Sunday, July 4, 2010

သာသနာကို မချစ်တတ်လျှင်

“သာသနာကို မချစ်တတ်လျှင် နှစ်ရာရောက် တတ်ပါသည်”
-- နေရဗာန်
သာသနာသည် ရင်တွင်းမှာသာတည်၏၊ မြင်ကွင်းမှာမတည်နိုင်။ ထို့ကြောင့် သာသနာကို ချစ်သူ မြတ်နိုးသူတို့သည် ရင်တွင်း၌ သာသနာတည်ရန် အားထုတ်ခြင်းဖြင့်သာ သာသနာကို ချစ်ရာ မြတ်နိုးရာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပါသည်။
သာသနာ၏ အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ကြရန်မှာ ကာကွယ်စောင့်ရှောက်နိုင်မည့် အရည်အချင်းအစစ်အမှန် ရှိဖို့လည်းလိုပါသည်။
ထိုအရည်အချင်းသည်ကား ရင်တွင်း၌ သာသနာတည်နေရန်၊ ရင်တွင်း၌ ဓမ္မကိန်းနေရန်ပင်ဖြစ်ပါသည်။ တကယ်တမ်းဆိုလျှင် ပုထုဇဉ်တို့အဖို့ သာသနာကို စောင့်ရှောက် ထိန်းသိမ်းကာကွယ်နှိုင်စွမ်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် သာသနာသည် အလွန်လေးနက်ပြီး အလွန်မြင့်မြတ်သည့် အတွက် လူသာမာန် ပုထုဇဉ်တို့အဖို့ အပေါ်ယံလောက် အကာသဘောလောက်သာ ထိန်းသိမ်းနိုင်ပြီး အနှစ်သာရ သဘောအရ မည်သို့မျှ မပတ်သက်ပါ။
သို့ပေမယ့် သာသနာတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်ဟူသော ခေါင်းစဉ်ဖြင့် အဓမ္မါဒီများကို တိုက်ဖျက်ရေးတို့ မိစ္ဆာဒိဋ္ဌိများ ဖေါ်ထုတ်ရေး ဆိုတာတွေကို အဖွဲ့နှင့် အသင်းနှင့် လုပ်ဆောင်လာနေသည်ကိုလည်း တွေ့နေရပါတော့သည်။
အံသြစရာကောင်းပေစွ။ ကျွန်တော်တို့ မြန်မာပြည်တွင် ဓမ္မသတ်၊ ရာဇသတ်နှင့် သာသနာနှင့် ပတ်သက်သည့် တရားခုံရုံးစသည်ဖြင့် အခိုင်အမာလည်း ရှိနေပါသည်။
သို့ပါလျှက် အဖွဲ့အသင်းဖွဲ့ကာ တပါးသူတို့ကို ဘောင်ကျော်ပြီး စွပ်စွဲနေမှုများမှာလည်း အရုပ်ဆိုးလှပါသည်။
စာရေးသူ၏ ပထမစောင်းပါး “စွပ်စွဲမှုမှားပါက လက်သရမ်း နှုတ်သရမ်းခြင်းထက် ဆိုးပါသည်” ကိုဖတ်ကြပြီး မနှစ်မျို့နိုင်ကြပဲ စိတ်ထိခိုက် မှုနှင့် တုံ့ပြန်ရေးသားလာတာကိုလည်း တွေ့ရပါသည်။ ကြိုဆိုပါသည်။
