Thursday, August 26, 2010

ဂုဏ်ယူခြင်းနှင့် ရှက်စိတ်

ကျွန်တော်ဟာ ငယ်ငယ်လေးထဲက ဆရာဝန်တစ်ဦး အရမ်းဖြစ်ချင်ခဲ့ပါတယ်။
ဆရာဝန်ဖြစ်တဲ့ ဖေဖေကို အားကျပြီးတော့ ဆရာဝန်မဖြစ်ရင် သေရမလောက်ကို ဆန္ဒပြင်းပြခဲ့သူပါ။ ဖေဖေ့ကို အားကျတာတစ်ခုထဲနှင့် ကြိုးစားခဲ့တဲ့ ကျွန်တော်ဟာ ဆေးကျောင်းတက်ခွင့် ရခါနီးအချိန်မှာ မေမေက ကျွန်တော့်ကို လမ်းကြောင်းတစ်ခု ချပြပါတယ်။
ကွန်ပျူတာတက္ကသိုလ် တက်ဖို့ပါ။ အဲဒီအချိန်တုန်းက ကွန်ပျူတာတက္ကသိုလ်က ပေါ်ခါစဆိုတော့ နောက်ပိုင်းမှာ အခွင့်အလမ်းတွေ အများကြီးရနိုင်တယ် ပေါ့။
 
မေမေ့ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တဲ့ ကျွန်တော့်အတွက် ဆရာဝန်ဘ၀အစဟာ ဆန္ဒပြင်းပြစွာ ၀ါသနာကို အရင်းခံပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လူနာတွေပေါ်မှာ သနားတဲ့စိတ်နှင့် တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း ကျွန်တော့်ကို အားဖြည့်ပေးခဲ့ပါတယ်။ လုပ်သက်လေး ရလာတဲ့အခါမှာ ကျွန်တော်လုပ်နေတဲ့ ဆရာဝန်ဘ၀ကို ၀ါသနာထက်ပိုတဲ့ နှစ်သက်မှုတွေ ရခဲ့ပါတယ်။ လူတိုင်း မိမိလုပ်နေတဲ့ အလုပ်ကို ကျေနပ်မှု(Job Satisifaction)ရဖို့မလွယ်တဲ့ အချိန်မှာ ကျွန်တော်ဟာ ကံကောင်းသူလို့ ဆိုရပါမယ်။
 
ကျွန်တော့်ရဲ့ ယူဆချက်အရ ဆေးကုသခြင်းအလုပ်ဟာ
ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့အပြင် ဗြဟ္မစိုရ်တရား လေးပါးနှင့်လည်း
ညီတဲ့အလုပ်လို့ မှတ်ယူပါတယ်။ ကျွန်တော်တို့ လူနာတွေကို တွေ့တဲ့အချိန်မှာ ဝေဒနာတွေ ခံစားနေရတဲ့ သူတို့ကို သနားကြင်နာစိတ်တွေ ၀င်မိခဲ့ပါတယ်။ဒါဟာ ကရုဏာဗြဟ္မစိုရ်ပါပဲ။
ပြီးတော့ သူတို့ကို ကုသတဲ့အခါမှာ ကောင်းပါစေဆိုတဲ့ စိတ်ကလေးနှင့် ကုကြပြန်ပါတယ်။
အဲဒါ မေတ္တာ ဗြဟ္မစိုရ်ပါပဲ။ သူတို့တွေ ကောင်းသွားတဲ့ အချိန်မှာလည်း ပီတိဖြစ်ရပါတယ်။
မုဒိတာ ဗြဟ္မစိုရ်ပေါ့။ မိမိဘက်က အကောင်းဆုံး ကြိုးစားပေမယ့် လက်လွှတ်ဆုံးရှုံးသွားတဲ့ လူနာတွေအတွက်လည်း မခံချိမခံသာ မဖြစ်ဘဲ ကံအကြောင်းဖြင့်သာ ဖြစ်ရပေတယ်လို့ နှလုံးသွင်းနိုင်ရင် ဥပေက္ခာ ဗြဟ္မစိုရ်ကို ပွားများရာ ရောက်ပါတယ်။
ဆေးကုသသူ တစ်ဦးရဲ့ ဘ၀ဟာ အလုပ်လုပ်ရင်း ဘာဝနာပွားနိုင်တဲ့ အလုပ်လို့ပါ ထပ်မံခံယူသွားနိုင်တဲ့ အခါမှာတော့ ဘယ်လို အခက်အခဲ တွေပဲ တွေ့တွေ့ ယခု ဆရာဝန်ဘ၀ကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် မြတ်နိုးတွယ်တာ လာခဲ့ပါတယ်။
 
