘာဦးစကားဟု ပြောကြ၏။
ထိုစကားမှာ အထင်နှင့်ပြောခြင်းသာ ဖြစ်လေသည်။
ပီမိုးနင်း - သုခချမ်းသာ စိတ်ပညာမှ
Saturday, May 21, 2011
Four things to seek!
In your behavior seek to be disciplined.
In your faith seek to have right understanding.
In your work seek to be industrious.
In your daily life seek simplicity.
Ven. Hsing Yun
Friday, May 20, 2011
ရှင်ဥပဂုတ်
ရှင်ဥပဂုတ်အကြောင်းကို အရင်တစ်ခါ တိုစိစိလေး ရေးဘူးတယ်။
ဓမ္မကထိကဆရာတော်တစ်ပါးက
ရှင်ဥပဂုတ်ကို ပိဋကတ်စာပေထဲမှာ မပါလို့ မကိုးကွယ်သင့်ကြောင်း စသည်ပြောကာ
သုံးစားမရလောက်သည်အထိ ပြောဟောသွားခဲ့တယ်။
တကယ်တော့ အဲ့ဒီဓမ္မကထိကဟာ
ရှင်ဥပဂုတ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင် သုတေသနလုပ်ပြီး ဟောပြောတာ မဟုတ်ပါဘူး။
မိုးကုတ် ခါတော်မှီဆရာတော် အရှင်ပညိန္ဒာဘိဝံသ ရေးထားတဲ့
ထေရ၀ါဒဗုဒ္ဓဘာသာစစ်တမ်း၊ အိန္ဒိယ မြန်မာဗုဒ္ဓဘာသာ စတဲ့စာအုပ်လေးတွေဖတ်ပြီး
လျှောက်ပြောတဲ့အဆင့်လောက်ပဲ ရှိပါတယ်။
ရှင်ဥပဂုတ်ကို ပိဋကတ်စာပေထဲ မပါတာနဲ့ မရှိဘူး၊ မကိုးကွယ်ရဘူးလို့တော့
မပြောသင့် မဟောသင့်ပါဘူး။
ဟိုနေ့က အားအားရှိတာနဲ့ မဂ္ဂဇင်းစာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။
ဆရာကြီး မြ၀င်း (ဒဿန) ရေးထားတဲ့ ရှင်ဥပဂုတ်အကြောင်းပါ။
ဆရာကြီးက ရှင်ဥပဂုတ်အကြောင်းကို ပြောဆိုရာမှာ
စာအုပ်လေး တစ်အုပ်နှစ်အုပ်ဖတ်ပြီး ရှင်ဥပဂုတ် ရှိတယ်၊ မရှိဘူး ဆန္ဒစောပြီး
ဆုံးဖြတ်ချက်မချဘို့ လယ်တီဆရာတော်ကြီးစကားကို ကိုးကားပြောသွားပါတယ်။
နောက်ပြီး ရှင်ဥပဂုတ်ဟာ မြန်မာပြည်မှာ ရိုးရာကိုးကွယ်မှုဖြစ်လာလို့
ရိုးရာတစ်ခုအဖြစ် ဆရာကြီးက ထိန်းသိမ်းထားလိုဟန်ရှိပါတ။်
ဆရာကြီးရဲ့ အယူအဆတွေ၊ ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ အယူအဆတွေကို
သဘောကျလို့ တင်ပြလိုက်ပါတယ်။
ဆက်ဖတ်ကြည့်ပါအုံး။
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏
အရှင်ဥပဂုတ္တနှင့် စပ်လျင်းသောအမြင်
တစ်ညနေခင်းတွင် ဓမ္မမိတ်ဆွေတစ်ဦး ရောက်လာပါသည်။
ထိုဓမ္မမိတ်ဆွေရောက်လျှင်ရောက်ချင်း ကျွန်တော်က ဤသို့ စကားစ လိုက်ပါသည်။
“ပြောစရာတွေ ရလာပြီထင်တယ်”
“ဟုတ်တယ်ဆရာရေ့၊ ပြောစရာတွေ ရလာတယ်။
အရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ ပြောစရာတွေ ရလာတယ်။”
“အရှင်ဥပဂုတ္တနဲ့ပတ်သက်လို့ ဆရာတော်တွေက ဟောနေကြပြီပဲဗျာ၊
ဘာတွေများ ပြောစရာတွေ ရလာလို့လဲ”
“တလောက ကျွန်တော့်ဇာတိရွာကို ပြန်ရောက်သွားတယ်၊
ကျွန်တော့်ဇာတိရွာက အညာမှာလေ၊ ကျွန်တော်က ဆရာ့လို အညာသားပါ။
ဇာတိရွာကိုရောက်တော့ ကျွန်တော့်တူရဲ့ ရှင်ပြုအလှူပွဲနဲ့တိုးပါတယ်။
အလှူဝင်တဲ့နေ့မှာ ကျွန်တော်အလှူမဏ္ဍပ်ကို ရောက်သွားပါတယ်။
အဲဒီမှာ ရှင်ဥပဂုတ်တင်တာနဲ့ တိုးပါတယ်။
သူတို့ ရှင်ဥပဂုတ်တင်ပုံက လင်ပန်းတစ်ခုထဲမှာ ဆန်ထည့်၊ ငှက်ပျောသီးထည့်၊
အုန်းသီးထည့်၊ နောက် ငါးခြောက်ပြားထည့်၊ ပြီးတော့ မဏ္ဍပ်အမိုးပေါ်မှာ တင်လိုက်ပါတယ်။
ကျွန်တော်က အရှင်ဥပဂုတ္တဟာ ရဟန္တာဖြစ်နေလေတော့ နတ်တင်သလို တင်လို့ မဖြစ်ဘူး။
ဆွမ်းချက်ပြီး ရိုရိုသေသေကပ်လှူရတယ်လို့ပြောပါတယ်။
အဲဒီတော့ သူတို့က
ဦးလေးရယ်တဲ့၊ အစဉ်အလာက အဲသလို တင်လာခဲ့ကြတာပါပဲတဲ့။
အဲဒီလိုပြောနေတုန်း ရွာသားတစ်ဦးရောက်လာပြီး
အရှင်ဥပဂုတ္တဟာ ထေရ၀ါဒဗုဒ္ဓဘာသာမှာ မရှိပါဘူးတဲ့။
ရိုးရာအစဉ်အလာရှိလို့သာ တင်နေကြတာပါတဲ့။
အဲဒါကို ဆရာ့ကို ပြောပြချင်လို့ လာခဲ့တာပါ”
“အေးဗျာ၊ တစ်လောကလည်း လူငယ်တစ်ယောက်နဲ့ တွေ့တယ်။
သူကလည်း အဲဒီအတိုင်းပြောတယ်။
ဒါနဲ့ သူ့ကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးစီရင်တဲ့
‘၀ိမတိစ္ဆေဒနီ’ ကျမ်းမှာလာတဲ့အတိုင်း ပြောလိုက်ရတယ်”
“၀ိမတိစ္ဆေဒနီကျမ်းမှာ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ဘယ်လိုရေးထားသလဲ ဆရာ”
“နေဦးဗျာ၊ ကျွန်တော်ဝိမတိစ္ဆေဒနီကျမ်းကို ယူလိုက်ဦးမယ်”
ကျွန်တော်သည် စာအုပ်စင်သို့သွား၍ ၀ိမတိစ္ဆေဒနီကျမ်းကို ယူပါသည်။
ဝိမတိစ္ဆေဒနီကျမ်းကို မြင်သောအခါ မိတ်ဆွေက ဤသို့စကားဆိုပါသည်။
“စာအုပ်က အတော့်ကို ဟောင်းနေပြီနော်”
“ဟောင်းဆို ၁၉၂၁ ခုနစ်က ရိုက်တာဗျ၊ (၈၈) နှစ်တောင် ရှိသွားပြီ။
ရိုက်တဲ့ပုံနှိပ်တိုက်က ရန်ကုန်မြို့ ကြည့်မြင်တိုင် မြန်မာအက္ခရာ စာပုံနှိပ်တိုက်တဲ့”
“အတော်ကြာခဲ့ပြီဘဲ။ ဒါဖြင့် အရှင်ဥပဂုတ် ရှိတယ် မရှိဘူးဆိုတဲ့ ပြဿနာဟာ
ရှေးကတည်းက ရှိခဲ့တာပေါ့။”
“ဟုတ်တာပေါ့ဗျာ၊ ရှေးကတည်းက ရှိခဲ့တာပေါ့၊
အဲ့ဒီကျမ်းထဲမှာ ပုဂ္ဂိုလ်တစ်ဦးက
‘လေးရပ်ရှင်သေ၊ ပေါင်းရှစ်ထွေကို၊ တည်နေမပျက်၊ ခုတိုင်ထက်ဟု၊
စဉ်ဆက်သေချာ၊ ပြောကြပါ၏။
ရှိရာသည်လား၊ စကားယုတ္တိ၊ ဆိုတိုင်းရှိက၊ ဘမိနေရပ်၊ မျိုးဇာတ်နာမည်၊
နေသည်ခြင်းရာ၊ သြဇာလေးနက်၊ ဆက်မဆက်နှင့်၊ မပျက်ခုတိုင်၊
တည်နိုင်ရကြောင်း၊ ဤလုံးပေါင်းကို၊ ကောင်းကောင်းမုချ၊ သိချင်လှ၏’
လို့ မေးထားပါတယ်။
“ကျီးသဲလေးထပ်ဆရာတော်ကြီးက ဘယ်လိုဖြေခဲ့သလဲ ဆရာ”
“ကျီးသဲလေးထပ်ဆရာတော်ကြီးက
‘သူသေလေးပါး၊ သူရှင်လေးပါးတို့၏အကြောင်း အတ္ထုပ္ပတ္တိကို
