Wednesday, July 7, 2010

မွေခံထိုက်စေ လှူမျှဝေ၍

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အမွေကို မြန်မာအဘိဓာန်က "(၁)မိဘဘိုးဘွားစသည်ထံမှ လက်ခံရရှိသာ ပစ္စည်းဥစ္စာ၊ (၂) (ဥပစာ) ဆက်ခံရရှိသော ပညာ၊ ရောဂါ"စသည် ဟု ဖွင့်သည်။
အမွေကို ပါဠိဝေါဟာရဖြင့် ဒါယာဒ၊ ဒါယဇ္ဇဟူ၍ခေါ်သည်၊ ပဒတ္ထမဉ္ဇူသာအဘိဓာန်က ဒါယာဒကို "ပေးသည်ကိုယူသည်၊အမွေ"ဟု ဖွင့်သည်။ ဒါယဇ္ဇကို "အမွေ၊ အမွေ ဥစ္စာ၊ အမွေခံ"ဟု ဖွင့်သည်။ ဒါယာဒကို တိပိဋက ပါဠိမြန်မာအဘိဓာန်က (၁)အမွေဥစ္စာ၊ (၂)ဆွေမျိုး၊ (၃)ပေးအပ်သော အမွေဥစ္စာကို ခံယူတတ်သော သူ၊ အမွေခံ၊ အမွေစား၊ အမွေဆိုင်၊ အတွင်းသား၊ (၄)မကောင်းမှု၏အကျိုး (မကောင်းမွေ၊ဆိုးမွေ)ကို စံစားတတ်သော၊သူ"ဟုဖွင့်သည်။ဒါယဇ္ဇကို "(၁) ပေးအပ်သော ဆုလာဘ်၊(၂)အမွေခံ၏-အဖြစ်-ဖြစ်ကြောင်းဖြစ်ရာ-အမွေ ဥစ္စာ၊အမွေခံဟုသိကြောင်း အမှတ်လက္ခဏာ၊(က)မိဘတို့ထံမှရအပ်သော အမွေဥစ္စာ။(ခ)ဘုရားရှင်ထံမှရအပ်သော အမွေဥစ္စာ''ဟု ဖွင့်သည်။
အမွေကို တချို့က အမွှေဟုခေါ် ကြသည်။ ညီအစ်ကိုမောင်နှမချင်း သွေးကွဲအောင်၊ စိတ်ဝမ်းကွဲအောင် မွှေနှောက်တတ်သောကြောင့် အမွှေဟု ခေါ်ခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းအချင်းချင်း မခေါ်နိုင်မပြောနိုင်အဖြစ်မျိုးရောက် အောင် အမွေက မွှေတတ်သည်။
တောင်ဥက္ကလာဘက်က သိသူကလေးမတစ်ယောက် အသက်သုံးဆယ်စွန်းစွန်း တစ်ကိုယ်တည်းသမား၊ မိဘတွေမဆုံးခင်က အကြီးတွေကိုလည်း ထိုက်သင့်သလို အမွေခွဲခြမ်းပေးပြီးပြီ။ မိဘတွေဆုံးတော့ အငယ်ဆုံးသမီး တစ်ကိုယ်တည်းသမားကို အတွင်းပစ္စည်းနှင့်အိမ် ပေးခဲ့သည်။ အစ်မအကြီးဆုံးလုပ်သူကလည်း သူ့အိမ်ထောင်နှင့်သူ၊ သူ့အလုပ်နှင့်သူ၊ ပြည့်ပြည့်စုံစုံတောင့်တောင့်တင်းတင်းရှိပါသည်။ သို့ဖြစ်ပါလျက် အငယ်ဆုံးညီမဆီက ထပ်မံဝေစုရရေးအတွက် မောင်တွေကို စည်းရုံးပြီး ညီမအငယ်ဆုံး တစ်ကိုယ်တော်သမားလေးကို ဖိအားပေးလျက်ရှိသည်။ အငယ်ဆုံးညီမမှာ မျက်ရည်နှင့် မျက်ခွက်၊ နောက်ဆုံးမတတ်သာလို့ အခြားရပ်ကွက် ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ပြုလိုက်ရသည်။ အကြီးတွေလိုချင်တာကိုလည်း ထုခွဲ ပေးဖို့လုပ်နေသည်။
အကြီးတွေဖြစ်လျက် အတော်အသင့် ပြည့်ပြည့်စုံစုံရှိပါလျက် ကိုယ့်ညီမအငယ်ဆုံးလေးကို နည်းနည်းမှမညှာတာ၊ လောဘ...လောဘ.... အတော်ကြောက်ဖို့ ကောင်းသည်၊ အမွေကို အမွှေဟုခေါ်ကြသည်မှာ ဟုတ်ပုံရသည်။

