Saturday, July 24, 2010

ကောင်းလေစွ

ရေးသူ- လူထုစိန်ဝင်း 
မနက်တိုင်း သတင်းစာဖတ်တဲ့အခါမှာ ကြော်ငြာတွေကို အရင်ဆုံးဖတ်ပါတယ်။ ထုံးစံအတိုင်း နာရေးကို အရင်ဖတ်ပြီးမှ မင်္ဂလာဆောင် ကြော်ငြာတွေနဲ့ တခြားကြော်ငြာမျိုးစုံကို ဖတ်တယ်။ ကြော်ငြာတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်တယ်။ ယူတတ်ရင် အများကြီး တရားရနိုင်တယ်။

တရားရစရာ လူ့သဘာဝတွေ
ကြော်ငြာတွေထဲမှာ လူ့သဘာဝမျိုးစုံကို လေ့လာလို့ရတယ်။ မင်္ဂလာဆောင်ကြော်ငြာတွေထဲက မဆီမဆိုင် အင်္ဂလိပ်စာလုံးတွေ ကြံဖန်ထည့်ကြတာတွေကြည့်ပြီး လူတွေရဲ့ ကြွားတတ်တဲ့သဘာဝကို သိရတယ်။ အမွေပြတ်စွန့်လွှတ်ခြင်း ကြော်ငြာတွေဖတ်ပြီး တဒင်္ဂဒေါသလေး တစ်ခုကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်နေတာတောင် သတိမထားမိကြပါလားလို့တွေးပြီး ဒေါသ၊ မောဟ၊ လောဘတွေအကြောင်း နားလည်သဘောပေါက်ရတယ်။ ကွာရှင်းပြတ်စဲခြင်း ကြော်ငြာတွေဖတ်ရင်းနဲ့ မင်္ဂလာဆောင်တဲ့ရက်နဲ့ တစ်လလောက်သာ ကွာတာမျိုးကို သတိထားမိတဲ့အခါ အံ့သြရတယ်။ ခုမြင်၊ ခုကြိုက်၊ ခုယူ၊ ခုကွဲ အဖြစ်တွေ သိပ်များလွန်ကဲနေပြီလားလို့ တွေးပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။

ချီးပင့်မြှောက်စားမှုမှာမျော
"ပုထုဇနောဥမ္မာတကော" ဆိုတဲ့ စကားကို သတင်းစာထဲက ကြော်ငြာတွေဖတ်ရုံနဲ့တင် သဘောပေါက်ပြီး တရားရနိုင်တယ်။ ချီးပင့်မြှောက်စားမှုမျိုးစုံမှာ ပုထုဇဉ်တွေ သာယာနစ်မျောနေကြတာတွေကို မွေးနေ့ဂုဏ်ပြု ကြော်ငြာတွေမှာ တွေ့နိုင်တယ်။ သီချင်းခွေကြော်ငြာ၊ စာအုပ်ကြော်ငြာတွေ ဖတ်ရင်းနဲ့ လူတွေမမှည့်ဖူးတဲ့ နာမည်အထူးအဆန်းတွေ အများကြီးတွေ့ရတဲ့အခါ ပြုံးရတယ်။ ထူးရင်ပြီးရော၊ ဆန်းရင်ပြီးရောဆိုပြီး စတန့်ထွင်လိုက်ကြတာ။ ကိုယ့်ဟာကိုယ် ပေါကြောင်ကြောင် ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာကြဘူး။ တချို့ကျတော့ ဘိုနာမည်မှည့်မှ ဟုတ်တယ်ထင်ပြီး ယောက်ျားနာမည်မှန်းမသိ၊ မိန်းမနာမည်မှန်းမသိ ကြားဖူးနားဝနဲ့ မှည့်ထားလိုက်ကြတာ ရယ်စရာကြီး ဖြစ်နေတော့တယ်။ ယောက်ျားလေးက "ကစ်တီ" လို့ မှည့်တာမျိုးပေါ့။

