Thursday, September 16, 2010

ပညာကို ဟမ်ဘာဂါလိုရောင်းနေတဲ့ ခေတ်

လူထုစိန်ဝင်း
ဒီကနေ့ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက်
ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက်ဖြစ်နေပြီး
တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေအစုလိုက် အပြုံလိုက်
မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေဖြစ်နေပြီ။

ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
     အမေရိကန်ပညာရေးလောကမှာ တစ်နေ့တခြားကျယ်သထက်
ကျယ်အောင်ကြားနေရတဲ့ ညည်းညူသံတွေဖြစ်ပါတယ်။
ဂဏန်းတွက်စက်ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊
သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ်မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှမလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊
အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့
လူနာအတွက် လေဆေးလေးတောင် စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့
ပညာတတ်တွေ ရှားပါးသထက် ရှားပါးလာနေတယ်။
အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။
ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာကြားရတယ်။
အမေရိကန်မှာတင် မဟုတ်ဘူး။
နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ်အားလုံးလိုလိုမှာ
ပြောဆိုညည်းတွားနေကြတဲ့ အသံတွေညံနေပါတယ်။

အစိုးရတွေက ဈေးတွက် တွက်ကြ
    ပညာကိုတန်ဖိုးထားသူတိုင်းက ပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။
တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး
ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ
စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။
ပညာရေးကို စီးပွားရေးရဲ့လက်အောက်ခံအဖြစ် သဘောထားလာကြတာကို
တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့
ပညာရှင်တွေ လက်မှိုင်ချနေကြရတော့တယ်။

ပညာကို ဟမ်ဘာဂါလိုရောင်း
    ပညာကို ရှူးဖိနပ်ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာရောင်းသလို
သဘောထားနေကြတော့ ပညာရဲ့တန်ဖိုးဟာတစ်နေ့တခြား ကျဆင်းလာခဲ့ရတယ်။
လူတွေဟာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက်
ကွန်ပျူတာဆီက အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။
ဒါမှမဟုတ်လည်း စာအုပ်တွေထဲက သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ ကွန်ပျူတာလောက်တောင် အသုံးမကျတော့သလိုဖြစ်လာတယ်။ ဒီလိုနဲ့ကြာလာတော့ လူ့ဦးနှောက်နဲ့သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေအားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီဖြစ်ကုန်ကြတော့တယ်။

အိမ်ထောင်စနစ်
    လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲကြည့်။ ကမ္ဘာဦးအစက
လင်ရယ်၊မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာမရှိဘူး။
ယောက်ျားမိန်းမတွေဟာ နွားအုပ်ကြီးထဲကနွားတွေလိုပဲနေကြတယ်။
ရေကြည်ရာ မြက်နုရာ အုပ်စုလိုက်ရွှေ့ပြောင်းသွားလာ နေထိုင်ကြတယ်။
နောက်တော့ စိုက်ပျိုးစားသောက်လာတတ်ပြီး အခြေတကျရွာတည်နေလာကြတယ်။
အဲဒီတော့မှ လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည်ဆောက်နေထိုင်တယ်။ အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့်(Civilized)လို့သတ်မှတ်တယ်။
ဒါတောင် တစ်လင်တစ်မယားမဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို ယောက်ျားတွေက မယားအဖြစ်ထားတဲ့အတွက် ယောက်ျားတစ်ယောက်နဲ့ မယားအများအပြားနေလာကြတယ်။ နောင်ယဉ်ကျေးမှု အဆင့်မြင့်သထက်မြင့်လာမှ တစ်လင်တစ်မယားစနစ်ကို ဥပဒေတွေဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။

အဖော်ဆိုတဲ့နေနည်း
    ဟော အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့အချုပ်အနှောင်လိုဖြစ်တယ်။ ခေတ်မမီတော့ဘူး။
ဘယ်သူ့ဘယ်သူမှ ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မရှိတဲ့အခါ ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး 'အဖော်'(Companion)လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေးကျင့်သုံးနေကြတယ်။ ပြင်သစ်ကတွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တစ်သက်လုံး (Life companion) ဆိုပြီးနေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေးတစ်ယောက် နှစ်ယောက်မွေးပြီးမှ လက်ထပ်တာမျိုးလည်းရှိတယ်။ အိမ်ထောင်နဲ့ မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကိုပြောတာပါ။

ဆန့်ကျင်ဘက်ထိပြောင်းလဲ
    မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင်
ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည်ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ၀တ်ကြတာပါ။ မိန်းကလေးရဲ့ အပျိုစင်ဘ၀ကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထားကာကွယ် စောင့်ရှောက်ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးမျိုးဆိုရင်ရွာကနေ နှင်ထုတ်တဲ့အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ရှိတယ်။
ဟော အခုခေတ်တော့ ၀တ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင်မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။
အလယ်တန်းရွယ် ဆယ့်သုံးဆယ့် လေးနှစ်သမီးအချင်းချင်း အပျိုစင်အဖြစ်ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။ လူမှုရေးပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြသတဲ့။ လူ့တန်ဖိုးတွေပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာ မဟုတ်လား။

အနုတ်လက္ခဏာများများ
    လူမှုရေးနယ်ပယ်အတွင်းက တန်ဖိုးတွေနဲ့ နှုန်းစံတွေပြောင်းလဲမှု အတော်များများဟာ အပေါင်းလက္ခဏာဆောင်တာကနည်းနည်း၊ အနုတ်လက္ခဏာဆောင်တာကများများ ဖြစ်နေတာတွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို ကြမ်းကြုတ်ခက်ထန်ကုန်ကြတယ်။ အရူးတစ်ယောက်ကိုယ်မှာ ယမ်းထုပ်တွေပတ်ချီပေးပြီး ဈေးထဲလျှောက်ပြေးနေတုန်း အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲတာမျိုး ဘယ်ခေတ်ကရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေအပြည့်ပါတဲ့ လေယာဉ်ပျံကြီးတွေကိုအပိုင်စီးပြီး လူနေအဆောက်အအုံကြီးကို ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းကကြားဖူးလို့လဲ။ မောင်းသူမဲ့လေယာဉ်ပျံပေါ် ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ် ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာ ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကကြားဖူးလို့လဲ 'ရက်စက်မှု အပေါင်းသရဖူဆောင်းတော့သည်' လို့ကိုပြောရတော့မယ့် ခေတ်ကြီးပဲ။

ပညာမတတ်ဘွဲ့ရတွေ တစ်ပုံကြီး
    အနုတ်လက္ခဏာတွေများပြီး ဆုတ်ကပ်ကြီးဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ လူသားတွေ ဥာဏ်ရည်ယုတ်လျော့ကျဆင်းလာတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက်ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင် ဥာဏ်နဲ့ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဥာဏ်ပညာမြင့်မားဖို့ကို လျစ်လျူရှုထားခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့ ဘွဲ့ရတွေ တစ်ပုံကြီးပေါ်ထွက်လာတာပဲ ဖြစ်တယ်။
    သူတို့တစ်တွေဟာ သူများရေးထားတဲ့ စာတွေအလွတ်ကျက်ပြီး စာမေးပွဲအောင်လာကြတာပဲရှိတယ်။ လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတစ်ခုမှကိုင်တွယ် ဖြေရှင်းနိုင်ကြတာ မဟုတ်ဘူး။
@Eleven Media group