Tuesday, February 1, 2011

အင်ဒိုခရီးစဉ် (၇)


နံနက် (၇) နာရီလေယာဉ်နဲ့  Java ကျွန်း၊ Yogyakarta မြို့နားမှာရှိတဲ့
Borobudur ဘုရားကို သွားရမှာဆိုတော့ မနက်စော (၅) နာရီမှာ
အိပ်ယာကထဖြစ်တယ်။

ရေမိုးချိုးပြီး ဘုရားရှိခိုးတယ်။ ၁၀ မိနစ်ခန့်ဘုရားရှေ့မှာ တရားထိုင်ပြီး
၅ နာရီခွဲခန့်မှာ လေဆိပ်ကို သွားပါတယ်။
နံက် (၆) နာရီခန့်မှာ လေဆိပ်ရောက်တယ်။
လေဆိပ် Check-in Counter ရောက်တော့
လေယာဉ်တစ်နာရီနောက်ကျမည်ဖြစ်ကြောင်းသိရတယ်။

နောက်ကျမည့်လေယာဉ်ကို ထိုင်စောင့်ရင်း
(အရုဏ်ဆွမ်း) စားခဲ့ပါတယ်။
မြန်မာစကားမှာ မျှော်လင့်စောင့်စားတယ်ဆိုတာ
ဒါကို ပြောတာနေမှာလို့ စဉ်းစားလိုက်မိသေးတယ်။
လေယာဉ်ကို မျှော်ပြီး စောင့်ရင်းစားခဲ့ရတာကိုး။

နံနက် (၇) နာရီထွက်ရမဲ့လေယာဉ်ဟာ (၈) နာရီမှာ ထွက်ဖြစ်ပါတယ်။
Jakarta မှYogjakarta မြို့ကို လေယာဉ်နဲ့ တစ်နာရီကြာ ပြန်သန်းရပါတယ်။

လေယာဉ်ပေါ်မှာရှိစဉ် နာရီဝက်လောက်အကြာမှာ
လေယာဉ် တော်တော်လေးတုန်ခါနေပါတယ်။
လေယာဉ်မှူးကလဲ တိမ်အနည်းငယ်ထူထပ်နေလို့
ခါးပတ်များပတ်ထားဘို့ ကြေငြာပေးပါတယ်။

လေယာဉ်က တိမ်တိုက်နဲ့ တွေ့တဲ့အခါ တဒုန်းဒုန်းနဲ့ မြည်သံထွက်လာပြီး
အောက်ကို တစ်တောင်လောက်ပြုတ်ပြုတ်ကျသွားပါတယ်။

ကိုရင်ဘ၀တုန်းက မြို့ကျောင်းစာသင်တိုက်တွေမှာ နေပြီး
နွေရာသီရောက်လို့ စာမေးပွဲဖြေဆိုပြီးရင်
မိဘရှိရာ ဆရာသမားရှိရာ ဇာတိရွာကို ပြန်လေ့ရှိပါတယ်။

အဲ့တုန်းက အခုလို ကားလမ်းတွေ ဘာတွေ ဘယ်ရှိအုံးမလဲ။
ဆိုတော့ နွားလှည်းကို အားကိုးရတာပေါ့။
လှည်းလမ်းဆိုတော့ မြိုက ကတ္တရာလမ်းလို မညီဘူး။

ကတ္တရာလမ်းဆိုလို့
ဖောက်လုပ်ပြီး ဖွင့်ပြီးသွားပြီဖြစ်တဲ့
ရန်ကုန် မန္တလေး အဝေးပြေးလမ်းမအသစ်ကြီးကို သတိရမိတယ်။
ဒါပေမဲ့ အဲ့လမ်းမကြီးက ကတ္တရာလမ်းမဟုတ်ဘူး။
ကတ္တရာစေး မပါဘူး။ ကွန်ကရစ်လမ်း။

မြန်မာပြည်က ဆရာတော်တစ်ပါးလာတော့ အဲ့လမ်းအကြောင်း ပြောဖြစ်ကြတယ်။

ရန်ကုန် မန္တလေးခရီးသွားရင် အချိန်ကုန်သက်သာကြောင်း၊
လူလဲ သက်သာကြောင်း ပြောပြပါတယ်။
ဒါပေမဲ့ ကားတော့ မသက်သာကြောင်း၊
ဘိန်းစားလမ်းဖြစ်ကြောင်း သူက ဆက်ပြောလို့

“ဘယ့်နှယ်၊ လမ်းက ဘိန်းစားလမ်းဖြစ်ရတယ်လို့၊ ဟုတ်သေးပါဘူး၊
လမ်းကို ဘိန်းစားတွေဖောက်ထားတာမို့လို့လား” လို့ မေးကြည့်တော့

