Saturday, April 10, 2010

အိပ်မက်ထဲမှာပဲလွမ်းတော့မယ်

ရေးသူ- လူထုစိန်ဝင်း
အဝေးရောက်နေတုန်းက လွမ်းအိပ်မက်တွေ အများကြီးမက်ခဲ့ရတယ်။
ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာနဲ့ ဝေးရာဒေသကို ရောက်နေရသူတိုင်း ကိုယ်ငယ်ငယ်က
နှစ်သိမ့် ကြည်နူးရတဲ့ လွမ်းစရာလေးတွေကို
တမ်းတမ်းတတဖြစ်ပြီး လွမ်းမောတသ နေခဲ့ကြရတာ သဘာဝပဲ မဟုတ်လား။
နှစ်ရှည်လများ အကြာကြီးနေခဲ့ရသူများ အဖို့တော့ ဆယ့်နှစ်လ ရာသီစလုံး လတွေ ရက်တွေကို လက်ချိုးရေတွက်ပြီး လွမ်းနေ တမ်းတ နေကြတာချည်းပါ။ ရာသီစက်ဝန်းက ချားရဟတ်လို လည်ပတ်နေရတာနဲ့အတူ ကိုယ်ပါမိန်းမောပြီး လွမ်းအိပ်မက်တွေ မက်လို့ မဆုံးပေါ့။