စာရေးသူကတော့ စိတ်မဆိုးပါ။ ဒီလိုပဲရေးကြသားကြရင်း စာဖတ်သူ ပရိသတ်က သာသနာအစစ်အမှန်ဆိုတာ ဘာလဲလို့ သိလိုက်ကြရင်ပဲ စာရေးသူအဖို့ အကျိုးရှိလှပါပြီ၊
သာသနာကိုချစ်ရာလည်း ရောက်မည်ထင်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့်လည်း တဖက်က ပြန်လည်ရေးသားလာသည့် ဒေါက်တာ တင့်ဦး ဆိုသူကိုလည်း အသိအမှတ်ပြုပါသည်။
သို့သော် မှာချင်တာကတော့ အဲဒီဘက်ကတင်ထားတဲ့ `ထေရ၀ါဒ တို့တိုင်းပြည်´ ၀က်ဆိုက်ဒ်၏ အညွှန်းစကားကဲ့သို့ပင် `အမိယုတ်က နှုတ်သရမ်း၏´ ဆိုတာမျိုး မဖြစ်စေလိုပါ။ သာသနာကို စောင့်ရှောက်ကြမည်ဟု ဆိုသူများအဖို့ ယဉ်ကျေးဖို့တော့ လိုပါသည်။
ဥပမာ `တဖက်သားကို´ `အရူးထတာလား သာသနာဖျက်တာလား´ ဆိုတဲ့အသုံးအနှုန်းမျိုးကို ရှောင်သင့်ပါတယ်၊ သူတော်ကောင်းများ နှာခေါင်းရှုံ့ရမည့် အချက်ပါ၊ ဘယ်သူတွေကများ သင်ပေး မြှောက်ပေးနေပါလိမ့်လို့ ဆက်တွေးရင် လူကြီးတွေပါ ထိခိုက်ပါလိမ့်မယ်။ ၀ါဒရေးရာဆိုတာ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးရမယ့် အရာတွေပါ။ ဗုဒ္ဓ၀ါဒ ကာကွယ်စောင့်ရှောက်ရေး ဆိုတာကို အကြောင်းပြပြီး ညစ်ညမ်းစာတွေ မဖြစ်စေချင်ပါဘူး။ လိမ်လိမ်မာမာပြောလည်း ဒီစကားပါပဲ ပရိသတ်က အဆင့်အတန်းရှိပါတယ်။ ဆောင်ရန်ရှောင်ရန်လောက်ကိုသာပြောတာပါ။
ကဲ သာသနာအကြောင်း တစေ့တစောင်းမျှပြောကြရအောင်။ သာသနာဆိုတာ မြတ်ဗုဒ္ဓ၏အဆုံးအမတို့ သြ၀ါဒတို့၊ သာသနာ သုံးရပ် ရှိတယ်တို့ ဆိုတာ တွေကတော့ အများသိရှိနားလည်ပြီးသားပါ။ သဥာသိ စာသိလောက်ကတော့ (ထေ/ပြည်) ၏ ၀က်ဆိုဒ်ထဲကလို သူငယ်တန်းအဆင့်သိမျိုးပါ။
အထက်တန်းအဆင့် သိဆိုတာမျိုးကတော့ ရင်ထဲမှာ သစ္စာကိန်းခြင်း၊ ဖြစ်ပျက်မြင် - မုန်း - ဆုံးခြင်းနဲ့ အတူ အရိယာဥာဏ်ကိန်းခြင်းကို ခေါ်ပါသည်။
မြတ်ဗုဒ္ဓ ပွင့်တော်မူတာဟာ ဝေနေယျတွေကို အဲဒီ သစ္စာဆိုက်ဖို့ အရိယာဥာဏ်ကိန်းဖို့ ပွင့်တော်မူတာ ဖြစ်တယ်။ ပါရမီတွေဖြည့်ခဲ့တာ ဘုရားအဖြစ်ခံယူခဲ့တာ၊
သာသနာတော်မြတ် ထားရစ်ခဲ့တာသည် နိဗ္ဗာန်အကျိုးအတွက် ကျွတ်ထိုက်သူတွေ ကျွတ်စေရန်အတွက်သာဖြစ်ပါတယ်၊ ချုံ့လိုက်ရင် နိဗ္ဗာန်အတွက် ဘုရားပွင့်တယ်လို့ဆိုနိုင်ပါတယ်။