ကျမ်းကြီးကျမ်းခိုင်တို့၌ မတွေ့စဖူး၊ ပဥှာကထန မည်သောမှတ်စုကျမ်း၌သာ တွေ့ဖူးသည်’
လို့ ဖြေပါတယ်။
အဲ့ဒီလိုဖြေပြီးမှ သူရှင်လေးပါးမှာ အ၀င်အပါဖြစ်တဲ့ ရှင်ဥပဂုတ်အကြောင်းကို
မိလိန္ဒပဥှာကျမ်း၊ မဟာရာဇ၀ံသကျမ်းတို့ကို ကိုးကားပြီး ရေးပါတယ်။
ရှင်ဥပဂုတ်အကြောင်းကိုတော့ ကျွန်တော် အကျယ်မပြောတော့ပါဘူး။
မိတ်ဆွေလဲ သိပြီးသားဖြစ်မှာပါ။”
“ရှင်ဥပဂုတ်အကြောင်းကိုတော့ ကျွန်တော် အထိုက်အလျောက်သိပါတယ်။
သီရိဓမ္မာသောကမင်းကြီးရဲ့ ရန်ကို ချိုးနှိမ်ဖို့ သံဃာတော်တို့က
မဟာသမုဒ္ဒရာမှာ ကြေးပြာသာဒ်နဲ့ သီတင်းသုံးတော်မူတဲ့
ရှင်ဥပဂုတ်ကို ပင့်စေပြီး မာရ်နတ်ကို ဆုံးမစေတဲ့အကြောင်းကို
ကြားဖူးပါတယ်ဆရာ”
“၀ိမတိစ္ဆေဒနီကျမ်းထဲမှာလည်း အဲဒီလို ဖော်ပြထားပါတယ်။
အဲဒီကျမ်းထဲမှာ အရေးကြီးတာက အရှင်ဥပဂုတ်နဲ့ပတ်သက်တဲ့
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ပါဘဲ။
အဲဒီမှတ်ချက်ကို အခု ကျွန်တော်ဖတ်ပြပါ့မယ်။
ရှင်ဥပဂုတ် သမုဒ္ဒရာ၌နေသည်မှန်လျှင် ဒိပြင်အရှင်များကိုလည်း
ယုံမှားမရှိသင့်ပြီ။ ထိုအရှင်တို့၏အတ္ထုပ္ပတ္တိကို ပြဆိုသောစာပေကို
မတွေ့ရ၍သာ မပြနိုင်ရှိလေသည်။ သင်္ဂါယနာဝင်ကျမ်းကြီးတို့၌
မပါသည်မှာလည်း တတိယသင်္ဂါယနာတင်ပြီးနောက်မှ
ပေါ်ထွက်လာသော ရဟန္တာများဖြစ်၍ မပါသည်ဟု ယူရမည်။
ထိုအရှင်တို့ ယခုတိုင် ရှိမည် မရှိမည်ကို စီစစ်ရာမှာ
အသက်တစ်ရာတန်း၌ဖြစ်သောသူသည် နှစ်ရာသို့ရောက်အောင် မရှည်။
အတန်ငယ်လွန်၍သာ ဆုံးရလေသည်ဟု ဟောတော်မူသော သုတ်ပါဠိတော်ကို ထောက်လျှင်
ယခုသို့ရောက်အောင် မရှိရာပြီ။ တစ်ပါးသံဃာ ရဟန္တာတို့၏နောက်ကျန်၍
ရှိရစ်သည်ကို စွဲ၍သာ အရှင်လေးပါးရှိကြောင်းကို ဆိုသည်ဟု ယူရမည်။
သူသေလေးပါးမှာ စာပေကျမ်းဂန်မတွေ့”
“ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ဟာ အင်မတန်မှတ်သားစရာကောင်းပါတယ်။
ရှင်လေးပါးရဲ့ အဓိပ္ပါယ်လည်း ရှင်းသွားတာပဲဗျာ။”
“နေဦးဗျ၊ ဆရာတော်ဘုရားကြီးရဲ့ အဖြေက မဆုံးသေးဘူး။
ဆရာတော်ဘုရားကြီးက ကျွန်တော်တို့အတွက် စဉ်းစားစရာ အချက်တစ်ချက်ကို
ထပ်ပြခဲ့သေးသဗျ။ ကျွန်တော်ဖတ်ပြပါ့မယ်”
ဤမှတစ်ပါး ထောက်ထားရန်အကြောင်းကား
အိန္ဒိယတိုင်း ဘိလပ်ပြည်ကြီးက သမုဒ္ဒရာကို လည်ပတ်၍ကြည့်သော
လောကဓာတ်ဆရာနှစ်ဦးတို့သည် မီးသင်္ဘောတစ်စီးနှင့် ပင်လယ်ကို လည်ရာ
တောင်သမုဒ္ဒရာတွင် ဘယ်ဟာရှိမည်ကို သိရအောင်သွားမည်ဟု
တောင်စူးစူးသို့ ထွက်၍သွားသော်
အများသွားမြဲ ခရီးကို လွန်၍ တစ်ဆယ့်သုံးရက် ထွက်လေသဖြင့်
ရေပြင်လယ်ကောင်တွင် ကျောက်တောင်တစ်ခုပေါ်၍
ထိုကျောက်တောင်ထက်၌ ကြီးစွာသော ကြေးပြာသာဒ်ကို မြင်၏။
အနီးသို့ရောက်စိမ်းသောငှာ စက်ခုတ်ပါသော်လည်း
လွန်စွာရေကြမ်းလှသောကြောင့် အနီးသို့ မကျဘဲ
အမြောက် တစ်ကမ်းခန့်နေရာက ခွာဆုတ်ခဲ့ရသည်။
တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ကို တပ်အပ်မြင်ခဲ့ရသည်ဟုသတင်းစာ
၁၂၂၅ ခုနစ်တွင် ငါတို့အရပ်သို့ ရောက်လာဖူးသည်။
“အတော့်ကို စဉ်းစားစရာ ကောင်းတဲ့အချက်ပဲနော်”
“စဉ်းစားမယ်ဆိုရင် စဉ်းစားစရာတွေ တစ်သီတစ်တန်းကြီးပေါ်လာမယ်။
ဒါ့ကြောင့်မို့ တစ်နည်းတွေ့နဲ့ လွေ့လွေ့ရမ်းရမ်း
ဆုံးဖြတ်ချက်ချလို့ မဖြစ်ပေဘူး။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးမိန့်ဆိုသလို
‘မျက်မြင်မှာ ဥာဏ်တွဲလို့ အနဲနဲ ရှု’ ပေါ့ဗျာ။”
“ကျေးဇူးတင်ပါတယ် ဆရာ”
“အရှင်ဥပဂုတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောနိုင်တာကတော့
အရှင်ဥပဂုတ် ကိုးကွယ်ပူဇော်မှုအစဉ်အလာဟာ
ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ အခိုင်အမာ ရှိနေပြီဆိုတဲ့ အချက်ပါဘဲ”
“အဲ့ဒါကိုတော့ ကျွန်တော်လဲ သဘောတူပါတယ်ဆရာ”
ဤသို့လျှင် ကျွန်တော်နှင့် ဓမ္မမိတ်ဆွေတို့သည် ထိုညနေက
အရှင်ဥပဂုတ္တနှင့်စပ်လျင်း၍ ဆွေးနွေးဖြစ်ခဲ့ကြပါသတည်း။
မြ၀င်း (ဒဿန)
သူရဇ္ဖ (၂၀၀၉၊ ဇွန်)
Thursday, May 19, 2011
စာရေးပျင်းသူတို့ထုံး
စာရေးဘို့ ပျင်းတဲ့သူတွေ ထုံးစံအတိုင်း
အခုတလော စာရေးပျင်းနေလို့
ဗုဒ္ဓနေ့တုန်းက ကျင်းပခဲ့တဲ့
ပုံတွေကို တင်ပေးလိုက်တယ်။
Wesak Day လို့ ခေါ်တဲ့ ၀ိသာခါ ဗုဒ္ဓပူဇနီယပွဲတုန်းက ပုံတွေပါ။
Wednesday, May 18, 2011
အသက်မွေးဝမ်းကြောင်း
ဘုန်းကြီးက လူနဲ့တူရင် သီလပျက်တတ်၏။
လူက ဘုန်းကြီးနဲ့တူရင် စီးပွါးပျက်တတ်၏။
ဆွမ်းစားပွဲစကားဝိုင်းမှ မှတ်သားစရာစကားတစ်ခွန်း
Tuesday, May 17, 2011
Proud to be a Buddhist
Happy Wesak!
I love not only the life of Buddha, but that of Bodhasatta as well.
ပျော်ရွှင်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ကြပါစေ။
ငါတို့ကိုးကွယ်နေတဲ့ ဘုရားက
ဘုရားမဖြစ်ခင် ဘုရားအလောင်းဘ၀ကတည်းက
လေးစား အားကျ အတုယူစရာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်။
Proud to be a Buddhist !!!!!!!!
Monday, May 16, 2011
ရှောင်ပါ
Four Things To Avoid
1: Do not have bad thoughts.
2: Do not do bad things.
3. Do not say bad words.
4: Do not befriend bad people.
