Thursday, August 12, 2010

ဘယ်သူ့ကိုရွေးကြမှာလဲ

အခါအားလျှော်စွာ မြန်မာနိုင်ငံကထုတ်ဝေနေတဲ့ ဂျာနယ်တွေကို ဖတ်ဖြစ်တယ်။
ကိုယ့်ဘလော့ဂ်ကို အလည်လာတဲ့ သူတွေကို
ကိုယ့်လိုဖတ်ရအောင် ဗဟုဿုတရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ကြိုက်တဲ့ဆောင်းပါးလေးတွေ့ကို ကူးပြီး တင်ဖြစ်တယ်။
Weekly Eleven Journal မှာတွေ့တဲ့
စာရေးဆရာ ဇေ၀င်းနောင် ရေးထားတဲ့
ဘယ်သူ့ကိုရွေးကြမှာလဲ ဆိုတဲ့
ဆောင်းပါးလေးကို
မြန်မာနိုင်ငံသားတိုင်းဖတ်သင့်တယ်ထင်လို့ တင်ပေးလိုက်တယ်။
 ''နိုင်ငံရေးသမားဆိုတာ လူထုကို စိတ်ဝင်စားတယ်။ ဒါဟာ အမြဲတမ်း ကောင်းမွန်မြင့်မြတ်တဲ့ အရာတော့ မဟုတ်ဘူး။ ခွေးလှေးခွေးသန်းတွေက ခွေးကို စိတ်ဝင်စားသလိုမျိုးလေ''လို့ ဗြိတိသျှစစ်သမိုင်းနဲ့ ၀တ္ထုရေးဆရာ လန်ဒေတန်က ပြောဖူးပါတယ်။ သူမြင်ရတဲ့ လူထုကို သွေးစုပ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတချို့ကို ရွဲ့ပြောတာပဲနေမှာပါ။ မြင့်မြတ်တဲ့ ကိုယ်ကျိုးစွန့်တဲ့ နိုင်ငံရေးသမားတွေ အများကြီး အထင်အရှား ရှိနေတာပဲ။ ဒါပေမဲ့ လန်ဒေတန် ပြောသလို ခွေးသန်းလို နိုင်ငံရေးသမားတွေလည်း ခေတ်တိုင်းမှာ ပေါ်ခဲ့ကြတာကိုး။

ဂရိစကား Polis ကလာတဲ့  နိုင်ငံရေးသမား Politician ဆိုတာ ပြည်သူနဲ့ဆိုင်တဲ့ မူဝါဒချမှတ်ရေးမှာ လွှမ်းမိုး ပါဝင်ပတ်သက်တဲ့သူလို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အစိုးရအဖွဲ့တွင်းက မူဝါဒချမှတ်တဲ့ နေရာတွေကို ရယူထားကြသူတွေအပြင် ဒီနေရာတွေ ကိုရယူဖို့ ကြိုးပမ်းကြသူတွေကိုပါ နိုင်ငံရေးသမားလို့ ခေါ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲအရ ဖြစ်စေ၊ အာဏာလွှဲယူခြင်းကနေ ဖြစ်စေ၊ ခန့်ထားမှုကနေ ဖြစ်စေ၊ မဲလိမ်ပြီးပဲ ဖြစ်စေ၊ စစ်အောင်နိုင်လို့ပဲ ဖြစ်စေ ဒီနေရာတွေကို ရယူကြသူတွေ၊ ရယူဖို့ ကြိုး စားကြသူတွေကို နိုင်ငံရေးသမား စာရင်းထဲ ထည့်ပါတယ်။

ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတော့ ဘယ်သူ့ကို ရွေးကြမှာတုန်း၊ ဘယ်နိုင်ငံရေးသမားကို ရွေးကြမှာတုန်းဆိုတဲ့ မေးခွန်းက ခေါင်းထဲပေါ်လာမိတယ်။ လူက နဂိုကတည်းက ပြောင်းပြန်စောက်ထိုး စဉ်းစားချင်တဲ့ အကျင့်ကလေးကရှိတော့ ဘယ်လို လူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးသင့်ဘူးလဲဆိုတာကို စဉ်းစားကြည့်မိတယ်။
မရွေးသင့်တဲ့ နိုင်ငံရေးသမား အမျိုးအစားတွေကို အမျိုးအစားခွဲကြည့်ရင် အဲဒီအထဲ မပါတဲ့ သူမျိုးဆို ရွေးသင့်တယ်လို့ အဖြေထွက်လာမယ် ထင်လို့ပါ။ ဘယ်ကျမ်းထဲကမှ မဟုတ်၊ကိုယ့်စိတ်ကူးထဲက ပေါ်သလို သရုပ်ခွဲကြည့်တာမို့ စံပေတံတစ်ခု လို့ မပြောနိုင်ပေမဲ့ အတွေးနယ်ချဲ့ ကြည့်စရာ ကောင်းမယ်ထင်လို့ တွေးမိတာလေးတွေအတိုင်း မျှဝေကြည့်ပါမယ်။

