Saturday, July 10, 2010

ရွက်ကြမ်းရေကျို ကမ္ဘာကြီး

ခုတလော ဘောလုံးပွဲတွေ မလွတ်တမ်းကြည့်ဖြစ်နေတာကြောင့် တစ်နေ့နှစ်ပုဒ် ရေးနေကျစာတွေ မရေးနိုင်ဘူး။ စာဖတ်ပရိသတ်အပေါ် ပျက်ကွက်မှု ဖြစ်ရတာ စိတ်မကောင်းဘူး။ စာဖတ်ပရိသတ်အများစုကလည်း ဘောလုံးပွဲတွေ ကြည့်နေကြမှာမို့ ဂျာနယ်တွေအပေါ် သိပ်အာရုံရောက်မှာ မဟုတ်ပါဘူးလို့ ကိုယ့်ဟာကိုယ် ဖြေတွေးတွေးရတယ်။
 
ပျင်းစရာကောင်းတယ်
        လေးနှစ်မှတစ်ကြိမ် ကြည့်ရတဲ့ ကမ္ဘာ့ဖလားပွဲတွေမို့သာ ကြည့်ရတာ တယ်အားရလှတယ်တော့ မဟုတ်ဘူး။ ကြည့်ပြီးသမျှ တစ်ပွဲမှ ရာနှုန်းပြည့် ကျေနပ်အားရသွားတာ မရှိဘူး။ အုပ်စုအဆင့်ပွဲတွေ ပျင်းစရာကောင်းသလို ရှုံးထွက်အဆင့်ပွဲတွေလည်း တစ်ပွဲမှ ရင်ခုန်စရာမရှိဘူး။ နာမည်ကြီး အီတလီ၊ ပြင်သစ်၊ အင်္ဂလန်ဆိုတဲ့ အသင်းကြီးတွေများ ကမ္ဘာ့ဖလား အဆင့်လို့ ပြောရလောက်တဲ့ အရည်အချင်းမျိုး နည်းနည်းလေးတောင် မတွေ့ခဲ့ရဘူး။ အာရှက တောင်ကိုရီးယားနဲ့ ဂျပန်၊ အာဖရိက က အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတွေလောက်တောင် ခြေစွမ်းထုတ်မပြနိုင်ခဲ့ကြဘူး။
 
အိုဗားမားကို သတိရ
         အနိုင်ရနေကြတဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ စပိန်ဆိုတဲ့ အသင်းတွေကလည်း 'အနူတောမို့ လူချော' ဖြစ်နေကြတာ။ ရော်နယ်လ်ဒို၊ ရီဗယ်ဒို၊ ရောဘတ်တိုကားလို့စ်၊ ကာဖူးတို့ခေတ်က အသင်းတွေလို ရင်သပ်ရှုမောလို့ ဆိုရလောက်တဲ့ ခြေစွမ်း မျိုးတွေ ရှိကြတာ မဟုတ်ပါဘူး။ ဒီနှစ် ခြေစွာတယ်ဆိုတဲ့ ဟော်လန်အသင်းကလည်း ဘားကမ့်တို့၊ အိုဗားမားတို့လို အာဆင်နယ်ကစားသမားတွေခေတ် ခြေစွမ်းကို မမီကြသေးပါဘူး။ ကိုယ်ခန္ဓာ လုံးလုံးကျစ်ကျစ်နဲ့ ဘယ်တောင်ပံကနေ ပြေးအား ကောင်းကောင်းနဲ့ နောက်ခံလူ နှစ်ယောက်၊ သုံးယောက်ကြားက လိမ်ကောက်ဖြတ်ထွက်တတ်တဲ့ အိုဗားမားရဲ့ ကစားဟန်တွေကို ဒီနေ့ထိ မျက်စိထဲမှာ မြင်ယောင်နေမိပါသေးတယ်။
 
