Monday, August 16, 2010

ခေါင်းမော့ရင်ကော့ပြီး ကိုယ်ခြေထောက်ပေါ် မားမားရပ်

တစ်ရက်မှာ တပည့်ကျောင်းသားဟောင်း တစ်ယောက်နဲ့ စကားပြောနေခိုက်
ဧည့်သည်တစ်စု ရောက်လာပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်ပါတယ်။
ခေါင်းဆောင်လာသူက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး
ကျွန်တော် ရေးသမျှစာတွေကို မလွတ်တမ်း စောင့်ဖတ်သူလို့ ပြောပြပါသည်။
 ထူးချွန်ကျောင်းသားလေး
        သူနဲ့ပါလာသူ လူငယ်လေးမှာ ဒီနှစ် ဆယ်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ ထူးချွန်အောင်မြင်ခဲ့သူ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကလေးရဲ့ ဖခင်လို့ မိတ်ဆက်ပေးပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ် မြို့ငယ်လေးတစ်ခုက လာကြတာပါ။ လာရင်း အကြောင်းကတော့ ထူးချွန်ကျောင်းသားလေး ဆေးကျောင်းတက်နိုင်အောင် အကူအညီပေးမယ့် စေတနာရှင် ရှာပေးဖို့အတွက် အကူအညီတောင်းချင်လို့ ဖြစ်တယ်။ ကလေးရဲ့ မိဘနှစ်ပါးစလုံးဟာ တောမှာ မူလတန်းဆရာ၊ ဆရာမများသာ ဖြစ်တဲ့အတွက် ကလေးကို ရှေ့ဆက်ပညာသင်ကြားပေးဖို့ ဘယ်လိုမှ မတတ်နိုင်ပါဘူးလို့ ရှင်းပြတယ်။ မြို့ငယ်လေး တစ်ခုကနေပြီး ကျူရှင်မတက်ဘာမတက်နဲ့ ဘာသာစုံဂုဏ်ထူးရအောင် ဖြေနိုင်တဲ့ကလေးမို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေချင်လို့ ကူညီရတာပါလို့
ခေါ်လာတဲ့ဆရာက သူ့စေတနာကို ထုတ်ပြောပါတယ်။

စာဖွဲ့မကုန်နိုင်
        ဟုတ်တာပေါ့။ ဒီလို တော်လည်းတော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးမျိုးကို ဘယ်သူမဆို ဖြစ်စေချင်မှာပါပဲ။ ခေါ်လာတဲ့ ဆရာရဲ့ စေတနာဟာလည်း လေးစားထိုက်ပါတယ်။ အခုတလော ဂျာနယ်တွေထဲမှာလည်း ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူး ရှင်တချို့ ပညာဆက်လက်သင်ကြားဖို့ အခက်အခဲရှိတာကြောင့် အကူအညီ လိုအပ်နေတဲ့အကြောင်း သတင်းတွေ အမြဲလိုလို ပါနေတဲ့အပြင် စေတနာရှင်များက ၀ိုင်းဝန်းကူညီ ထောက်ပံ့တဲ့ သတင်းတွေလည်း ဆက်တိုက် တွေ့နေရတယ်။ စေတနာသဒ္ဓါတရား ထက်သန်လှတဲ့ မြန်မာလူမျိုးများရဲ့ အကြောင်းတွေကလည်း နိုင်ငံခြားသားများတောင်
စာဖွဲ့မဆုံးနိုင် ရှိခဲ့ကြတာ မဟုတ်လား။

