Thursday, September 2, 2010

တရားထိုင်ရင် ရူးတတ်လား

အမေး
သမထကမ္မဋ္ဌာန်းနှင့် ၀ိပဿနာကမ္မဋ္ဌာန်း မည်သို့ခြားနားသနည်း။  အချို့သောပုဂ္ဂိုလ်များသည် တရားအားထုတ်၍ စိတ်မထိန်းနိုင်ဘဲ ရူးသည်မှာ မှန်ပါသလား။
မောင်ကျော်ကျော်
ထနောင်းရိပ်လမ်း၊ တောင်တွင်းကြီးမြို့။
အဖြေ
သမထကမ္မဋ္ဌာန်းက ကာမစ္ဆန္ဒနီဝရဏအစရှိတဲ့ ကိလေသာများကို ငြိမ်းအေးစေပြီး ဈာန်အဘိညာဉ်ကို ရစေနိုင်ပါတယ်။ ၀ိပဿနာကမ္မဋ္ဌာန်းက မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေနိုင်ပါတယ်။
နည်းနည်းချဲ့ပြောရလျှင် သမထကမ္မဋ္ဌာန်းဟာ ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး စသည်ဖြင့် (၄၀) ရှိပါတယ်။  အဲဒီ (၄၀) ထဲက တစ်မျိုးမျိုးကို ရှုပွါးအားထုတ်လို့ ပထမဈာန်ရလျှင် အဲဒီပထမဈာန်စိတ်က ထကြွသောင်းကျန်းနေတဲ့ နီဝရဏကိလေသာအပူဓာတ်တွေကို ငြိမ်သက်အေးမြစေပါတယ်။
ဒုတိယဈာန်စသည်ရတဲ့အခါကျတော့ ကိလေသာအပူဓာတ်ကို ငြိမ်းသတ်ဖို့ မလိုတော့တဲ့အတွက် ပထမဈာန်စသည်မှာပါတဲ့ ၀ိတက်၊ ၀ိစာရ၊ ပီတိအစရှိတဲ့ရုန့်ရင်းတဲ့ ဈာန်အင်္ဂါတွေကို အဆင့်ဆင့် ပယ်သွားပါတယ်။ ဒီလို ပယ်တာကိုပဲ ငြိမ်းစေတတ်တယ်လို့ ဆိုပါတယ်။ သမထငြိမ်းစေတယ်ဆိုတဲ့ သဘောလေးက ထင်ရှားပေါ်လွင်ရုံမျှ ဖော်ပြလိုက်ပါတယ်။
ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်နေတဲ့ သ၀ိညာဏက အထည်ကိုဒြပ်ကို လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်၊ သတ္တ၀ါကောင် စသည်ဖြင့်လည်းကောင်း၊ ယောက်ကျား၊ မိန်းမ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စသည်ဖြင့်လည်းကောင်း၊ ရုပ်ကလာပ်တွေ စုပေါင်းတွေ ခဲနေတဲ့အရာဝတ္ထုကို အိမ်၊ ကျောင်း၊ သစ်ပင်စသည်ဖြင့်လည်းကောင်း၊ နိစ္စ၊ သုခ၊ သုဘ၊ အတ္တစသည်ဖြင့်လည်းကောင်း၊ ရိုးရာထင်မှတ်နေမှုမှ ထူးခြားပြီး ရုပ်ပဲ၊ နာမ်ပဲ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘပဲလို့ ရှုမှတ်ပွါးများမှုကို ၀ိပဿနာကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။  အဲသည် ၀ိပဿနာကမ္မဋ္ဌာန်းအောင်မြင်ပေါက်မြောက်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရပါတယ်။  အဲဒါ ထူးခြားချက်ပါပဲ။
တရားရိပ်သာတွေကို သွား တရားအားထုတ်ပြီး ဘ၀င်မြင့်သူ၊ စိတ်ကူးယဉ်သူ စိတ်ဂယောင်ချောက်ချားဖြစ်သူ တချို့ကို မြင်ရလို့ မေးတာနဲ့တူပါတယ်။ သည်လို စိတ်ကူးယဉ် စိတ်ချောက်ချား သွားတာကိုပဲ ရူးတယ်လို့ပြောတာဖြစ်ပါလိမ့်မယ်။