ပစ္စယ၊ ဓမ္မ နှစ်ဝအမွေ
ဒေသနာတော်အလိုအရ တရားဓမ္မအမွေနှင့် ပစ္စည်းအာမိသအမွေဟု အမွေနှစ်မျိုးရှိသည်။ ဓမ္မအမွေသည် တိုက်ရိုက်ဓမ္မအမွေ၊ သွယ်ဝိုက်ဓမ္မအမွေဟု နှစ်မျိုးရှိသည်။ အာမိသပစ္စည်းအမွေလည်း ထို့အတူပင်၊သွယ်ဝိုက်နှင့် တိုက်ရိုက်နှစ်မျိုးရှိသည်။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် တိုက်ရိုက်ဓမ္မအမွေဖြစ်သည်။ ၀ဋ်ဒုက္ခကင်းရာကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါနသီလသမထ ၀ိပဿနာကုသိုလ်စုသည် အစဉ်သဖြင့် နိဗ္ဗာန်တိုင်အောင် ဆောင်နိုင်သော ကြောင့် သွယ်ဝိုက်ဓမ္မအမွေဖြစ်သည်။ ရဟန်းတို့အတွက် ဆွမ်းစသော ပစ္စည်းလေးပါးသည် တိုက်ရိုက်အာမိသအမွေဖြစ်သည်၊သံသရာဝဋ်၊ဘ၀စည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုလုပ်အပ်သော ဒါနသီလသမထ၀ိပဿနာ ကုသိုလ်အစုစုသည် အစဉ်သဖြင့် လူနတ်စည်းစိမ်ကို ရရှိနိုင်သောကြောင့် သွယ်ဝိုက်အာမိသအမွေဖြစ်သည်။
ဓမ္မအမွေခံယူစေ
ဓမ္မဒါယာဒသုတ်၌ ဘုရားရှင်က ''ရဟန်းတို့...သင်တို့သည် တရားဓမ္မ အမွေခံတို့သာဖြစ်ကြကုန်လော့။ ပစ္စည်းအာမိသအမွေခံတို့ မဖြစ်ကြကုန်လင့်''ဟု မိန့်ခဲ့သည်။ ဘုရားရှင်က သူ၏တပည့်သားသာဝက အားလုံးဓမ္မအမွေကိုပဲ ခံယူစေချင်သည်။ ဘုရားကိုယ်တော်တိုင်လည်း ဓမ္မအမွေပဲ ပေးခဲ့ချင်သည်။
ဘုရားရှင်ပြည်တော်ဝင်ပြီး ခုနစ်ရက်မြောက်နေ့တွင် ယသော်ဓရာက သားတော်ရာဟုလာကို အမွေတောင်းခိုင်းသည်။ ''ချစ်သားရာဟုလာ..... ရွှေအဆင်းလိုဝါ၀င်းတဲ့ အဆင်းရှိတဲ့ ဗြဟ္မာမင်းလို ခန့်ငြားတင့်တယ်တဲ့ အ ဆင်းရှိတဲ့ ဟိုရဟန်းကိုကြည့်လိုက် အဲဒီရဟန်းဟာ သင့်ဖခမည်းတော်ပဲ၊သူ့မှာ ကြီးမားလှတဲ့ ရွှေအိုးကြီးလေးလုံး ရှိခဲ့ဖူးတယ်။ငါ့သားသွားချေ အဲဒီရွှေအိုးကြီးလေးလုံးကို အမွေတောင်းခဲ့ချေ''ဟု မှာကြားကာ လွှတ်လိုက်သည်။
ရာဟုလာမင်းသားလေးသည် ဘုရားရှင်လက်ကိုဆွဲပြီး ''ဖခမည်းတော်ရဟန်းမြတ်...သားတော်အားအမွေပေးပါ။ ဖခမည်းတော်ရဟန်းမြတ် ....သားတော်အားအမွေပေးပါ''ဟု တတွတ်တွတ်ပြောရင်း ဘုရားနောက်က ပါသွားလေသည်။ ထိုအခါ ဘုရားရှင်က ''သားတော်သည် ဥစ္စာကိုအလိုရှိနေ၏။ ထိုဥစ္စာသည် ၀ဋ်ဆင်းရဲသို့ အစဉ်လိုက်နေသဖြင့် ပင်ပန်းဆင်းရဲခြင်းနှင့်တကွဖြစ်သည်။ ယခု ငါသည် ဗောဓိရင်ပြင်၌ ရအပ်သော အရိယာဥစ္စာခုနစ်ပါးကို ပေးမည်။ သားတော်ကို လောကုတ္တရာ ဓမ္မအမွေကိုပေးမည်''ဟု စဉ်းစားလေသည်။