Ven. Hsing Yun
photo: http://www.commentsyard.com/comments/flowers/
Sunday, May 15, 2011
မသူတော် မထွန်းကားမီ
သံဃနာယက ၀ိနိစ္ဆယ ဆုံးဖြတ်ချက် ၀န်ခံကတိပြုချက် အပိုဒ် (င) တွင်
ဝန်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်
မြန်မာနိုင်ငံတော်အစိုးရ၏ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရပါမည်ဟု ပါရှိပါသည်။
သို့အတွက်ကြောင့်
အထက်သို့သက်သေခံအဖြစ် တင်ပြနိုင်ရန် No.1 ရှင်ဣဒ္ဓိပါလ၏
လှုပ်ရှားမှု့များ ဖြန့်ဝေစာများ၊ ဗွီဒီယိုဖိုင်များ အစရှိသော
ခိုင်လုံသော အထောက်ထားများရှိပါက
ဓမ္မဥပဒေ ပြန်ပွါးရေးအသင်းသို့ ပေးပို့နိုင်ပါသည်။
ဘလော့တွင် ပုံတင်ရ အဆင်မပြေသည့်အတွက်ကြောင့်
ဝန်ခံကတိပြုချက် မူရင်းကို
http://dhammaanalysis.multiply.com/photos/album/13/13 တွင်
သွားရောက် ကြည့်ရှူနိုင် ပါသည်။
အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်
မှတ်ချက်။ ဒီမှာသံဃမဟာနာယကဆုံးဖြတ်ချက် တင်ပေးလိုက်တယ်။
ပုံကို ကလစ်ပါ။
Source: http://www.dhammalaws.org/
Saturday, May 14, 2011
ကုလားဘုန်းကြီး ဘာလဲ ဘယ်လဲ
www.dhammagarden. com မှာ ဒီနေ့ Post တင်မရဖြစ်နေလို့
ဒီမှာ (Facebook မှာ) အရင်တင်လိုက်တယ်။
အောက်ကအကြောင်းအရာတွေဟာ
www.dhammagarden.com
မှာ Nyein ဆိုသူက ကွန့်မန့်လာပေးထားတာပါ။
ရန်ကုန်မှာ အဲဒီလို ကျော်မကောင်းကြားမကောင်း
သင်တန်းဖွင့်တာ ပြဿနာတွေတက်သွားလို့ အတိုင်အတောခံရပြီးတဲ့နောက်
မလေးရှား ရောက်သွားတာပါဘုရား။
ရန်ကုန်မှာ သူ့သင်တန်းတွေ ပိတ်ထားတယ်လို့ ကြားရပါတယ်။
သူတို့ဝက်ဆိုက်လဲ အင်တာနက်မှာ တင်ထားပြီးမှ ပြန်ဖြုတ်ထားတယ်။
လူသေလူဖြစ် တရားတွေဟောပြီး ဘုရားရှင် ဟောခဲ့တာတွေကို
အကုန်လိုက်ပြင် လိုက်ဖျက်တဲ့ ရှင်ဥက္ကဌရဲ့ တပည့်အဆက်အနွယ်လို့လဲ သိရပါတယ်။ သူတို့ဆရာက နိဗ္ဗာန်မယုံ ကံမယုံ အပါယ်လေးဘုံ မယုံတဲ့
ရုပ်ဝါဒီ ကွန်မြူနစ်ဆရာကြီးတွေရဲ့ တပည့်ပါ။
သူ ငွေရချင်လို့ ဒီလိုသင်တန်းတွေ လိုက်ဖွင့်နေတာလား စဉ်းစားမိပါတယ်။
ဒါလဲ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာကို မလိုတမာစိတ်နဲ့ စော်ကားဖျက်ဆီးဖို့
ရုပ်ကြမ်းဝါဒီ ဒိဌိများက သွန်သင်စေလွှတ်ပြီး သင်္ကန်းဝတ် ဖျက်ဆီးစေတာလဲ ဖြစ်နိုင်ပါတယ်။
မိန်းမတွေ သူ့ရှေ့မှာ ''အားလုံးချွတ်ပစ်လိုက်''ဆိုတဲ့
ညစ်ညစ်ညမ်းညမ်း သီချင်းတီးလုံးနဲ့ တွန့်လိမ်ကောက်ကွေး ကနေတာ မြင်ချင်ရင် အညှီအဟောက်သင်တန်းဆိုပြီး လူဝတ်နဲ့ ဗြောင်လုပ်စားပါလား။
သင်္ကန်းဝတ်နဲ့ လာလုပ်တာတော့ သာသနာ သိက္ခာကျအောင်
သက်သက် ယုတ်မာတယ်လို့ မြင်ပါတယ်။
သူ နိုင်ငံခြား ရောက်ပြီးမှ သူ့ဆိုက် ပြန်အသက်ဝင်နေပါတယ်။
ဓမ္မာစရိယဆိုတာ ညာတာ ဖြစ်လိမ့်မယ်။
ဘယ်အရွယ်က သာသနာ့ဘောင် စဝင်ခဲ့သလဲ။ ဥပဇ္ဈာယ်ဆရာ ဘယ်သူလဲ။
ဘယ်ကျောင်းတွေမှာ သီတင်းသုံးခဲ့လဲ။ စာဝါ ဘယ်တွေမှာ လိုက်ခဲ့သလဲ။
ငယ်လတ်ကြီးတန်းတွေ ဘယ်နှစ်က အောင်ခဲ့သလဲ ဘာမှ သူမပြောနိုင်ဘူး။
သူ့ရဟန်းဝါ ဘယ်နှစ်ဝါ ဆိုတာတောင် သူ ထုတ်မပြောဘူး။
၁၀ တန်း၊ ဓမ္မာစရိယ လို့ သူ့ကိုယ်သူ ပြောထားတယ်။
ငယ်ဖြူကိုယ်တော် အများစုက ကလေးဘဝကတည်းက သာမဏေဝတ်လာတော့
လောကီစာကို စောစောလက်လွှတ်လိုက်တာများတယ်။
ကိုရင်တွေပါ အတန်းတက်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက
ဒီဘက်ပိုင်းမှ ပေါ်လာတာ။ သူ ငယ်တုန်းက ဒီကျောင်းတွေ မပေါ်သေးတော့
ငယ်ဖြူမှန်ရင် ၁၀ တန်းလဲ ၁၀ တန်း၊ ဓမ္မာစရိယလဲ ဓမ္မာစရိယဆိုတာ မဖြစ်နိုင်ဘူး။
အဲဒီခေတ်က အရွယ်ရောက်တဲ့ထိ လောကီစာ သင်ပြီးမှ
ငယ်ငယ်နဲ့ သာသနာ့ဘောင် ဝင်လာတဲ့ အရှင်ဆန္ဒာဓိကတို့လို ကိုယ်တော်တွေက နည်းတယ်။
သူ ဒီလိုကိုယ်တော်မျိုးလဲ ဟုတ်ပုံမရဘူး။
၁၀ တန်းအထိ စာသင်ဖူးတဲ့၊ တစ်သက်လုံး လူဝတ်နဲ့ နေလာတဲ့
လူဝတ်ကြောင် လူလိမ်တစ်ယောက် သာသနာ့ဘောင် ဝင်လာပြီး
ဓမ္မာစရိယလို့ လိမ်ညာစားနေတာလို့ ယူဆပါတယ်။
၁၉ နှစ်သားထဲက တရားဟောခဲ့တယ်တဲ့။
ဘယ်နေရာမှာလဲ၊ ဘယ်ကျောင်းက ဘယ်ဆရာဥပဇ္ဈာယ်ရဲ့
သွန်သင်ကြီးကြပ်မှုနဲ့ ကိုရင်ဘဝကတည်းက တရားဟောခဲ့တာလဲ
ဘာမှ မဖြေနိုင်ဘူး။
ရဟန်းတွေတောင် ဝါငယ်သေးရင်၊ ပရိယတ် မနိုင်သေးရင် တရားမဟောကြတာ
ရဟန်းမဖြစ်ခင် ၁၉ နှစ်သားထဲက တရားဟောတယ်ဆိုတော့
သာသနာအကြောင်း ဘာမှ သေချာမသိထားတဲ့ လူလိမ်တစ်ယောက် ကြွားပုံမျိုးပဲ။
၁၀ နှစ်ကျော် တရားဟောခဲ့တာ တရားဟောတဲ့ မြို့တွေမှာ
ရောက်လေရာမှာ ကြိတ်ကြိတ်တိုး အကြိုခံရတယ်တဲ့။
သူ့ကိုယ်သူ ကြွားထားတာက။
သူ့နာမည်တောင် ဒီလို လူကြားမကောင်းတဲ့ သင်တန်းတွေ ဖွင့်မှ လူတွေစ,ကြားဖူးတယ်။
တစ်ခါမှ မကြားဖူးဘူး။ သူကြွားသလို ထင်ရှားကျော်ကြားနေရင်
ဘာလို့ သူ့ကို ဘယ်သူမှန်း ဘယ်ကမှန်း လူတွေ မသိရတာလဲ။
''ဒီဘုန်းကြီး ဘယ်ကလဲ၊ ဘယ်သူလဲ''ခုမှ မေးစရာ ဖြစ်နေမတဲ့လား။
ခု ဒီလောက် မေးနေတာတောင် သူဘယ်သူလဲ ဘယ်ကလဲဆိုတာ ထုတ်မပြောဘူး။
သူ့စာအုပ်တွေက အုပ်ရေ ၁၀ သိန်းကျော် ရောင်းရတယ်တဲ့။
ထုတ်ဝေသူတွေ ကြားရင် ရယ်လိမ့်မယ်။
မြန်မာပြည်မှာ အုပ်ရေ ၁၀ သိန်းကျော် ရောင်းရတဲ့စာအုပ်
ဘက်ဆဲလားစာရေးဆရာတွေတောင် မရှိဘူး။
တစ်ခါမှ မရှိဘူးတဲ့ အုပ်ရေပဲ။
သူ့သင်တန်းက ဒီလို လိမ်စားညာစားနည်းတွေနဲ့ လုပ်စားနေတာပဲ။
ရဟန်း လုံးဝ ဟုတ်ကိုမဟုတ်တာပါ။
လူလိမ်လူညာ ရဟန်းယောင်ဆောင်ပြီး လာလိမ်နေတာပါ။
