Saturday, February 12, 2011

အင်ဒိုခရီးစဉ် (၈)


Yogjakarta လေဆိပ်ကနေပြီး လာကြိုတဲ့ကားနဲ့
Borobudur စေတီတော်တည်ရှိရာ နေရာကို သွားဖြစ်တယ်။

လမ်းမှာ ကားများပိတ်ဆို့နေတာကို တွေ့ရလို့ စပ်စုကြည့်တော့
လွန်ခဲ့တဲ့ သုံး-လေးရက်ခန့်က မီးတောင်မှ လျှော်ရည်များ စီးဆင်းလာကာ
လမ်းများ ဖုံးအုပ်သွားကြောင်း၊ လမ်းပေါ်ဖုံးအုပ်သွားတဲ့ မြေကြီးထုကြီးဟာ
ခါးလောက်အထိ မြင့်ကြောင်း၊ အိမ်များလဲ မီးတောင်မှ လိမ့်ဆင်းလာတဲ့
ကျောက်တုံးတွေ မြေခဲတွေကြောင့် အတော်လေးပျက်စီးသွားကြောင်း၊
ညအချိန်မတော်ကြီးဖြစ်တာ ဖြစ်တဲ့အတွက်
အိမ်အပျက်အစီး လူအပျက်အစီးအတော်များကြောင်း ရှင်းပြပါတယ်။

နေ့ ဆွမ်းစားချိန်နီးကပ်လာလို့ ထိုင်းစားသောက်ဆိုင်ရှိက
ထိုင်းစာ စားလိုကြောင်း ဘုဉ်းပေးလိုကြောင်းပြောတော့
ထိုင်းစားသောက်ဆိုင် ဘုရားအနီးအနားမှာ ရှိပါကြောင်း
ပြန်လည်လျှောက်ကြားပါတယ်။

ကိုယ်ကလဲ လူတစ်မျိုး၊ ကျန်တာ ဘာမှ မရှိချင်နေ၊
ရောက်တဲ့နေရာမှာတော့ အစားအသောက်တော့ ပေါဘို့လိုတယ်။ ကောင်းဘို့လိုတယ်။
ရောက်တဲ့နေရာမှာ ပေါပေါစားချင်းတာ၊ ကောင်းကောင်းစားချင်တာ ကိုယ့်ဆန္ဒပဲ။

၁၁ နာရီခွဲခန့်မှာ Borobudur ဘုရားစေတီကြီးနားက Mendut ဆိုတဲ့
နေရာကို ရောက်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါတယ်။
ကျောင်းအ၀င်ဝမှာ
Mendut Buddhist Monastery
ဆိုတဲ့ ဆိုင်းဘုတ်ကလေး ချိတ်ဆွဲထားတယ်။

ဒေါ်ဇင်မာဝင်းက ဒီကျောင်းဆရာတော်ကြီးနဲ့ရင်းနှီးကြောင်း၊
ဆရာတော်ကြီးကို လှူဒါန်းစရာ ပစ္စည်းလေးတွေပါကြောင်း ပြောပြီး
ကျောင်းထဲကို သွားဖြစ်ပါတယ်။
ကျောင်းထဲရောက်တော့ ဦးဇင်းတစ်ပါးနဲ့ ကိုရင်တစ်ပါးကို တွေ့ပါတယ်။
ဆွမ်းစာခါနီးလို့ ဆွမ်းပွဲတွေ ပြင်ဆင်နေတာပါ။
ဦးဇင်းလေးက ဒီမှာပဲ ဆွမ်းဘုဉ်းပေးဘို့ပြောလို့ အဲ့ကျောင်းမှာ ဆွမ်းဘုဉ်းပေးဖြစ်ပါတယ်။


ကျောင်းလေးက သပ်သပ်ယပ်ယပ်ပါဘဲ။
ဆွမ်း၊ ဆွမ်းဟင်းတွေက ဗမာလျှာနဲ့မတွေ့ပေမဲ့
ရှိတာလေးကို သပ်သပ်ယပ်ယပ်ပြင်ဆင်ထားပါတယ်။
ဆွမ်းမစားမီ ဆင်ခြင်ဖွယ်ရာ ပဋိသင်္ခါယောနိသော ကိုဆိုပါတယ်။
ပြီးတော့ ဘ၀တု သဗ္ဗမင်္ဂလံ၊ သဗ္ဗီတိယော ၀ိဝဇ္ဇန္တု စတာတွေကို
ရွတ်ဆိုကြပါတယ်။
ပြီးမှ ဆွမ်းဘုဉ်းပေးရပါတယ်။

အကပ်ခံပြီးတာနဲ့ ဗိုက်ဆာဆာနဲ့ ဘာမှ မရွတ်မဆိုပဲ
ချက်ချင်းဆွမ်းဘုဉ်းပေးတတ်တဲ့ ဦးဇင်းများ၊ ဆရာတော်ကြီးများ
သူများဆီမှာ ဧည့်သည်အာဂန္တုလုပ်ရင် သတိထားရမှာပါ။

