Monday, April 19, 2010
လူထုစိန်ဝင်းရဲ့ ခေတ်သစ် ပုတ္တောဝါဒ
ငြိမ်းဝေ
ကျနော်ငယ်စဉ် အသက် ၁၅ နှစ်ဝန်းကျင်က ကျနော့်စိတ်ထဲဖြစ်ပေါ်လာတဲ့ အကြောင်းအရာတခုကို အခြေအနေနဲ့ အချိန် အခါကို ထည့်စဉ်းစားနိုင်စွမ်းမရှိဘဲ ထုတ်ပြောမိလို့
အိမ်ပေါ်က မောင်းချတာ ခံခဲ့ရဖူးတယ်။
ဒီတုန်းက ကျနော်က မိဘများနဲ့အတူ ပဲခူးမြို့သွန်းဘုရားလမ်းထဲ နေထိုင်စဉ်တုန်းကဖြစ်ပါတယ်။ ကျနော်တို့အိမ်မှာ တခါ တလေ ရပ်ကွက်ထဲက
တရားဝါသနာပါတဲ့ ဖခင်ရဲ့ မိတ်သင်္ဂဟတွေ အိမ်ကိုလာလည်ရင်း
ဘုရားအကြောင်း တရားအကြောင်း ဝိုင်းဖွဲ့ ပြီးပြောတတ်ကြပါတယ်။
ကျနော်က လူကြီးတွေပြောတဲ့စကားတချို့ကို
ဘေးဘီက ဝေယျာဝစ္စလေးတွေလုပ်ပေးရင်း နားစွင့်ထားတတ်ပါတယ်။
ဒီလို မသိမသာ ခိုးပြီးနားထောင်တာကို လူကြီးတယောက်ကသိပါတယ်။
ဒါကြောင့်မို့ တနေ့တော့ ကျနော့်ကို မင်းဒီလို စိတ်ဝင်စားတယ်ဆိုရင် ဒီလိုနားထောင်နေရုံနဲ့တော့ ဘယ်ဖြစ်မလဲပေါ့၊ မသိတာရှိရင်၊ သိချင်တာရှိရင်လည်း ဝင်ပြီးမေးပေါ့လို့ ဖိတ်ခေါ် ပါတယ်။
ကျနော် တော်တော်လေးကို ပျော်သွားပါတယ်။
အဲဒီညက အိပ်လို့တောင် မပျော်ပါဘူး။
နောက်တခါ အဲဒီဦးလေးကြီး တွေနဲ့ ဆုံရင် ငါသိချင်တာလေးတခုတော့ မေးလိုက်ဦးမယ်ပေါ့။
နောက်တခါ အဲဒီဦးလေးကြီးတွေ အိမ်မှာစုကြတဲ့အခါ ကျနော်က အဲဒီနေ့ကျကာမှ ရေနွေးတွေဘာတွေတည်ဖို့ မပြောရ အောင် လိုလေသေးမရှိပြင်ဆင်ပေးပါတယ်။
ရင်ထဲမှာလဲ ကြိတ်ပြီး ဝမ်းသာနေမိတယ်။
ဝမ်းသာနေမိတယ် ဆိုတာထက် ရင်တွေခုန်နေတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။
ဒါနဲ့ပဲ ပြီးခဲ့တဲ့တကြိမ်တုန်းက ကျနော့်ကို စကားဝိုင်းထဲဝင်ဖို့ တံခါးဖွင့်ပေးခဲ့တဲ့ အဲဒီဦးလေးကြီးကပဲ ကျနော့်ကို မှတ်မှတ်ရရ မသိတာရှိရင်မေးလေကွာလို့  ကျေနပ်ကြည်နူးတဲ့မျက်နှာနဲ့ ဖိတ်ခေါ်ပြန်ပါတယ်။ ကျနော်က မေးခွန်းတခုကိုမေးပါတယ်။
ကျနော်မေးတဲ့မေးခွန်းက ဟိုး လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က သေဆုံးသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့် ခွန်းတွေဟာ အဲဒီတုန်းက အသံဖမ်းစက်တွေ ပေါ်ခါစဖြစ်တာတောင် အကုန်လုံးအသံမသွင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့မိန့် ခွန်းအများစုဟာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။
