Friday, May 7, 2010

သယံဇာတ အားကိုးနေလို့ကတော့

ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ပညာခေတ်မှာ ပညာကိုရှေ့တန်းတင်လာကြသည်။ အရင်းအမြစ်အနေနှင့် ကြည့်လျှင်လည်း ပညာအရင်းအမြစ် အရေးပါသည်။
ရင်းနှီးမြှုပ်နှံမှု အနေနှင့်ကြည့်လျှင်လည်း ပညာရင်းနှီးမြှုပ်နှံမှု ပဓာနကျသည်။
ဤဆောင်းပါး၌ ပညာကိုသယံဇာတဟု တင်စားပြောချင်သည်။'
သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံတွေဟာ
ကျိန်စာသင့်သော နိုင်ငံတွေပဲ'ဟု တစ်နေရာမှာ ဖတ်မိဖူးသည်။
အာဖရိကမှာ စိန်တွင်းတွေ ဖင်ခုထိုင်ထားပြီး ငတ်ပြတ်နေသော နိုင်ငံတွေရှိသည်။
အာရှမှာလည်း တစ်ချိန်က သယံဇာတ ပေါကြွယ်လှပါသည်ဟု ဂုဏ်ယူဝင့်ကြွားခဲ့သည့်
နိုင်ငံတွေ ယခုဓားမနောက်ပိတ်ခွေး ဖြစ်နေကြသည်မှာ အထင်အရှားပင်။
ဘာသယံဇာတမျှမရှိသော ဂျပန်တို့၊ စင်ကာပူတို့က ရှေ့တန်းရောက်နေ ကြသည်။
သူတို့နိုင်ငံတွေမှာ သဘာဝသယံဇာတ ပြောပလောက်အောင် မယ်မယ်ရရဘာတစ်ခုမျှမရှိ။
သို့ဖြစ်လျှင် သူတို့မည်သည့်နည်းနှင့် ရှေ့တန်းရောက်နေကြသနည်း။
ပညာသယံဇာတကြောင့်ဟု ပြောရပေမည်။
အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေ ရေနံသယံဇာတဖြင့်ကြွယ်ဝ နေသည်မှာမှန်ပါသည်။
သို့သော် နောက်နှစ်သုံးလေးဆယ်ဆိုလျှင် ထိုရေနံတွေ လုံးဝခန်းခြောက်တော့မည်ဟု
သိပ္ပံပညာရှင်တွေက တွက်ချက်ပြနေသည်။
ထို့ကြောင့် သဘာဝသယံဇာတသည် ထာဝရမှီခိုဖက်တွယ်အားကိုးသင့်သော အရာမဟုတ်။ သဘာဝသယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံသည်
ကျိန်စာသင့်သောနိုင်ငံဟူသော အဆိုကိုလက်ခံရမလိုရှိသည်။
ပညာသယံဇာတနှင့် ကုန်ထုတ်လုပ်မှုအား မကိုးဘဲ သဘာဝသယံဇာတအပေါ် အလွန်အကျွံမှီခိုခြင်းသည် လူအညွန့်တုံးသလို အနာဂတ်မျိုးဆက်သစ်တို့ကို လည်း အညွန့်ချိုးရာရောက်မရောက် စဉ်းစားသင့်သည်။
ယနေ့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတိုင်းကိုကြည့်က ပညာအရင်းအမြစ်၊ ပညာရင်းနှီးမြှုပ်နှံမှု၊
ပညာ သယံဇာတအပေါ် အဓိကမှီခို တည်ဆောက်ထားသည်ကို တွေ့ရလိမ့်မည်။
ထို့ကြောင့် ပညာကိုရင်းနှီးမြှုပ်နှံပါ၊ ပညာအရင်းအမြစ် တည်ဆောက်ပါ၊ ပညာသယံဇာတ ကြွယ်ဝအောင်လုပ်ပါဟု ပညာရှင်တွေက တတွတ်တွတ် ပြောနေကြခြင်းဖြစ်သည်။
ပညာဟူသည်
ပညာဟူသည် ပါဠိဝေါဟာရက ဆင်းသက်လာသည်။
ပ-ခွဲခြမ်းစိတ်ဖြာ၍ ညာ-သိခြင်းဟု အဓိပ္ပာယ်ထွက်သည်။
ပညာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်က 'ခွဲခြားသိမြင်နိုင်သောဉာဏ်၊ အတတ်'ဟုဖွင့်သည်။
တိပိဋကပါဠိမြန်မာအဘိဓာန် က 'အထူးထူးအပြားပြားအားဖြင့် ဝေဖန်ပိုင်းခြားစဉ်းစားဆင်ခြင် သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ'ဟုဖွင့်သည်။ ပါဠိသက်ဝေါဟာရအဘိဓာန်က 'အသိဉာဏ်၊ အပြားအားဖြင့် သိတတ်သောဉာဏ်၊ ဆည်းပူးရသော အသိဉာဏ်၊ အသိဉာဏ်ကိုရရာရကြောင်း ရှာဖွေဆည်းပူးအပ်သော အတတ်' ဟုဖွင့်သည်။
မြန်မာအဘိဓာန်၏အဖွင့်က အသိပညာ၊ အတတ်ပညာ ပညာနှစ်ခုကိုဖွင့်သည်။ တိပိဋကပါဠိမြန်မာအဘိဓာန်က အသိပညာကိုသာ ဦးစားပေးဖွင့်သည်။
ပါဠိသက်ဝေါဟာရ အဘိဓာန်ဖွင့်ပုံက အသိပညာ၊ အတတ်ပညာ ပညာနှစ်ပါးလုံးကိုဖွင့်သော်လည်း အတတ်ပညာသည် အသိပညာရခြင်းအကြောင်း၊ အတတ်ပညာမှနေ အသိပညာဖြစ်ပေါ်ရကြောင်း အဓိပ္ပာယ်ပေါ်အောင် ဖွင့်သည်။ ထိုသို့ထူးသည်။
ဉာဏ်ပညာဟုတွဲ၍သုံးသည့်အတိုင်း ဉာဏ်နှင့် ပညာသိခြင်း အဓိပ္ပာယ်အားဖြင့် အတူတူပင်ဖြစ်၏။ ဝေါဟာရသာကွဲ၏။၊ ထိုပညာသည် ကမ္မဿကတာပညာ၊ သစ္စာနုလောမိကပညာ ဟု နှစ်မျိုးရှိ၏။ အကုသိုလ်ကံသည် ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ကုသိုလ်ကံသည်သာ ကိုယ်ပိုင်ဥစ္စာဟု ဝေဖန်ပိုင်းခြားသိမြင်နိုင်မှုကို 'ကမ္မဿကတာ ပညာ' ဟုခေါ်၏။ ရုပ်နာမ်ဓမ္မသင်္ခါရတွေဟာ အနိစ္စ ၊ဒုက္ခ၊ အနတ္တတွေချည်း ပါပဲလားဟု ပိုင်းခြားရှုမြင်မှုကို 'သစ္စာ နုလောမိကပညာ' ဟုခေါ်၏။
ဝိဘင်္ဂပါဠိတော်၌ သုတမယပညာ၊ စိန္တာမယပညာ၊ ဘာဝနာမယပညာဟု ပညာသုံးမျိုးဟောထား၏။ ကြားဖူးနာဖူး ဖတ်ဖူးမှတ်ဖူးလို့သိသော ပညာသည် သုတမယပညာ ဖြစ်၏။
ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဝေဖန်၍ သိသောပညာသည် စိန္တာမယပညာ ဖြစ်၏။
ပွားများအားထုတ်၍ သိသောပညာသည် ဘာဝနာမယပညာ ဖြစ်၏။
အဘိဓမ္မာသဘောအရ ပညာအစစ်သည် ကုသိုလ်စိတ်နှင့် ယှဉ်တွဲပြီးတော့ဖြစ်ရ၏။ လောကအတတ်ပညာတို့သည် ထိုပညာတို့နှင့်စပ်၍ အများအပေါ် စိတ်ကောင်းစေတနာ ကောင်းထားလျှင် ပညာဖြစ်နိုင်၏။ စိတ်ယုတ်မာတွေထားလျှင် ပညာမဟုတ်တော့။ မာယာသာဖြစ်တော့၏။
မည်သည့် အတတ်ပညာမဆို ကုသိုလ်စိတ်ဖြစ်မှ ပညာဖြစ်၏။
အကုသိုလ်စိတ်ဖြစ်လျင် ပညာမဖြစ်နိုင်၊ မာယာ ဖြစ်ဖို့များ၏။
ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့
ပညာရှိဖို့၊ ဉာဏ်ကောင်းဖို့ အကြောင်းငါးချက်ရှိ၏။
အတိတ်ဘ၀က ဉာဏ်ပညာကို ဖြစ်စေနိုင်သော ကောင်းမှုကံပါရှိရ၏။