မလေးရှားက မြန်မာတွေ ဒင်းကို ဘယ်ကလဲ ဘယ်သူလဲ စစ်မေးသင့်ပါတယ်။ သူ့နောက်ကြောင်းကို သူ တိတိကျကျ လုံးဝ ထုတ်မပြောရဲတာ မရိုးသားမှန်း ထင်ရှားနေပါတယ်။
မှတ်ချက်။ မနေ့က Facebook မှာ တင်လိုက်တဲ့ ပို့စ်ပါ။
Thursday, May 12, 2011
ရဟန်းတုလော၊ တံဆိပ်တုလော
ဟိုတနေ့က ဒကာတစ်ယောက် လာလျှောက်တယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ
အရှင်ဣဒ္ဓိပါလ အမည်ရှိ ရဟန်းတစ်ပါး ရောက်ရှိနေကြောင်း၊
အဲ့ဒီရဟန်းဟာ ဗုဒ္ဓဘာသာသာသနာတော်နဲ့ လုံးဝ မဆီလျှော်တဲ့
အပြုအမူ အပြောအဆို အကျင့်အကြံတွေနဲ့
ရိုးသားတဲ့ မြန်မာ ဗုဒ္ဓဘာသာတွေကို စည်းရုံးသိမ်းသွင်းနေကြောင်း
၁၅၊ ၅၊ ၂၀၁၀ မှာ မြို့ထဲမှာ သူ့ရဲ့ ပွဲရှိကြောင်း
လျှောက်ကြားလာပါတယ်။
ဒါနဲ့ အဲ့ဒီရဟန်းနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို လိုက်လံ ဖတ်ကြည့်မိပါတယ်။
သိလာရတာက ဒီပုဂ္ဂိုလ်ဟာ
တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို
စော်ကား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့
သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို
လုံးဝလိုက်နာခြင်းမရှိဘဲ
ပြောင်ပြောင်တင်းတင်းဆန့်ကျင်တာကို တွေ့ရပါတယ်။
သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်သားတော်ဆိုပြီး
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဘာလို့မဟောရတာလဲ။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို မဟောချင်ဘူးဆိုရင်
လူအ၀တ်အစားနဲ့ ကိုယ်ဟောချင်ရာ ဟောပါလား။
ကိုယ်တတ်ထားတဲ့ပညာကို ကိုယ်ကိုယ်တိုင် မယုံကြည်လို့
သင်္ကန်းဝတ်ပြီး သင်္ကန်းအားကိုးနဲ့ စီးပွါးရှာနေတာလား။ လူတွေကို သိမ်းသွင်းနေတာလား။
ဒီလိုမျိုးလုပ်နေတာဟာ
ကိုယ်ထုတ်တဲ့ကုန်ပစ္စည်း ရောင်းမကောင်းမှာစိုးလို့
သူများရဲ့  နာမည်ကြီးပြီးသား အမှတ်တံဆိပ်ကို
ခိုးတပ်ပြီး ရောင်းစားတာနဲ့ တူနေပါတယ်။
တကယ်တော့
ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အ၀တ်ကို ၀တ်ပြီး
ကိုယ်ပြောချင်တာ ပြောနေတာ စီးပွါ့းရှာနေတာတွေဟာ
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
ခုတုံးလုပ်နေတာပါ။
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
စော်ကားနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီ
http://swenaing.blogspot.com/2011/01/blog-post_6331.html
http://www.youtube.com/watch?v=-8wFYodeGJA&feature=player_embedded
မှာ ဒီလို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာ ကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး
No.1 စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း၏ ခေါင်းဆောင်
ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးတစ်ဦး
ရန်ကုန်မြို့တွင်း စည်းရုံးသိမ်းသွင်းခြင်များ ပြုလုပ်နေကြာင်းသိရသည်။
ကုလား ဘုန်းကြီး၏ ဘွဲ့အမည်ကို
ဆရာတော် အရှင် Eiddidpala ဟု ပေးထားသည်။
ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက်
လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့
စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။
“သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ သာခေါ်ရတယ်။
သူ့လုပ်ရပ်တွေက ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ တခြားစီပဲ။
ဟောကြားချက်တွေထဲမှာ သာဓုမခေါ်နဲ့၊
ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။
သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ သင်တန်းသားတွေက လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတာပဲ။ ဘယ်လိုတွေလဲမသိဖူးဗျာ ကြည့်ရ အတော်ဆိုးတယ်။”
ဟု ရန်ကုန်မြိုခံ တစ်ဦးက ပြောပြသည်။
Wednesday, May 11, 2011
ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ (၃)
ဘုရားရှင်၊ အာနန္ဒာနှင့် ရေပြဿနာဆိုတဲ့ခေါင်းစဉ်နဲ့
အရင်ရေးဘူးထားတဲ့ ပို့စ်လေးကို ထပ်တင်ဖြစ်တယ်။
မဟာပရိနိဗ္ဗာနသုတ်ကို အခြေခံပြီး ရေးထား ဟောထားတာလေးကို
ဖတ်ရင်း နားထောင်ရင်း စဉ်းစားမိတာလေးတွေကို
စဉ်းစားမိသလို ရေးတင်လိုက်တာပါ။
အဲ့လိုရေးတင်တာကို စာဖတ်ပရိသတ်ဖြစ်တဲ့ ဖိုးသားက
ဒီလိုမေးလာပြီး သူ့သံသယကို ဖော်ထုတ်လာပါတယ်။
ဘုန်းဘုန်း.. အဲဒီ စာပေကျမ်းဂန်နဲ့ ကိုက်ညီတယ် ဆိုတာလောက်နဲ့ အတည်မယူနဲ့ ဆိုတာ.. 
ဘုရားဟော ပိဋကတ်စာပေကို ဆိုလိုတာလား ဘုရား..
ပိုင်းလော့ဆရာတော် ဘုရားရဲ့ တရားတစ်ပုဒ်မှာတော့ 
ဘုရားဟော ပိဋကတ်ကို ဆိုလိုတာမဟုတ်ဘဲ 
အဲဒီ ကာလာမ ရွာသားတွေရဲ့ စာပေကျမ်းဂန်
(အဲဒီအချိန် စာပေတွေ မပေါ်သေးလည်း သူတို့လက်ခံကျင့်သုံးတဲ့ နည်းပေါ့နော ဘုရား) ကို ဆိုလိုတာဖြစ်ကြောင်း..
နောက်တစ်ချက် ပြောပြတာက.. ဘုရားရှင်က ရှင်အာနန္ဒာကို ငါဘုရား မရှိတော့တဲ့နောက်ပိုင်း
ဒီ ပိဋကတ် စာပေတွေကို ငါဘုရားကိုယ်စား ထားခဲ့မယ်.. ဘယ်နည်းလမ်းပဲ လာလာ.. လွယ်လွယ်နဲ့လည်း လက်မခံနဲ့၊ လွယ်လွယ်နဲ့လည်း မပြစ်ပယ်နဲ့.. ပိဋကတ်သုံးပုံထဲ ထည့်ကြည့်.. ကိုက်ညီရင် နည်းလမ်းမှန်တယ်လို့ အတိအလင်းမိန့် မြွက်ထားပြီးကြောင်း..
အဲလို နာလိုက်ရတယ်ဘုရား..။
ဘုရားဟော တရားတော်တွေကိုတော့ ယုံကြည်ပြီးသားပါဘုရား..
