Wednesday, January 26, 2011

အင်ဒိုခရီးစဉ် (၅)



Lodan လမ်းမကြီးပေါ်မှာရှိတဲ့ မဟာယာနကျောင်းတော်ကြီးကို
ကြည့်ရှုလေ့လာပြီးနောက်
ဂျာကာတာမြို့လည်ကို သွားကြပါတယ်။

ကားလမ်းမကြီးရဲ့ အတွင်းလမ်းမှာ Busway လို့ ရေးထားတာတွေ့လို့
Busway ဆိုတာဘာလဲလို့စပ်စုကြည့်တော့
လမ်းမကြီးရဲ့ ဟိုဘက်ဒီဘက် အတွင်းလမ်းတွေကို
ဘတ်စ်ကားများသာ သွားခွင့်ပြုကြောင်း၊
တခြားနိုင်ငံမြို့တွေမှာ မြေအောက်ရထားတွေအချိန်မှန်သလို
ဂျာကာတာမြို့မှာ ဘတ်စ်ကားအချိန်မှန်ပါကြောင်း၊
အချိန်မှန်ဘို့ Busway လို့ခေါ်တဲ့ ဘတ်စ်ကားလမ်းကြောင်း သီးသန့်ထားရှိထားကြောင်း၊
ဘတ်စ်ကားလမ်းကြောင်းပေါ် မည်သည့်ယာဉ်မျှ မတက်ရပါကြောင်း၊
ဝန်ထမ်းများ ဒီဘတ်စ်ကားကို အားကိုးပြီး ရုံးဆင်း ရုံးတက်လုပ်ရပါကြောင်း
ရှင်းပြပြီး ဘတ်စ်ကားမှတ်တိုင်များကို ပြပါတယ်။

ဂျာကာတာမြို့မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ကြီးတွေက
မလေးရှား၊ ကွာလာလမ်ပူမှာရှိတဲ့ မီးရထားဘူတာတွေလို
ကြီးကြီးမားမား ခန်းခန်းနားနားတည်ဆောက်ထားတာတွေ့ရပါတယ်။
မြို့လည်ကို ရောက်လာပါတယ်။

ဂျာကာတာမြို့လည်ခေါင်က အတော့်ကို သန့်ရှင်းသပ်ယပ်တာပဲ။
မြို့လည်မှာရှိတဲ့ Monas ဆိုတဲ့ တာဝါမျှော်စင်တိုင်ကြီးကို ရောက်တယ်။
Monas ဆိုတာ Monument ပုဒ်က Mo နဲ့ Nasional ပုဒ်က nas ကိုယူပြီး
Monas လို့ဖြစ်နေတာ။
 (Monument ကို Monumen လို့ စာလုံးပေါင်းပြီး
National ကို Nasional လို့ အင်ဒိုဘာသာမှာ စာလုံးပေါင်းပါတယ်။)
ဆိုတော့ Monas ဆိုတာ အမျိုးသားလွတ်လပ်ရေးကျောက်တိုင်ကြီးပေါ့။
လွတ်လပ်ရေးပန်းခြံထဲမှာ တည်ဆောက်ထားတာ။

ရန်ကုန်၊ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမတို့နားမှာရှိတဲ့
မဟာဗန္ဓုလကျောက်တိုင်မျိုးပေါ့။
တကယ်တော့ မဟဗန္ဓုလကျောက်တိုင်က မြို့လည်ခေါင်တော့ မဟုတ်ဘူး။
ဒီMonas ကျောက်တိုင်ကြီးက တကယ့်ဂျာကာတာမြို့လည်ခေါင်တည့်တည့်မှာ။
ကျောက်တိုင်ကြီးရှိတဲ့ လွတ်လပ်ရေးပန်းခြံကြီးက အတော့်ကို ကျယ်တယ်။
မဟာဗန္ဓုလကျောက်တိုင် ပန်းခြံထက် ၁၀ ဆမကကျယ်မယ်။
ပန်းခြံဂိတ်ဝင်ပေါက်နားကနေပြီး Monas ကျောက်တိုင်ကို
ကားရထားလိုဟာနဲ့ အကြိုအပို့လုပ်ပေးတယ်။


ကားရထားတွဲက ကျောက်တိုင်ခြေရင်းအထိတော့ မရောက်ဘူး။
ကားရထားရောက်တဲ့နေရာကနေ Monas ကျောက်တိုင်ခြေကို
မြေအောက်လမ်းလေးအတိုင်းသွားရတယ်။