ဖီဖာဥက္ကဋ္ဌရဲ့စကား
        ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ကမ္ဘာ့ဖလားပွဲလို့ ပြောလိုက်တာက ဘောလုံးအဆင့်အတန်းကို ပြောတာလို့ မထင်ဘူး။ ငွေကြေးအမြတ်အစွန်းနဲ့ ကျော်ကြားမှုကို ပြောလိုက်တာလို့ပဲ ထင်တယ်။ နှစ်ပေါင်းခြောက်ဆယ်လောက် ဘောလုံးပွဲတွေကို စွဲစွဲလမ်းလမ်းကြည့်လာတဲ့ ၀ါသနာအိုးတစ်ယောက် အမြင်မှာတော့ ဘာမှကို စွဲမက်လောက်စရာ မရှိပါဘူး။ ပါရမီရှင်လို့ ခေါ်နိုင်လောက်တဲ့ လူငယ်လေးတွေလည်း ပေါ်ထွက်လာဖို့ မမြင်ပါဘူး။ ဘာကြောင့် ခုလို ယတိပြတ် ပြောလိုက်တာလဲဆိုတော့ ကွာတားဖိုင်နယ်အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ အသစ်တိုင်းလိုလိုမှာက မြင်နေကျ၊ တွေ့နေကျ လူဟောင်းတွေချည်း ဖြစ်နေလို့ပါပဲ။
 
ဘက်စုံကျဆင်း
        ဘောလုံးပွဲတွေကြည့်ပြီး အားမလို အားမရဖြစ်ပေမယ့် အပြစ်တော့ မတင်ပါဘူး။ အရည်အသွေး အဆင့်အတန်းတွေ ယုတ်လျော့ကျဆင်းလာတာက ဒီတစ်ခုမှ မဟုတ်တာ။ ကမ္ဘာနဲ့ချီပြီးတော့ကို ဘက်ပေါင်းစုံ ကျဆင်းသွားတာ မဟုတ်လား။ လက်ဝှေ့လောကဘက် ကြည့်ပါဦး။ ဖလွိုက်ပတ်တာဆင်လို၊ ရော့ကီးမာစီယာနိုလို၊ ကက်စီးယပ်ကလေးလို ပညာရှင်တွေ ဘယ်မှာ ပေါ်ထွန်းလာတော့လို့လဲ။ နောက်ပေါ်လာတာတွေက ဆန်နီလစ္စတန်လို၊ မိုက်တိုင်ဆန်လို နွားသတ်သမားမျိုးတွေချည်း မဟုတ်လား။ ရုပ်ရှင်တို့၊ ဘာတို့ ကြည့်လိုက်တော့လည်း အနုပညာစွမ်းပြ ကားမျိုးတွေ တစ်နှစ်လုံးနေလို့ ၁၀ ကား ကြည့်ရဖို့တောင် မလွယ်တော့ဘူး။ အီးတီလို၊ ဂျူရာစစ်ပတ်ခ်လို၊ စတားဝါးလို ကားမျိုးတွေနဲ့ မိုးပျံလူသား၊ လင်းနို့လူသား၊ ပင့်ကူလူသားစတဲ့ အတတ်ပညာစွမ်းပြ ကလေးကြိုက် ကားမျိုးတွေချည်း တွေ့နေရတယ်။ အာကာသသိပ္ပံပညာ အခြေခံ ရိုက်ပြတယ်ဆိုတဲ့ ကားမျိုးတွေမှာတောင် လူသားတွေထက်တောင် အတတ်ပညာ အဆင့်မြင့်လှပါတယ်ဆိုတဲ့ ဂြိုဟ်သားတွေက ဘာကောင်မှန်း ညာကောင်းမှန်း မသိရတဲ့ အကောင်ဗလောင်တွေချည်းပါပဲ။
 