ဒါပေမယ့် ခုနပြောသလို ကာလမ ရွာသားတွေရဲ့ ကျမ်းကို ဆိုလိုတာ ဟုတ်မဟုတ်တော့ သိချင်သေးတယ်ဘုရား.. စိတ်ထဲ သိပ်ဘ၀င်မကျလို့.. :)
ရိုသေစွာဖြင့် တဲ့။ 
ဖိုးသားရေးထားတာပါ။
ဘုရားရှင်က ကာလာမတို့ကို
မာပိဋကသမ္ပဒါနေန -
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်
ဟောထားတော့ ဒီနေရာမှာ ဒီသုတ်တော်အလိုအရ
ပိဋကတ်ဆိုတာ
ပိုင်းလော့ဆရာတော်ဘုရားပြောသလို ကာလာမတို့ရဲ့ ပိဋကတ်စာပေဖြစ်တယ်ဆိုတာ
ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး။
ဒါပေမဲ့ အခုခေတ်မှာ
မာပိဋကသမ္ပဒါနေန -
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်
လို့ မွတ်စလင်ဘာသာဝင်တစ်ဦးကို ပြောလိုက်ရင်
ကိုရ်အန်ကျမ်းစာကြီးကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရပါမယ်။
ထို့အတူပဲ ခရစ်ယာန်ဘာသာဝင်တစ်ဦးဦးကို ဒီလိုပြောလိုက်ရင်
သမ္မာကျမ်းစာကြီးကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရပါမယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဦးကို ပြောလိုက်မယ်ဆိုရင်လဲပဲ
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟူသောကျမ်းကြီးကို ကိုးကားပြော၍လည်း
မှန်လှပြီ မထင်လေနှင့်လို့ နားလည်ရမှာပေါ့။
ဆိုတော့ကား
ဘယ်နေရာက ဘယ်စာအုပ်ကြီးတွေကိုပဲ ဖြစ်ဖြစ်ပေါ့။
အဲ့ဒီလို စာအုပ်ကြီးတွေကို ကိုးကားပြနေလို့လဲ မှန်တယ်လို့
တထစ်ချ လက်မခံလိုက်ပါနဲ့လို့ ဘုရားရှင်က ကာလာမတို့ကို ပြောလိုရင်းပါ။
ဘုရားရှင်ကာလာမတို့ကို ပြောထားတာ အချက် ၁၀ ချက်ရှိပါတယ်။
အဲ့ ၁၀ ချက်စလုံးဟာ ကာလာမတို့ ခေတ်က၊ ကာလာမတို့ ဒေသ၊ ကာလာမတို့ မျိုးရိုး
ကာလာမတို့ ဆရာတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။
အခုခေတ်အချိန်ထိ နေရာဒေသမရွေး သက်ဆိုင်နေတာပါ။
ဆိုလိုတာက
ဘုရားရှင်က ကာလာမတို့ကို
ဒီပုဂ္ဂိုလ်ကတော့ ငါတို့ဆရာပဲဆိုပီး ဆရာစွဲနဲ့လည်း တထစ်ချ လက်မခံနဲ့ လို့ ပြောပါတယ်။
ဘုရားရှင်ရဲ့ ဒီပြောကြားချက်ဟာ ကာလာမတို့ကို ပြောလို့ ကာလာမတို့ဆရာကိုသာ
ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။
ကာလာမတို့ဆရာကိုသာ အရကောက် မှတ်ယူရမှာ မဟုတ်ပါဘူး။
ကမ္ဘာပေါ်ရှိသမျှ မိမိတို့နဲ့ဆက်စပ်ရာ ဆရာအားလုံးကို ပြောတာပါ။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေကလည်း
ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဆရာသမားပြောတဲ့စကားတိုင်းကို
သာဓု လိုက်မခေါ်မိဘို့ အရေးကြီးပါတယ်။ သာဓုချင်မှ သာဓုမှာမို့ပါ။
အလားတူပါဘဲ။
ပိဋကတ်စာပေကျမ်းဂန်ကို ကိုးကားပြရုံနဲ့လည်း အမှန်လို့ ချက်ချင်းကြီး လက်မခံနဲ့လို့
ဘုရားရှင်ပြောတာဟာ ကာလာမတို့ပိဋကတ်ကိုတင် ပြောတာမဟုတ်ပါဘူး။
ဘာသာပေါင်းစုံမှာရှိတဲ့ ကျမ်းစာအသီးသီးကို ပြောတာပါ။
နောက်ပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး ရှင်အာနန္ဒာကို ပြောသွားတဲ့စကားရှိပါတယ်။
ငါပရိနိဗ္ဗာန်စံရင် သင်တို့ရဲ့ ဆရာအဖြစ် (ငါဟောခဲ့တဲ့) ဓမ္မနဲ့ဝိနယက
သင်တို့ရဲ့ ဆရာဖြစ်လိမ့်မယ် တဲ့။
မှန်ပါတယ်။
သီရိလင်္ကာမှာနေတုန်းက ဂျပန်ဆရာတစ်ယောက် ပြောတာကို နားထဲ ကြားယောင်မိပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေက သူတို့ရဲ့ ပိဋကတ်သုံးပုံစာပေတွေကို
(Authentic) မူရင်းဖြစ်ကြောင်း၊ ဘုရားဟော အစစ်ဖြစ်ကြောင်း လက်မ ထောင်လေ့ရှိတယ်၊
သာသနာ ၂၅၀၀ ကျော်ခရီးမှာ ဘယ်ဘုန်းကြီးက ပိဋကတ်သုံးပုံစလုံးကို
တကယ့် Authentic ဖြစ်ကြောင်း
လက်မ ကောင်းကောင်းထောင်ရဲလို့လဲ လို့ ပြောဘူးပါတယ်။
ဒါပေမဲ့ ပိဋကတ်သုံးပုံကို ထေရ၀ါဒငါးနိုင်ငံက တကယ့်ဗုဒ္ဓဘုရားရှင်ဟောထားတဲ့
တရားတော် အစစ်တွေဖြစ်ကြောင်း
တညီတညွတ်တည်း လက်ခံထားပါတယ်။
သို့သော်လည်းပဲ မြန်မာဘုန်းတော်ကြီးတွေက မိလိန္ဒပဥှာလို
နောက်တိုးစာအုပ်ကို ပိဋကတ်သုံးပုံ ဘုရားဟောစာရင်းထဲ ထည့်သွင်းထားတာကိုတော့
သီဟိုဠ်ဘုန်းတော်ကြီးတွေက သိပ်သဘောမတွေ့လှပါကြောင်း
ကြုံတုန်း ပြောလိုက်ပါရစေ။
ဗဟုဿုတအတွက် ကာလာမတို့အကြောင်း ကေသမုတ္တိသုတ်ကို
ထပ်မံဖော်ပြလိုက်ပါတယ်။
ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။
အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင်
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။
ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။
အချို့အကြောင်းတရားများမှာမူ
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။
Tuesday, May 10, 2011
ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ (၂)
ဒီမဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး
မဟာဂန္ဓာရုံဆရာတော်ကြီးရေးထားတဲ့
သီတဂူဆရာတော်ဟောထားတဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတာ
မြတ်စွာဘုရားရဲ့ နောက်ဆုံးဝါ နောက်ဆုံးနှစ်အကြောင်းကို မှတ်တမ်းတင်ထားတဲ့သုတ်တစ်သုတ်ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးပြီ။
ဒါနဲ့စပ်လို့ အသက် (၃၅) နှစ်အရွယ်မှာ ဘုရားဖြစ်ပြီး
ဘုရားအဖြစ်နဲ့ (၄၅) ၀ါ တိုင်တိုင် နေထိုင်သွားခဲ့တဲ့နေရာအစဉ်
ဝါတော်အစဉ်ကို သိထားသင့်လို့
ဖျာပုံဆရာတော်ရေးထားတဲ့ သုတေသနသရုပ်ပြအဘိဓာန်ထဲက
ဘုရားရှင်ဝါတော်စဉ်ရေးသားထားတာကို ကူး ဖော်ပြလိုက်ပါတယ်။
၄၅ နှစ်အတွင်း ၁၇ နေရာ ဘုရားရှင် ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ၀ိဟာရ၌ ပဌမ၀ါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-၀ါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမ၀ါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမ၀ါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမ၀ါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမ၀ါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ န၀မ၀ါ၊ (၉-၀ါမြောက်)
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမ၀ါ၊ (၁၀-၀ါမြောက်)
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊ (၁၁-၀ါမြောက်)
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမ၀ါ၊ (၁၂ - ၀ါမြောက်)
