Friday, April 23, 2010

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ (၁)

ဖိုးပညော (သပိတ်ကျင်း)
ငွေဟာ လူတွေရဲ့ သည်းခြေကြိုက် တစ်မျိုးဖြစ်ပါတယ်။
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်သည့်အတွက် လူတိုင်းဟာ ငွေကို မက်မောကြပါတယ်။
ငွေကြောင့် လူတွေချမ်းသာသုခရကြသလို
ငွေကြောင့်လည်း သောကပင်လည်ဝေနေကြရတဲ့ လူတွေလဲ အများကြီး ရှိပါတယ်။
ငွေကို လူတွေ ဘာကြောက်မက်နေကြတာလဲလို့ဆိုရင် အဓိကအကြောင်းရင်းကတော့
စားဝတ်နေရေး ကျန်းမာရေးတွေကြောင့်ပဲဖြစ်ပါတယ်။
စားဝတ်နေရေး ကျန်းမာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ်။
ဒါ့ကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွတ်တဲ့ လူတွေတောင် ရှိပါတယ်။
တချို့က ငွေသာရမယ်ဆိုရင် မိမိရဲ့ အရှက်နဲ့ သိက္ခာကို စတေးပြီး ရှာကြံကြပါတယ်။
တချို့ကတော့ သူတစ်ပါးတွေရဲ့ အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပါတယ်။
တချို့ကြပြန်တော့လည်း မျက်မှောက်ဘ၀မှာ ဖြစ်ပျက်နေတဲ့ ဘ၀ပြဿနာကို
ဖြေရှင်းနိုင်ဖို့အတွက် သံသရာမှာ ကျင်လည်ရမည့်အရေးကိုပါ ထည့်မစဉ်းစားနိုင်တော့ပဲ
ဘ၀ကို ရေစုံမျှောလိုက်ကြတဲ့ လူတွေလဲ ရှိခဲ့ကြပါတယ်။
မိမိတို့ ဘိုးဘွားစဉ်ဆက်တွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုစတာတွေလည်း သတမထားနိုင်ဘဲ လက်ရှိတွေ့ကြုံနေရတဲ့
ဘ၀အခက်အခဲကို ပြေလည်သွားရင် ပြီးတာပဲဆိုပြီး
အမျိုး၊ ဘာသာအပေါ် သစ္စာမဲ့သွားကြတဲ့လူတွေလည်း အများကြီးပဲ။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့ မိသားစုအကြောင်းကို ပြောပြချင်ပါတယ်။
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့မှာ သားသမီးခြောက်ယောက်ရှိပါတယ်။
အကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားပြီမို့ မိဘတွေနဲ့ အတူမနေကြတော့ပါဘူး။
ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့အတူနေပြီး
သုံးယောက်ကတော့ ကျောင်းတက်နေတုန်းဖြစ်ပတယ်။
ကိုကြည်လွင်ဟာ အလွန်ရိုးသားဖြူစင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ဆေးလိပ် အရက်စတာတွေလည်း မသောက်မစားပါဘူး။
သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ပီသစွာ လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။
    အသက်ငါးဆယ်လောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ ဘ၀ကျဆုံးချိန်လို့ပဲ ပြောရမှာပါပဲ။
တနေ့မှာ ကိုကြည်လွင်ဘ၀အတွက် အမှောင်လမ်းကို လျှောက်လှမ်းဖို့
လေဖြတ်ခြင်းရောဂါဆိုတဲ့ အရိပ်မဲကြီး ကျရောက်ခဲ့ပါတယ်။