ငွေကြောင့် ပျက်စီးကုန်ကြ
တစ်ခါတလေ ကြော်ငြာတွေထဲမှာ သားသမီးတွေက အဖေရင်း၊ အမေရင်းကို ပစ္စည်းခန်းနဲ့ တရားစွဲတာမျိုးလည်း တွေ့ရတတ်တယ်။ အဖေရင်း၊ အမေရင်းက သားသမီးတွေကို တရားစွဲတာလည်း တွေ့ရတယ်။ "မြင်းမိုရ်တောင်ဦး မကကျူး ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ မြန်မာလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ငွေနဲ့ ဓနဥစ္စာတို့ကြောင့် ပျက်စီးကုန်ကြပါပေါ့လားလို့ တွေးပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရတယ်။ မေတ္တာရေအလျဉ်ဆိုတာ အထက်ကအောက်ကို တသွင်သွင်စီးဆင်းမြဲ ဆိုတဲ့စကားလည်း ခြွင်းချက်ရှိတတ်ပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့တရားများလည်း ပိုက်ဆံအဓိကဆိုတဲ့ ဆုပ်ကပ်ကြီးမှာ လုံးဝပျက်စီးကုန်ကြပါပေါ့လား၊ ကြောက်စရာကောင်းလိုက်တာ။

ကျက်သရေရှိတဲ့ကြော်ငြာ
ကြောက်စရာတွေ၊ ရှက်စရာတွေ၊ လှောင်ပြုံးစရာတွေ၊ တရားသံဝေဂရစရာတွေ အမျိုးမျိုးကြားမှာ တစ်ခါတလေ မုဒိတာပွားစရာ ကျက်သရေရှိတဲ့ ကြော်ငြာမျိုးတွေလည်း တွေ့ရတတ်တယ်။ နှစ်လေးဆယ်မြောက်၊ နှစ်ငါးဆယ်မြောက် မင်္ဂလာအထိမ်းအမှတ် ကြော်ငြာမျိုးတွေ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းလေးငါးခြောက်ဆယ်ကြာအောင် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဒီခေတ်ဒီအခါမှာ တကယ်ကို မင်္ဂလာကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့သတင်း ဖြစ်တယ်။ ကမ္ဘာမှာလည်း ရှားသထက်ရှားလာသလို၊ မြန်မာမှာလည်း ရှားလာနေပါပြီ။

အဆိုးဘက်ကိုပြောင်း
သူများနိုင်ငံတွေမှာ ဖြစ်နေတာတွေကို မပြောချင်ဘူး။ ကိုယ့်နိုင်ငံမှာကို အခုနှစ်တွေအတွင်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ အဆိုးဘက်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ တွေ့မြင်နေရတယ်။ ရိုးမြေကျပေါင်းဖက်တဲ့ အိမ်ထောင်ရေးဆိုတာ ကျေးလက်ဒေသတွေမှာပဲ တွေ့မြင်ရတော့တယ်လို့ ထင်မိတယ်။ မြို့ကြီးပြကြီးတွေမှာတော့ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေကို ကြည့်လိုက်ရင်ပဲ တော်တော်များနေတာကို သိနိုင်တယ်။ မင်္ဂလာဆောင်ပြီး တစ်လလောက်အကြာမှာ ကွာရှင်းလိုက်တဲ့ ကြော်ငြာမျိုးတွေတောင် တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် တွေ့ရတယ်။ မကြော်ငြာဘဲ ထားတာတွေလည်း ရှိဦးမှာပါပဲ။