ဒါကြောင့် သာသနာကို တကယ်ချစ်ရင် နိဗ္ဗာန်ရောက်ဖို့အတွက် ကြိုးစားခြင်းသည်သာ မှန်ကန်ပါတယ်။ နိဗ္ဗာန်ရောက်ရန်အတွက် ကြိုးစားသည်ဆိုရာမှာလည်း သစ္စာမသိသော သစ္စာ မခြံရံသော အခြေခံတရားများဖြစ်သည့် ဒါန၊ သီလ၊ သမထတို့နှင့်မရပါ။ သစ္စာဆိုက်အောင် မကြိုးစားဘဲ သင်္ကန်းဝတ်ပြီး သာသနာပြုသည်ဆိုသည်မှာလည်း မမှန်ပါ။
“သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ် ထွက်မြောက်ပါရစေခြင်း အကျိုးငှါ အာမဘန္တေခံယူပြီး သင်္ကန်းဝတ်ပြီး သစ္စာဆိုက်အောင်မပြုလုပ်မကြိုးစားလျှင် ဘုရားကိုလည်း လိမ်ရာကြသလို၊ ဦးချခံယူ အလှူခံယူမှုသည်လည်း အလွန်မှကြီးလေးသော အပြစ်ဖြစ်ပါလိမ့်မည်။”
မြန်မာပြည်မှာ သီလဂုဏ်၊ သမာဓိဂုဏ်ကြီးမားသူတို့ကိုလည်း အရိုအသေပြုထိုက် ဦးချထိုက်သည်ဟု အဆိုအဆုံးမတွေရှိပါသည်။ မှန်ပါသည် လူပုဂ္ဂိုလ်တွေအတွက်ဆိုလျှင် မှန်ပါသည်။ ရဟန်းသံဃာများအတွက်ဟူမူ ပညာဂုဏ်နဲ့လည်း ပြည့်စုံရပါလိမ့်မည်။
ပညာဂုဏ်ဆိုသည်မှာလည်း မဂ်ဥာဏ်ဖိုလ်ဥာဏ်ရရှိခြင်း၊ ရရှိအောင်ကြိုးစားနေခြင်းကို ဆိုလိုပါသည်။
ထို့ကြောင့် အလှူခံ၊ အပူဇော်ခံ၊ ရှိခိုးခံသူ ရဟန်းသံဃာများအဖို့ သီလ၊ သမာဓိ၊ ပညာစသော ဂုဏ်သုံးရပ်နှင့် ပြည့်စုံဖို့၊ လျှော့ပြောရလျှင် ပြည့်စုံအောင်ကြိုးပမ်းနေဖို့ လိုပါသည်။
ရဟန်းတို့သည် မိမိကိုယ်တိုင်လည်း သစ္စာဆိုက်ရန်ကြိုးစားကြသလို တပါးသူကိုလည်း သစ္စာဆိုက်ရန်တိုက်တွန်းခြင်း၊ အားပေးခြင်းများ အစဉ်အမြဲပြုလုပ်မှသာ သာသနာကို ထိမ်းသိမ်းရာ ချစ်ရာ မည်ပါသည်။ ဗုဒ္ဓဘာသာကို မြတ်နိုးသူတိုင်း ဤအခြေခံလောက်ကိုတော့ သိသင့်ပါသည်။
သာသနာ၏ အနှစ်သည် နိဗ္ဗာန်၊ သာသနာ၏ ပန်းတိုင်သည် နိဗ္ဗာန်၊ ထို့ကြောင့် နိဗ္ဗာန်ကိုသိဖို့လိုသည်။ သိရန်ကြိုးစားဖို့လည်းလိုသည်၊ အထူးသဖြင့် ရဟန်းသံဃာများက နိဗ္ဗာန်ကို သိရန်ပိုပြီးလိုပါသည်။ ဒီကိစ္စနှင့်ပါတ်သက်လို့ ဆရာမြတ်ချစ်ငယ် (ဒဿန) က (IBC)ခန်းမဟောပြောပွဲတခုမှာ ပြောဘူးသည်၊