အဲဒီကနေ ကံ၊ ကံ၏ အကြောင်းတရားကို နားလည်လက်ခံ သဘောပေါက်တဲ့ အခါမှာတော့ တစ်နေ့တစ်ချိန်ကျရင် ကျွန်တော်ကိုယ်တိုင်လည်း ခုလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အကျိုးကို ခံစားရမယ်လို့ ယုံကြည်မိပါတယ်။ အဲဒါတွေ ပေါင်းစုံလိုက်တော့ ဆရာဝန်တစ်ယောက်ရဲ့ဘ၀ကို ကျွန်တော်ဟာ ကျေကျေနပ်နပ်ကြီးကို နေ့မအား ညမနား လုပ်ဆောင် ပျော်ရွှင်နေတော့တာပါပဲ။ ဆရာဝန်ဘ၀ကိုလည်း ဘယ်လောက်ထိအောင် မက်မောမိသည်လည်းဆိုရင် ဖြစ်နိုင်ရင် နောင်ဘ၀တောင် ဆရာဝန်ပြန် ဖြစ်ချင်သေးတဲ့ အထိပါပဲ။ ဒီ့ပြင်မက ကျွန်တော့်လက်အောက်က ၀န်ထမ်းငယ်တွေကိုလည်း အလုပ်လုပ်ရင်း ကုသိုလ်ရတဲ့ ကျန်းမာရေး ၀န်ထမ်းအလုပ်ကို မြတ်နိုးဂုဏ်ယူလာအောင် အမြဲပြောပြနေမိပါတယ်။
 
တဖြည်းဖြည်းနှင့် ဆရာဝန် လုပ်သက်ကလေး ကြာလာတဲ့အခါ အတွေ့အကြုံတွေလည်း စုံလာတော့တာပေါ့။ အတွေ့အကြုံတွေထဲမှာ ကိုယ်တိုင် တွေ့ကြုံရတာတွေ ပါသလို ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေလည်း ပါပါတယ်။ ကျွန်တော် သုံးသပ် မိသလောက် ကျွန်တော်အပါအ၀င် ဆရာဝန်တော်တော်များများဟာ သူတကာတွေထက်ကို ဣသာမစ္ဆရိယစိတ်တွေ များပါတယ်။ (လက်မခံကြရင်လည်း လက်မခံသူတွေဟာ ရှားရှားပါးပါး မွန်မြတ်သူတွေလို့ ကိုယ့်ကိုယ်ကို အမှတ်ပေးကြပါတော့။) ဆရာဝန်ဖြစ်လာကြတဲ့ သူတွေအားလုံးဟာ ငယ်ငယ်ထဲက အတန်းစဉ်မှာ အတော်ဆုံးတွေထဲကပဲ ဖြစ်ကြပါတယ်။ မိဘနှင့်ဆရာတွေကလည်း တော်သည်ထက် တော်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့ကြတာ ကိုယ်တွေ့ပါ။ ဘယ်သူလောက်မှ အမှတ်မကောင်းဘူးလား ဘယ်သူ့ထက် ညံ့သွားပြီ သူ-ျီးစားဖို့ကောင်းတယ် စသည်ဖြင့် ဖြည်းဖြည်းတစ်ဖုံ တင်းတင်းတစ်မျိုး မောင်းနှင်ခဲ့ကြပါတယ်။ အမှန်တော့ အဲဒီလိုလုပ်ရပ်ဟာ ဣသာမစ္ဆရိယစိတ်ကို တဖြည်းဖြည်း မသိမသာ မွေးမြူပေးလိုက်တာ နှင့် တူတူပါပဲ။ ပြိုင်ဘက်တစ်ဦးဦးဟာ မိမိထက် အမှတ်များသွားရင် အဆင့်ကောင်းသွားရင် စိတ်မကောင်း။ မိမိလောက် အမှတ်မများရင် အဆင့်နိမ့်ရင် ကျေနပ်ဝမ်းသာခြင်း ဆိုတာတွေဟာ ဣသာမစ္ဆရိယစိတ်တွေပဲ မဟုတ်ပါလား။
 