ဒါဆိုရင် စာတို့ ပေတို့ မပေါ်သေးတဲ့ ဟိုးနှစ်ပေါင်း ၂၀၀၀ ကျော်လောက်က
ဟောခဲ့ပြောခဲ့တဲ့ ဗုဒ္ဓရဲ့ တရားတွေဟာ စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တာမဟုတ်လို
့အခု ကျနော်တို့ ပြောနေတဲ့ တရားတော်တွေ အားလုံးဟာ ဗုဒ္ဓရဲ့တရားတော်တွေ အကုန်လုံးအမှန်ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို
စိတ်အားထက်သန်စွာနဲ့ ကို မေးလိုက်ပါတယ်။
ဒီတုန်းက ဘေးမှာထိုင်နေတဲ့ ကျနော့် ဖခင်ရဲ့တုံ့ပြန်မှုကလည်း လျှင်မြန်ပါတယ်။
ကျနော့်ကို ဆွေးနွေးပွဲတံခါးဖွင့်ပေးခဲ့တဲ့ အဲဒီ ဦးလေးကြီးကလည်း
နောက်နောင် ကျနော်နဲ့ လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်တော့တာပါပဲ။
ဖခင် က ကျနော့်ကိုပြောလိုက်တဲ့စကားကလည်း ရှင်းပါတယ်။
နောက်နောင် မင်းဒီလိုစကားမျိုးပြောမယ်ဆိုရင်
မင်းဒီအိမ်ပေါ်က  ခေါင်းနဲ့ ဆင်းရမယ်သာမှတ် ဆိုတဲ့စကားပါပဲ။
အခု ကျနော် လူထုစိန်ဝင်းရဲ့“လူထုရနံ့ စာစုများ” စာအုပ်ကိုဖတ်တဲ့အခါ
ဟိုတချိန်တုန်းက လမ်းမှာတွေ့ ရင် မျက်နှာချင်းမဆိုင်ဘဲ
မျက်နှာ လွှဲသွားခဲ့တဲ့ ဦးလေးကြီးကို သတိရနေမိပါတယ်။
ဒီစာအုပ်ထဲမှာ ဆရာလူထုစိန်ဝင်းဆီကို မေးခွန်းတွေ လာလာမေးကြတဲ့ လူငယ်တွေဟာ
ကျနော့်ထက်တော့ ကံကောင်း တယ်လို့ ဆိုနိုင်တာပေါ့။
ဘာပြုလို့ လည်းဆိုတော့ ဆရာလူထုစိန်ဝင်းက မသိတာလာမေးတဲ့လူငယ်တွေကို
တစုံတရာ မရှင်းလင်းလို့ စောဒက တက်တဲ့လူငယ်တွေကို
မျက်နှာလွှဲမသွားပါဘူး။ မျက်နှာချင်းဆိုင်ထိုင်ပြီး သူသိသလောက် သူရှင်း လို့ရသလောက် အကြေအလည်ပြန်လည်ရှင်းလင်းလိုက်တာမို့ 
သူ့ ဆီလာတဲ့လူငယ်တွေက ကျနော့်ထက် ကံကောင်းတယ်လို့ ကျနော် ဆိုလိုက်တာပါ။
*   *   *   *   *
ဆရာ လူထုစိန်ဝင်းဟာ စာတွေအများကြီး ရေးနိုင်တဲ့သူပါ။
အထူးသဖြင့် ကျန်းမာရေးအကောင်းပကတိ လူငယ်တွေတောင် လုပ်နိုင်ခဲတဲ့အလုပ်ကို အောက်ဆီဂျင်ပိုက်ရှူပြီးမှ အသက်ရှင်ရသူ လူမမာတဦးအနေနဲ့ 
လုပ်ပြနိုင်စွမ်းရှိတာ တခုတည်း နဲ့ တင် လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်စေပါတယ်။ သူဟာမြန်မာစာနယ်ဇင်းလောကမှာ လူငယ်တွေအပေါ် အလေးအနက် အထားဆုံး၊