ထို့နောက် ဘုရားရှင်က အရှင်သာရိပုတ္တရာကိုခေါ်ပြီး ''သာရိပုတ္တရာ ....ရာဟုလာကို ရှင်ပြုပေးလိုက်ပါ''ဟု မိန့်၍ သားတော်ရာဟုလာကို လောကုတ္တရာအမွေကို ပေးလိုက်လေသည်။
လူမှာ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းက အမွေခံယူသော အပိုင်းဖြစ်သည်။ဒုတိယအပိုင်းက အမွေပေးရသော အပိုင်းဖြစ်သည်။ မွေခံထိုက်စေဟူသည့်အတိုင်း ပထမအပိုင်းက အမွေခံယူထိုက်သော အပိုင်းဖြစ်သည်။ ဒုတိယပိုင်းက မိမိတို့သားသမီး မြေးမြစ်တပည့် သာဝကမျိုးဆက်တွေကို အမွေပေးရမည့် အပိုင်းဖြစ်သည်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျဝေ၍ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ(သမီးတို့တာ)ဟူ၍ မိဘတို့၏ မျော်လင့်ချက်ငါးပါး သို့မဟုတ် သားသမီးဝတ္တရားငါးပါးရှိသည်။ ထိုငါးပါးတွင် မွေခံထိုက်စေလှူမျဝေ၍ကား အားလုံးနှင့်ဆိုင်သည်။
သားသမီးတို့သည် မိဘတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ လူငယ်တို့သည် လူကြီးတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ တပည့်တို့သည် ဆရာသမားတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ ခံယူပြီးသည့်နောက်ပိုင်း မိမိက မိဘနေရာ ရောက်သောအခါ သားသမီးတို့ကို အမွေပြန်ပေးရမည်၊ မိမိတို့လူကြီး နေရာရောက်သောအခါ လူငယ်တို့ကို အမွေပြန်ပေးရမည်၊ ဆရာသမားနေရာရောက်သောအခါ တပည့်တို့ကို အမွေပြန်ပေးရမည်။
အမွေက အာမိသ-ပစ္စည်းဥစ္စာ အမွေနှင့် ဓမ္မ-တရားအမွေ နှစ်မျိုးရှိသည်။ တစ်နည်း လောကီအမွေနှင့် လောကုတ္တရာအမွေဟု နှစ်မျိုးရှိသည်။ အမွေနှစ်မျိုးလုံးက လိုအပ်တာချည်းမို့ နှစ်မျိုးလုံးပေးနိုင်ရမည်။ စားမှုသောက်မှု အဆင်ပြေအောင်၊ ၀တ်မှု အဆင်ပြေအောင်၊ နေမှုထိုင်မှု အဆင်ပြေအောင်၊ အလုပ်အကိုင် အဆင်ပြေအောင်၊ စီးပွားရေး အဆင်ပြေအောင်၊ ကျန်းမာရေး အဆင်ပြေအောင်၊ သွားရေးလာရေး အဆင်ပြေအောင်၊ လူမှုကိစ္စအားလုံး အဆင်ပြေအောင် ဆောင် ရွက်ပေးထားခဲ့ကြရမည်၊ ဤကား အာမိသအမွေဖြစ်သည်။
