Monday, August 9, 2010

အစာကြေမှာစိုးလို့

အကြောင်းမလျော်သောအခါအလောင်းတော်ပင် အိုးတော်လုပ်ရသည်။ ဖျာတော်ရက်ရသည်။ စားတော်ချက်ရသည်။ဂုရုကွေးလို ဘာမ ဟုတ်ညာမဟုတ် စာရေးဆရာကဘာရှက်ရမည်နည်း။

“ငါ ဈေးရောင်းမယ် ဒကာဆိတ်”
ဟိုက် ရှာလပတ်ရည်။ အသက်သုံးထောင် ဂုရုကွေးကြီးက ဈေးရောင်မယ်ဆိုပါလား။ရတဲ့စာမူခ ဖွတ်ကလိဒင်္ဂါးနှင့် ဆရာတပည့် နှစ် ယောက် ဘယ်လိုမှအကွက်မလည်တော့ပေ။ ဒီထဲ အိမ်မှာမွေးထားသော ခွေးလေးကောင်၏ တာဝန်က ရှိသေးသည်။

“ဂုရုကြီး ဈေးရောင်းဖူးလို့လား”
“သိပ်ရောင်းဖူးတာပေါ့ကွာ၊ မင်း ငါ့ဆီမရောက်ခင် ဓနုဖြူ မှာနေစဉ်က ငါရောင်းခဲ့တာ။ အိမ်မှာက ဘဘရယ် အန်တီရယ် ငါရယ် သုံး ယောက်နေတယ်။”
“စာရေးတာနဲ့ မလောက်လို့ ဈေးထွက်ရောင်းရတာ”
“ဘယ်မှာ ရောင်းတာလဲ…ငါ့အဖေရဲ့ဇာတိ ဝါးခယ်မမြို့နယ် လမ်းသမိုင်ကျုံပေါက် ရွာမှာလွယ်အိတ်ကလေးတစ်လုံးလွယ်ပြီး ရောင်း တာ”

ရွာနီးချုပ်စပ်တွေကို ကုန်းကြောင်းတမျိုး လှေနှင့်တဖုံရောင်းတာ။ဖိုးကျုတ်ဆိုတဲ့ ကျုံပေါက်ရွာသား ငါ့သူငယ်ချင်းက ချောင်းကြိုချောင်း ကြားလှေလှော်ပြီး လိုက်ပို့ပေးတယ်။ ငါက လယ်သမားတဲစုတွေကို တက်ရောင်းတာ”
“ဘာတွေ ရောင်းတာလဲ”
“ဓနုဖြူဦးဘိုးချမ်းရဲ့ ရွှေရည်စိမ်ပစ္စည်းတွေပါ။ လက်ကောက် ဆွဲ ကြိုး၊လက်စွပ်၊ နားဆွဲ၊ တကယ့်ရွှေအစစ်နဲ့ မခြားအောင် ရွှေရည်စိမ် ထားတဲ့ လက်ဝတ်လက်စားတွေပါ”

“ဂုရုကြီးက အခု ဘာရောင်းမှာလဲ”
“လျက်ဆားရောင်းမှာကွ။ တောင်ဥက္ကလာ ဆယ်ရပ်ကွက်ဈေးထဲက ငါ့အသိ ပရဆေးဆိုင်ကပရဆေးပစ္စည်းတွေ အကြွေးရတယ်။ အဲ ဒါတွေနဲ့ လျက်ဆားဖော်ပြီး ရောင်းမှာ။တောင်ဥက္ကလာရပ်ကွက်စုံ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံအဲဒီမြို့တွေကိုလျက်ဆားပုံး လွယ်ပြီး လျှောက်ရောင်းမှာ”
“ဟိုက် ရှာလပတ်ရည်၊ စီးပွားရေးမျက်စိ တော်တော်ရှိတာပဲ လျက်ဆားနာမည်က…”
“ဖေဇော်ဂျီ လျက်ဆား”

“လာပြီလေ…ဖေဇော်ဂျီလျက်ဆား…လေမသက်လို့ အနေခက်နေသလား။ လေထိုးလို့ အနေဆိုးနေသလား…လေမစုန်လို့ငွေကုန် နေသ လား။ ဘာမှမကြောက်နဲ့ သေမှာပဲ…(အဲလေ) ပျောက်ရမယ်…”