ဒေါင်းယောင်ဆောင်သောကျီး (Wolf in Sheep Clothing)
        မြန်မာလို ဒေါင်းယောင်ဆောင်သောကျီး ဆိုတော့ ဘိုလိုက သိုးရေခြုံတဲ့ ၀ံပုလွေပေါ့။ (ဘိုလိုပြန်တာ ဟုတ်မယ်တော့ထင်တာပဲ) လူထုနှစ်သက်တဲ့ အသွင်ကို ယူတတ်ကြတဲ့ အရေခြုံ နိုင်ငံရေးသမားမျိုးပေါ့။ လူထုရဲ့ အာရုံခြောက်ပါး (မျက်စိ၊နား၊နှာခေါင်း၊ လျာ၊ကိုယ်၊ စိတ်) ထဲ စွဲလမ်းနေတာတွေကို အတု လိုက်လုပ်ကြသူတွေပေါ့။ လူထုမြင်ချင်တဲ့ အသွင်၊ ကြားချင်တဲ့ စကား၊ ရှူသွင်းချင်တဲ့ လွတ်လပ်မှုဆိုတဲ့ လေ၊ ခံစားချင်တဲ့ အရသာ၊ ထိတွေ့ချင်တာတွေ၊ စိတ်ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ သူတွေဟာ သူတို့ဖြစ်တယ်လို့ အသွင်အမျိုးမျိုး၊ အပြောအမျိုးမျိုးနဲ့ လိမ်မဲ့သူတွေပေါ့။ အမြင်မကျယ်သူတွေကို စိတ်ကတိမ်းကပါး ဖြစ်အောင်လုပ်ဖို့ အလွန်ကောင်းတဲ့ နည်းတစ်နည်းပေါ့။ ဒါပေမဲ့ လူထုက မတုံးပါဘူး။ စင်ဒရဲလားလေးနဲ့မှ တော်တဲ့ ဖိနပ်ဟာ မိထွေးသမီးနှစ်ယောက် (အနက်စ်တေရှာနဲ့ ဒရစ်ဇယ်လာ)တို့ ဘယ်လိုစွပ်စွပ် မတော်ပါဘူး။

သစ္စာဖောက် (Traitor)
        ဒီလိုလူမျိုးကတော့ လူ့အဖွဲ့အစည်းမှာ ရှိကိုမရှိသင့်တာ မေးနေစရာကို မလိုပါဘူး။ ကိုယ်ယုံကြည်ရာ၊ ကိုယ်မြတ်နိုးရာကို သစ္စာဖောက်တဲ့သူ၊ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သူ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်ကို သစ္စာဖောက်တဲ့ သူတွေ။ ဒီလိုလူမျိုးတွေဟာ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ကြောက်စရာ ကောင်းလောက်အောင်ကို ကိုယ့်အနီးအပါးမှာကို ရှိနေကြတာပဲ။ ခရစ်တော်ရဲ့ တပည့်ကြီး  ၁၂ ယောက်ထဲက ယုဒရှကာရုတ်(Judas Iscariot) ဟာ ငွေဒင်္ဂါး ၃၀ ပဲပါတဲ့ ငွေအိတ်ကလေးအတွက်နဲ့ ခရစ်တော်ကို သစ္စာဖောက်ခဲ့တယ်။ လာဖမ်းတဲ့သူတွေ ခရစ်တော် ဘယ်သူလည်းဆိုတာ သိအောင် ခရစ်တော်ပါးကို တစ်ချက်နမ်းပြီး ''ဒါသခင် ယေရှု''လို့ မပြောဘဲနဲ့ သိအောင်လုပ်ခဲ့တယ်။ ရောမအင်ပါယာကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင် ဂျူးလီယက်ဆီဇာဟာ ဘရုတပ်စ်ဆိုတဲ့ မိတ်ဆွေရင်းက ပူးပေါင်းလုပ်ကြံလို့ သေခဲ့ရတာ။ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲမှာ ဆီဇာနောက်ဆုံး ရေရွတ်မြည်တမ်းခဲ့တဲ့'' ဘရုတပ်စ် မင်းလည်းပါသကိုး''(Et tu, Brute?) ဆိုတဲ့စကားဟာ ကမ္ဘာကျော်ပါတယ်။ ဒီလိုမျိုး သစ္စာဖောက်မျိုးကတော့ ရှောင်ကို ရှောင်သင့်တယ် ထင်တာပဲ။