ရှေးက ခေါင်းဆောင်တွေကိုလွမ်း
        နေ့စဉ် မီဒီယာတွေမှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကြည့်လိုက်ပါဦး။ ချာချီတို့၊ ဒီဂေါတို့၊ ရုစဗဲ့တို့၊ စတာလင်တို့ ဆိုတာထား။ သူတို့ရဲ့ ထက်ဝက်လောက်သာ အရည်အချင်းရှိကြတဲ့ ခရုရှော့၊ ကနေဒီတို့ခေတ်က ခေါင်းဆောင်မျိုးတောင် ဘယ်နိုင်ငံမှာ ရှိလို့လဲ။ အာရှတိုက်မှာလည်း နေရူး၊ ချိုအင်လိုင်း၊ ဆူကာနို၊ သီဟာနု၊ အလီဘူတို စတဲ့ ခေါင်းဆောင်ကြီးတွေမျိုး ပေါ်ထွက်မလာကြတော့ဘူး။ အာဖရိကတိုက်မှာလည်း အီဂျစ်က နာဆာ၊ ဂီနီက ဆီကိုတိုရေး၊ ဂါနာက ဇွာမေ၊ မနာကရူး မား၊ တန်ဇန်နီးယားက ဂျူးလိယက် ညီရေးရေး၊ ဇမ်ဘီယာက ကဲနက်ကအွန်းဒါး၊ ကင်ညာက ဂျိုမိုကင်ညတ်တာ၊ အယ်လ်ဂျီးယားက အာမက်ဘင်ဘဲလား၊ မာလီက မိုဒီဘိုကေးတား စတဲ့ ခေါင်းဆောင်တွေလို အနောက်နိုင်ငံတွေကတောင် လေးစားရတဲ့ ခေါင်းဆောင်မျိုးတွေ မတွေ့ရတော့ဘူး။
 
ပစ္စန္တရစ်အရပ်
        ကမ္ဘာကြီးတစ်ခုလုံး နယ်စုံဘက်စုံမှာ တော်ရုံသင့်ရုံ ရွက်ကြမ်းရေကျိုအဆင့် (Mediocre) တွေချည်း မြင်တွေ့နေရတယ်။ ပညာခေတ်၊ ပညာခေတ်နဲ့ အော်နေကြတာကလည်း နည်းပညာတွေသာ ထွန်းကားတိုးတက်လာတာ ဖြစ်ပြီး အသိဉာဏ် ပညာပိုင်းမှာတော့ ထင်သလောက် တိုးတက်မလာပါဘူး။ စိတ်ယဉ်ကျေးမှုပိုင်းကို ကြည့်လိုက်ရင်တော့ စိတ်ပျက်စရာတွေချည်း လိုလိုပါပဲ။ လူတွေဟာ ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင်ကို ရိုင်းစိုင်းမှုလွန်ကဲပြီး ရက်စက်ကြမ်းကြုတ်မှုတွေကလည်း ကမ်းကုန်အောင်ကို ဖြစ်နေပါတော့တယ်။ ကမ္ဘာကြီးတစ်ခုလုံးဟာ နေချင့်စဖွယ် လုံးဝမကောင်းတော့တဲ့ ပစ္စန္တရစ်အရပ် ဖြစ်နေပြီလို့ပြောရင် လွန်လိမ့်မယ်မထင်ဘူး။
 
အာနိုးရဲ့ ရုပ်ရှင်လို
        ဒီလို ဘက်စုံအရည်အသွေးတွေ ယုတ်လျော့ကျဆင်းပြီး ပစ္စန္တရစ်အရပ်ကြီး ဖြစ်နေတာကို ကျွန်တော်တို့တတွေ တားဆီးခြင်း မပြုနိုင်ဘူးဆိုရင် နောင်လာနောက်သား ကျွန်တော်တို့ သားမြေးများလက်ထက်မှာ အာနိုးရဲ့ Terminator ရုပ်ရှင်ကားတွဲတွေ ထဲကလို မြို့ကြီးပြကြီးတိုင်းမှာ လူဆိုးလူမိုက်ဂိုဏ်းတွေ ကြီးစိုးပြီး လူတွေမျိုးပြုတ်အောင် သတ်ဖြတ်မှုတွေ လွှမ်းမိုးလာဖွယ်ရာ ရှိတယ်။
 
တာဝန်ကျေဖို့လို
        အဲဒါကြောင့် ရတောင့်ရခဲ လူ့အဖြစ်ကို ရလာခိုက်လေးမှာ လူပီပီသသ၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ လျစ်လျူရှုထားခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သားမြေးတွေ မရှုမလှ ခံကြရမှာ ဖြစ်တယ်။ ကိုယ့်ရင်သွေး သားသမီးလေးတွေကို တကယ်ချစ်မြတ်နိုးကြတယ်ဆိုရင် ကျွန်တော်တို့အားလုံး တာဝန်ကျေကြရပါလိမ့်မယ်။
လူထုစိန်ဝင်း
@Eleven Media Group