ဘကြီးဘုန်းကြီး ခေါ်ရာလိုက်ခဲ့သူ
        ဒီကလေးရဲ့အကြောင်း ဂျာနယ်တွေမှာ ရေးလိုက်ရင်လည်း စေတနာရှင်တွေ ချက်ချင်းပေါ်လာမှာ သေချာတယ်။ အတတ်နိုင်ဆုံး ကူညီပါ့မယ် ဆက်သွယ်ရမယ့် နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်များ ပေးထားခဲ့ပါလို့ သူတို့ကို ပြောလိုက်ရတယ်။ နောက်တော့မှ သတိရပြီး အရင်ရောက်နေတဲ့ တပည့်ဖြစ်သူနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ တပည့်ဖြစ်သူက တက္ကသိုလ်တစ်ခုမှာ ဆရာလုပ်နေသူပါ။ အထက်အညာ တောရွာလေးတစ်ရွာက ရန်ကုန်ကို ဘကြီးဘုန်းကြီးခေါ်လို့ လိုက်လာခဲ့ တာဖြစ်တယ်။ ဘကြီးဘုန်းကြီးရဲ့ကျောင်းမှာ ဝေယျာဝစ္စတွေလုပ်ရင်း ညကျောင်းမှာ ကျောင်းတက်ပါတယ်။

ဆိုက်ကားနင်းတဲ့ တက္ကသိုလ်ကျောင်းသား
        ညကျောင်းနှစ်နှစ်၊ သုံးနှစ်တက်ပြီး ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်တက်ပါတယ်။ ကျောင်းစရိတ် ရဖို့အတွက် ညဘက်တွေမှာ ဆိုက်ကားနင်းပါတယ်။ သိပ္ပံဘာသာတစ်ခု အထူးပြု ယူထားတာဆိုတော့ ကျောင်းမတက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ညကျမှ ဆိုက်ကားနင်းရတာ ဖြစ်တယ်။ လက်တွေ့မရှိလို့ ကျောင်းစောစောပြီးတဲ့ နေ့တွေမှာ ကျွန်တော့်သင်တန်း လာတက်နေလေ့ရှိတယ်။ တက္ကသိုလ်တက်ရင်း ဆိုက်ကားနင်းနေတဲ့ သူ့ကို ကရုဏာသက်တဲ့ သူငယ်ချင်းတွေက စာရေးစာချီအလုပ်မျိုးတွေ ရှာပေးပေမယ့် သူက မလုပ်ပါဘူး။ ဆိုက်ကားနင်းရတာက သူ့အဖို့ စာသင်၊ စာကျက်ချိန် ပိုရတယ်လို့ပြောပြီး စွဲစွဲမြဲမြဲ လုပ်ပါတယ်။

မဟာသိပ္ပံဆိုက်ကားသမား
        အချိန်တွေကြာလို့ သူဘွဲ့ရသွားတော့လည်း ဆိုက်ကားကို သူမစွန့်ပါဘူး။ ညဘက်ဆိုက်ကားနင်းရင်းနဲ့ပဲ မဟာသိပ္ပံ ဆက်တက်ပါတယ်။ ဘကြီးဘုန်းကြီးရဲ့ ကျောင်းဝေယျာဝစ္စတွေလည်း ဆက်လုပ်နေမြဲပါပဲ။ အခုတော့ သူတက္ကသိုလ်မှာ ဆရာဖြစ်နေပါပြီ။ ဘ၀တူ တက္ကသိုလ်ဆရာမလေး တစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့ ဘုန်းကြီးကျောင်းမှာ မနေတော့ပေမယ့် ဝေယျာဝစ္စတွေတော့ ကျောင်းပိတ်ရက်တိုင်း သွားလုပ်ပေးနေဆဲ ဖြစ်ပါတယ်။ အခါကြီးရက်ကြီးတွေဆို သူ့ဆရာမနဲ့အတူ ဆရာဟောင်းကိုလည်း လာကန်တော့မြဲ ဖြစ်တယ်။