“ဖေဇော်ဂျီ လျက်ဆားလာပြီ…အထက်သိကြားက လက်ဖျားခါရတဲ့ လျက်ဆားမဟာ။ဗမာလိုခေါ်တော့ လျက်ဆား၊ အင်္ဂလိပ်လိုခေါ် တော့ ရားဆက်၊ အဖိုးနည်းသလောက်ပုဆိုးကွဲအောင်ပေါက်တဲ့လျက်ဆား…ဇမ္ဗူခွင်တလျှေက်မှာဘူဒင်ပေါက်လိုက်ရင်…ဟိုး မအူပင် လောက်က ကြားနိုင်တဲ့ လျက်ဆား၊တော်တော်လေးများစားလိုက်ရင် မော်တော်လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ်နဲ့”

ဂုရုကွေးသည် ဓနုဖြူတွင် တန်ဆောင်တိုင် ပြဇာတ် ကစဉ်ကဝတ်ခဲ့သောအပေါ်နီအောက်နီ ဇော်ဂျီဝတ်စုံကို ဝတ်ထားသည်။ ဇော်ဂျီ ခေါင်းဆောင်းကိုစွပ်ထားတော့ ရှေ့တလက်မနောက်ပြောင် ခေါင်းတုံးဆံတောက် ပျောက်နေသည်။ပုံစံပြောင်းထားတော့ ဟာကြူလီ ငပျော့လည်း မသိ။ ဆိုက်ကားမာစတာစာကလေးလည်းမသိ။ ဝတ်ဆင်ပေးသော ဒကာဆိတ်တယောက်သာ သိသည်။

“ဖေဇော်ဂျီလျက်ဆား လာပါဦးဗျို့”
တောင်ဥက္ကလာ ၅ ရပ်ကွက်မှအိမ်တအိမ်က ထွက်ခေါ်သည်။ ဂုရုကွေးကို ချက်ချင်းမမှတ်မိ။ ဇော်ဂျီအတု၊ဇော်ဂျီအင်ကြီးကို တ ကယ့်အစစ်ထင်နေပုံရသည်။
“တထုပ်ဘယ်လောက်လဲ”
“မြန်မာကျပ်ငွေ ငါးဆယ်ပါ”
“နှစ်ထုပ်ပေးပါ ”
“ဒါ…ဒါ… ”
လျက်ဆားဝယ်ရင်း ဂုရုကွေးကို တဖြည်းဖြည်း မှတ်မိပုံရလာသည်။
“ဒါ…ဒါ ကျမတို့ ရပ်ကွက်မှာ စာ လာဟောဖူးတဲ့ ဆရာကြီး ဂုရုကွေးမဟုတ်လား”
“ဟုတ်ပ ခင်ဗျာ… ဆရာကြီးဂုရုကွေးဆိုတာလည်းဟုတ်ပါတယ်၊ မသာကြီးဂုရုကွေးဆိုလည်း မှန်ပါတယ်၊ သေရင်မသာ ဖြစ်ရမယ် မ ဟုတ်လား”
“ဘယ်…ဘယ်လိုဖြစ်ပြီး လျက်…လျက်ဆား ရောင်းနေတာလဲ”
“ဒီလိုပေါ့ဗျာ၊အကြောင်းမလျော်ရင် အလောင်းတော်တောင် အိုးတော် လုပ်ရတာပဲ။ဖျာတော်ရက်ရတာပဲ၊ စားတော် ချက်ရတာပဲ၊ ကျုပ်လည်း စာရေးတဲ့ အလုပ်တခုတည်းနဲ့မပြေလည်လို့လျက်ဆားထွက်ရောင်းတာ”