(၁၁) ဇာလိယတောင်၌ ၁၃-၀ါမှာတကြိမ်, ၁၈-နှင့် ၁၉-၀ါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ ၁၄-၀ါမှာ တကြိမ်, ၂၁-၀ါမှ ၄၄-၀ါထိတကြိမ်ဆို၊ ပေါင်း ၂၅-၀ါ၊
(၁၃) ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ၀ါ၊ (၁၅ - ၀ါမြောက်)
(၁၄) အာဠ၀ီပြည် မဟာဝုန်တော၌ သောဠသမ၀ါ၊ (၁၆ - ၀ါမြောက်)
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရသမ၀ါ၊ (၁၇ - ၀ါမြောက်)
(၁၆) ၎င်းင်းနယ် ဂိဇ္ဈကုဋ်တောင်၌ ၀ီသတိမ၀ါ၊ (၀ါ-၂၀ မြောက်)
(၁၇) ၄၅-၀ါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ၀ါဆိုတော်မူသည်။
အထက်တစ်နေရာမှာ ဖော်ပြခဲ့သလို ဒီသုတ်တော်ထဲမှာ
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။
ရာဇရေးနဲ့ပတ်သက်လို့
ရှင်ဘုရင်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇) မျိုးကို တွေ့ရမှာ ဖြစ်သလို
သာသနာရေးနဲ့ပတ်သက်ပြီး
ရဟန်းတော်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇)မျိုးတို့ကိုလဲ မှတ်သားဖွယ်တွေ့ရပါတယ်။
ဒါ့အပြင် ဓမ္မရေးနဲ့ပတ်သက်ပြီး
သီလစောင့်ထိန်းသူနှင့် သီလချိုးဖောက်သူတို့၏ အကျိုးအပြစ်တို့ကို
ရှင်းရှင်းလင်းလင်းဖော်ပြထားတာကို တွေ့ရပါသေးတယ်။
ဒါတင်မကပါဘူး။
လောကီရေးနှင့်ပတ်သက်ပြီး ပါဋလိပုတ်ပြည် တည်ခြင်းအကြောင်းတို့ကို
ဒီသုတ်ထဲမှာ ဖတ်ရမှာဖြစ်ပြီး
လောကုတ္တရာရေးရာ သစ္စာလေးပါးတရားတို့ကိုလဲ တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။
ခြုံပြီးပြောရရင် ရှည်လျှားတဲ့သုတ်တော်များကို စုစည်းထားတဲ့
ဒီဃနိကာယ်ထဲမှာ ပါဝင်တဲ့ ဒီသုတ်တော်ကို
အရေးအသားကောင်းတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ရေးသားထားပြီး
အဟောအပြောကောင်းတဲ့ သီတဂူဆရာတော်ကြီးက ဟောပြောထားတာဆိုတော့
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ကုလားကျောင်းလေးမှာ
အရုဏ်ဆွမ်းဘုန်းပေးရင်း
နားထောင်ခဲ့ရတာ  (ဆွမ်း၊ ဆွမ်းဟင်းတွေ မကောင်းခဲ့ပေမဲ့)
စိတ်အင်မတန် ကြည်နူးနေခဲ့ရပါတယ်။
ဒါပေမဲ့ တရားတော် တစ်နေရာအရောက်မှာတော့
သဘောမကျစရာ သဘောမတူနိုင်စရာ အချက်ခလေးတစ်ခုကြားလိုက်ရလို့
အဲ့ဒါလေးကို ခရီးဖော်ဖြစ်တဲ့
ဒေါက်တာနန္ဒက (ယခု ကိုးရီးယားမှာ သီတင်းသုံး) ကို ပြောပြဖြစ်ပါတယ်။
တရားတော်အစဉ်က ဒီလို။
ဘုရားရှင် ၄၅ ၀ါမြောက်ဖြစ်တဲ့ နောက်ဆုံးဝါဆိုတဲ့နေရာက ဝေဠုဝရွာ၊
ဘုရားရှင်နဲ့ နောက်ပါသံဃာများ
ဝေဠုဝရွာမှ ဝေသာလီပြည်၊ စာပါလစေတီကို ခရီးဆက်ပါတယ်။
စာပါလစေတီမှ ဝေသာလီပြည် မဟာဝုန်တော၊
အဲ့ဒီကနေပြီး ရွာအသီးသီးဖြတ်ကျော်ကာ
ဘောဂမြို့ကို ရောက်တယ်။
ထိုမှ
ပါဝါပြည်သို့ ဆက်လက် ကြွချီပါတယ်။
ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန် ပါဝါပြည်ကို ရောက်တယ်။
ပါဝါပြည် စုန္ဒဆိုတဲ့ ရွှေပန်းတိမ်သည်ပိုင်တဲ့
သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူတယ်။
စုန္ဒက ဘုရားရှင်နဲ့ သံဃာတော်များကို ဆွမ်းဆက်ကပ်လိုကြောင်း လျှောက်တယ်။
ဘုရားရှင်လက်ခံတော့ စုန္ဒ ဆွမ်းခဲဘွယ် ဘောဇဉ်ပြင်ဆင်တော့တယ်။
စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒ၀ လို့ခေါ်တဲ့ ဟင်းတစ်မျိုးပါလာတယ်။
ဒီနေ့ဒီအချိန်ထိ ဒီစုန္ဒရဲ့ သူကရမဒ္ဒ၀ ဟင်းကို ဘာဟင်းလဲဆိုတာ
တိတိပပ မသိရသေးဘူး
သူကရမဒ္ဒ၀ဟင်းကို အဋ္ဌကထာများမှ (၅)မျိုးကွဲပြားနေတယ်။
(၁) မကြီးမငယ် ၀က်သားစားဖွယ်
(၂) မှိုစားဖွယ်
(၃) မျှစ်စားဖွယ်
(၄) နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
(၅) ဆေးတို့ဖြင့် စီမံထားသောစားဖွယ် တဲ့။
အမျိုးမျိုးဆိုကြတယ်။
ဒီစုန္ဒကပ်တဲ့ ဆွမ်း ဆွမ်းဟင်းတို့ကို ဘုန်းပေးပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်လောက်အောင်
ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်တယ်။
ဒီရောဂါဝေဒနာနဲ့ အားအင်လျော့ကျနေပေမယ့်
ခရီးဆက်ဖို့ အရှင်အာနန္ဒအား ပြောပါတယ်။
ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။
ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။
အသက်ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ဘုရားရှင်
ရောဂါဝေဒနာကလဲ နှိပ်စက်၊
ရာသီဥတုကလဲ ပူလောင်နေတဲ့ကြားက
ပါဝါပြည်ကနေ ကုသိနာရုံကို ကြွချီတော်မူပါတယ်။
အကြောင်းက ကုသိနာရုံမှာရှိတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးကို တွေ့ချင်လို့တဲ့။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်မစံခင်
သူဟောကြားလိုက်တဲ့တရားကို နာကြားလိုက်တဲ့အခါ
သုဘဒ္ဒပရိဗိုဇ်ကြီးကို တရားထူးသိမြင်မည့် အကျိုးစီးပွါးကို မြင်တော်မူလို့
ကုသိနာရုံကိုဆက်ကြွရတာပါ။
ဆက်ကြွရင်း လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင် ပင်ပန်းလွန်းလို့
သစ်ပင်ရိပ်ချဉ်းကပ်ပြီး အလုပ်အကျွေးဖြစ်တဲ့ ရှင်အာနန္ဒာကို
 “အာနန္ဒာ၊
ငါဘုရား၏ နှစ်ထပ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊
ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့” လို့ပြောပါတယ်။
လမ်းခရီးမှာ မောပန်းလွန်းလို့ ပါလာတဲ့သင်္ကန်းကို ခပ်ထူထူလေးခေါက်ခိုင်းပြီး
ခင်းခိုင်းကာ အနားယူတော်မူလိုတဲ့ ဘုရားရှင်ကို မျက်စိထဲမှာ မြင်ယောင်ပြီး
အလွန့်ကို ၀မ်းနည်းမိတယ်။
ဘုရားရှင်က ခင်းပေးတဲ့ သင်္ကန်းခေါက်လေးပေါ်ထိုင်ပြီး
“အာနန္ဒာ၊ ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူပေးစမ်းပါ” လို့ဆက်ပြောပါတယ်။
နွေရာသီကြီးခရီးသွားနေရတာဆိုတော့ ဘုရားရှင် ရေဆာမှာပေါ့။
ကံအားလျှော်စွာ အနီးအနား မြစ်ကလေးရှိလို့ တော်ပေသေးတယ်။
ဒါပေမဲ့ နွေရာသီဆိုတော့ ရေအတော်နည်းနေတယ်။
ခရီးသွားလှည်းသားငါးရာက မြစ်ထဲ ဖြတ်မောင်းထားတာဆိုတော့
ရေကနောက်ပြီး အနယ်ထနေတယ်။
ဒါ့ကြောင့် ရှင်အာနန္ဒာက
“အရှင်ဘုရား အနီးအနားမှာရှိတဲ့ မြစ်ထဲက ရေတွေက နောက်ကျုနေပါတယ်ဘုရား၊ 
ဟိုရှေ့နားမှာ ကကုဓာဆိုတဲ့ မြစ် ရှိပါသေးတယ်ဘုရား၊
 အေးမြတဲ့ရေ ရနိုင်ပါလိမ့်မယ်။ သန့်ရှင်းတဲ့ရေ ရနိုင်ပါလိမ့်မယ်၊
ဆိပ်ကမ်းကလဲ သာယာပါတယ်။ အဲ့နေရာရောက်မှ
အရှင်ဘုရားကို ရေကြည်ရေချမ်းကပ်ပါရစေ လို့
ပြန်လည်လျှောက်တင်ပါတယ်။