Monas ကျောက်တိုင်ကြီးက အင်မတန်ကြီးကျယ်တယ်။
Monas ကျောက်တိုင်ကို အင်ဒိုနီးရှားသမ္မတကြီးညွှန်ကြားချက်နဲ့
၁၉၆၁ - ခုနစ်က စတင်တည်ဆောက်ပြီး ၁၉၇၅ - ခုနစ်က ဖွင့်လစ်နိုင်ခဲ့တယ်။
အမြင့်ပေ ၄၃၃ ပေမြင့်တဲ့ ကျောက်တိုင်ကြီးဖြစ်တယ်။
ဒီကျောက်တိုင်ခြေကနေ ထိပ်အထိ ဓာတ်လှေကားနဲ့တက်သွားရတယ်။
 မလေးရှားတို့ မကာအိုတို့မှာရှိတဲ့ တာဝါတိုင်ကြီးတွေလိုပါပဲ။

ပြောခဲ့သလို ကျောက်တိုင်ကြီးက မြို့လည်ခေါင်တည့်တည့်ကြီးဆိုတော့
ကျောက်တိုင်ထိပ်ကနေပြီး ဂျာကာတာမြို့တစ်မြို့လုံးရဲ့ ရှုခင်းတွေကို ကြည့်လို့ရတယ်။
ဂျာကာတာမြို့ကို
ဂျာကာတာ အရှေ့၊ ဂျာကာတာ အနောက်၊ ဂျာကာတာ တောင်၊ ဂျာကာတာ မြောက်
ဆိုပြီး လေးပိုင်းပိုင်းထားတယ်။
မြို့ရဲ့ အရပ်အသီးသီးမှာရှိတဲ့ ထင်ရှားတဲ့အဆောက်အဦတွေရဲ့
ဓာတ်ပုံပန်းချီကားချပ်တွေကို
ကျောက်တိုင်ထိပ်အတွင်းထဲမှာ ချိတ်ဆွဲထားပြီး နံပါတ်စဉ်ထိုးပြထားတယ်။
ဘယ်အဆောက်အဦက ဘာအဆောက်အဦဖြစ်ကြောင်း ရေးပြထားတယ်။
ဓာတ်ပုံပန်းချီကားတွေကိုကြည့်ပြီး ဟိုးမြို့ထဲက တကယ့်အဆောက်အဦတွေကို
လှမ်းကြည့်ခံစားနိုင်တယ်။

ခပ်ဝေးဝေးက အဆောက်အဦတွေအတွက်
လေးဘက်လေးတန်မှာ အဝေးကြည့်မှန်ပြောင်းတွေ တတ်ဆင်ပေးထားပါတယ်။

လေးဘက်လေးတန်မှာရှိတဲ့ အဆောက်အဦတွေကို မှတ်မိသလောက်ပြောပြရရင်
အရှေ့ဘက်မှာ ဘူတာကြီး၊ အနောက်ဘက်မှာ အင်ဒိုဗဟိုဘဏ်၊
တောင်ဘက်မှာ အမေရိကန်သံရုံးနဲ့ မြောက်ဘက်မှာ သမ္မတအိမ်တော်တို့ပဲဖြစ်ပါတယ်။

ဒေါ်ဇင်မာဝင်းက အခုတည်ထောင်ထားတဲ့ ဗောဓိဥယျာဉ်ကျောင်း
(Bodhi Garden Centre) က ဂျာကာတာမြို့ မြောက်ပိုင်းမှာ တည်ရှိကြောင်းပြောပြပြီး
ကျောက်တိုင်မျှော်စင်ကြီးပေါ်ကနေ မြောက်အရပ်ကို ညွှန်ပြပါတယ်။

ညနေလေးနာရီထိုးလောက်မှာ Monas ကနေ
ထွက်ခွါလာပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို လိုက်ပြအုံးမယ်တဲ့။

အဲ့ဒီက ထွက်ခွါအလာ ကားပေါ်မှာ ရန်ကုန်မြို့ကို သတိရမိပါတယ်။
ဒီလိုမျိုး အရပ်လေးမျက်နှာကို တစ်နေရာထဲက ကြည့်လို့ရတဲ့
ကျောက်တိုင်မျိုး၊ မျှော်စင်တာဝါမျိုး
ရန်ကုန်မြို့  ဘယ်နေရာမှာ ဆောက်ရရင်ကောင်းမလဲလို့
မဆီမဆိုင်တွေးနေမိပါတယ်။