လူငယ်တွေအပေါ် နားလည်နိုင်အောင် အကြိုးစားဆုံး၊
လူငယ်တွေအပေါ် ယုံကြည်မျှော်လင့်မှု အရှိဆုံးပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ
ဘယ်သူမှ မငြင်းနိုင်အောင် သူ့ စာတွေက သက်သေဖြစ်စေခဲ့ပါတယ်။
တလတလ သူရေးပေးနေခဲ့တဲ့ ဆောင်းပါးပေါင်းစုံအရေအတွက်ဟာ ၁၀၀ ကျော်မှာရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ လာတွေ့ သမျှလူငယ်တွေနဲ့ ထိုင်ပြီးပြောပြ ရှင်းပြနေခဲ့တဲ့အလုပ်တွေပါထည့်တွက်ရင် လူမမာတဦးအနေနဲ့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရနိုင်တဲ့ အလုပ်တွေပါပဲ။
ဒါပေမယ့် ဆရာ လူထုစိန်ဝင်းကတော့ အသေအချာကို စိတ်ကူးယဉ်တဲ့သူပါ။
စိတ်ကူးယဉ်နိုင် စွမ်းတဲ့ အာဂ ပုဂ္ဂိုလ်ပါ။
လူငယ်တွေအပေါ်စိတ်ဝင်စားခြင်းဟာ အနာဂါတ်အတွက်ဖြစ်ပါတယ်။
လူငယ်တွေကိုယုံကြည်ခြင်းဟာ အနာဂါတ်ကို ယုံကြည်ခြင်းပါပဲ။
သူ့ ရဲ့ ဒီသဘောထား ဒီယုံကြည်မှုကို ဖေါ်ပြနိုင်တဲ့ စာအုပ်တွေထဲမှာ
လူထုရနံ့ စာစုများ စာအုပ်ဟာ လောလောဆယ်မှာ တော့ အပြည့်စုံဆုံးစာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆောင်းပါး (၅၅)ပုဒ်ပါရှိတဲ့အနက် (၂၂ )ပုဒ်ဟာ လူငယ်တွေကိုချည်း ရည်ညွှန်းရေးသားတဲ့ဆောင်းပါးများပဲဖြစ်ပါ တယ်။
ကျန်တဲ့ဆောင်းပါးတွေကတော့ လူကြီးတွေကိုရည်ညွှန်းတာလည်းရှိ
ဂျာနယ်လောကသားတွေနဲ့ သူ့ကိုယ်သူ ရည် ညွှန်း ရေးသားတဲ့ ဆောင်းပါးများဖြစ်ပါတယ်။
ဒီစာအုပ်ထဲက လူငယ်တွေနဲ့ ပတ်သက်တဲ့ဆောင်းပါးအားလုံးဟာ လူငယ်တွေ ကို ယုံကြည်မှုအပြည့် လေးနက်မှုအပြည့်နဲ့ အားစိုက်ခွန်စိုက်ထားပြီးရေးခဲ့တယ်ဆိုတာလည်း ထင်ရှားပါတယ်။
ဆရာက သူ့ ရဲ့ဆောင်းပါးတပုဒ်မှာ သမိုင်းမှာ သင်ခန်းစာယူစရာကိစ္စတွေကိုကြည့်ပြီး
ဒီလိုအမှားမျိုး နောက် မမှားမိစေဖို့ ။ ဥပမာ သတင်းစာသမား ဂျာနယ်သမားလူငယ်တွေကို
ဆရာက သူရိယနဲ့ မြန်မာ့အလင်း သတင်းစာကြီး နှစ်ခုရဲ့အဖြစ်ကိုပြောပြီး သင်ခန်းစာယူစေပါတယ်။
သူရိယ သတင်းစာကြီးဟာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး ပီမိုးနင်း တို့လို
ပုဂ္ဂိုလ်တွေ လုပ်ကိုင်ခဲ့ကြတဲ့ တကယ့် လူရော ရှင်ပါ ရိုသေလေးစား