သည်လိုဖြစ်တာဟာ တရားအားထုတ်စ သမာဓိမရသေးခင်မှာ စိတ်ဟာ ပင်မရှုကွက်အာရုံက လွတ်ထွက်သွားပြီး အခြားအာရုံတစ်ခုခုပေါ် ရောက်သွားတဲ့အခါ လွတ်ထွက်သွားပါလားလို့ သတိထားပြီး အဲဒီအာရုံကို မြင်လျှင် မြင်တယ်၊ ကြားလျှင် ကြားတယ်စသည်ဖြင့် မရှုမှတ်ဘဲ မြင်နေတဲ့အတိုင်း စိတ်ကို လွှတ်ထား ဆက်လက် စဉ်းစားတွေးတောနေတဲ့အခါ အဲသည် အာရုံတွေဟာ ပိုမိုထင်ရှားလာပါတယ်။ စိတ်ထဲမှာ တစ္ဆေသရဲလို ထင်လာရာက တကယ်တွေ့ရသလိုဖြစ်ပြီး ထ အော်လို့အော်၊ ဘုရားရဟန္တာတွေ ဖူးရတယ် ထင်လာလို့ထင်လာ၊ ဘိုးဘိုးအောင်တို့ကို မြင်လို့မြင်၊ ကွယ်လွန်သွားတဲ့သူတွေနဲ့ တွေ့ရလို့တွေ့ရ၊ အဲသည်ပုဂ္ဂိုလ်တွေကပဲ သူ့ကို စကားလာပြောတာကို ကြားလိုကြား စသည်ဖြင့် ထင်လာပြီး ဘ၀င်မြင့် စိတ်ကူးယဉ်နေတတ်တာလည်း ရှိပါတယ်။
မကြာမီ ရိပ်သာတစ်ခုမှာ တရားဝင်ပြီး အဲသည်လိုဖြစ်လာတဲ့ အမျိုးသမီးငယ်တစ်ဦး သူ့မိဘများက ခေါ်လာ၊ ပရိတ်ကမ္မ၀ါရွတ်ဖတ်ပေးပါရန် ပြောဆိုသဖြင့် ရွတ်ဖတ်ပေးလိုက်ရပါသေးတယ်။ သူ့မိဘများကတော့ အနှောက်အယှက်ရှိတယ်လို့ ဆရာတစ်ယောက်က ပြောလိုက်တယ်လို့ ပြောပါတယ်။ ဆရာဝန်ပြကြည့်တော့ဘ၀င်မြင့်နေတယ်ပြောပြီး စိတ်ငြိမ်ဆေးပေးလိုက်လို့ စားတာ သက်သာပါတယ် ပြောပါတယ်။
သည်လိုဖြစ်တာဟာ တရားအားထုတ်လို့ဖြစ်တာ မဟုတ်ပါဘူး။  တရားအားထုတ်စဉ် စိတ်ဟာ ပင်မရှုကွက်က လွတ်ထွက်သွားလျှင် လွတ်ထွက်သွားမှန်း သိအောင် သိထားပြီး ဘယ်လိုရှုရမယ် ဆိုတာ ကြိုတင်သိမထားလို့ ဖြစ်စေ၊ ကြိုတင်သတိထားစေကာမူ စိတ်လွတ်ထွက်သွားတာ မသိလို့ဖြစ်စေ၊ ဒီလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်တာပါပဲ။ တချို့ တကယ့်ကို ရူးသွားတာ တွေ့ရပါတယ်။
တရားအားထုတ်လျှင် မရူးရပါဘူး။ အရူးပျောက်ရမှာပါ။ ပဋာစာရီထေရီမဟာ တရားမနာရခင်မှာ ကိုယ်မှာ အ၀တ်မကပ်တဲ့အထိ သွက်သွက်လည် ရူးနေရာက ဘုရားရှင်နဲ့တွေ့ပြီး တရားနာရလို့ ရှုမှတ်လိုက်တာ တစ်ထိုင်တည်းနဲ့ အရူးပျောက်ပြီး သောတာပန်မကြီး၊ နောက် ဧတဒဂ်ရ ရဟန္တမကြီး ဖြစ်သွားတယ်မဟုတ်ပါလား။ ဒါကြောင့် တရားအားထုတ်လို့ ရူးတယ်ဆိုတာ မဟုတ်ဘူးလို့ မှတ်ပါ။
တရားအားထုတ်တဲ့နေရာမှာ ဆရာကောင်းကို အထူးလိုအပ်တယ်ဆိုတာကို ပြောကြားလိုက်ပါရစေ။
ဟံသာသီရိ ဖြေဆိုသည်။