ဘုရားရှင်ရေဆာလွန်းတော့ ရှင်အာနန္ဒာကို ဒုတိယအကြိမ် ရေခပ်ခိုင်းပြန်ပါတယ်။
ရှင်အာနန္ဒာကြီးကလဲ အရင်အတိုင်းပဲ ပြန်လည်လျှောက်တင်ပါတယ်။
တတိယအကြိမ်ထပ်မိန့်မှ
ရှင်အာနန္ဒာက သပိတ်ကို ယူကာ မြစ်ဆီသို့ အပြေးကလေးထွက်သွားတယ်။
မြစ်ထဲကရေကို ခပ်ယူမယ်လဲလုပ်ရော
မြစ်ထဲရှိရေတွေ အနယ်ထိုင်ပြီး ကြည်လင်သွားတယ်တဲ့။
ရှင်အာနန္ဒာကလဲ ဒီလိုရေကြည်သွားတဲ့အတွက်
ဘုရားရှင်ရဲ့တန်ခိုးတော်ကို အတော်အံ့သြသွားသတဲ့။
မြစ်ထဲကကြည်လင်လာတဲ့ရေကို ခပ်ယူပြီး
ဘုရားရှင်ကို ကပ်ပါတယ်။
နယူးဒေလီ၊ ကုလားကျောင်းမှာ အရုဏ်ဆွမ်းဘုန်းပေးကာ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်ကို နားထောင်နေရင်း
ဒီနေရာလဲရောက်ရော ဘ၀င်မကျတာလေးတွေ့လို့
အတူသွား အတူလာဖြစ်တဲ့ ဒေါက်တာအရှင်နန္ဒကကို
“မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် မြစ်ထဲက နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာတယ် ဆိုတဲ့စကားကို လက်ခံပါသလား” လို့မေးမိပါတယ်။
သူက လက်ခံပါတယ်တဲ့။
စာထဲမှာလဲ ဒီလိုပဲ ပြောထားတာပဲ တဲ့။
ဘုရားရှင်မှာ တန်ခိုးရှိတယ်ဆိုတာကို လက်ခံပေမဲ့
ဘုရားရှင်တန်ခိုးတော်ကြောင့် နောက်ကျုနေတဲ့ရေတွေ
 ကြည်လင်လာရတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေကြောင်း၊
ဘုရားရှင်ရဲ့ တန်ခိုးတော် ဘုန်းတော်လို့ပြောမဲ့အစား
ဘုရားရှင် ရေအင်မတန်ဆာနေတာကို ရှင်အာနန္ဒာသိလို့
မဖြစ်မနေရေကို ခပ်ယူရတော့မည်ဖြစ်ကြောင်း၊
ပရိက္ခရာရှစ်ပါးထဲမှာ အပါအ၀င်ဖြစ်တဲ့ ရေစစ်ကိုလဲ
သပိတ်နည်းတူ သွားလေရာ ယူဆောင်သွားတဲ့အလေ့ရှိလေတော့
ပါလာတဲ့ရေစစ်နဲ့ သေချာစစ်ပြီး ခပ်ယူလို့
ကြည်လင်သန့်ရှင်းတဲ့ရေ ရလာတာဖြစ်ကြောင်း၊
ဒီလို စဉ်းစားတာဟာ အင်မတန်ယုတ္တိရှိပြီး
ရှင်အာနန္ဒာရဲ့ ဘုရားရှင်အပေါ်ထားရှိတဲ့
စေတနာ၊ မေတ္တာတွေကို ဖော်ပေးရာရောက်ကြောင်း၊
အသိအမှတ်ပြုရာရောက်ကြောင်း
ပြောဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က ၂၀၀၄ - ခုနစ်လောက်ကပါ။
အချိန်တွေသာကြာညောင်းလာပေမဲ့
ကိုယ်စဉ်းစားတွေးခေါ်မှုအပေါ် ဘယ်ဆရာတော်ကြီးထံကမှ ထောက်ခံမှု မရခဲ့ပါဘူး။
ပါဠိတော်၊ အဋ္ဌကထာတို့မှာက ကိုယ်စဉ်းစားတွေးခေါ်ချက်မျိုး စိုးစိမျှ မပါဘူးကိုး။
မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးငယ်တွေအတွက်
Nalanda Institute ဆိုတဲ့ ပညာသင်ဌာနလေးရှိတယ်။
အတော်စနစ်ကျတယ်။
နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူမျိုးတွေစုပေါင်းပြီး
နာမည်ကြီးဗုဒ္ဓဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားကာ
ဟောပြောပွဲလုပ်လေ့ရှိတယ်။
၂၀၀၈  ဒီဇင်ဘာလတုန်းက အဲ့ဟောပြောပွဲကို တက်ဖြစ်တယ်။
ဟောပြောပွဲမှာ ဟောပြောပေးမဲ့ပုဂ္ဂိုလ်တွေထဲမှာ
အမေရိကမှာ သီတင်းသုံးနေတဲ့
သီဟိုဠ်ဘုန်းကြီးတစ်ပါးပါလာတယ်။
Mindfulness In Plain English ဆိုတဲ့စာအုပ်နဲ့ နာမည်ရလာတဲ့ဘုန်းကြီး။
ဘွဲ့က Ven. H. Gunaratana တဲ့။
သူဟောပြောတဲ့ထဲမှာ ခုနက ရှင်အာနန္ဒာက ဘုရားရှင်ကို ရေကပ်တဲ့အကြောင်းပါလာပြီး
ရေနောက်ကျုရာက ကြည်လင်သန့်ရှင်းလာတာဟာ
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်မဟုတ်ကြောင်း ထည့်ပြောပါတယ်။
ကိုယ်နဲ့ဒီဘုန်းကြီးအယူအဆ ဒီနေရာမှာ တူပြီဟေ့ဆိုပြီး
စိုက်နေတဲ့ခေါင်းထောင်လာပါတယ်။
အာရုံပိုစိုက်ပြီး နားထောင်ဖြစ်ပါတယ်။
သူဆက်ပြောတာက
ပထမတစ်ကြိမ် ဘုရားရှင် ရှင်အာနန္ဒာကို ရေခပ်ခိုင်းတုန်းက
ကုန်သည်လှည်းငါးရာဖြတ်ပြီးခါစဖြစ်လို့ ရေ အမှုံထနေကြောင်း၊
အနယ်ထနေကြောင်း၊
ဒါပေမဲ့ ဘုရားရှင်တတိယအကြိမ်ခိုင်းတဲ့အချိန်မှာ
အချိန်အနည်းငယ်ကြာသွားပြီးဖြစ်လို့
မြစ်ရေဟာလဲ စီးဆင်းနေတာဖြစ်လို့ ကြည်လင်နေပြီဖြစ်ကြောင်း
ယုတ္တိရှိရှိပြောသွားပါတယ်။
ကိုယ်လဲ ဒီတော့မှ ဟုတ်လိုက်လေ လို့ စိတ်ထဲက ရေရွတ်ပြီး
ရှင်းသွားပါတော့တယ်။
စာထဲမှာ မပါပေမဲ့ လက်ခံသင့် လက်ခံရပါမယ်။
ဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့
မာပိဋကသမ္ပဒါနေန - စာပေကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုတာလောက်နဲ့
အတည်မယူနဲ့ဆိုတာနဲ့လဲ ကိုက်ညီပါတယ်။
Monday, May 9, 2011
ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ (၁)
၂၀၀၃ - ခုနစ်နဲ့ အဲ့ဝန်းကျင်အလွန်နှစ်တွေတုန်းက
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ (အရင်အခေါ် ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ နေနေတဲ့ကာလ။
တစ်ခါတစ်လေ
ရုံးကိစ္စနဲ့ နယူးဒေလီကို သွားရတယ်။
နယူးဒေလီမှာ မြန်မာရဟန်းတော်တစ်ပါးနေနေတဲ့
ကုလားကျောင်းတစ်ကျောင်းရှိတယ်။
ကျောင်းလေးက သေးတယ်ဆိုပေမဲ့ ကျောင်းဝိုင်းက ကျယ်တယ်။
နေရာလေးလဲ မဆိုးဘူး။
ကုဋီ ရေချိုးခန်းတွေလဲ အဲ့ဒီအချိန်တုန်းက အိန္ဒိယရောက်နေတဲ့
မြန်မာစာသင်သားရဟန်းတော်များ ရှိစုမဲ့စုလေးထဲက
ဖဲ့လှူဒါန်းကြတဲ့ငွေလေးနဲ့ ၀ိုင်းဆောက်လိုက်တာ
အတော်လေးအဆင်ပြေနေဘီ။
စားရေးသောက်ရေးကတော့
ကျောင်း ဂေါပကအဖွဲ့က
ဆန်နဲ့ ပဲကို အမြဲမပြတ်လှူဒါန်းလေ့ရှိတယ်လို့ သိရတယ်။
လှူတဲ့ဆန်က ဆန်ကောင်းတော့ ဘယ်ဟုတ်မလဲ။
ကောင်းတာ မကောင်းတာ အပထား၊ လှူဖော်ရတဲ့ ကုလားဂေါပကအဖွဲ့ကို
ကျေးဇူးတင်ရမယ်။
ဒီကုလားကျောင်းမှာ နေနေတဲ့ဆရာတော်က ဦးပညာဝရတဲ့။
မစိုးရိမ်တိုက်ဟောင်းထွက်၊
ဘုန်းကြီးစာမေးပွဲ စာချတန်းလို့ခေါ်တဲ့ ဓမ္မာစရိယတန်းအောင်ပြီးလို့
သာသနဓဇဓမ္မာစရိယဘွဲ့ရခဲ့တယ်။
ဘွဲ့ဆိုလို့
မြန်မာပြည် ရန်ကုန်၊ မင်္ဂလာရာမတိုက်က
ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့
ဦးပညာသာရကြီးကိုတောင် သတိရမိသေး။
ဦးပညာသာရဆိုတာက အခု ကိုးရီးယားနိုင်ငံမှာ
သီတင်းသုံးသာသနာပြုနေတဲ့ ဒေါက်တာနန္ဒက ရဲ့သူငယ်ချင်း။
သူတို့က မန္တလေး၊ ၀ိသုဒ္ဓါရုံ၊ သံတော်ဆင့်မှာ အတူနေလာတာ။
ဒေါက်တာနန္ဒကနဲ့ပတ်သက်ပြီး ဦးပညာသာရကြီးကို သိရတာ။
ဦးပညာသာရကြီးက စာတော်ပုံပေါက်ပါတယ်။
အဂ္ဂမဟာအကျော်၊ သ၊ စ၊ အ လို့ခေါ်တဲ့
သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယဘွဲ့တွေ ရထားတာ။
တစ်နေ့ သူပြောတယ်။
ဓမ္မာစရိယဘွဲ့ တစ်ဘွဲ့လောက်မှ မရတဲ့ဦးဇင်းကို
ကိုယ်က စကားမပြောချင်ဘူးတဲ့။