သြဇာတိက္ကမ ကြီးမားတဲ့ သတင်းစာကြီးဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘကြီးဘဘေက
၂၁ ဦးဂိုဏ်းထောင်ပြီး အင်္ဂလိပ်ကပေးတဲ့ ငါးထောင်စားအလုပ်ကိုလုပ်လို့ 
သူ့ လက်ထက် သူရိယ သတင်းစာကြီး သြဇာကျဆင်းသွားရတယ်။
အင်္ဂလိပ်အစိုးရနဲ့ ပေါင်းသွားတဲ့ အမျိုးသားသစ္စာဖောက်တယောက်ရဲ့ သတင်းစာကြီးအဖြစ်
လူတွေက သတ်မှတ်လိုက်ကြတယ်။
နောက်ပိုင်းမှာ ဂဠုန်ဦးစော လိုပုဂ္ဂိုလ်က သူ့ ရဲ့နိုင်ငံသြဇာ ထူထောင်ဖို့ ကြိုးစားတဲ့အနေနဲ
သူရိယ သတင်းစာကြီး ရေစုံမျောရတဲ့အကြောင်း ထောက်ပြပါတယ်။
( ဖတ်ပါ လေ့လာပါ အတုမခိုးပါနဲ့ ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ ပါးနပ်ကြဖို့ ၊ ပရဟိတနဲ့ အတ္တဟိတ ကိစ္စတွေအပေါ်
မှန်မှန်ကန်ကန်သုံးသပ်ဖို့ ကိုလည်း ဆရာက ရေးပါတယ်။
ဥပမာ ကုလသမဂ္ဂ အဖွဲ့ ကြီးရဲ့ကုန်ကျစရိတ်မှာ အဖွဲ့ ကြီးရဲ့ အရာရှိကြီးတွေသွားတာ လာတာ နေတာထိုင်တာတွေကြောင့် စုစုပေါင်းကုန်ကျစရိတ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ရှိကြောင်း ၊
အင်ဂျီအို တခုက ငွေဆောင်ကမ်းခြေမှာလုပ်တဲ့ ဝပ်ရှော့ တခုဆိုရင်
ဟိုတယ်ကြီးနှစ်ခုကို အပြတ်ငှားပြီး နေထိုင်စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေပါ ကျခံပေးကြောင်း တကယ်တော့ ဒီကုန်ကျစရိတ်တွေက စာသင်ကျောင်းနဲ့ ဆေးရုံတွေအတွက်ဖြစ်သင့်ကြောင်း ထောက်ပြပြီး လူငယ်တွေ အင်ဂျီအို လုပ်ငန်းတိုင်း မသာယာမိဖို့ သတိပေးပါတယ်။
ဒီတော့လည်း ကျနော်တို့ ပြည်ပမှာလည်း ဆီမီနာတွေ ဝပ်ရှော့တွေ လုပ်တိုင်း မကုန်သင့်တာတွေအကုန်ခံပြီး ဆီမီနာ ဝပ်ရှော့ယဉ်ကျေးမှု ပေါ်ပြူလာဖြစ်နေတာကို ကျနော်သွားတွေးမိပါတယ်။
(အတ္တပရဟိတ လုပ်ငန်း ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ စာဖတ်ဖို့ လေ့လာဖို့ လိုတဲ့အကြောင်းပြောရင်းနဲ့ ရှေ့ကလုပ်သွားသူတွေဆီက
အတုမခိုးနဲ့လို့ ဆရာက ပြောပါ တယ်။ အတုမခိုးနဲ့ ကိုယ်က အသစ်ထွင်ရမယ်လို့ ဆိုပါတယ်။
အတုခိုးရင် သူများနောက်လိုက်တွေဖြစ်ပြီး အတုဟာ အတုပဲ ဖြစ်မယ့်အကြောင်းပြောပါတယ်။
ကျနော်တို့ က တသက်လုံး “စု၊ တု၊ ပြု” နဲ့ ကြီးပြင်းလာခဲ့တာမို့ 
ဆရာက ဒီလိုထောက်ပြလိုက်တော့ ကိုယ့်အယူအဆ ဖျာ လိပ်ကို