ဆွမ်းစားပြီးတော့ အချိုပွဲကပ်ပါတယ်။
အချိုပွဲစားရင်း ဒီကျောင်းတိုက်မှာ သံဃာတော် ဘယ်နှပါးရှိပါသလဲလို့ မေးကြည့်တော့
ကိုရင် သုံးပါးရှိကြောင်း၊ ဘုန်းကြီးကတော့
သူနဲ့ ဆရာတော် ၂ ပါးသာရှိကြောင်း ပြောပါတယ်။

အသက် ၆၀ လောက်ရှိတဲ့ ခေါင်းမွေးတွေဖြူနေတဲ့ သင်္ကန်းဝတ်ထားတဲ့သူကို
လက်ညိုးထိုးပြီး သူက ဘုန်းကြီးမဟုတ်ဘူးလားလို့ မေးကြည့်တော့
ကိုရင်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှာ ဘုန်းကြီးဝတ်ချင်တဲ့သူကို
ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ချက်ချင်းဘုန်းကြီးဝတ်ခွင့်မပေးကြောင်း၊
ကိုရင် ရှင်သာမဏေဘ၀နဲ့ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ထားသေးကြောင်း၊
ပြီးမှ အသားကျမှ ရဟန်းဘောင်တက်ပေးကြောင်း ပြောပါတယ်။
အင်း၊ ဒါလဲ ဟုတ်သလိုလိုပဲ။

နေ့လည်စာစားပြီးတော့ ဧည့်သည်အာဂန္တုဆောင်ကို ဦးဇင်းလေးက လိုက်ပို့တယ်။
အဆောင်လေးက တော်တော်လေး သပ်ယပ်တယ်။
ဘေးပတ်ပတ်လည် အခန်းတွေဖွဲ့ထားပြီး အလည်တည့်တည့်မှာ
ဧည့်ခန်းသဘောမျိုး ကုလားထိုင်လေးတွေ ချထားတယ်။
ရေချိုးခန်း၊ သန့်စင်ခန်းစသည်တို့က ပြည့်ပြည့်စုံစုံ သပ်သပ်ယပ်ယပ်ပဲ။
အာဂန္တု ဧည့်သည်တွေအတွက် နားနေဆောင် တည်းခိုဆောင်
သီးသန့် ဆောက်ထားတဲ့ သဘောပဲ။

ဒို့နိုင်ငံက ဘုန်းကြီးကျောင်းတွေ ဧည့်သည် အာဂန္တုဘုန်းတော်ကြီးတွေအတွက်
ဒီလိုစဉ်းစားပေးတာ နည်းတယ်။
ငယ်စဉ် ကိုရင်ဘ၀တုန်းက ကျောက်ပန်းတောင်း၊
ဂူကျောင်းမှာ နေခဲ့ဘူးတယ်။
အဲ့ကနေပြီး ရန်ကုန်၊ မန္တလေးတို့မှာရှိတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေ
ပြောင်းရွှေ့ကာ စာပေသင်ယူခဲ့ရတယ်။
မန္တလေးမှာ နေစဉ် ငယ်စာသင်တိုက်ဖြစ်တဲ့
ကျောက်ပန်းတောင်းက ဆရာတော်ကြီးပျံတော်မူလို့ သွားတော့
ငယ်စဉ်ကနေခဲ့တဲ့ ဂူကျောင်းမှာ အိပ်စရာ နေရာမရှိဘူး။
ဘယ်နေရာ သွားအိပ်ရမှန်းမသိဘူး။
တွေ့တဲ့နေရာ ဖြစ်သလို ၀င်အိပ်ခဲ့ရတယ်။
စားတော့လဲ ဘယ်ဆွမ်းစားဝိုင်း ၀င်စားရမယ် မသိဘူး။
ကြုံသလိုပါပဲ။

အပြစ်တင်တာတော့ မဟုတ်ပါဘူး။

မြန်မာပြည်ကျောင်းတိုက်ကြီးတွေမှာ
ဒကာ ဒကာမတွေလှူဒါန်းထားတဲ့ ကျောင်းဆောင်တွေက များမှများ။
ဒါပေမဲ့
အာဂန္တုကို ဧည့်ခံတဲ့ ထားတဲ့ ဧည့်သည်အာဂန္တုဆောင်ဆိုတာ
သီးခြားထားတဲ့အလေ့အကျင့် မရှိဘူး။
ဧည့်သည် အာဂန္တုဆိုတာ ကင်းကောင်းတဲ့အရာမှ မဟုတ်တာ။
ဘုရားရှင်ကတောင် ဧည့်သည်တို့အပေါ်ပြုကျင့်ရမဲ့ဝတ်
(အာဂန္တုက၀တ်) ဆိုပြီး တခန်းတနား ဟောကြားခဲ့တာ မဟုတ်ပါလား။