ဒေါသဗျာပါဒကင်းသော ဗြဟ္မာ့ပြည်၌ဖြစ်ရ၏။ အသိပညာရင့်ကျက်ရ၏။
ကိလေသာ တွေဝေးကွာ၍ ကိလေသာနည်း သူဖြစ်ရ၏။
တိဟိတ်ပဋိသန္ဓေနေခဲ့ပြီး ဇာတိပညာပါရှိသူဖြစ်ရ၏။
ပညာပါရမီဖြည့်ဆည်းခဲ့၍ ပညာပါရမီရှိသူတို့သည် ပညာရှိကြ၊ ဉာဏ်ကောင်းကြ၏။
ဒေါသဗျာပါဒ ကင်းသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။
အသိပညာရင့်ကျက်သူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ကိလောဘ နည်းပါးသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။ ဇာတိပညာပါသူတို့သည် ပညာရှိကြ၏။ ဉာဏ်ကောင်းကြ၏။
ဤကား သင်္ဂြိုဟ်ဘာသာဋီကာ၏အဆိုတည်း။
ဣတိဝုတ်ပါဠိတော် အန္ဓကရဏသုတ်၌ ပညာရှိကြောင်း၊ ဥာဏ်ကောင်းကြောင်းတို့ကို ဟောထားတော်မူ၏။ ''ကုသိုလ်ဝိတက်သုံးမျိုးက ဉာဏ်မျက်လုံးကြည်လင်ပြီး အမြင်စူးရှအောင် လုပ်ပေးတတ်တယ်။ ဉာဏ်မျက်လုံးအားကောင်းပြီး အမြင်သန် အောင် လုပ်ပေးတတ်တယ်။ ဉာဏ်ပညာဖွံ့ဖြိုးတိုးပွားအောင် လုပ်ပေးတတ်တယ်။ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်တယ်။ကုသိုလ်ဝိတက် သုံးမျိုးဆိုတာ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊အ၀ိဟိံသာဝိတက်တို့ပဲ''။
နေက္ခမ္မ၀ိတက်ဟူသည် အကုသိုလ်တွေကလွတ်နေပြီး ကုသိုလ်တွေကို တွေးတောနေခြင်းဖြစ်သည်။ ဘုရားအာရုံပြု၊ တရားအာရုံပြု၊ သံဃာအာရုံပြု၊ ကုသိုလ်ကိစ္စအာရုံပြု၊ အများကောင်းကျိုးတွေးဆိုလျှင် နေက္ခမ္မ၀ိတက်ဖြစ်သည်။ ပရဟိတ ၀ိတက်ဟု ဆိုနိုင်သည်။
အဗျာပါဒ၀ိတက်က မေတ္တာနှင့်တွေးခြင်းဖြစ်သည်။ အ၀ိဟိံသာဝိတက်က ကရုဏာနှင့် တွေးခြင်းဖြစ်သည်။ ထိုကုသိုလ်ဝိတက်သုံးမျိုးကို တွေးပေးလျင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။ သံယုတ်ပါဠိတော်၊ သုတ္တနိပါတ် ပါဠိတော်တို့၌လည်း  ပညာရှိကြောင်း ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားရှင်ဟောထားခဲ့သည်။ သူတော်ကောင်း တရားကို မမှိတ်မသုန် ယုံကြည်မှု သဒ္ဓါတရားရှိရမည်။
ပညာရှိထံ ဆည်းကပ်နာခံမှတ်သားခြင်း ရှိရမည်။ မမေ့မလျော့သော သတိတရားရှိရမည်။ စူးစမ်းဆင်ခြင်မှုရှိရမည်။ ထိုလေးပါးနှင့်ပြည့်စုံလျင် ပညာရှိမည်။ ဉာဏ်ကောင်းမည်။
အဂုင်္တ္တိုရ်ပါဠိတော် ပညာ ၀ုဒ္ဓိသုတ်၌ ပညာတိုးကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ဘုရားမိန့်ခဲ့သည်။ သူတော်ကောင်းနှင့်ပေါင်းသင်းရမည်။ သူတော်ကောင်းတရား နာကြားရမည်။ နာခံရမည်။ မှန်ရမည်။ နှလုံးသွင်းမှုမှန်ရမည်။ တရားကျင့်ရမည်။ သမာဓိအလုပ်ကိုလုပ်ရမည်။