ခေါင်းပေါ်ကနေလွှတ်ချဖို့ အခုမှပဲ သတိထားမိပါတော့တယ်။
(ဖတ်ပါ၊လေ့လာပါ၊ အတုမခိုးပါနဲ့ ဆောင်းပါး)
ဆရာက လူငယ်အများစုမှာ ကြောက်စိတ်ရှိနေတယ်လို့ သူထင်ကြောင်း၊
ကြောက်စိတ်ဟာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ဖန်တီးမှု ကြောင့် ဖြစ်ရတာများကြောင်း ဆိုပြီးရေးပါတယ်။ ကြောက်စိတ်ကိုပျောက်အောင်ဖျောက်ဖို့ ဆိုရင်
ဘာမဆိုရင်ဆိုင်ပစ်လိုက် မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုကြောင်း
 ရင်ဆိုင်ပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကြောက်စိတ်ကမရှိတော့ကြောင်း
လူငယ်တွေကို အကြံပေးပါတယ်။
(ကြောက်စိတ်က ကြောက်စရာအကောင်းဆုံး ဆောင်းပါး - လူထုရနံ့ စာစုများ)
ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါးတွေထဲမှာ ကျနော် သိသိသာသာ သတိပြုမိတဲ့အချက်က
မြန်မာလူမျိုးတွေ နိုင်ငံရေးအမြင် အားနည်းတယ်ဆိုတဲ့အမြင်ကိ
ု ပြင်းပြင်းထန်ထန်ဆန့် ကျင်ရေးသားတဲ့အချက်ဖြစ်ပါတယ်။
(နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ ဆောင်းပါး - လူထုရနံ့ စာစုများ)
မြန်မာလူထုကို နိုင်ငံရေးဗဟုသုတနည်းပါးတယ်ဆိုတဲ့သူတွေ
လူထုကို နိုင်ငံရေးအရ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ဆိုတဲ့သူ တွေဟာ
တကယ်တော့ လူတွေထဲမှာမရှိဘဲ
လူတွေနဲ့ ကင်းကွာနေတဲ့ ရေပေါ်ဆီလူတန်းစားတွေသာဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။
လူတွေထဲမနေ လူတွေအကြောင်းမသိတော့ တိုင်းပြည်အကြောင်းလည်းမသိတော့ဘူးလို့ ဆိုပါတယ်။
ဒီတော့ လူထုကိုအထင်မကြီးဘဲ ကျောင်းတော်ကသင်ပေးတာလောက်ပဲ အထင်ကြီး၊ နိုင်ငံခြားသား ပြောတာတွေကိုပဲ အထင်ကြီးပြီး လူထုကို ဆရာလုပ်ဖို့ ကြိုးစားကြတယ်လို့ လည်း ပြောပါတယ်။
တကယ်တော့ မြန်မာလူထုဟာ နိုင်ငံရေး ရေချိန်အမြင့်ဆုံးလူမျိုးပါတဲ့။
မြန်မာလူမျိုးဟာ နိုငံရေးကို တက္ကသိုလ်ကျောင်းတော် က သင်ယူခဲ့တာမဟုတ်ဘဲ
ဘဝက သင်ယူခဲ့တာပါတဲ့။
ကိုလိုနီဘဝနဲ့ ဖက်ဆစ်ဂျပန်ခေတ်တွေမှာ လက်သည်းခွံခွာ ရေနွေးပူ အလောင်းခံပြီးမှ သင်ခဲ့ရတာပါ။ ဒါကြောင့်မို့ နိုင်ငံရေးဗဟုသုတမြင့်တဲ့အကြောင်း ဥပမာနဲ့ တကွ ရေးပါတယ်။