“ဗုဒ္ဓဘာသာတွေ ဘာအတွက်ရည်ရွယ်ပြီး ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသလဲ” လို့မေးရင်
“နိဗ္ဗာန်ကိုရည်ရွယ်သည်”ဟုပြောကြမည်။
“နိဗ္ဗာန်ဆိုတာဘာလဲလို့မေးရင်၊ ကမ္ဘာကမေးရင်၊ အင်း.. အဲ… မသိဘူးဆိုကြရင်ဖြင့် ဗုဒ္ဓဘာသာအတွက်ဂုဏ်သိမ်ရမည်သာဖြစ်သည်”တဲ့ အဲဒီအဖြစ်မျိုးမဖြစ်ရအောင် ဆရာမြတ်က သတိပေးထားပါသည်။
သာသနာသည် လောကုတ္တရာပညာပါ။ ကောကီ သဥာမဟုတ်ပါ။ သာသနာသည် သုံးလွန်းတင်မှ ပြည့်စုံသည်ဆိုတာလည်း မှန်သင့်သလောက်မှန်ပါသည်။
သို့သော် အဓိကနှင့် သာမည ခွဲဖို့တော့လိုပါသည်။ ပရိယတ်နှင့်ပဋိပတ်ပြည့်စုံလျှင်တော့ အကောင်းဆုံးပါ။ ပရိယတ်သက်သက်သည်လည်း သာသနာ မမည်ပါ။ မှန်ကန်သော ပဋိပတ်နှင့်ပေါင်းပါမှ သာသနာမည်ပါသည်။ ပရိယတ်သည် သဥာမှာသာ လမ်းဆုံးပါသည်။
သဥာသည် အပျက်တရားမှို့မမြဲပါ။
ဒါကြောင့် သာသနာမြဲအောင် မှန်ကန်သော ပဋိပတ်နှင့်ပေါင်းစပ်ပါမှ သာသနာမြဲပါလိမ့်မည်။
သဥာပရိယတ်မမြဲမှု့ကြောင့် အမျိုးမျိုးသော ၀ိဝါဒများ ကွဲပြားလာမှုကြောင့်လည်း သင်္ဂါယနာတင်ခဲ့ကြရခြင်းဖြစ်ပါသည်။ ပထမအကြိမ် သင်္ဂါယနာတင်ပွဲတွင် ရဟန္တာရှင်မြတ်ကြီးများက ဦးစီးကျင်းပခဲ့သည်မှာအလွန်အားရစရာပါ။
သာသနာအကြောင်းကိုပြောလျှင် နိဗ္ဗာန်၊ ရဟန္တာ၊ အရိယာနှင့် ကျင့်စဉ်အကြောင်းကို ပြောမှပြည့်စုံပါသည်။ မှန်ကန်ပါသည်။ ထို့ကြောင့် ဆရာမြတ်ချစ်ငယ်(ဒဿန)က နိဗ္ဗာန်အကြောင်းကို တွင်တွင်ကြီး ပြောဟောနေသည်။
စာအုပ်အဖြစ်လည်း ရေးသားထုတ်ဝေပြီးဖြစ်ပါသည်။
နိဗ္ဗာန်အကြောင်းကိုကောင်းကောင်းသိမှ နိဗ္ဗာန်အကြောင်းကို ပြောနှိုင်ရေးနှိုင်ပါသည်၊
ဒါရှင်းပါသည်။ နိဗ္ဗာန်ဆိုတာကို မြန်မာဗုဒ္ဓဘာသာဝင်တွေ သိစေနှိုင်ရုံမျှမက ကမ္ဘာကပါသိအောင် ရဲရဲဝံ့ဝံ့ကြေငြာပြီး ပြောဟောရေးသားနေပါသည်။
နိဗ္ဗာန်အကြောင်း သိလိုသူများအတွက်လည်း ကြုံတောင့်ကြုံခဲ အခွင့်အရေးတရပ်ဖြစ်ပါသည်။ ဒါကိုမတားသင့်ပါ၊