ခန္ဓာကို ညာဘက်တခြမ်းလုံး ဘယ်လိုမှ လှုပ်ခြားလို့ မရတော့ပဲ
အိပ်ယာထဲမှာ ဘုန်းဘုန်းလဲခဲ့ရပါတယ်။
တစ်အိမ်လုံးမှာ ကိုကြည်လွင်ရဲ့လုပ်စာနဲ့ ဘ၀ရပ်တည်နေတဲ့ မိသားစုစားဝတ်နေရေးဟာ
တော်တော်လေး ကျပ်တည်းသွားရပါတယ်။
ကိုကြည်လွင်ရဲ့ ရောဂါကိုလည်း ရှိသမျှပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး ကုသပေးပေမဲ့လည်း
ထူးခြားခြင်းမရှိခဲ့ပါဘူး။
ဇနီးဖြစ်သူ မခင်အုံးမြင့်အနေနဲ့လည်း အိမ်ထောင်ကျကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ခဲ့ဘူးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အရေးကြုံလာတဲ့အခါမှာတော့
မိသားစုစားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လျှော်လိုက်၊ မိုးတွင်းကာလမှာ ချောင်းမြောင်းထဲက ကန်စွန်းရွက်ခူးရောင်းလိုက်၊ သူတပါးအိမ်ခြံဝင်းအတွင်း ပေါင်းမြက်ရှင်းလိုက်
စတဲ့ကျပမ်းအလုပ်များကို လုပ်ကိုင်ရပါတော့တယ်။
မခင်အုံးမြင့်ရဲ့ ကြိုးစားမှု လုံ့လ၀ီရိယတွေကြောင့် မိသားစု စားဝတ်နေရေးမှာ
အချောင်လည်ကြီး မဟုတ်ပေမဲ့ ငါးပိရေနဲ့ ကန်စွန်းရွက်တို့စရာကတော့ နပ်မှန်ခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သူတို့မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျတဲ့
နေ့တစ်နေ့ နောက်ထပ် ကြုံတွေ့လာရပြန်တယ်။
မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွေမှာ ကျရောက်ခဲ့တဲ့
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ သူတို့မှီခိုအားထားနေထိုင်ရာ
အိမ်ဂေဟာကို ဖျက်ဆီးဝါးမြိုပစ်လိုက်ပါတယ်။
မခင်အုံးမြင့်ဟာ လေဖြတ်ရောဂါနဲ့ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့ ကိုကြည်လွင်ကို
ပြုစုနေရတာက တစ်မျိုး၊ မိသားစုစားဝတ်နေရေး ကျပ်တည်းရတာက တစ်ဖုံ၊
နေအိမ်ပြိုလဲသွားရတာက တစ်နည်းဆိုတော့ သောက အပူလုံး ကြိမ်မီးအုံးသလိုမျိုး ဖြစ်ခဲ့ရပါတယ်။
ရန်ကုန်မြို့အနေအထားအရ နေဖြစ်ရုံ အိမ်တစ်လုံးဆောက်နိုင်ဖို့ဆိုတာတောင်
တော်ရုံတန်ရုံငွေကြေးနဲ့ မပြီးမြောက်နိုင်ပါဘူး။
ကိုကြည်လွင်သာ ကျန်းမာရေးကောင်းနေမယ်ဆိုရင်လည်း ပြိုလဲပျက်စီးသွားတဲ့
အိမ်ရဲ့ အပိုင်းအစလေးတွေနဲ့ ပြန်ဆောက်လိုက်မယ်ဆိုရင်တောင် ဖြစ်သလိုနေနိုင်လောက်တဲ့
အိမ်ကတော့ ဆောက်လို့ရနိုင်ပါတယ်။ အခုတော့
သူတို့မိသားစုအနေနဲ့ သိကြားမင်းစေခိုင်းတဲ့ ၀ိသကြုံနတ်သားဖန်ဆင်းပေးမဲ့
အိမ်ဂေဟာကိုပဲ မျှော်လင့်နေရပါတယ်။
ကိုကြည်လွင်အနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်မပါ၊ လိုရာမရောက် ခရီးမပေါက်ဖြစ်နေတဲ့အပြင်
အသက်ရှင်လျက် ဘ၀သေသလိုဖြစ်နေပါတယ်။
နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးဆုံးသွားတဲ့အခါ ပျက်စီးဆုံးရှုံးသွားကြတဲ့မိသားစုတွေကို လူမျိုးအသီးသီး ဘာသာစုံအသီးသီး အဖွဲ့အစည်းအသီးသီးတို့မှ
စွမ်းအားရှိသလောက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုကြည်လွင်၊ မခင်အုံးမြင့်တို့နေတဲ့ ရပ်ကွက်ထဲမှာလည်း
ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေလည်း
လာရောက်လှူဒါန်းလျက်ရှိပါတယ်။ အဲသည်ပုဂ္ဂိုလ်တွေဟာ
မရှိဆင်းရဲနွမ်းပါးတဲ့လူတွေကို လူသားချင်း စာနာထောက်ထားပြီး ရိုးရိုးသားသားနဲ့
ထောက်ပံ့လှူဒါန်းကြမယ်ဆိုရင် ၀မ်းမြောက်နုမော် သာဓုခေါ်စရာဖြစ်ပါတယ်။
ဒါပေမဲ့
ပွဲလန့်တုန်းဖျာခင်းဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ ဒါဟာ တကယ့်စေတနာ အစစ်အမှန် မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အလှူဒါနပြုကြပြီဆိုရင် ကိုယ်လှူဒါန်းလိုက်တဲ့ ပုဂ္ဂိုလ်ထံက
ဘာမှ မျှော်လင့်ချက်မထားပါဘူး။
ဗုဒ္ဓကလည်း ခံတွင်းက ထွေးထုတ်လိုက်တဲ့ တံတွေးပေါက်လို ကပ်ငြိတယ်တာခြင်းမရှိပဲ
လွတ်လွတ်ကျွတ်ကျွတ်စွန့်ကြဲရမယ်ဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။
အချို့ဘာသာဝင်တွေက အဲ့ဒီလို မဟုတ်ပါဘူး။
ကိုယ့်ဆီကပေးရင် သူဆီကလဲ ပြန်လိုချင်မှုတွေ ရှိကြပါတယ်။
အဲဒါကတော့ အခြားတော့မဟုတ်ပါဘူး။
သူတို့နဲ့ အမြင်တူ အကျင့်တူဖြစ်တဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ဖို့ရာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေကို အစားအသောက် အကူအညီ အထောက်အပံ့တွေပေးပြီး ဗုဒ္ဓဘာသာကို အတင်းအကျပ် ကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မရှိကြပါဘူး။ ကိုယ်ကျွေးမွေးထောက်ပံ့လှူဒါန်းနိုင်လို့ ပေးကမ်းစွန့်ကြဲရင်တောင်
အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး ပုဂ္ဂိုလ်မရွေးဘဲ
လွတ်လွတ်စွန့်ကြဲ ပေးကမ်းလိုက်တာမျိုးပဲ ရှိပါတယ်။
ကိုယ်လှူဒါန်းလိုက်လို့ အလှူခံပုဂ္ဂိုလ်တွေ ချမ်းသာသွားတာကို မြင်လိုက်ရရင်ပဲ
အလှူပေးပုဂ္ဂိုလ်တွေအနေနဲ့ ဒိဌလက်ငင်း ကြည်နူးမှုဖြစ်ရတဲ့
ကုသိုလ်မျိုးကိုပဲ မျှော်လင့်ခဲ့ကြပါတယ်။
အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ လာရောက်ပေးကြပါတယ်။
အစတုန်းကတော့ ဘာတစ်ခုမှ တောင်းဆိုမှုမရှိဘဲ ပေးကမ်းကြပါတယ်။
ကိုကြည်လွင်တို့ မိသားစုကလည်း သူတို့မိသားစု ဒုက္ခသုက္ခရောက်နေတဲ့ အချိန်မှာ
လာရောက်ပေးကမ်းကြတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်မဆုံးရှိကြပါတယ်။
ဆက်လက်ဖော်ပြမည်