(လှမ်းစို့တူပျော် ရွှေပြည်တော် ဆောင်းပါး - လူထုရနံ့ စာစုများ)
လူငယ်တွေ ငြင်းခုန်ပြောဆိုကြတာကိုလည်း ဆရာကအားပေးပါတယ်။
လူငယ်တွေ ငြင်းကြခုန်ကြရင်းက အမှန်တရားကို ဆုပ်ကိုင်လာနိုင်မယ်လို့ ဆရာက ယုံကြည်ပါတယ်။ အခြေအတင် ငြင်းခုန်ဆွေးနွေး အဖြေရှာတဲ့ အလုပ်ဟာ ယဉ်ကျေးမှုရေး ရာ အလုပ်ဖြစ်တာမို့ 
ဆရာက လူငယ်တွေငြင်းခုန်ကြတာကို သဘောကျပါတယ်။
ဒါကြောင့်မို့ တောင်းရမ်းစားသောက်သူတွေကို အားပေးသင့်မသင့်ဆိုတဲ့ခေါင်းစဉ်နဲ့ 
လူငယ်တွေငြင်းကြ ခုန်ကြတဲ့အခါ ဘယ်ဟာ ပင်မ ဘယ်ဟာ သာမည ဆိုတဲ့ အဖြေကို
လူငယ်တွေ ငြင်းခုန်ရင်းက အဖြေရလာနိုင်တယ်လို့ ဆိုပါတယ်။
(ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ် ဆောင်းပါး - လူထုရနံ့ စာစုများ)
တောင်းရမ်းစားသောက်လာစေတဲ့ အဓိက တွန်းအား အဓိက တရားခံကို လူငယ်တွေသိမြင်လာစေပြီး အဲဒီပင်မကို ရှင်းမှ လူတွေတောင်းရမ်းစားသောက်တဲ့ အလုပ်ပပျောက်သွားမှာဖြစ်တယ်။ ပိုက်ဆံလှူပြီးကူညီလိုက်ရုံနဲ့ သူတောင်းစားတွေ ပျောက် သွားမှာမဟုတ်ဆိုတဲ့ အမြင်ကို ဆရာက လူငယ်တွေ ငြင်းခုန်ရင်းက ရလာစေတယ်လို့ သူ့ ရဲ့ကျောင်းသားများရဲ့
ငြင်းခုန်ပွဲတွေကို ဥပမာပေးပြီးပြောပါတယ်။
*   *   *   *   *
ဆရာ လူထုစိန်ဝင်းရဲ့ လူထုရနံ့စာစုများ စာအုပ်ဟာ ပြည်တွင်းမှာထုတ်ဝေတာ မဟုတ်ပါဘူး။
ပြည်တွင်းက ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေမှာ ဖေါ်ပြပြီးတဲ့ဆောင်းပါးများကို ပြည်ပမှာဖွဲ့စည်းထားတဲ့ မြန်မာသတင်းသမဂ္ဂက စုစည်းထုတ်ဝေတာ ပါ။ ပြည်ပမှာ ထုတ်ဝေတာပါ။
ဒီစာအုပ်မှာ အဓိကအားဖြင့် ဆရာလူထုစိန်ဝင်းက လူငယ်တွေကို ပညာပေးဖို့ ၊ လူငယ်တွေကို အတွေးအခေါ် ထက်မြက်စေ ဖို့ ၊ လူငယ်တွေကို ဘာမဆို ရင်ဆိုင်ဖြေရှင်းရဲ
ဖြေရှင်းနိုင်ဖို့ အဓိကထားတဲ့ဆောင်းပါးများက အများစုဖြစ်ပါတယ်။
လူထုရနံ့ စာစု များ စာအုပ်ဟာ တကယ်တော့ ဆရာလူထုစိန်ဝင်း ရဲ့
လူငယ်တွေကို ပညာပေး ဆုံးမပဲ့ပြင်တဲ့ စာအုပ်ဖြစ်ပါ တယ်။
လူထုစိန်ဝင်းရဲ့ ပုတ္တောဝါဒ အမြင်စာအုပ်ဖြစ်ပါတယ်။
ဒါပေမယ့် အစဉ်အလာ အယူအဆဟောင်းအရ
ငါပြောတာ နားထောင် ငါပြောတာအမှန် ခံမပြောနဲ့ ဆိုတဲ့
ပုတ္တေဝါဒ အဟောင်းတော့မဟုတ်ပါဘူး။
ပုတ္တောဝါဒ လက်သစ်သာဖြစ်ပါတယ်။    ။