အခွင့်အရေးသမား၊ သာကူး (Opportunist)
        ငါတော့ ရွေးကောက်ပွဲ ၀င်လိုက်ရင်၊ အမတ်များ ဖြစ်လိုက်ရင် ဘာအခွင့်အရေးများ ရမလဲဟဲ့။ ဟိုလူသာရင် ဟိုလူနဲ့ပေါင်း၊ ဒီလူသာရင် ဒီလူနဲ့ပေါင်း သာကူးသမားတွေကိုလည်း opportunist ပဲ ခေါ်ကြပါတယ်။ ကိုလိုနီခေတ်နှောင်းနဲ့ လွတ် လပ်ရေး ခေတ်ဦးမှာ ကတည်းက ၅၀၀၀ စား အမတ်ဖြစ်ရင် ဟန်ပြီဆိုပြီး လုပ်ကြသူတွေ၊ ခေါင်းပေါင်း ''ညာ'' ချကြသူတွေ ရှိခဲ့ကြတယ်ဆိုတာ သမိုင်းသက်သေရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ သူ့အကျိုးစီးပွားပဲ ကြည့်ကြသူတွေ။ ဟိုကဒီက ပိုက်ဆံ တွေ တောင်းမဲ့သူတွေ၊ ရန်ပုံငွေလေး ပေးဖို့ ခွေးကသူ့သခင်ဆီက အမဲရိုးတောင်းသလို တောင်းကြမဲ့သူတွေ၊ ဒီမိုကရေစီကို ဗန်းပြပြီး ယမမင်းနဲ့တောင် တစ်လှေတည်းစီးပြီး စီးပွားရှာမဲ့သူတွေ၊ အခွင့်အရေးအတွက် ဖောက်ပြန်ဖို့ဆိုတာ လက်မနှေးမဲ့သူ တွေပါ။ ရန်ပုံငွေမရှိဘဲ ဘယ်လိုမဲ ဆွယ်မလဲလို့ ပြောလို့မရပါဘူး။ အိုဘားမားက အမေရိကန်မှာမို့ ရန်ပုံငွေ သန်းချီသုံးရတာ။ ဒီမှာက ကိုယ့်အပေါ်သာ တကယ်ယုံကြည် မေတ္တာရှိကြလို့ရှိရင် ဘယ်နေရာသွားသွား အဆင်ပြေတယ်ဆိုတာ သာဓကတွေ ပေါမှပေါ။

လက်ဝေခံ၊ လက်ကိုင်တုတ် (Proxy)
        ဒါကတော့ အိမ်နီးချင်း ထိုင်းသတင်းတွေမှာ ပါနေကြ။ သက်ဆင်ထောက်ခံသူတွေ တည်ထောင်တဲ့ ပါတီကို သက်ဆင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြသလို ထိုင်းဒီမိုကရက်တွေကိုလည်း တပ်နဲ့ဘုရင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြမြဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုရဲ့ လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင်၊မပြုနိုင် ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ။ပြည်တွင်းပြည်ပက အကူအညီတွေနဲ့ လက်ဝေခံ လုပ်ကြသူတွေဟာလည်း ဘယ်လိုမျိုးလဲဆိုတာ ရှင်းနေတာပဲ။ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ ပြည်ပလုပ်ပဲဖြစ်ဖြစ် လက်ဝေခံက လက်ဝေခံပဲ။

ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ (ဘိုလို ဘယ့်နှယ်ပြောရမှန်းတောင် မသိတော့ဘူး။ busybody in politics နိုင်ငံရေး ပါလေရာလို့ ခေါ်ရင် ကောင်းမယ်ထင်တယ်)
        အရပ်ထဲမှာရှိပါတယ်။ ဘာဖြစ်ဖြစ် ပွဲလမ်းသဘင်ဆို ဆိုင်းသံဗုံသံကြားရင် ကချင် ခုန်ချင်၊ ပါချင်ကြသူတွေပါ။ မြန်မာတို့ရဲ့ ရိုးရာဓလေ့အရ ဒီလိုလူမျိုးတွေက ချစ်ဖို့ကောင်းပါတယ်။ နောက်စရာ ပြောင်စရာမျိုး ဖြစ်တတ်သလို၊ သူတို့ပါလို့ ပွဲစည်တာ လည်း ရှိပါတယ်။ နိုင်ငံရေးမှာတော့ ဒီလို ဆိုင်းသံဗုံသံကြားတိုင်း 'က'ချင် ကြတာ တယ်မကောင်းလှပါဘူး။ အပျော်အပါးမှ မဟုတ်တာ။ ဒီလိုလူမျိုးတွေဟာ အန္တရာယ်မရှိပေမဲ့ အလုပ်ဖြစ်ဖို့လည်း ခဲယဉ်းတယ်။ ဒီလို လူမျိုးတွေဟာ လုပ်ချင်စိတ်ပဲရှိပြီး လုပ်နိုင်တဲ့အစွမ်း နည်းတတ်ကြပါတယ်။ ''ပါတော့ပါလိုက်တယ်။ ဘာပဲဖြစ်ဖြစ်ရတယ်။ ပါချင်လို့ကိုပါတာ'' ဆိုတာမျိုးကတော့ အရပ်ထဲက ပွဲလမ်းသဘင်မှာပဲ ကောင်းတယ်။ ရွေးကောက်ပွဲဆိုတာ အလှူအိမ်မှ မဟုတ်တာဗျာ။

