Tuesday, August 31, 2010

ဘုရားသခင်ထံသို့ပေးစာ

တောင်ကြားထဲတွင် တစ်လုံးတည်းသာရှိသော အိမ်သည် 
ခပ်နိမ့်နိမ့်တောင်ကြောကလေးတစ်ခုထိပ်တွင် ရှိသည်။
တောင်ပေါ်မှ စီးကြည့်လိုက်လျှင် မြစ်၊ ထို့ နောက်နွားခြံ၊ ထို့ နောက်ပြောင်းပွင့်တွေ 
ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။
ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက်ကောင်းမည့်ပုံပေါ်သည်။

မြေကြီးက လိုအပ်နေသည့် အရာမှာမှာ မိုးရေသာလျှင်ဖြစ်သည်။
အနည်းဆုံး တစ်ပြိုက်နှစ်ပြိုက်ကျလိုက်လျှင် လုံလောက်ပြီ။
သူ့ ယာတောအကြောင်းကို ကောင်းကောင်းသိသည့် လင်းချိုသည် ဘာမျှမလုပ်။
အရှေ့ မြောက်ဖက် မိုးကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။
" မိန်းမရေ မိုးကတော့ တစ်မကြီးရွာတော့မယ် ထင်တယ်ကွ"
 ညစာစားရန် ခူးခပ်ပြင်ဆင်နေသော သူ့ မိန်းမက
" ဟုတ်ပတော်၊ ဘုရားမတာပေါ့ "
သားကြီးများမှာ ယာထဲတွင်အလုပ်လုပ်နေကြပြီး သားငယ်များမှာ 
အိမ်အနီးတွင် ဆော့ကစားနေကြသည်။
" လာကြဟေ့၊ ထမင်းစားကြမယ်"

သူတို့ ထမင်းစားနေစဉ်တွင် လင်းချို ပြောသည့်အတိုင်း 
မိုးသီးမိုးပေါက်ကြီးများသည် တဖြုန်းဖြုန်းကျလာကြသည်။ 
အရှေ့ မြောက်ထောင့် ကောင်းကင်တွင်မူ 
တိမ်တောင် တိမ်လိပ်ကြီးများသည် တရွေ့ ရွေ့ လာနေကြလေပြီ။ 
လေသည်လတ်ဆတ်၍ ချိုမွှေးနေသည်။

အိမ်ရှင်ယောက်ျားသည် နွားခြံဆီသို့ ကိစ္စတစ်ခု ရှိပုံမျိုးဖြင့်ထွက်သွားသည်။
သို့ ရာတွင်ဘာမျှ ကိစ္စမရှိပါ။ 
ကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်တို့ ကျသည့်အရသာ ခံရန်ဖြစ်ပါသည်။ 
ပြန်လာသည့်အခါတွင်သူက...
             " မိုးပေါ်ကကျတာ မိုးသီးမိုးပေါက်တွေ မဟုတ်ဘူးကွ၊ ရွှေမိုး ငွေမိုးတွေ၊ 
မိုးစက်အကြီးတွေက ၁၀ ပြားစေ့လောက်ရှိပြီး မိုးစက်အသေးတွေက ငါးပြားစေ့လောက်ရှိတယ်"
            သူသည်မိုးစက် ကန့်လန့် ကာကြီးထဲတွင် ပန်းတွေ တဝေဝေ ဖြစ်နေသော 
ပြောင်းခင်းများကို ကြည်နူးစွာ လှမ်းကြည့်နေသည်။

ထိုစဉ် လေခတ်ပြင်းပြင်းကျလာပြီး လေပြင်းနှင့်အတူ ကြီးမားသော မိုးသီးကြီးများ ကျလာသည်။ ထိုမိုးသီးကြီးများကမှ တကယ့်ရွှေစ ငွေစနှင့် တူခြင်းဖြစ်သည်။
ကလေးများသည် မိုးရေထဲတွင် ပြေးလွှားကာ မိုးသီးများကို ကောက်ကြသည်။
             " မိုးသီးတွေ သိပ်များရင် မကောင်းဘူးဟေ့၊ တော်ဖို့ ကောင်းပြီထင်တယ်" ဟု 
ယောက်ျားက မိုးသီးများကိုကြည့်ရင်း အလန့် တကြားပြောသည်။
             