လူဝတ်ကြောင်နှင့်ဖြစ်စေ ရဟန်းသံဃာဖြစ်စေ နိဗ္ဗာန်ကိုသိလျှင် နိဗ္ဗာန်အကြောင်းပြောမည်၊ ပြောတော့သိကြရသည်၊
မျက်မှန်းဆနှိုင်ကြရသည်၊ သြော် ဒို့ဗုဒ္ဓဘာသာဝင် တွေရဲ့ရည်ရွယ်ချက် နိဗ္ဗာန်ဆိုတာ ဒါပါလားလို့ ကောင်းကောင်း မှန်းဆတတ်ကြပြီ မဟုတ်ပါလား။
ဒါသည်ပင်လျှင် ဗုဒ္ဓဘာသာဝင် ပုထုဇဉ်တို့အတွက် မျက်ကန်းလမ်းလျှောက် ဘ၀မှ လွတ်ရသည် မဟုတ်ပါလား။
ဆရာမြတ်က နိဗ္ဗာန်ကိုဘာနဲ့သိသလဲ၊ ဥာဏ်နဲ့သိသည်၊ စိတ်နဲ့တော့ မသိနှိုင်ဟုပြောသည်။ ဒါဆိုရင် ဥာဏ်ကို ဘယ်လိုတည်ဆောက်သလဲ၊ ဟောသလိုတည်ဆောက်တယ်ဟု ဥာဏ်တည်ဆောက်ပုံကိုပါ ဟောပေးနေသည်။ နိဗ္ဗာန်အရှိတရားကို ကမ္ဘာကသိအောင်စိန်ခေါ် ပြီးဟောပြောသည်။ နိဗ္ဗာန်ကိုရောက်စေနှိုင်သည့် နည်းလမ်းကိုလည်း အာမခံဖြင့် ဟောပြောပေးနေသည်၊ အခုမှမဟုတ် ယခင်နှစ်ပေါင်းသုံးဆယ်ကျော်လောက်ကပင် ဖြစ်သည်။
နိဗ္ဗာန်ကိုသိဖူးတွေ့ဘူးသူသည် ဘာပြောပြောမှန်နေပြီး၊ နိဗ္ဗာန်ကိုမသိ မတွေ့ဘူးသူတို့သည် ဘာပြောပြော မှားတတ်ကြကုန်၏ ဆိုတဲ့ ဆရာမြတ်၏ စကားသည် မှတ်သား ဘွယ်ကောင်းလှပါသည်။
နိဗ္ဗာန်ကို ပုထုဇဉ်တို့မတွေ့နှိုင် အရိယာမှသာ တွေ့နှိုင်ပါသည်၊ အရိယာဟုတ် မဟုတ်ဆိုတာကို စစ်ရန်လိုသည်ဟု (ထေ/ပြည်) အဖွဲ့ဒေါက်တာတင့်ဦးက ဆိုပါသည်။
ဒါမှန်ပါသည်
ဒီစကားမျိုးကို ဆရာမြတ်က ပြောခဲ့ဘူးတာလည်း များပါပြီ။ မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း သူ၏ တရားတော်များထဲတွင် မိန့်ဘူးပါသည်။
ယောဂီ တစ်ဦး၏ စိတ်တို့သန့်ရှင်းမှု့၊ ပေါ့ပါးမှု၊ လွတ်မြောက်မှု့၊ သို့မဟုတ်၊ ညစ်ထေးမှု့ စသည်တို့ကို သူတော်ကောင်းကြီးများ (တရားရပြီး)နှင့် အရိယာကြီးများက သိနှိုင်မြင်နှိုင်တော်မူကြ ပါတယ်တဲ့၊ ဒါကြောင့် တကယ်တရားရပြီးသူသည် အချိန်မရွေး သူတော်ကောင်းကြီးများ၏ အစစ်အဆေးကိုခံယူနှိုင်ပါသည်။ ထိုသို့အစစ်အဆေးခံယူနှိုင်သူ ပုဂ္ဂိုလ်မြတ်တို့သည် သာသနာတော်၌ ရဲရင့်ခြင်းအဖြစ်သို့ရောက်ရှိကြပါသည်။ ဆရာမြတ် ချစ်ငယ်(ဒဿန)သည်ရဲရင့်ခြင်းရှိမရှိဆိုတာကို သူ၏ ၀က်ဆိုက် www.chitnge.com မှာဖတ်ရှု့လေ့လာနှိုင်ပါသည်။
