Monday, July 5, 2010

ယဉ်ကျေးချင်ရင် သမိုင်းသင်

ရေးသူ- လူထုစိန်ဝင်း
ဒီခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရံှု့တတ်ကြတယ်။ အဟောင်းအမြင်းတွေ ပြန်လှန်နေလို့ ဘာအကျိုး ရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြဘူး။ စိတ်ကူးယဉ်နေလို့၊ အိပ်မက်တွေ မက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာကိုပဲ လုပ်လို့ ဆိုကြတယ်။

ရှေးလူကြီးတွေ အိပ်မက်မက်လို့
အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာပဲလုပ်လို့ ဆိုတာကို သူတို့က လက်တွေ့ကျတယ်လို့ ပြောကြတယ်။ သူတို့ 'အာတွေ့' နေတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ပရတ်မားတစ် (pragmatic) ဖြစ်တယ်ပေါ့လေ။ သူတို့ဟာ သူတို့တော့ ဟုတ်တယ်ထင်နေတာပေါ့။ ဒါပေမယ့် အဲဒီ 'ပရတ်မားတစ်' ဖြစ်တယ်၊ လက်တွေ့ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း လက်ခံလိုက်တယ်ဆိုတဲ့ သဘောမှ မဟုတ်တာ။ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ရှုမြင်၊ အဖြေကို အမှန်အတိုင်းသိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုလုပ်လို့ ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိအတိုင်း ကျေနပ်နှစ်သိမ့်နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ် ရှိလာမှာလဲ။ ကျောက်ခေတ်အခြေအနေအတိုင်း ဂူအောင်းပြီး သားစိမ်း၊ ငါးစိမ်းပဲ စားနေရတော့ မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ကြလို့သာ လူသားတွေ ဒီအခြေအနေ၊ အဆင့်အတန်း ကို ရောက်ရှိနေကြတာ မဟုတ်ဘူးလား။

သမိုင်းဟာ ဒဿနပဲ
'သမိုင်းဆိုတာ ဖြစ်စဉ်နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဗေဒ ဖြစ်တယ်'
ရှေးခေတ် ဂရိသမိုင်းပညာရှင်ကြီး Thucydides ပြောခဲ့တဲ့အတိုင် သမိုင်းကို လေ့လာခြင်းဟာ တွေးခေါ် ဆင်ခြင်ခြင်းပညာရပ်ကို လေ့လာခြင်း ဖြစ်ပါတယ်။ လူမှန်ရင် ကိုယ်ပိုင် အတွေးအခေါ်၊ ဒဿနတခု ရှိရပါမယ်။ ဒဿနဆိုတာ သမိုင်းကို လေ့လာမှု မပြုဘဲ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာကို တန်ဖိုးထားသူတိုင်း သမိုင်းကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ အတိတ်ကို ပစ်ပယ်ခြင်းဟာ အသိဥာဏ်တံခါးကို ပိတ်ပစ်လိုက်ခြင်းပဲ ဖြစ်တယ်။
'သမိုင်းဆိုတာ တိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်'
လူတချို၊ အထူးသဖြင့် အမေရိကန်တချို့က အဲဒီလို ပြောလေ့ရှိပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်း ထောင်ချီရှိခဲ့တဲ့ ဥရောပကို နောက်မှပေါ်လာတဲ့ ရွှေကြာပင် အမေရိကန်က အပြတ်အသတ် ကျော်ဖြတ်ပြီး စူပါ ပါဝါ နိုင်ငံကြီး ဖြစ်သွားတာကို ထောက်ပြကြပါတယ်။ ဥရောပက သမိုင်းကို သိပ်ဖက်တွယ်ထားလို့ နောက်ကျ ရတာ လို့လည်း ပြောကြတယ်။