အားကျတဲ့ မျက်လုံးတွေ
        မိတ်ဆက်ပေးရင်းနဲ့ တက္ကသိုလ်ဆရာလေး အကြောင်းတွေ ပြောပြလိုက်တဲ့အခါမှာ သုံးယောက်စလုံး တအံ့တသြနဲ့ နားထောင်ရင်း တော်လိုက်တာ၊ တော်လိုက်တာနဲ့ ပါးစပ်က တဖွဖွထုတ်ဖော် ချီးကျူးနေကြပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် လူငယ်လေးကလည်း အားကျတဲ့ မျက်လုံးတွေက အရောင်တလက်လက် ထွက်လို့တောင်နေပါတယ်။ နောက်တော့ တပည့်ဖြစ်သူနဲ့အတူ ပြန်ဆင်းသွားကြပါတယ်။ ဗိုလ်တစ်ထောင်ဘုရား သွားချင်တယ်ဆိုလို့ တပည့်ဖြစ်သူက လိုက်ပို့မယ်ဆိုပြီး ခေါ်သွားတာပါ။

ပြင်ဦးလွင် မျက်မမြင်ကျောင်း
        သူတို့ပြန်သွားပြီး မကြာမီမှာပဲ ပြင်ဦးလွင်က ဖုန်းဝင်လာပါတယ်။ ပြင်ဦးလွင် မျက်မမြင်ကျောင်း နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေဖို့ စီစဉ်နေတာကြောင့် စာမူရေးပေးဖို့ လှမ်းအကြောင်းကြားတာပါ။ ပြင်ဦးလွင် မဟာအံထူးကံသာဘုရားကြီး ခြေတော်ရင်းမှာ
ဆရာတော် ဦးဥေးယျတည်ထောင်တဲ့ မျက်မမြင်ကျောင်း ရှိပါတယ်။
အရွယ်မျိုးစုံ ကျား၊ မ ကိုးဆယ်တစ်ရာလောက် ရှိပါတယ်။
အစိုးရကျောင်းတွေမှာ သွားပြီး ကျောင်းတက်တဲ့ ကလေးတွေ အတန်းစုံရှိသလို၊ ကြိမ်ထိုး၊ အနှိပ်ပညာ၊ ဗေဒင်ပညာ အပြင် မြန်မာ့ဆိုင်းပညာပါ သင်ကြားပေးပါတယ်။

ဘ၀တူချင်း ရိုင်းပင်း
        ဆရာတော်ကိုယ်တိုင်က မျက်စိနှစ်ကွင်း အလင်းမရသလို ကျောင်းက ဆရာ၊ ဆရာမတွေ အားလုံးလည်း မျက်စိမမြင်ရှာကြသူတွေချည်း ပါပဲ။ တက္ကသိုလ်ကျောင်းတက်ရင်း ကျောင်းပိတ်ရက်တွေမှာ လာသင်ပေးသူ မျက်မမြင် စေတနာရှင်များလည်း ရှိပါတယ်။ ကျန်းမာရေး သိပ်မဆိုးခင်က နွေရက်တွေဆို အမေလူထုဒေါ်အမာရှိရာ ပြင်ဦးလွင်မှာ နွေခိုလေ့ ရှိပါတယ်။ အမေမာ ကျေးဇူးနဲ့ ဆရာတော် ဦးဥေးယျရဲ့ မျက်မမြင်ကျောင်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းထဲမှာ ဗေဒင်ဟောခန်း၊ အနှိပ်ခန်းတွေ ဖွင့်ထားပါတယ်။ လာပြီး ဗေဒင်မေးသူ၊ အနှိပ်ခံသူတွေ မပြတ်လှပါဘူး။ ရတဲ့အခကြေးငွေကို ပညာရှင်တွေ ကိုယ်ပိုင်အဖြစ် ရယူနိုင်ပါတယ်။