ပြောလဲ ကိုယ်ပြောတဲ့စကားကို သူနားလည်မယ်မထင်ဘူးတဲ့။
ဆရာတော်ဦးပညာသာရ ပြောတဲ့စကားပါ။
သူပြောတာ ဟုတ်သင့်သလောက် ဟုတ်လိမ့်မယ်။
ပညာရေးကိစ္စဆွေးနွေးရာမှာ
ဘာဘွဲ့မှ မရထားတဲ့သူဟာ ဆွေးနွေးလို့ ရမယ်မထင်ပါဘူး။
ဆွေးနွေးလဲ နားလည်မယ် မထင်ပါဘူး။
ဘာအကြံမှလဲ ပေးနိုင်မယ် မထင်ပါဘူး။
ဒါ့ကြောင့် ပညာရေးနယ်ပယ်ကို ၀င်ရောက်လိုတဲ့သူဟာ
ဘွဲ့တစ်ဘွဲ့တော့ ရထားသင့်တယ်လို့ ယူဆမိပါတယ်။
ထား။
နယူးဒေလီက ကုလားကျောင်းမှာ နေတဲ့ဆရာတော်၊
အခုတော့ သြစတေးလျနိုင်ငံရောက်နေတယ်လို့ သိရတယ်။
အဆက်အသွယ်တော့ မရဘူး။
အတော်ရိုးတယ်။
 သူနဲ့တွေ့တုန်းက
သူ MA တန်းတက်နေတဲ့အကြောင်း
MA တန်းစာမေပွဲမှာ သက္ကတဘာသာ အမှတ်နည်းလို့
မကျေနပ်လို့ နောက်တစ်ခါပြန်ဖြေတာ
အမှတ်ပိုနည်းသွားကြောင်း ပြောပြဘူးတာကို အမှတ်ရမိတယ်။
သူက လာတဲ့အာဂန္တုတွေကိုလဲ အစိမ်းအကျက်မရွေးပဲ
ရှိတဲ့ပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဧည့်ခံလေ့ရှိတယ်။
သူ့အလုပ်က မနက်ခင်းအိပ်ယာထရင် တံမြက်စည်းလှည်းတယ်။
ခဏနေ အရုဏ်ဆွမ်း (အာရုံဆွမ်း) ဘုန်းပေး။
နေ့ဆွမ်းစား၊ တက္ကသိုလ်သွားစရာရှိသွား။
ညဘုရားဝတ်တက်။
ဒါ သူ့ရဲ့ နေ့စဉ်လုပ်ငန်း။
သူ့ကျောင်း (ကုလားကျောင်း) မှာနေတုန်း
တစ်နေ့ အရုဏ်ဆွမ်းစားသခိုက်
သီတဂူဆရာတော်ဟောတဲ့
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဖွင့်ထားတယ်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ရှိတယ်။
ဒီစာအုပ်က ဘာသာဋီကာဆရာတော်လို့ ထင်ရှားတဲ့
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးရေးတာ။
သူ့ရဲ့နောက်ဆုံးလက်ရာလဲဖြစ်တယ်။
ဆရာတော်ကြီးပျံတော်မူတော့ ဆရာတော်ကြီးရဲ့ ဈာပနပွဲမှာ
သီတဂူဆရာတော်က ဆရာတော်ကြီးနောက်ဆုံးရေးခဲ့တဲ့
ဒီနောက်ဆုံးဆယ်လမြတ်ဗုဒ္ဓစာအုပ်ကို မူတည်ပြီး ဟောကြားပူဇော်ပေးခဲ့တယ်။
ဒီတရားဟောချိန် သီတဂူဆရာတော်ရဲ့အသက် သိပ်မကြီးသေးဘူး။
အသံမာတယ်။ အတော်ကြည်လင်ပြတ်သားတယ်။ အားပါတယ်။
ပါဠိတော်တွေ အဋ္ဌကထာတွေထဲကလာတဲ့
ပါဠိအကိုးအကားတွေကို အတော်ကျက်မှတ် ရွတ်ဖတ်နိုင်သေးတယ်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ကို
အငယ်တုန်းက ကိုရင်ဘ၀တုန်းက ဖတ်ဖူးတယ်။
စာအုပ်က သိပ်မကြီးဘူး။
နန္ဒသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းဆိုတဲ့ စာအုပ်လောက်ပဲ ရှိတယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့
ဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေဖတ်ရမဲ့
ကိုယ်ကျင့်အဘိဓမ္မာ၊
ရတနာ့ဂုဏ်ရည်၊
အနာဂတ်သာသနာရေး
ဘာသာသွေး ဆိုတဲ့
စာအုပ်တွေကို ဖတ်ရင်း ဆရာတော်ကြီးကို ကြည်ညိုရင်းစွဲရှိနေတော့
ဒီနောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာအုပ်ကိုလဲ ၀ယ်ဖတ်ပစ်လိုက်တယ်။
ဖတ်ရင်း
သက်တော်ထင်ရှား ဘုရားရှင်နဲ့ အတူခရီးသွားနေရသလိုခံစားမိတယ်။
ကိုရင်ဘ၀ နုနယ်တဲ့အရွယ်တုန်းက ဖတ်တာဆိုတော့
ဆရာတော်ကြီး ဘယ်သုတ္တန်ကို ကိုးကားပြီး ရေးထားတယ်ဆိုတာ မသိခဲ့ဘူး။
ကြီးမှ အထက်တန်းပိဋကတ်စာပေတွေကို လေ့လာမှ
အော်၊ ဆရာတော်ကြီးက နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓဆိုတဲ့စာအုပ်ကို
မဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး ရေးထားတာပါလားလို့
သိလာရတယ်။
ပါဠိစာပေမှာ
ပိဋကအနေဖြင့် ပြောရင် ပိဋကတ်သုံးပုံလို့ပြောရတယ်။
(၁) ၀ိနယပိဋက
(၂) သုတ္တပိဋက
(၃) အဘိဓမ္မပိဋက
နိကာယ်အနေဖြင့်ပြောရင် နိကာယ်ငါးရပ်လို့ ပြောရတယ်။
(၁) ဒီဃနိကာယ်
(၂) မဇ္ဈိမနိကာယ်
(၃) သံယုတ္တနိကာယ်
(၄) အင်္ဂုတ္တရနိကာယ်
(၅) ခုဒ္ဒကနိကာယ်
ပိဋကတ်သုံးပုံလို့ပြောပြော၊ နိကာယ်ငါးရပ်လို့ပြောပြော
အတူတူပါဘဲ။
ပိဋကတ်သုံးပုံလို့ပြောလိုက်ရင် ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာဘဲ။
ထို့အတူဘဲ။ နိကာယ်ငါးရပ်လို့ပြောလိုက်ရင်လဲ
ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာပါဘဲ။
လူတွေက ဒါကို ရှင်းရှင်းလင်းလင်းနားမလည်သေးပါဘူး။
ဒါနဲ့စပ်လို့ မြို့တစ်မြို့မှာ သူ့ကိုယ်သူ ဘုရားဂေါပကအဖွဲ့ဝင်ဆိုပြီး
“လူဆိုတာ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး ပေါင်း ခုနစ်ပါးနဲ့ဖွဲ့စည်းထားတာကွ” လို့
အာဘော်အာရင်းသန်သန်နဲ့ အော်ပြောနေတာကြားဘူးတယ်။
ခန္ဓာအနေနဲ့ပြောရင် လူမှာ ခန္ဓာငါးပါးရှိတယ်။
ခန္ဓာငါးပါးကို အကျဉ်းချုပ်ပြီး အလွယ်ပြောတော့
ရုပ်၊ နာမ်နှစ်ပါးလို့ ပြောတာ။
ခန္ဓာငါးပါးနဲ့ ရုပ်နာမ်နှစ်ပါးဟာ အတူတူဘဲ။
ရုပ်နာမ်နှစ်ပါးလို့ပြောလိုက်ရင် လူမှာရှိတာ အကုန်ပါတော့တာ။
ထို့အတူ ခန္ဓာငါးပါးလို့ပြောလိုက်ရင်လဲ အကုန်ပါတော့တာပါဘဲ။
နောက် တစ်ယောက်တွေ့ဘူးသေးတယ်။
သူ့ကိုယ်သူ ဘာသာရေးသမားပါလို့ပြောပြီး အမှားကြီးတစ်ခုကို
ကျယ်ကျယ်လောင်လောင်နဲ့ ပြောပြနေတာ။
ဟေ့ကောင်တွေ၊
ဘုရားရှင်က စိတ်တစ်ခု၊ ရုပ်ကိုးဆယ်ရှိတယ်လို့ ဟောထားတယ်ကွတဲ့။
တကယ်တော့ စိတ်က ၈၉ ခုရှိတယ်။
၈၉ ဆိုတော့ ၉၀ ပြည့်ဘို့ တစ်ခုယုတ်လျှော့နေတယ်။
ဒါကို ဘုန်းကြီးသုံး စာသုံးပေသုံးနဲ့ပြောတဲ့အခါ
စိတ်တစ်ခုယုတ်ကိုးဆယ် လို့ပြောလေ့ရှိတယ်။
ဒါကို နားစွန်နားဖျားနဲ့ကြားသွားတဲ့ ဘာသာရေးသမားဆိုသူက
စိတ်တစ်ခု၊ ရုပ်ကိုးဆယ်လို့ထင်ပြီး စွတ်ပြောတော့တာဘဲ။
ဒီမှာလဲ ပိဋကတ်အနေနဲ့ပြောရင် သုံပုံ။
နိကာယ်အနေနဲ့ပြောရင် ငါးရပ်။
ရှိစေတော့။
မဟာဂန္ဓာရုံဆရာတော်ကြီးရေးတဲ့ သီတဂူဆရာတော်ဟောခဲ့တဲ့
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့ မဟာပရိနိဗ္ဗာနသုတ်တော်ဟာ
ပိဋကတ်အနေနဲ့ပြောရင် သုတ္တန္တပိဋက ထဲမှာ ပါဝင်တယ်။
နိကာယ်အနေနဲ့ပြောရင် ဒီဃနိကာယ်ထဲမှာ ပါဝင်တယ်။
စာအုပ်ကတော့ မဟာဝဂ္ဂစာအုပ်ထဲမှာ။
တတိယမြောက်သုတ်တော်ဖြစ်တယ်။
ဒီသုတ်တော်ကလဲ တရားဦးဖြစ်တဲ့ ဓမ္မစကြာ (ဓမ္မစက္ကပ၀တ္တနသုတ်) လိုဘဲ
အင်မတန်အရေးကြီးတဲ့ သုတ်တစ်သုတ်ဖြစ်တယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးနာမည်ပေးထားတဲ့အတိုင်းဘဲ
ဘုရားရှင်ရဲ့ နောက်ဆုံးဆယ်လတာအချိန်ကို
အသေးစိတ်မှတ်တမ်းတင်ထားတဲ့ သုတ်တော်ဖြစ်တယ်။
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။
အင်မတန်စိတ်ဝင်စားဖွယ်ကောင်းတဲ့သုတ်တစ်သုတ်ဖြစ်တယ်။