အောက်ဆုံးတန်းမှာ တနေရာ
စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာတို့မှာ အမေရိကန်က ကမ္ဘာပေါ်မှာ 'နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်' ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် 'စိတ်ယဉ်ကျေးမှုအရာ' မှာတော့ ဥရောပနဲ့ပဲ ယှဉ်ယှဉ်၊ အာရှနဲ့ပဲ ယှဉ်ယှဉ် အောက်ဆုံးတန်းတနေရာမှာ ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မူးယစ်ဆေးဝါးပြဿနာ၊ ဒုစရိုက်လုပ်ငန်းကြီးတွေ ပြဿနာ၊ ရာဇ၀တ်မှုခင်းကြီးများ ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာ၊ လင်မယားကွာရှင်းမှုနှုန်း မြင့်သထက်မြင့်နေတဲ့ ပြဿနာ၊ လမ်းပေါ်မှာ သေနတ်ကိုင် ရမ်းကားမှုပြဿနာ စတဲ့ စတဲ့ လူမှုရေး ကူးစက်ရောဂါ ဆိုးကြီး မှန်သမျှ အမေရိကန်က စခဲ့တာချည်းလို့ ပြောရင် မမှားပါဘူး။ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ အမေရိကန်လောက် မဆိုးသေးပါဘူး။ အီရတ်တို့၊ အာဖဂန်နစ္စတန်တို့မှာ စစ်ပွဲကြီးတွေသာ ဖြစ်နေတာ လူသားတွေရဲ့ အကျင့်စရိုက် ပျက်စီးမှုမှာတော့ အမေရိကန်လို ကြီးကြီးမားမား မရှိပါဘူး။ အဲဒါကြောင့် သမိုင်းမရှိရင် ယဉ်ကျေးမှုမရှိဘူးလို့တောင် ပြောလိုက်ချင်ပါတယ်။

ဝတ္ထုဟာ သမိုင်းမဟုတ်
သမိုင်းဟာ သိပ်ကို အရေးကြီးပါတယ်။ ပစ်ပယ်လို့ လုံးဝ မဖြစ်ပါဘူး။ လူတွေ ယဉ်ကျေးမှုဖို့ သမိုင်းကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါပေမယ့် စနစ်တကျ လေ့လာတတ်ဖို့တော့ လိုပါတယ်။ တချို့က သမိုင်းနောက်ခံ ၀တ္ထုတွေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို သမိုင်းလို့ ထင်မှတ်နေတတ်ပါတယ်။ ဒါတွေဟာ သမိုင်း လုံးဝ မဟုတ်ပါဘူး။ သမိုင်းနောက်ခံဝတ္ထုဟာ ၀တ္ထုသာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ အတ္တနောမတိနဲ့ ရေးဖွဲ့ထားတာ ဖြစ်လို့ အဖြစ်အပျက်တွေမှာ ပုံကြီးချဲ့တာ၊ မှေးမှိန်ဖျောက်ဖျက်ပစ်တာတွေ (အနုပညာသဘောလိုအပ်ချက်အရ) ပြုလုပ်ရပါတယ်။ ဒါကြောင့် အဖြစ်မှန်တွေလို့ မယူဆသင့်ပါဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးမှတ်တမ်း ဆိုတာတွေဟာလည်း အားကိုးထိုက်တဲ့ အထောက်အထား မဖြစ်နိုင်ပါဘူး။

အတ္တနောမတိ လွှမ်း
ဘာကြောင့် ဒီလို ယတိပြတ် ပြောသလဲဆိုတော့ ကမ္ဘာမှာ အင်မတန်ကျော်ကြားတဲ့ 'ဆာဝင်စတန်ချာချီ' ရဲ့ ကိုယ်ရေးမှတ်တမ်းလို စာအုပ်ကြီးမှာတောင် ကိုယ်ရည်သွေးတာတွေနဲ့ သူများကို လက်ညှိုးထိုးတာတွေ ပြည့်နှက်နေအောင် တွေ့ရတာကြောင့် ဖြစ်တယ်။ မြန်မာပြည်မှာ ဖတ်ရတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ကိုယ်ရေးမှတ်တမ်း အများစုကလည်း အတ္တနောမတိ လွှမ်းမိုးတာ များပါတယ်။ တချို့ ခပ်ညံ့ညံ့ လူတွေ ရေးတဲ့ မှတ်တမ်းတွေဆို အပြစ်မှန်သမျှ သူများအပေါ် ပုံချပြီး 'ငါလိုလူ ဇမ္ဗူမှာမရှိ' ဆိုတာမျိုးတွေ ချည်းပါပဲ။ အဲဒီလို စာအုပ်မျိုးတွေ ဖတ်ပြီး သမိုင်းလို့ ထင်မှတ်ရင်တော့ အချည်းနှီးဖြစ်ရုံမကပါဘူး။ လူကောင်းကို လူဆိုးထင်ပြီး မသူတော်ကို လူကောင်းကြီး မှတ်ပြီး ကိုးကွယ်ဆည်းကပ် သွားစေတတ်တဲ့ အန္တရာယ်တောင် အကြီးကြီး ရှိပါတယ်။