“ဒါဆို နှစ်ရာတန် ပြန်မအမ်းပါနဲ့တော့၊ နောက်နှစ်ထုပ်ထပ်ပေးပါ”
“ကျေးဇူးတင်ပါတယ်ဗျာ၊ အမ်းစရာလည်း မရှိဘူး၊ အခုမှဈေးဦးပေါက်တာပါ။ သွားမယ်ဗျို့…လျက်ဆား…လျက်ဆားဖေဇော်ဂျီလျက်ဆား အဖိုးနည်းသလောက် ပုဆိုးကွဲအောင်ပေါက်တဲ့လျက်ဆား၊ဇမ္ဗူခွင်တလျှောက်မှာ ဘူဒင်ပေါက်လိုက်ရင် ဟိုး…မအူပင် လောက်ကကြားနိုင်တဲ့လျက်ဆား၊ တော်တော်လေးများစားလိုက်ရင် မော်တော်လေးများသွားသလိုဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”

ဈေးသည်တို့မည်သည် ရောင်းစရှိလျှင် ရောင်းချင်ချင်စိတ်အားတက်ကြွလာသည်။ အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် စာပေဟောပြောပွဲစင်မြင့်မှာဟောသလို အော်ကြီးဟစ်ကျယ်လုပ်လာရာ ၅ ရပ်ကွက်ရှိ အိမ်တော်တော်များများမှဝယ်ယူအားပေးကြသည်။

“လျက်ဆား…လျက်ဆား…ချောင်းဆိုး ရင်ကျပ်၊ သာမကကိုးဆယ့်ခြောက်ပါး အကုန်ပျောက်တဲ့ လျက်ဆား။ သွေးတိုး၊ နှလုံး၊ လေငန်း၊ဆီးချိုအကုန်ပျောက်တယ်။ ကင်ဆာအမျိုးမျိုး အကုန်ပျောက်တယ်။ လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား ”
ပြင်လွန်းတော့ ဖင်ချွန်ဆိုသလို ကြွားလွန်းတော့ အမှားစွန်းလာသည်။အေအိုင်ဒီအက်စ် ပျောက်တယ်ဆို၍ အိမ်တအိမ်မှ ပိန်ညောင် ညောင် လူတယောက်ကထွက်ခေါ်သည်။

“ဗျို့ အေ့စ်ပျောက်တယ်ဆိုတဲ့ လျက်ဆား လာပါဦးဗျို့”
ဖေဇော်ဂျီ ဂုရုကွေးသည် သူ့ပုံစံအတိုင်း ရင်ကော့ခေါင်းမော့၍ဝင်သွားသည်။
“ဟိုက် ရှာလပတ်ရည်၊ အသက်သုံးထောင် ဂုရုကွေးကြီးပါလား။ ကျုပ်ကဇော်ဂျီဝတ်စုံကြီးနဲ့ ဘယ်က ဇာတ်ရူးကြီးလဲလို့ ကြည့်နေတာ။ ဂုရုကြီးလျက်ဆားကအေအိုင်ဒီအက်စ် တကယ်ပျောက်လို့လား” “ဒီလိုပေါ့ဗျာ ဈေးသည်ဆိုတာ ဈေးဝယ်သူစိတ်ဝင်စားအောင် ကိုယ့်ကုန်ပစ္စည်းကိုယ် ကြံဖန်ရွှီးရတာပဲ။ချောင်းဆိုးတော့ကောင် သလား မမေးနဲ့၊ ကျုပ်ချောင်းဆိုးတုန်းက ကျုပ်လျက်ဆားကျုပ်ပြန်လျက်တာ ချောင်းဆိုးမပျောက်တဲ့အပြင် သလိပ်ကပ်ရင်ကျပ်ပြီးချွဲတွေပါ ထွက်လာတယ်။ တခြား လျက်ဆားဝယ်လျက်မှ ပျောက်သွားတယ်”
“သွတ်…သွတ်…သွတ်…သွတ်…”
“ကဲဗျာ ဘာပဲဖြစ်ဖြစ် ဂုရုကြီးရဲ့ စာဖတ်ပရိသတ်တယောက်အနေနဲ့ လျက်ဆားကို အားပေးလိုက်ပါ့မယ်။နှစ်ထုပ်ပေးပါ။ ဘယ်လောက် လဲ”
“တထုပ်ငါးဆယ် နှစ်ထုပ်တစ်ရာပါ”
မည်သို့ပင်ဖြစ်စေမိမိ၏ စာဖတ်ပရိသတ်နှင့်တွေ့သဖြင့် လျက်ဆားနှစ်ထုပ်ရောင်းခဲ့ရသည်။လျှောက်လာပြီး လမ်းကြားလေးတခုတွင်း သို့ချိုး ဝင်လိုက်သည်။