အဲ့လိုမဟုတ်ကြောင်း၊ မြန်မာစကားမှာ ဘီးကို ဘိန်းလို့ အသံထွက်ကြောင်း၊
ကားဘီးကို ကားဘိန်းလို့ပြောကြောင်း၊
ရန်ကုန်၊ မန္တလေး ကွန်ကရစ်လမ်းမကြီးက ကားရဲ့ ဘီးတွေကို စားလွန်းလို့
(ဘီးစားလမ်း) ဘိန်းစားလမ်းလို့
မြန်မာပြည်က ကားသမားတွေ ခေါ်ကြကြောင်း ရှင်းပြပါတယ်။

အင်း။ ထားပါတော့လေ။
ပြောချင်တာက အဲ့ဒါမဟုတ်ပါဘူး။

မြို့ကနေ တောရွာကို ပြန်တဲ့လမ်းအကြောင်းပါ။
လှည်းလမ်း၊

တချို့နေရာတွေမှာဆို ဖုတ်တွင်းကျတွေရှိတယ်။
ဖုတ်တွင်းကျဆိုတာ လှည်းလမ်းပေါ်မှာ တစ်ထွာသာသာလောက်ရှိတဲ့
ချောက်တွင်းလေးတွေကို ပြောတာ။ ဒီချောက်တွင်းလေးတွေက
ဖုန်မှုံ့တွေဖုံးအုပ်နေတော့ ဖုန်မှုံ့တွေပြည့်နေတော့ ချောက်တွင်းမှန်း မသိရဘူး။

လည်းမောင်းသွားတဲ့အခါ ဘီးက အဲ့နေရာရောက်လို့ ဒုန်းခနဲမြည်မှ
လှည်းသမားက ချောက်တွင်းမှန်းသိရတာ။
လှည်းစီးရင်း နွားကို speed မလျှော့ပဲ မောင်းမြဲတိုင်းမောင်းလာပြီး
ဒီလို ချောက်တွင်းကျ (ဖုတ်တွင်းကျ) နေရာမှာ
လှည်းဘီးကျလိုက်လို့ ဒုန်းခနဲမြည်လိုက်ရင်
လူကို အင့်ခနဲ နေသွားတာဘဲ။

အခု လေယာဉ်ကလဲ အတူတူပဲ။
တိမ်ထူထပ်တဲ့နေရာဆို ဒုန်းခနဲ တိုက်မိပြီး ငြိမ့်ခနဲဖြစ်ဖြစ်သွားတယ်။
လှည်းလို အင့်ခနဲတော့ မနေပါဘူး။
လေယာဉ်က အကျ သက်သာတယ်။

ဒုန်းခနဲ၊ ငြိမ့်ခနဲ။ ဒုန်းခနဲ၊ ငြိမ့်ခနဲနဲ့ စီးနင်းလိုက်ပါလာရင်း
ခဏကြာတော့ လေယာဉ်ဟာ
 တောင်ကုန်းနဲ့ အတော်လေး နီးနီးကပ်ကပ် ပျံသန်းနေတာကို သတိပြုမိလိုက်တယ်။

ဒေါ်ဇင်မာဝင်းက
လေယာဉ်တစ်ခုခုဖြစ်ရင် လေယာဉ်မှူးတွေက လေယာဉ်ကို
ပင်လယ်ထဲကို ဖြစ်စေ၊ တောင်ကုန်းတွေပေါ်ကို ဖြစ်စေ ထိုးချလေ့ရှိတယ်လို့ ပြောပြီး
ကြောက်ရွံ့ စိုးရိမ်ကာ သူရတဲ့ ဘုရားစာတွေရွတ်ပြီး ဆုတောင်းတော့တာပဲ။
အတော်ကြောက်တတ်တဲ့ဒကာမပဲလို့ စိတ်ထဲက အောက်မေ့မိတယ်။
သူအကြောက်ပိုမှ ကိုယ်တောင် ကြောက်စိတ်ဝင်လာတယ်။

ဒီနေရာမှာ စဉ်းစားမိတာက
ကြောက်တတ်တဲ့သူနဲ့နေရင် ကြောက်တတ်လာပြီး
ရဲရင့်သူနဲ့နေရင် ရဲရင့်လာတယ် လို့ ဥပဒေသထုတ်မိတာပဲ။

ခဏနေတော့ အန္တရာယ်ကင့် ဘေးရှင်းစွာ Yogjakarta လေဆိပ်ကို ဆင်းသက်နိုင်ပါတယ်။
လာကြိုနေတဲ့ကားသမားကို အဆင်သင့်တွေ့ပါတယ်။