Tuesday, June 15, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ

ရေးသူ- လူထုစိန်ဝင်း
တပည့် ကျောင်းသားဟောင်းတယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ် တစောင်ကိုတွေ့တော့ သူက အံ့သြတဲ့ မျက်နှာပေးနဲ့ 'ဒီဂျာနယ်လည်း ဖတ်တာပဲလား ဆရာ' လို့ မေးလိုက် ပါတယ်။ ပြီးတော့ တဆက်တည်း 'ဆရာနဲ့ အယူအဆ ပြဒါးတလမ်း၊ သံတလမ်း မဟုတ်လား' လို့လည်း ပြောလိုက်ပါသေးတယ်။

မတူတာ ပိုဖတ်သင့်တယ်
သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုတောင်ဖတ် သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ၊ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်း မတူတာနဲ့၊ အယူအဆချင်းမတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့် ကိုယ်ကျိုးစီးပွါးနဲ့ ရပေါက်လမ်း အခွင့်အရေးကို မျှော်ကိုးပြီးရေးသားတာမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲအယူအဆ ကွဲနေနေ တလေးတစား သဘောထား ရမှာပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့လောက်သာ ဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ဘူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ 'ပါးစပ်ဟလိုက်တာနဲ့ အထဲမှာ အူဘယ်နှခွေရှိတယ်' ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေ့မလုပ်တော့ လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ တကယ်ဟုတ်တာ။

သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ 'ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး' လို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနထင် အရောက် လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံ့ရှာ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့် သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်း မရ၊ ငြင်းလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ 'သမိုင်းရဲ့ အမှိုက်ပုံကြီး' ထဲ ရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက မှားခဲ့မိတာကို အမှန်တကယ်သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင်လိုက် ရင်ဖြင့် အာဃာတ လုံးဝမထားတော့ဘဲ ခွင့်လွှတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ လိုပါတယ်။

တံဆိပ်တပ်တဲ့ ၀ါသနာ
'ကျွန်တော်တော့ ဒီဂျာနယ်လည်းမဖတ်ဘူး၊ ဟို စာရေးဆရာလည်း မဖတ်ဘူး။ သူတို့က အလိုတော်ရိ တွေမှန်း သိသာနေတာပဲ ဆရာရဲ့'
ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင်၊ သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမား ကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်း ဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကို လည်း ဘာက ဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်တဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ဘဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုကွဲကွဲ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစောင်ပဲ။ လူပြိန်းကြိုက် သည်းခြည်ခိုက် စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ ဘယ်သူ့ကိုဖြစ်ဖြစ် အလွယ်တကူ 'တံဆိပ်တပ်' တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ 'အလိုတော်ရိ' လို့ သူက ပြောခဲ့တာကိုး။

တံဆိပ်တိုင်း မှန်တာမဟုတ်
'တံဆိပ်တပ်' တဲ့အလုပ်ကို ကျွန်တော်တို့လူမျိုးက အတော်ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ။ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အင်န်တီပဲ၊ ဂန္ထ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ ဖောက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ၊ 'တံဆိပ်' တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြားစကားတခု၊ ကောလဟလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာပါပဲ။ အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့အရ ပြောရမယ်ဆိုရင် အဲဒီလို 'တံဆိပ်တပ်'မှု အတော်များများဟာ လုံးဝမမှန်တာတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ လူတော်တော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ 'တံဆိပ်တပ်' ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်၊ ကွန်မြူနစ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း သူတို့ရေးတဲ့ နိဗ္ဗိန္ဒစာတွေ ဖတ်ရတော့ သိသာလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ၊ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ 'တံဆိပ်တပ်' ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ 'တံဆိပ်တပ်' ထားသလို မဟုတ်ကြောင်း ပေါ်လာကြရတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ 'တံဆိပ်' တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ အင်ဖော်မာ (informer) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာဖြစ်လာတာနဲ့ သူက 'အင်ဖော်မာ' ပဲ၊ 'သတင်းပေး' ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာပါပဲ။

လွယ်လွယ်တံဆိပ်မတပ်နဲ့
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက 'သူရဲကောင်း' လို့ တံဆိပ်တပ်ပေးထားသူတွေ တကယ်တမ်းကျတော့ 'အင်ဖော်မာ' ဖြစ်လိုဖြစ်၊ အများက 'အင်ဖော်မာ' တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ် ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖော်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့် ရိုးသားသူတွေကို အင်ဖော်မာ တံဆိပ်တပ်လိုက်တဲ့အတွက် အတပ်ခံရသူရဲ့ တဘ၀လုံး ထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ ရှိပါတယ်။ အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ 'တံဆိပ်တပ်' တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့်၊ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိတာမျိုး မဟုတ်ပဲနဲ့ တခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘ၀လုံး ခေါင်းမဖော်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်ရတတ်ပါတယ်။
အဲ.. တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ 'လူပြောမသန်၊ လူသန်မပြော' လို့ပဲ သဘောထားလိုက်ပါတယ်။ သူတော်စင်များဟာ ကိုယ့်ကိုယ်ကို ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖော်မြွက်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ 'ကိုယ့်ကိုကိုယ်ဖော် မသူတော်' ဆိုတဲ့ ရှေးလူကြီးသူမတို့ စကား အရှိသားမဟုတ်လား။
လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဧပြီ ၂၀။
မာယာမှ ကူးယူဖော်ပြသည်