ကျွန်တော်တို့သည် သာသနာကို တကယ်ချစ်ကြသည်ဆိုလျှင် အစွဲတွေ မစ္ဆေရတွေကို ပယ်သတ်လိုက်ကြပါ၊ တကယ်တရားပေးနှိုင်သူကို ဆရာတင်ကြရန် ၀န်မလေးကြပါနှင့်။ နိဗ္ဗာန်ကို တကယ်ယုံကြည်သက်ဝင်ပြီး ရောက်ရှိရန်ကြိုးစားကြပါ။
(ထေ/ပြည်) အဖွဲ့က ဒေါက်တာတင့်ဦးရဲ့ကိုးကားချက်တခုကိုလည်း တင်ပြလိုပါသေးတယ် ဒါက ဘူတာရောစနသိက္ခါပုဒ်ပါ….. အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူအား လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရားကို ပြောကြားငြားအံ့ ပြောတိုင်း ဟုတ်မှန်သော် ပါစိတ် အာပတ်သင့်၏။ ဤသို့ပြကြကုန်လော့ဟု မိန့်တော်မူ၏။ ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကိုထောက်ပြပြီး မဂ်တား ဖိုလ်တား လုပ်နေတာ ခုမှမဟုတ်ပါဘူး ကြာမြင့်လှပါပကော။ ဒီနေရာမှာ ဈာန်၊မဂ်ဖိုလ်စကားကို ပြောကြားရင် အာပတ် သင့်သည်ဆိုတဲ့ ကိစ္စနှင့်ပါတ်သက်လို့ ဆွေးနွေးမှု့တွေအများကြီး ရှိခဲ့ကြဘူးပါတယ်။ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ဘယ်လောက်ပဲ ပိုင်းဖြတ်ကန့်သတ်ထားပါသလဲ။
သစ္စာဆိုက်သည့် အခန်းကို ချန်ထားကြပါသလား။
သာသနာပတရားလောက်ကိုသာဆိုလိုတာလား။ ဈာန် မဂ်ဖိုလ်ပိုင်းကို ပြောမပြထိုက်သူများဆိုသည်မှာ ပုထုဇဉ်အားလုံးကို ဆိုလိုပါသလား။
ဒါဆိုရင် အရိယာ ဖြစ်ပြီးသူ အချင်းချင်းသာပြောဆိုထိုက်ပါသလား။
ပုထုဇဉ်ဗုဒ္ဓဘာသာဝင်များအဖို့ ဈာန် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာကို မသိထိုက်၊ မကြားထိုက်တော့ဘူးလား
စတဲ့သဘောတရားဆွေးနွေးခန်းတွေ ရှိခဲ့ပါတယ်။ မိမိတို့ မိရိုးဖလာကိုးကွယ်တဲ့ (ဂိုဏ်းကိုတော့ထည့်မပြောတော့ပါဘူး) ဆရာတော် (မိမိတို့ကျေးရွာက)တွေနဲ့လည်း ဆွေးနွေးလျှောက်ထားခဲ့ဘူးပါတယ်။
(ဒါက သဘောတရားပိုင်း အယူအဆပိုင်းပါ။)