အဲဒီလို ငယ်စဉ်က တည်းက အမြစ်တွယ်ခဲ့တဲ့ ဣသာမစ္ဆရိယဟာ
အသက်အရွယ်ရ လူလားမြောက် အလုပ်ခွင်ထဲ ရောက်တော့လည်း
အသိဉာဏ်နှင့် ထိန်းသိမ်းပြီး လျော့ပါးသွားသူတွေ ရှိပေမယ့် ကျွန်တော်အပါအ၀င် တော်တော်များများမှာတော့ သတိမပြုနိုင်ဘဲ ပိုလို့တောင် ကြီးထွားလာပါတော့တယ်။
ကျွန်တော်ဆို တာဝန်ကျဘူးတဲ့ နယ်တွေ၊ လူတွေ၊ မိတ်ဆွေဟောင်းတွေနှင့် တွေ့မိ၊ ဆုံမိတဲ့အခါ ဆရာရှိတုန်းကလို မဟုတ်ဘူး ဆရာရဲ့ အစချီပြီးတော့ ကျွန်တော့်လက်ထက်ကို ချီးမွမ်းစကားတွေဆိုပြီး 
 
ကျွန်တော့် နောက်ပိုင်းမှာ ဆုတ်ယုတ်တာ (အမှန်တော့ ဆုတ်ယုတ်ချင်မှ ဆုတ်ယုတ်မှာပါ။ ကျွန်တော်နှင့်တွေ့ ကျွန်တော့်အကြိုက် လိုက်ပြောကြတာသာ ဖြစ်မှာပါ) အဆင်မပြေတာတွေ ပြောပြကြရင် ကျွန်တော့်မှာ ကျေနပ်ပီတိတွေဖြစ်လို့။ သေချာစဉ်းစားကြည့်တော့ အဲဒီလို ခံစားမှုဟာ ဣသာမစ္ဆရိယပါပဲ။ မိမိရှိတုန်း အောင်မြင်စေလိုပြီး မိမိမရှိရင် ပျက်စီးစေချင်တာဟာ ဣသာမစ္ဆရိယပေါ့။ လက်ရှိ ရောက်နေတဲ့ နေရာမှာလည်း ရှေ့က လူတွေထက် လူအားကိုးအောင် အတွင်းလူနာ၊ ပြင်ပလူနာတွေ အရင်ကထက်တိုးအောင် တာဝန်ကျရာဒေသ တိုးတက်အောင် လုပ်မယ်ဆိုတာတွေဟာလည်း ရှေ့လူတွေထက်လို့ နှလုံးသွင်းမိရင် ဣသာမစ္ဆရိယပါပဲ။ မိမိတာဝန်ယူစ အခြေအနေထက်လို့
နှလုံးသွင်းပါမှ ဣသာမစ္ဆရိယက လွတ်နိုင်မှာပါ။
 