သမိုင်းဆရာမှ စိတ်ချရ
အဲဒါကြောင့် စနစ်တကျ လေ့လာမှုဟာ ဘယ်နေရာမှာမဆို အရေးကြီးပါတယ်။ မူရင်းကျမ်းကြီး ကျမ်းခိုင်တွေကို မဖတ်ဖူးဘဲနဲ့ နိဒါန်းလို၊ မိတ်ဆက်လို၊ အနှစ်ချုပ်လို စာအုပ်လောက်ဖတ်ပြီး 'ဂုရုကြီး' ယောင်ဆောင်၊ လူတွင်ကျယ် လုပ်ခဲ့ကြသူများကြောင့် မြန်မာ့နိုင်ငံရေး ရေစုန်မျောခဲ့ရတာ နှစ်ပေါင်း ၆၀ တောင် ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ လေ့လာဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ သမိုင်းကို စနစ်တကျ လေ့လာမယ်ဆိုရင် စနစ်တကျ လေ့လာသင်ကြားထားတဲ့ သမိုင်းပညာရှင်များရေးတဲ့ စာအုပ်တွေကို ဖတ်ရပါမယ်။ သမိုင်းပညာရှင်ကမှ ဘယ်လိုအချက်အလက်မျိုးက ခိုင်မာမှုရှိတယ်၊ ဘယ်လိုအချက်အလက်မျိုးက စိတ်မချရဘူး။ မယူဆသင့်ဘူးဆိုတာ စနစ်တကျ လေ့လာသင်ယူထားတာ ဖြစ်တယ်။ စာရေးဆရာတွေ ရေးတဲ့ စာအုပ်က ရသ ကဲသလို နိုင်ငံသမားတွေ ရေးတဲ့ စာအုပ်က ကိုယ်ရည်သွေးတွေ များလွန်းပါတယ်။ ပြီးတော့ ဘယ်ဟာက တန်ဘိုးရှိတဲ့ အချက်အလက်၊ ဘယ်ဟာက အမှိုက်သရိုက်ဆိုတာကို စနစ်တကျ လေ့လာသင်ယူထားတာ မဟုတ်လို့ စိတ်မချရပါဘူး။

ဇေယျာဆုပ် ခေါ်စေ
နန်းမတော်မယ်နု တန်ခိုးထွားစဉ်အခါက စစ်ကိုင်းကလုပ်တဲ့ 'အနုဆုပ်' ဆိုတဲ့ မုန့်တမျိုးကို 'နု' ပါနေလို့ မခေါ်ရဘူး။ 'ဇေယာဆုပ်' လို့ ခေါ်ခိုင်းတယ် ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ သမိုင်းလေ့လာရေးဟာ အင်မတန် အရေးကြီးတယ်လို့ ထပ်လောင်းပြောလိုက်ပါရစေ။ စာရေးဆရာတွေနဲ့ နိုင်ငံသမားတွေ ရေးတဲ့ မှတ်တမ်းတွေဟာ စိတ်ချရတဲ့ သမိုင်းမဟုတ်ဘူးလို့လည်း သတိပြုစေချင်ပါတယ်။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၄။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
@Mayaonlinemagzine