ဆရာတော်ဘုရားကြီးသည် သာသနာပ တရားများ ဖြစ်ကြသည့် ဒါန၊ သီလ၊ သမထ တရား တို့ကို ပယ်သည် မဟုတ်ပါ။ သာသနာတွင်း တရား ဖြစ်အောင် သစ္စာ ခြံရံသော ဒါန၊ သစ္စာ ခြံရံသော သီလ၊ သစ္စာခြံရံသော သမထ တရားများ ဖြစ်အောင်ပြုပြင်တည့်မတ် ပေးတော် မူခဲ့ခြင်း ဖြစ်ပါသည်။
ဤသည်ကိုပင်လျှင် ဒါနနှင့်သီလ ကိုပယ်သူ ဓမ္မအန္တရာယ် အဖြစ် ထိုခေတ်က စွပ်စွဲ ပြောဆိုမှု့ များ အကြီးအကြယ်ရှိခဲ့ကြ ပါသည်။

“ငါသေရင်သပိတ် မသွတ်နဲ့” လူမိုက်သေရင် ပုတ်တယ် လူလိမ္မာ သေရင်ဓါတ်တော်ကြွင်းတယ်” ဟူသော ဆရာတော် ဘုရားကြီး ၏ တရားစစ် တရားမှန် များသည် ထိုခေတ်က လူမိုက်များ အဖို့ အနာပေါ်ဒုတ်ကျ သလို နာကျည်း ခံစားကြရပုံ ပေါ်ပါသည်၊
ထို့ကြောင့် မြန်မာပြည်ရှိ အချို့သော ဗုဒ္ဓဘာသာ ဂိုဏ်းဂဏ ကြီးများကပင်လျှင် ဆရာတော် ဘုရားကြီးကို နစ်နစ် နာနာ တိုက်ခိုက် လာကြ ပါသည်။

အချို့ဂိုဏ်းကြီးများဆိုလျှင် ယနေ့ထက်တိုင် ပိန်ဖေါင်း ပိန်ဖေါင်း ဖြင့် နာမည် ကြီးလျှက်၊ စည်ကား သိုက်မြိုက်လျှက် ရှိကြပါသည်။ မည်သို့ပင်ဖြစ်စေ မိုးကုတ် ဆရာတော် ဘုရားကြီးသည် အပြောနှင့်အလုပ်၊ အဟောနှင့်အကျင့်၊ ပရိယတ်နှင့်ပရိပတ်တို့၏ ကိုက်ညီမှု့၊ ပါဠိကို ဘာသာပြန်တဲ့အပိုင်း၊ ဘာသာပြန်သော်လည်း သဘောတရားအရဆောင်ပြီး ယူရမယ့်အပိုင်း။ တိုက်ရိုက်ယူရမယ့်အပိုင်းဆိုတာလည်းရှိပါတယ်၊
မည်သို့ရှိပါစေ စာရေးသူကတော့ ဈာန် မဂ်ဥာဏ် ဖိုလ်ဥာဏ်၊ နိဗ္ဗာန်အကြောင်းကို သိချင်ကြားချင်တဲ့ဆန္ဒပြင်းလှပါသည်။ အနိမ့်ဆုံး မျက်ရမ်းမှန်းဆ၍လည်း မြတ်နိဗ္ဗာန်ကိုကြည်ညိုချင်ပါသည်။
ပူဇော်ချင်ပါသည်။ ကိုယ်တိုင်လည်းရောက်ချင်လှပါသည်။ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်အကြောင်း၊ အရိယာအကြောင်း၊ ရဟန္တာအကြောင်းကို ကြိုးကြိုးစားစားလေ့လာပါသည်။ ပြောနှိုင်ဟောနှိုင်မည့် ဆရာကောင်းဆရာမြတ်များကိုလည်း ရှာဖွေဆည်းကပ်မိပါသည်။
မြန်မာနိုင်ငံတွင် မဂ်ဖိုလ်နိဗ္ဗာန်အတွက် ၀ိပဿနာကမ္မဌာန်းစခန်းဖွင့်ရရေးကိုပင် ရွာဦးကျောင်းက ဘုန်းကြီးနှင့် အတော်ကလေးအတိုက်အခံလုပ်ပြီးမှ စခန်းဖွင့်ကြရပါသည် များလည်း ရှိပါသည်။ ကျွန်တော့်ကိုယ်တွေ့ပါ၊ အချို့နေရာတွေမှာဝိပဿနာတရား ကျင့်ကြံခွင့်ကိုပင် မရကြသေးပါ၊ အများကြီးပါ၊
