Sunday, August 22, 2010

ကယ်တင်ရှင်မမျှော်စေချင်

ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။
 
ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
 
သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။
 
ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။
 
ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။
 
ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။
 
ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။
 
အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။
 
လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။
 
ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။
ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
Eleven Media Group