တော်ရုံဆိုမပြောဘူး
ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အတူ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပါ ပြောင်းလဲလာကြတာ သဘာဝမို့ တော်ရုံတန်ရုံလောက်ဆို မပြောပါဘူး။ ခုဟာကတော့ လွန်ကဲနေတယ် ထင်လို့ပါ။ မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံတွေကို ပစ်ပယ်ရုံတင်မကတော့ဘဲ လုံးလုံးကြီးကို ဆန့်ကျင်တဲ့ဘက်အထိ ပြုမူကျင့်ကြံ နေကြတာတွေကို နေရာတကာမှာ မြင်တွေ့နေရတယ်။ မြန်မာမိန်းကလေးတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေရှိမှုဟာ ကမ္ဘာကျော်ခဲ့တယ်။ ကစ်ပလင်က သူ့ရဲ့ (Road to Mandalay) "မန္တလေးလမ်း" ကဗျာမှာ တသသနဲ့ ဖွဲ့နွဲ့ရေးခဲ့ရတယ်။ အခုခေတ် မြန်မာမိန်းကလေးများကတော့ ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့စကားကို "တလွဲဆံပင်ကောင်း" အသုံးချပြီး ရဲတင်းမှု လွန်လွန်းနေတာကို တွေ့ရတယ်။

ပညာပေးလား၊ လှုံ့ဆော်ရေးလား
မြန်မာ့ယဉ်ကျေးမှုက "ဃရာဝါသ" ကိစ္စမှန်သမျှကို သိသာသိစေ၊ မမြင်စေနဲ့ သဘောနဲ့ သိုသိုသိပ်သိပ် လုပ်ဆောင်လေ့ရှိတယ်။ ဒီလိုကိစ္စမျိုးတွေကို လူကြားထဲမှာ ပြောလေ့ဆိုလေ့မရှိကြဘူး။ အခုခေတ်တော့ ရုပ်မြင်သံကြားလို ကလေးလူကြီးနဲ့ ရဟန်းသံဃာပါမကျန် ကြည့်လေ့ရှိတဲ့ နေရာများကနေပြီး မိန်းကလေးတစ်ကိုယ်ရေသုံး ပစ္စည်းမျိုးစုံကို မိန်းကလေးတွေကိုယ်တိုင် မျက်နှာပြောင်ပြောင်နဲ့ ကြော်ငြာနေကြတာဟာ မထူးဆန်းတဲ့ကိစ္စ ဖြစ်နေပြီ။ ဒါထက်ဆိုးတာက "ကွန်ဒုံး" ကြော်ငြာတွေ။ ကလေးတွေကို စမ်းသပ်ကြည့်ချင်အောင် အားပေးအားမြှောက် ပြုသလိုဖြစ်နေတာကို စဉ်းစားမိကြဟန် မတူဘူး။ ပညာပေးဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့အထိ ရေးသားကြ၊ ကြော်ငြာကြတာတွေဟာ ပညာပေးမကတော့ဘဲ လှုံ့ဆော်ရေး ဖြစ်တဲ့အထိ ရောက်သွားတာတွေကတော့ မသင့်တော်ပါဘူး။

လှတာထက်လွန်ပြီး ရိုင်းပျ
နောက်ပြီး ဖျော်ဖြေရေးလောကထဲက တချို့မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုများကလည်း လှပတာထက်လွန်ကဲပြီး ရိုင်းပျတဲ့အထိ ဖြစ်နေကြတယ်။ အပြောအဆိုတွေ ပွင့်လင်းလိုက်ပုံများကလည်း လက်ဖျားခါလောက်တယ်။ ရည်းစားရှိနေတာကို ဂျာနယ်တွေထဲကတစ်ဆင့် လူသိရှင်ကြား ကြော်ငြာကြတယ်။ တစ်ခါဆိုထားတော့ တစ်ယောက်ပြောင်းတိုင်း တစ်ခါကြော်ငြာတာမျိုးကတော့ မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ်ဘူးလို့ ထင်တယ်။

အိနြေ္ဒနဲ့ သိုသိပ်မှု
မြန်မာတွေက အစဉ်အလာရိုးရာအနေနဲ့ကို "အိနြေ္ဒ" ဆိုတာကို တန်ဖိုးထားကြတယ်။ နေရာတကာ ပွင့်လင်းတာကို လက်မခံဘူး။ အိနြေ္ဒရှိခြင်းနဲ့ သိုသိပ်ခြင်းကို ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်လို့ သဘောထားတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းရင် ရိုးရာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေလည်း ခေတ်နဲ့အညီ လိုက်ပြောင်းကြရမြဲဖြစ်တယ်။ ဒါပေမယ့် လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူတို့ရဲ့ အခြေခံကျောရိုး ယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ တန်ဖိုးထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်လို့ ဖြစ်တယ်။