အဋ္ဌင်္ဂုတ္တရပါဠိတော်၌ ပညာဉာဏ်တိုးပွားကြောင်း အကျင့်ကောင်းရှစ်ပါး ဘုရားဟောထားခဲ့သည်။ ဆရာသမားအပေါ် လေးစားရမည့် အပေါင်းအသင်းတွေအပေါ် ရှက်တတ်၊ ကြောက်တတ်ရမည်။ ချစ်ခင်လေးစားမှုရှိရမည်။ မကြာခဏ ချဉ်းကပ်ပြီး အကြောင်းအကျိုး မေးမြန်းဆွေးနွေးရမည်။ ကိုယ်စိတ်နှစ်ပါး စိတ်ငြိမ်အေးချမ်းစွာ နေတတ်ရမည်။ကိုယ်ကျင့်သီလရှိရမည်။ဗဟုသုတရှိရမည်။ အစအလယ်အဆုံး ကောင်းခြင်းသုံးပါးပြည့်စုံသော စာပေကို သင်အံဖတ်ကြားမှတ်သားရမည်။ အကုသိုလ်တရားတွေပယ်ဖို့ ကုသိုလ်တရားတွေ တိုးပွားဖို့ကြိုးစားရမည်။ အကျိုးမရှိသော စကားမပြောဘဲ အကျိုးရှိသော စကားပြောရမည်။ ခန္ဓာငါးပါးဖြစ်ပျက်ကို အဖန်ဖန် ရှုမှတ်ရမည်။
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။ လူကြီးသူမဆရာသမားများထံ ချဉ်းကပ်ပြီး အဖန်ဖန်မေးရမည်။ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုရမည်။ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဣနြေ္ဒငါးပါးမယုတ်မလွန်ညီမျှအောင် ကျင့်သုံးရမည်။ အသိဉာဏ်ပညာ မရှိသူတို့ကို ဝေးဝေးရှောင်ရမည်။ အသိဉာဏ်ပညာရှိသူတို့ကို မှီဝဲပေါင်းသင်းရမည်။ ဉာဏ်၏ကျက်စားရာ နက်နဲသော တရားသဘောတို့ကို ဆင်ခြင် သုံးသပ်ရမည်။ဣရိယာပုထ်လေးပါး အသိပညာရရှိရေးသာ စိတ်ညွတ်နေရမည်။
မိလိန္ဒပဥှာပါဠိတော်၌ ပညာရှိကြောင်း၊ ဉာဏ်ကောင်းကြောင်းတို့ကို ပြဆိုထားသည်။
အသက်အရွယ်ကြီး ရင့်ရမည်။ အခြံအရံ အကျော်အဇောများရမည်။ အဖန်ဖန်မေးရမည်။
ရေဆိပ်ပမာ ဆရာနှင့်ပေါင်းဖော်ရမည်။ သင့်လျော်သော နှလုံးသွင်းရှိရမည်။ ဆွေးနွေးတိုင်ပင်ရမည်။ အစေးကူးသူနှင့် နေထိုင်ပေါင်းသင်းရမည်။ သင့်လျော်ရာအရပ်၌ နေရမည်။
အရာရာမှာ ပညာသာပဓာနဖြစ်သည်။
ပညာအရင်းအမြစ်၊ ပညာအရင်းအနှီး၊ ပညာသယံဇာတ အရေးကြီးသည်။
စိတ္တေနနိယျတေလောကော- တစ်လောကလုံးကို စိတ်ကဦးဆောင်သည်ဟု ဘုရားဟောသော်လည်း ထိုစိတ်ကို ပညာနှင့်ထိန်းကွပ်၊ ပညာ နှင့်ထိန်းကျောင်းပေးရမည်။
ပရမတ္ထနိဗ္ဗာန်ကို သိနိုင်မြင်နိုင်ဖို့ မဂ်ပညာ ဖိုလ်ပညာ လိုအပ်သလို လောကနိဗ္ဗာန် ကို သိနိုင်မြင်နိုင် ရရှိနိုင်ဖို့ ခေတ်ပညာတွေ လိုအပ်တာကတော့ အမှန်ပင်ဖြစ်သည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)