ဘုရားကတော့ သူ့တပည့်သာဝကတွေကို ဓမ္မအမွေကိုသာ ခံယူကြဖို့ တိုက်တွန်းသည်။ သားတော်ရာဟုလာကအစ အားလုံးကို ဓမ္မအမွေပဲ ပေးခဲ့သည်။ ဓမ္မဟူသည် မှန်ကန်ခြင်းဖြစ်သည်။ ဓမ္မဟူသည် မွန်မြတ်ခြင်းဖြစ်သည် ဓမ္မဟူသည် မျှတခြင်းဖြစ် သည်။ မိမိတို့ကိုယ်တိုင် မှန်ကန်မှုကို ကျင့်သုံး၍ မွန်မြတ်မှုကို ကျင့်သုံး၍ မျှတမှုကိုကျင့်သုံး၍ အမွေခံတို့အားလည်း မှန်ကန်မှု၊ မွန်မြတ်မှု၊ မျှတမှုတို့ကို ပေးခဲ့ကြရမည်။
လှူရမည်
မိမိတို့သည် အမွေရ၍ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေရ၍ဖြစ်စေ၊ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို သုံးသင့်တာကိုသုံး၊ စားသင့်တာကိုစား၊ လှူသင့်တာကိုလှူရမည်။ ပစ္စည်းဥစ္စာတို့သည် ရန်သူမျိုးငါးပါးလုံးနှင့်သက်ဆိုင်နေသည့် အတွက်ကြောင့် အနှစ် သာရမဟုတ်၊ ထိုပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမည်ဆိုလျှင် ဒါနသာရှိသည်ဟု သူတော်ကောင်းများမိန့်ကြသည်။ ယခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှုတွေ တော်တော်များသည်၊ ဆုံးရှုံးမှုတွေလည်းများသည်။
"ပစ္စည်းနှင့်လူ ဤနှစ်ဆူ၊ စွန့်သူ၊ စွန့်ခံ၊ အပြန်အလှန်၊ သူကနိုင်မလား၊ ကိုယ်နိုင်မလား၊ စဉ်းစားဝေဖန်၊ ခွဲခြားရန်"ဟုဆိုသည်။ လူက ပစ္စည်းကိုစွန့်လျှင်စွန့်၊ လူက ပစ္စည်းကိုမစွန့်နိုင်လျှင် ပစ္စည်းက လူကိုစွန့်သွားတတ်သည်။ ကိုယ်ကသူ့ကိုမစွန့်လျှင် သူကကိုယ့်ကိုစွန့်သွားမှာ သေချာသည်။ကိုယ်က လက်ဦးမှုရယူဖို့လိုသည်။တစ်စတစ်စ နည်းနည်းချင်းစွန့်ရမည်။ နည်းနည်းချင်း စွန့်ရာကနေ များများစွန့်ရဲသော အကျင့်ရလာလိမ့်မည်။ နိဗ္ဗာန်ဟူသည် စာဂ-စွန့်ခြင်းဖြစ်သည်။ နည်းနည်း စွန့် နည်းနည်းနိဗ္ဗာန်၊ များများစွန့် များများနိဗ္ဗာန်၊ အားလုံးစွန့်လျှင်တကယ့် နိဗ္ဗာန်အစစ်ရောက်တော့သည်။
မျှရ၊ ဝေရမည်
လောကသားသည် လောဘသားကများသည်။လောဘကလည်း ၀ိသမလောဘတွေကများသည်။ လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှ ပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုက နေလာသည်။
ထို့ကြောင့် လူနှင့်လူ့ဝန်းကျင် ငြိမ်းချမ်းစေဖို့ မျှ၍တွေးရမည်။ မျှ၍ ပြောရမည်။ မျ၍ လုပ်ရမည်။ မျှမျှတတ တွေးရမည်။ မျှမျှတတပြောရမည်။ မျှမျှတတလုပ်ရမည်။ မျှ၍ဝေ၍ ဒုက္ခနှင့်သုခမျှဝေ၍ မျှမျှတတ ခံစားကြမည်ဆိုပါလျှင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းရှိပါလိမ့်မည်။
@weekly-eleven