တလွဲဆံပင်ကောင်းကြတယ်
ပြောရမှာ အားနာပေမယ့် နောင်လာမယ့် ကလေးတွေ အတုယူမမှားစေချင်လို့ ပြောရရင်တော့ ကျွန်တော်တို့ဆီက ဖျော်ဖြေရေးလောကဟာ တလွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်မိတယ်။ အပေါ်ယံပကာသန အဆောင်အယောင်တွေ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားကြသလောက် အနုပညာပိုင်းက အဆင့်မီအောင် ကြိုးစားအားထုတ်မှုတော့ ပေါ့တီးပေါ့ဆနဲ့ လျော့တိလျော့ရဲ ဖြစ်နေတယ်လို့ ထင်တယ်။ ၀တ်စားဆင်ယင်မှုတွေမှာ ဟောလိဝုဒ်နဲ့ နင်လားငါလား လိုက်သလို၊ ဆေးဝါးတလွဲသုံးတာ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဖြစ်တာတွေလည်း ဟောလိဝုဒ်ကို အမီလိုက်နေသလိုပါပဲ။

အားနာနာနဲ့ပြောရတာ
ဖျော်ဖြေရေးလောကဆိုတာက ထင်သာမြင်သာအရှိဆုံး ဖြစ်လေတော့ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသူကျောင်းသားငယ်တွေနဲ့ အရပ်ထဲက မရင့်ကျက်သေးတဲ့ ကလေးအရွယ်တွေ အတုမြင်အတတ်သင်လုပ်ပြီး လျှပ်ပေါ်လော်လီတဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်တဲ့အတွက် အားနာနာနဲ့ ပြောရတာပါ။ မိဘရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့ ကင်းလွတ်ကြရတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးက ကလေးတွေရဲ့ စရိုက်တွေ တော်တော်ရိုင်းပျလာပြီး "အိနြေ္ဒ" နဲ့ "သိက္ခာ" ဆိုတာ ဘာမှန်းတောင် မသိရှာကြတော့ဘူးလို့ပြောရင်တောင် ရတဲ့အခြေအနေ ဖြစ်နေပါပြီ။ အဲဒါကြောင့် မကြာခဏ သတိပေးရေးသား နေရတာပါ။

ကောင်းလေစွ၊ ကောင်းလေစွ
ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ တစ်စတစ်စနဲ့ ယုတ်လျော့ကျဆင်းလာနေချိန်မှာ သတင်းစာထဲက မင်္ဂလာသက်တမ်း နှစ်ငါးဆယ်မြောက်၊ ခြောက်ဆယ်မြောက် ဆိုတဲ့ကြော်ငြာမျိုးတွေ ဖတ်ရတာ ကျက်သရေမင်္ဂလာ ရှိလှပါတယ်။ ရာသက်ပန်ရိုးမြေကျ အိုအောင်မင်းအောင် အပြန်အလှန်မေတ္တာထား စောင့်ရှောက်ကြဆိုတာ လူသားများရဲ့ အခြေခံယဉ်ကျေးမှု ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးများက ဒီနေ့အထိ တန်ဖိုးထား စောင့်ရှောက်ကြဆဲ ဖြစ်ပါတယ်။ ဒီလိုကြော်ငြာတွေ ဖတ်လိုက်ရတဲ့အခါ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဒီလိုလေးစားဖွယ်ကောင်းလှတဲ့ အိမ်ထောင်တွေလည်း ရှိပါသေးလားဆိုပြီး မုဒိတာပွား ကြည်နူးရပါတယ်။ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ကောင်းချီးသြဘာ ပေးလိုက်ရပါတယ်။

[Weekly ELEVEN News, အတွဲ-၅၊ အမှတ်-၄၁၊ ဇူလိုင် ၂၁၊ ၂၀၁၀၊ စာမျက်နှာ-၂၂၊ ၂၈]