ဒေါက်တာတင့်ဦးတို့လည်း သိနှိုင်လောက်ပါတယ်၊
ကဲ..မဂ်ဖိုလ်ကို မတားချင်ကြပါနဲ့တော့။ အခုလည်း ဒီသိက္ခါပုဒ်ကို ဒေါက်တာတင့်ဦးက ထောက်ပြနေပြန်ပါပြီ။ ဘာလ…. မဂ်အကြောင်းဖိုလ်အကြောင်း နိဗ္ဗာန်အကြောင်းကိုကြားရတာ နားခါးကြလို့လား၊ နားခါးရင် မှားပါလိမ့်မယ်၊ ဆဌမသင်္ဂါယနာတင် ပိဋကတ်တော်တွေမှာ မဂ်ကြောင်း ဖိုလ်ကြောင်း နိဗ္ဗာန်ကြောင်း ၀ိပဿနာအကြောင်းတွေက အားနည်းလွန်းလှပါတယ်လို့ ထောက်ပြမှုတွေလည်း တွေ့ရပါတယ်။ ၀မ်းနည်းဘွယ် ကောင်းလေစွ။ ဒါကြောင့်လည်းထင်ပါတယ် မြန်မာပြည်က နာမည်ကြီးဘုန်းကြီးတပါး နိုင်ငံခြားကို မကြာခင်ကပဲကြွလာတော့၊ ထိုနိုင်ငံက ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌဆိုသူ နိုင်ငံခြားသားက မေးသတဲ့၊ မြန်မာ ပိဋကတ်တော်တွေထဲမှာ ဗုဒ္ဓ၀င်ကဏ္ဍကို သုတ္တံပိုင်းမှ လည်းကောင်း၊ ၀ိနည်းပိုင်းမှလည်းကောင်း ရေးသားဖော်ပြကြတာတွေ လေ့လာတွေ့ရှိရပါတယ်။ အဘိဓမ္မာပိုင်းမှ ချဉ်းကပ်ရေးသားဖော်ပြကြတာ မတွေ့ရသေးပါဘူး ရှိကော ရှိပါသလားဟု မေးခြင်းဖြစ်ပါသတဲ့။
ဒါလည်း အဲဒီမြန်မာဘုန်းကြီးက ပြန်ပြောလို့သိရတာပါ။ ပြောချင်တာက အဘိဓမ္မာပိုင်းအားနည်းတယ်ဆိုတာပါပဲ။ မြန်မာပြည်မှာလည်း သီလတောင်လုံခြုံ အောင်လုပ်ပါအုံး၊
မဂ်တွေဖိုလ်တွေ ၀ိပဿနာတွေလုပ်မနေကြနဲ့အုံးဆိုတဲ့ကာလရှည်ကြီးကို အကြာကြီး ဖြတ်သန်းခဲ့ကြရတယ် မဟုတ်ပါလား။
ဒါတွေကြီးစိုးနေတာကို ဖေါက်ထွက်သူ တွေထဲမှာ မိုးကုတ်ဆရာတော်ဘုရားကြီးက ထင်ရှားလှပါတယ်။
အခုလည်း ဆရာမြတ်ချစ်ငယ် (ဒဿန)က ဖေါက်ထွက်နေရတုံးပါပဲ။ လူဝတ်ကြောင်နဲ့ နိဗ္ဗာန်အကြောင်းတွေ ပြောနေ ရသလားဆိုတဲ့ သူတွေကလည်း ရှိနေပါသေးတယ်၊ မဂ်ဖိုလ်ဆိုတာ မတားကောင်းပါဘူး။
သိတဲ့လူကပြောရင် အားပေးရမှာပါ၊ မယုံရင် စစ်ကြည့်ကြပေါ့။
ရင်တွင်းသာသနာထွန်းကားပါစေ
နောက်ဆက်ကြသေးတာပေါ့။
နေရဗာန်
ကမ္ဘာ့မြောက်ခြမ်း။
@hittai.net