အဲဒီ ဣသာမစ္ဆရိယတွေကြောင့် ပတ်ဝန်းကျင်မှာ ကြားတွေ့မြင် ကြုံနေသမျှထဲမှာ ဆရာဝန်အချင်းချင်း တိုင်ကြ၊ တန်းကြ၊ ဆေးခန်းချင်း ပြိုင်ကြ အတိအလင်းရော မသိမသာပါ ရန်ဖွဲ့နေကြ ဆိုတာတွေ ပါဝင်နေကြပါတယ်။ ဆရာဝန်တွေလည်း လူသားထဲက လူတွေပါပဲလို့ ဆင်ခြေပေးနိုင်ပေမယ့် ပြည်သူတွေက အားကိုးတဲ့ ထားရှိတဲ့ ပုံရိပ်အရ သာမန်နှင့်မတူ စောင့်ထိန်းသည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းဆို လုပ်ငန်းမှာ ပိုလို့တောင် ထိခိုက်ပါသေးတယ်။ မကြာသေးခင်ကပဲ တာဝန်ကျ သားဖွားဆရာမတစ်ဦးကို အခြားဒေသမှာ တာဝန်ကျတဲ့ ရွာခံ ဆရာမတစ်ဦးက မကျေနပ်လို့ အသိုင်းအ၀ိုင်းဖွဲ့ တိုင်ကြတာ တွေ့ခဲ့ရပါသေးတယ်။ နှစ်ဦးလုံးဟာ လက်အောက်က လူတွေဖြစ်လို့ စိတ်ညစ်ရပါတယ်။ အမှန်အတိုင်း ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပေမယ့် ကျွန်တော်ခံစားမိတာကတော့ ကျန်းမာရေးဌာနအချင်းချင်း ဖြစ်နေတဲ့အတွက် ရှက်မိခြင်းပါပဲ။ ပတ်ဝန်းကျင်ရဲ့အမြင်မှာ ဆရာဝန်အချင်းချင်း ရန်ငြိုးဖွဲ့နေကြတာ။ ထိုးကြိတ် ရန်ဖြစ်ကြတာ၊ ဆရာမတွေ အချင်းချင်း မတည့်ကြတာတွေဟာ ကျွန်တော့်အတွက်တော့ ရှက်စရာတွေလို့ ယူဆမိပါတယ်။ ပြင်ပကို မဖွင့်ဆိုမိပေမယ့် အတွင်းစိတ်ကတော့ ရှက်နေမိပါတယ်။ 
 
ကျွန်တော်တို့ အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ 
လူနာအတွက် လုံခြုံမှု (for the safety of patient)၊ မိမိကိုယ်ကိုလုံခြုံမှု
(for the safety of yourself, universal precaution) တွေ ရှိဖို့လိုသလို 
မိမိရဲ့လုပ်ငန်းအတွက် လုံခြုံမှု (for the safety of profession; ethic) လည်း လိုအပ်ပါတယ်။
 
ကျွန်တော်တို့လို ကျန်းမာရေးဌာနက ၀န်ထမ်းတွေ သာမက ပြည်သူတွေ အားကိုးလေးစားကြတဲ့ ကျန်တဲ့ လူ့ဘောင်အဖွဲ့အစည်း ၀န်ထမ်းတွေ (ဥပမာ-ကျောင်းဆရာ၊ ဆရာမတွေ၊ သာသနာ့ဝန်ထမ်းတွေ စသည်) အတွက်လည်း မသင့်မြတ်ကြ ဘူးဆိုတာ ရှက်စရာ ကောင်းလှပါတယ်။ကျွန်တော်တို့ဟာ မိမိလုပ်ငန်းရဲ့ မွန်မြတ်မှုကို ဂုဏ်ယူတတ်ဖို့ လိုသလို ထိန်းသိမ်းစွာ ရှက်တတ်ဖို့လည်း လိုပါသေးတယ်။
နန္ဒ၀င်း (ဆေး-၁)
Eleven Media Group