အသက်မွေးဖို့ ပညာသင်ပေးတာ
        တချို့က ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး ဗေဒင်ပညာ၊ လက်နှိပ်ပညာနဲ့ အသက်မွေးကြပါတယ်။ လက်နှိပ်ပညာမှာ မြန်မာ့ရိုးရာ လက်နှိပ်ပညာ သင်ပေးသလို ဂျပန်လက်နှိပ် ပညာကိုလည်း သင်ပေးပါတယ်။ ပွဲတွေလမ်းတွေမှာ ဆိုင်းဝိုင်းထည့်ချင်လို့ ငှားရင်လည်း ရပါတယ်။ မျက်မမြင်ကျောင်းဆိုပေမယ့် ကျောင်းမှာ စာကြည့်တိုက်ပါ ဆရာတော်က ဖွင့်ထားပြီး စာဖတ်ဖို့ အားပေးပါတယ်။ မျက်စိမြင်တဲ့ စေတနာရှင်များက ကျောင်းလာပြီး စာဖတ်ပြကြတယ်။ ကျောက်ဆည်ကနေ လစဉ်လိုလိုလာပြီး စေတနာ လုပ်အားပေးကြသူတွေတောင်ရှိလို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြရပါသေးတယ်။

သူဖုန်းစားဖြစ်မသွားအောင်
        ဆရာတော်ရဲ့လုပ်ရပ်က အင်မတန် လေးစားကြည်ညိုစရာ ကောင်းလှပါတယ်။ လူတွေကို လူဖြစ်မရှုံးရအောင် လုပ်ပေးနေတာ ဖြစ်တယ်။ ရှေးအခါကဆို မျက်စိမမြင်ဘူးဆိုရင် လူရာမ၀င်တော့ပါဘူး။ တောင်ဝှေးတစ်ချောင်းနဲ့ ရပ်ထဲရွာထဲ လှည့်လည် တောင်းရမ်း စားသောက်နေရသူတွေ အများကြီးပါပဲ။ အခုခေတ်တော့ ဆရာတော်ကျောင်းလို မျက်မမြင်ကျောင်းတွေရဲ့ကျေးဇူးကြောင့် တောင်းရမ်းစားသောက်တဲ့ မျက်မမြင်တွေ တော်တော်နည်းသွားပါပြီ။ ဆရာတော်နဲ့တကွ မျက်မမြင်ကျောင်း အားလုံးဟာ မျက်မမြင်တွေကို သူဖုန်းစားဖြစ်မသွားအောင် လုပ်ဆောင်ပေးနေတာဖြစ်လို့ ကျေးဇူးကြီးမားလှပါတယ်။

ကိုယ့်အားကိုယ်ကိုးဖို့
        ကြီးကြီးကျယ်ကျယ် လူအထင်ကြီးစေမယ့် စကားလုံးကြီးတွေနဲ့ ပြောရရင်တော့ မျက်မမြင်ကျောင်းတွေနဲ့ ဆရာတော်ဦးဥေးယျရဲ့ လုပ်ရပ်များဟာ လူတွေကို သူတစ်ပါးအပေါ် မှီခိုအားကိုးလွန်းတဲ့ စိတ်ဓာတ်မျိုး (Dependency Syndrome)ကို တိုက်ဖျက်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ် ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားရပ်ချင်တဲ့ စိတ်ဓာတ်တွေ ခိုင်မာလာအောင် ပြုစုပျိုးထောင်ပေးနေတာ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

လောင်းရိပ်မိတဲ့အပင်လို
        သူတစ်ပါးကို မှီခိုအားကိုးတဲ့ စိတ်ဓာတ်မျိုးဟာ မကောင်းပါဘူး။ အငုံ့စိတ်၊ သိမ်ငယ်စိတ်တွေ ကြီးထွားလာစေနိုင်တယ်။ လူတောမတိုးရဲတဲ့ စိတ်တွေ အမြစ်တွယ်သွားပြီး လောင်းရိပ်မိတဲ့အပင်လို တစ်ဘ၀လုံး အညွန့်မထွက်နိုင် ဖြစ်သွားလေ့ရှိတယ်။ ဆရာတော် ဦးဥေးယျနဲ့တကွ မျက်မမြင်ကျောင်းတွေက မျက်မမြင်အားလုံးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မြဲမြဲ ရပ်တည်ပြီး ခေါင်းမော့ရင်ကော့နေနိုင်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်လို့ ကျေးဇူးကြီးမား လှပါပေတယ်။
@Eleven Media Group