သို့ ရာတွင် မိုးသီးများမှာ ရပ်မသွားပါ။ အိမ်ခေါင်မိုးပေါ်၊ သစ်ပင်များပေါ်၊ ယာတောပေါ်၊ တောင်ကြောပေါ်သို့  တစ်နာရီခန့် ဆက်တိုက် ကျနေကြသည်။
ယာတောတစ်ခုလုံးသည် ဆားတွေပက်ထားသည့်နှယ် ဖွေးနေတော့သည်။
သစ်ပင်ပေါ်တွင် သစ်ရွက်တွေ မရှိတော့။
ပြောင်းနှံတွေ ပျက်ကုန်ပြီ။ ပြောင်းပွင့်တွေ ကြွေကျကုန်ပြီ။
လင်းချိုသည် ဝမ်းနည်း၍ မဆုံးဖြစ်နေသည်။

မိုးသီးမုန်တိုင်း စဲသွားသည့်အခါ၌ လင်းချိုသည် ယာတောအလည်တွင်ရပ်ရင်း
သူ့ သားများကို ပြောနေသည်။
               " ကျိုင်းကောင်အုပ်ကျတာမှ သက်သာဦးမယ်ကွာ၊ မိုးသီးကျလိုက်တာ ဘာမှမကျန်တော့ဘူး၊ ဒီနှစ်တော့ တို့ များပြောင်းလည်းရမှာမဟုတ်ဘူး၊ ပဲလဲရမှာ မဟုတ်တော့ဘူး။
" ဘယ်သူမှ မကယ်နိုင်တော့ဘူး ထင်ပါရဲ့ "
" ဒီနှစ်တော့ ဝမ်းစာတောင် ရှိမှာမဟုတ်တော့ဘူး"

သို့ ရာတွင် တောင်ကြားထဲရှိ တစ်လုံးတည်းသောအိမ်တွင် နေကြသူတို့  စိတ်ထဲ၌ကား 
မျှော်လင့်ချက်တစ်ခု ရှိနေသည်။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။
" ပျက်တော့ ပျက်တာပေါ့လေ၊
ဒါပေမယ့် ဒီလောက်လည်း စိတ်ဓာတ်မကျ ကြပါနဲ့ ၊
ငတ်သေတဲ့ မသာရယ်လို့ တော့ မရှိပါဘူး"
                " အင်း၊ ငတ်သေတဲ့ မသာ မရှိဘူးလို့ တော့ ပြောကြတာပဲလေ"

ထိုနေ့ ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။
ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါ
အပေါင်းတို့ ၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်ပါလော။
             လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့ လောက်သာ သိသူဖြစ်၏။
မည်သို့ စာရေးရမည်ကို မသိ။

နောက်တစ်နေ့ မနက်လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ရေးနေသည်။
သူ့ ကိုဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။
ထိုစာမှာ အခြားစာမဟုတ်။
ဘုရားသခင်ထံ ပေးစာဖြစ်ပါသည်။
 
" လျှောက်ထားအပ်သည် ဘုရား၊ ယခုနှစ်တွင် မိသားစု ငတ်ကြရမည်သာ ဖြစ်ပါသည်။
လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့်
ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။
သူသည် စာကို စာအိပ်ထဲတွင် ထည့်၊
စာအိတ်ပေါ်တွင် 'ဘုရားသခင်ထံသို့ ပေးရန်' ဟု 
ရေးပြီး စာထည့်ရန် မြို့ သို့ လာခဲ့သည်။

စာတိုက်မှ တံဆိပ်ခေါင်း တစ်လုံးဝယ်၍ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲ ထည့်ထားခဲ့သည်။
            စာပို့ သမားသည် ထိုစာကို တွေ့ သည့်အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။
သူ့ တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတပ်ထားသော စာတစ်စောင်ကို
တစ်ခါမျှ မတွေ့ ဘူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်သည်လည်း
ထိုလိပ်စာကို မြင်သည့်အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။

ထို့ နောက် ချက်ချင်းလေးနက် သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ်ရိုက်ရင်း.....
' သူ့ ခမျာ သနားပါတယ်ကွာ၊ ဘုရားတရားကို တော်တော်ယုံကြည်ရှာတာပဲ၊
သူ့ လိုယုံကြည်နိုင်တဲ့ သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊
သူ့ လို ယုံကြည်ချင်လိုက်တာ၊ သူ့ လိုမျှော်လင့်ချက်မျိုးရှိချင်လိုက်တာ၊ ကြည့်စမ်းပါဦး၊ 
ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ စာနဲ့ ပေနဲ့တောင် ဆက်သွယ်တယ် '
   ဝေငှ၍မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရားကိုင်းရှိုင်းပုံကို ကြည့်၍
စိတ်ပျက်အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခုကူညီသင့်သည်ဟု
စာတိုက်ဗိုလ်ကြီး သဘောရသည်။ 