နေ့ခင်းကြောင်တောင် အိပ်မက်မက်သူ (daydreamer)
        ပစ္စုပ္ပန်ကို မေ့ပစ်ပြီး သာယာဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေသူတွေကို ဘိုလို Daydreamer နေ့ခင်းကြောင်တောင် အိပ်မက်မက်သူလို့ ခေါ်ကြပါတယ်။ဒီလူတွေက သနားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက အပြော ကောင်းရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ မစားရ၀ခမန်းတွေ လျှောက်ပြောပြီး စိတ်ကူးယဉ်ပြနေရင် ''ကြွေ'' သွားနိုင်တယ်။ သူကိုယ်တိုင် တစ်ကယ်ယုံကြည်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါက ပိုကြောက်ရတာ။ ယုံယုံကြည်ကြည်နဲ့ကို ပြောနေတော့လည်း အခက်သားလား။ ဒါကြောင့် ဒီလူစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလားဆိုတာ သေချာစဉ်းစားဖို့ လိုတယ်။မြန်မာပြည်သိန်းတန်ရဲ့ ''ငါသာ စော်ဘွားဖြစ်ချင်တယ်'' ဆိုတဲ့ သီချင်းထဲကလို ငါသာ အမတ် ဖြစ်ရင် လူတိုင်းတိုက်တစ်လုံး၊ ကားတစ်စီး၊ ရေမီးအစုံအလင်နဲ့ထားမယ် ဆိုလို့ကတော့ တရုတ်သိုင်းကားထဲက မင်းသားနာမည်ပဲ ပြောရလိမ့် မယ်။ ''ချင့်ယုံ''လို့။

        ကိုယ် စဉ်းစားမိသလောက် သရုပ်ခွဲကြည့်တာမို့ မစဉ်းစားမိတဲ့ မရွေးသင့်တဲ့ အမျိုးအစားတွေ ကျန်ကောင်းကျန်ဦးမယ်။ ဒါပေမဲ့ ဒီလောက်ဖယ်လိုက်ရင် ရွေးသင့်တဲ့ သူဆိုတာ ဘယ်လိုလူမျိုးဆိုတာ ရှင်းလာပါလိမ့်မယ် ထင်ပါတယ်။

ကတိက၀တ်
        အရေးကြီးတဲ့တစ်ချက်က နိုင်ငံရေးသမားတွေရဲ့ ကတိကို အရမ်းကာရော မယုံမိဖို့ပါပဲ။ နိုင်ငံကို အုပ်ချုပ်လိုသူတို့ရဲ့ လက်စွဲကျမ်းလို့ ခေါ်ရမဲ့ အဝေဖန်ခံရဆုံး အီတလီနိုင်ငံရေး သုခမိန် Niccoló Machiavelli  ရဲ့ The Price ကျမ်းထဲမှာ ခေါင်း ဆောင်အုပ်ချုပ် မင်းလုပ်လိုသူ (Price)ရဲ့ ကတိက၀တ်ထားရပုံကို ဟောဒီလို ဖွင့်ဆိုဖူးတယ်။ ဒီလိုလူဟာ ကိုယ့်စကားကိုယ်တည်ရတယ်တဲ့။ဒါပေမဲ့ ပိုအရေးကြီးတာက ကိုယ့်စကားတည်တယ်လို့ အများထင်ကြဖို့ပဲတဲ့။ သူ့ရည်ရွယ်ချက်နဲ့ သင့်တော် ရင် စကားတည်ပေါ့၊ မသင့်တော်ရင်တော့ စကားတည်တယ်လို့ အများထင်ဖို့ပဲ လုပ်ရမယ်တဲ့။ ဒီလိုမျိုး ကတိက၀တ်မျိုးနဲ့ နိုင်ငံရေးသမားမျိုးကတော့ တော်တော်ကြီးကို သတိထားရမှာ။ အထက်က မရွေးသင့်တဲ့ ခြောက်မျိုးနဲ့ သတိထားရမဲ့ ကတိက၀တ်တွေကို ဆင်ခြင်ကြည့်ရင် လာမဲ့ ရွေးကောက်ပွဲမှာ သင့်တော်လျော်ကန်တဲ့သူကို ရွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ရည်ညွှန်း။ ။ Bible: The New Testament, Niccoló Machiavelli's The Prince, William Shakespeare's   Julius Caesar,  Wikipedia,   News Agencies.