“လျက်ဆား…လျက်ဆား ဖေဇော်ဂျီလျက်ဆား၊ အထက်သိကြားက လက်ဖျားခါရတဲ့လျက်ဆားမဟာ။ ချောင်းဆိုးရင်ကျပ်ပျောက်ရုံမက ကိုးဆယ့်ခြောက်ပါးအကုန်ပျောက်တယ်။ ဦးနှောက်အာရုံကြောအားနည်းတာ ပျောက်တယ်။နှလုံးသွေးကြောကျဉ်းတာပျောက်တယ်။ ဆီးကျိတ်ရောင်တာ ပျောက်တယ်”

ထိုလမ်းကလေးထဲတွင် တိုက်မရှိ၊ တိုက်ခံအိမ်မရှိ၊ ရိုးရိုးပျဉ်ထောင်အိမ်တောင့်တောင့်တင်းတင်းပင် မရှိ။ မင်္ဂလာလမ်းမှ ဂုရုကွေး၏အိမ်စုတ်ကလေးကဲ့သို့ခပ်နွမ်းနွမ်းအိမ်တွေသာရှိသည်။ မည်သည့်အိမ်ကမှထွက်မခေါ်။ လမ်းထဲက ခွေးတွေသာ ဇော်ဂျီဝတ်စုံနှင့် ဂုရုကွေးကိုဝိုင်းဟောင်ကြသည်။ ခွေးတွေဟောင်သဖြင့် အိမ်တွေက ဂုရုကွေးကိုအထူးအဆန်းအဖြစ် ထွက်ကြည့်ကြသည်။

“လျက်ဆား…လျက်ဆား ဖေဇော်ဂျီလျက်ဆား၊ အထက်သိကြားက လက်ဖျားခါရတဲ့လျက်ဆားမဟာ၊ လက်ဝါးပြရင် လျက်ဆားရမယ်၊ ငါ သူတပါး ယောက်ျား မိန်းမကလေးလူကြီးအခြာက်ပါမကျန် မည်သူမဆို လက်ဝါးပြရင် လျက်ဆားရမယ်”ဝယ်မယ့်သူမရှိသည့်အပြင် အရူးကြီးတယောက်လို ဝိုင်းကြည့်ကြသဖြင့် ဂုရုကွေးခံပြင်းလာသည်။ ဈေးသည်မာနကိုထိခိုက်လာသည်။ ဒေါသဖြစ်ဖြစ်နှင့် လျက်ဆားမရောင်းတော့ဘဲ လျက်ဆား နမူနာပေးသည်။
“လျက်ဆားလိုချင် လက်ဝါးပြ”
“မပြဘူး”
ကလေးလေးတယောက်က ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေသည်။
“လျက်ဆားလိုရင် လက်ဝါးပြ နမူနာပေးမယ်”
“မလိုချင်ဘူး”
မိန်းမတယောက်က ခံပြင်းသံဖြင့် ပြန်ဖြေသည်။
“ခင်ဗျားတို့က ဘယ်လိုတွေလဲ၊ နမူနာပေးတာတောင် မယူရအောင် ဘာဖြစ်နေလို့လဲ၊ ဖွတ်ကလိဒင်္ဂါးပေးစရာမလိုပါဘူး နမူနာအလကား ပေးနေတာပါ”
ဤတွင်တလမ်းလုံးမှ လူများက နမူနာ မယူချင်ဘူးဟုတသံတည်း ပြန်ဖြေကြသည်။
“ဘာဖြစ်လို့ မယူချင်တာလဲ”
သူတို့၏ အဖြေကိုကြားရသောအခါ ဖေဇော်ဂျီ ဂုရုကွေးသည် ဟိုက် ရှာလပတ်ရည်၊ မအော်နိုင်ဘဲ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။
“အစာ ကြေမှာ စိုးလို့”

ရေးသားသူ-ဆရာကြီးအီကြာကွေး
@mutdfan