သို့ ရာတွင် စာကိုဖွင့်၍ ဖတ်လိုသည့်အခါ၌ သူ့ စာကို ပြန်လျှင်စိတ်စေတနာကောင်းရုံ၊
မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။
သို့ ရာတွင် သူ့ ဆုံးဖြတ်ချက်ကို မပြောင်းပါ။
စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေကောက်သည်။
သူကိုယ်တိုင်လည်း သူ့ လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။
သူ့ မိတ်ဆွေများကလည်း ' အလှူဒါန ' အဖြစ်တတ်နိုင်သလောက် ထည့်ဝင်ကြသည်။
             တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။

ထို့ ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို
စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့ လိုက်သည်။
စာအိတ်ထဲတွင် ' ဘုရားသခင်' ဆိုသည့် စာလုံးတစ်လုံးကိုသာ
ရေးထားသည့် စာတစ်ရွက် ကိုလည်း ထည့်ပေးလိုက်၏။
             နောက်တစ်နေ့  တနင်္ဂနွေနေ့  မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင်
စာတိုက်သို့ ပေါက်လာကာ သူ့ အတွက် စာရောက်ခြင်း ရှိမရှိကို လာ၍စုံစမ်းသည်။
စာပို့ သမားကိုယ်တိုင် ထိုစာကို လင်းချို လက်သို့ ပေးလိုက်၏။
စာတိုက်ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခု
ပြုလိုက်ရသဖြင့် ပီတိဖြစ်နေသူတစ်ဦး အနေဖြင့် အတွင်းဘက်မှနေ၍
လင်းချို ကို လှမ်းကြည့်နေသည်။
           
လင်းချိုသည် စာအိတ်ကိုဖွင့်၍ ငွေစက္ကူများကို မြင်သည့်အခါတွင်
နည်းနည်းမျှ အံ့အားသင့်ဟန်မပြပါ။
ထိုအရာများကို ရလိမ့် မည်ဟု သူယုံကြည်ပြီးသားဖြစ်ဟန်တူပါသည်။
သို့ ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံးဖြစ်နေသည်။ 
ဘုရားသခင်သည် ငွေအရေ မမှားနိုင်။
သူတောင်းသည့် ငွေအရေအတွက်ကိုလည်း ငြင်းဆန်ခြင်း ပြုမည်မဟုတ်။
           
လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ
စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။
ထို့ နောက် စာတိုက်ကောင်တာတွင် ထိုင်ကာ
သူရေးမည့် အကြောင်းအရာကို 
မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ရေးနေသည်။ 

စာရေးပြီးသည့်အခါတွင် အပေါက်ဝသို့ သွားကာ တံဆိပ်ခေါင်းတစ်လုံးဝယ်၍ 
တံတွေးဖြင့်ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။
             စာတိုက်ပုံးထဲသို့  စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည် 
စာတိုက်ပုံးထဲမှ စာကိုယူ၍ ဖတ်၏။ စာထဲတွင် အောက်ပါအတိုင်းပါရှိ၏။
           
' လျှောက်ထားတောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာ လက်ထဲသို့ ရောက်လာပါသည်။ ကျန်ငွေများကို ဆက်လက်ပို့ ပါဘုရား။ များစွာအသုံးလိုနေပါသည်။ 
သို့ ရာတွင် ယခုတစ်ခေါက် ပို့ လျှင် စာတိုက်မှ မပို့ ပါနှင့်ဘုရား။ 
စာတိုက်အမှုထမ်းများသည် လူလိမ်လူကောက်များဖြစ်ပါသည် ဘုရား။
‘လင်းချို '
ဟူ၍ဖြစ်သည်။
ပင်လယ်တွဲ -င၊ အမှတ်-၁၊ ၁၉၉၆ ဒီဇင်ဘာလ။
မက္ကစီကို စာရေးဆရာ Gregoria Lopezy ၏ A Letter to God ကို ဘာသာပြန်သည်
( မြသန်းတင့် )
@MMCYBERMEDIA