သင်္ကြန်ရောက်တော့လည်း အော်-သင်္ကြန်တကြိမ် ရောက်ခဲ့ပြန်ပြီကိုး ဆိုပြီး "တူးပို့.......တူးပို့" အသံလေးတွေ နားထဲမှာ ကြားယောင်လာခဲ့ရ ပြန်ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ရောက်ပြန်တော့လည်း "တန်ဆောင်မုန်းမှာ မောင်ဖုန်းမလာတော့" ဆိုတဲ့
သီချင်းလေး ညည်းမိကြ ပြန်တာပါပဲ။
လွမ်းအိပ်မက်တွေထဲမှာ အလွမ်းတကာ့ အလွမ်းဆုံးကတော့ သင်္ကြန်နဲ့ တန်ဆောင်တိုင်.........။
ငယ်ငယ်က သင်္ကြန် ညတညမှာပေါ့။
ဈေးချိုနားက "ရေနန်းသူဇာ" ဆိုတဲ့ မဏ္ဍပ်ကလေးရှေ့မှာ ထိုးရပ်ထားတဲ့ ဂျစ်ကားပေါ်က လူငယ်လေးတစု။ သန်းခေါင်ကျော် တချက်တီးလောက် ဖြစ်ပေမယ့်လို့ မဏ္ဍပ်ပတ်လည်မှာ လူအုပ်ကြီးက ဝိုင်းလို့။ စင်ပေါ်က အဝါရောင် တူညီဝတ်စုံနဲ့ မိန်းမပျိုလေး တွေကလည်း "ရေနန်းသူဇာ"သီချင်းနဲ့ ကနေလိုက်ကြတာ လှပါပေ့။ ယဉ်ပါပေ့။ ဂျစ်ကား ပေါ်က လူငယ်တသိုက်ကလည်း ရေနန်းသူဇာတွေနဲ့အတူ ဆိုင်းချက်အတိုင်း လိုက်ကနေ ကြတာများ ကွေးလို့။ သီချင်းတပုဒ်ဆုံးသွားတော့လည်း "ကပါဦးဗျို့" ဆိုတဲ့ ပရိသတ်ကြီးရဲ့ အားပေးသံနဲ့အတူ နောက်တကျော့။ နောက်တကျော့.........။
မဆုံးနိုင်တဲ့ နောက်တကျော့တွေလေ။
ဒီလိုနဲ့ပဲ သင်္ကြန်ဇာတ်လမ်းလေးတွေ ဖြစ်တည်လာခဲ့ကြတာ ထင်ပါရဲ့။
"ဆီမီးရောင်ရှိန် ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်တော့မည်။ သီတင်းကျွတ်တော့မည်" နောက်ထပ် လွမ်းအိပ်မက်ထဲမှာတော့ ပွဲသဘင်တွေ ချိမ့်ချိမ့်သဲနေတဲ့ ရွှေမန္တလေး ညတည။
စက်ဘီးကိုယ်စီနဲ့ လူငယ်တသိုက် ပါးစပ်က တဟူးဟူးနဲ့ အငွေ့တွေ ထွက်အောင် ချမ်းလှတဲ့ အချမ်းကို အံတုပြီး စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့ကြတယ်။ သွက်သွက် နင်းခဲ့ကြပေမယ့် ခရီးကမတွင်လှဘူး။ လမ်းတိုင်း လမ်းတိုင်းမှာ ရှိနေတဲ့ ဇာတ်စင်တွေ၊ အငြိမ့်ပွဲတွေကို ရှောင်ပြီး ဟိုကွေ့ ဒီချိုးနဲ့ သွားကြရတာကိုး။ ဘုရားသုံးဆူပွဲကနေ ၄၅ တာကို ရောက်အောင် ၁ နာရီလောက်ကြာအောင် နင်းခဲ့ကြရတယ်လေ။ လမ်းမှာ အောင်ကျော်ညွန့် ဇာတ်ပွဲတို့ ညိုညိုဆန်း အငြိမ့်တို့ကိုလည်း ခဏလေးဝင်ပြီး ငေးခဲ့ကြသေးတာကိုး။ အမာက နောက်ထွက်မင်းသမီး ဆိုတော့ သူတို့ အလောတကြီး နင်းဖို့ မလိုဘူးပေါ့။
၄၅ တာကို ရောက်တော့ ရှေ့ထွက်မင်းသမီးက က, ကောင်းတုန်း။ အဲဒါကြောင့် ပွဲဈေးတန်းက "ဝါဝါဝင်း" အကြော်ဆိုင်မှာ ဝင်ထိုင်ကြတယ်။ ရေမုန့်နဲ့ အကြော်စုံမှာပြီး နံနံပင်တွေ တထွေကြီးနဲ့ စားရတဲ့ အရသာကို အိပ်မက်ထဲမှာတောင် သွားရေကျမိတယ်။ ရေမုန့်တခု ၁၅ ပြား၊ အကြော်စုံတပွဲ ပြား ၅ဝ နဲ့ စားလိုက်ကြတာ ဘယ်နှစ်ခု ဘယ်နှစ်ပွဲ ကုန်သွားသလဲ မသိဘူး။ ၆ ကျပ်တောင် ရှင်းလိုက်ရတယ်။ တဖူးဖူးနဲ့ မှုတ်သောက်ရတဲ့ ခပ်ပေါပေါ ရွက်ကြမ်းလက်ဖက်ခြောက် ခပ်ထားတဲ့ အဖန်အိုးဆိုတာ ပြောမနေနဲ့တော့ တအိုးပြီးတအိုး ထည့်မလောက်ပဲ။
ပွဲက,နေပြီ ဖြစ်ပေမယ့် ပွဲဈေးတန်းက စည်ကောင်းတုန်းပဲ။ အမာစိန် မထွက်မချင်းတော့ အကြော်ဆိုင်တွေမှာပဲ ထိုင်နေကြမှာပေါ့။ အကြော်ဆိုင်ထိုင်ရင်း၊ သင်္ကြန်တုန်းက မျက်လုံးချင်း ဆုံခဲ့ကြတဲ့ ရေနန်းသူဇာက မွေ့ယာတန်းသူလေးနဲ့ ပြန်တွေ့ချင်လည်း တွေ့မှာပဲလေ။ ရွှေဆိုင်တန်းက အသိုက်ကလည်း ရှမ်းပွဲမှာ နေတာဆိုတော့ ရောက်ချင်ရောက်လာမှာ။ ဘယ်သူနဲ့ တွေ့တွေ့ မျက်နှာလုပ်ဖို့ "ခဲလန်ချောင်း" နှစ်ချောင်း သုံးချောင်းတော့ ဝယ်ဦးမှ။
ရှေ့ထွက်မင်းသမီးကလည်း ဝင်ခဲလိုက်တာနော်။ အမာ့ကို ကြည့်ချင်လှပြီ။ ဟောဟိုနားမှာ မုန့်ပေါင်းသည်ပါလား။ မုန့်ပေါင်းနဲ့ ဘယာကျော်လေး စားကြဦးစို့ရဲ့။ အမာမှ မထွက်သေးတာ။ ဗိုက်တင်းအောင် ဖြည့်ထားကြမှ ကောင်းမယ်။ အမာထွက်လာရင် သီချင်းတွေ လိုက်အော် ဆိုရတာနဲ့ မောနေကြမှာ။ မျှော်ရတာ မောလှပါလား အမာရယ်။ တက္က သိုလ်ဝင်း တယောက် ခုလောက်ဆို အငြိမ့်စင်နောက်မှာ ရောက်နေရော့ပေါ့။ သူ့နားသွားလိုက် ကြရင် ကောင်းလေမလား။ နေပါစေတော့လေ။ အနှောက်အယှက် မပေးတော့ပါဘူး။ အမာ ထွက်မှပဲ ကြည့်နေကျ အငြိမ့်စင်ထောင့် သွားပါတော့မယ်။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်း လာတယ်။
"မြိုင်မြိုင် ဆိုင်ဆိုင်၊ မြိုင်မြိုင် ဆိုင်ဆိုင် လတန်ဆောင်တိုင်"
နောက်တကြိမ် လွမ်းအိပ်မက် မက်တော့ စစ်ကိုင်းတောင်ရိုးက "ပုညရှင်" ရင်ပြင် ပေါ်မှာလေ။
ရင်ပြင်ပေါ် ရောက်အောင် မနည်းကြီး တိုးဝှေ့လာခဲ့ကြရတာ။ လေတဟူးဟူးနဲ့ ဆောင်းတွင်းကြီးတောင် ချွေးတွေရွှဲ နစ်နေတာပါပဲ။ ရင်ပြင်က ခပ်ကျဉ်းကျဉ်းမှာ လူတွေက ကြိတ်ကြိတ်တိုးနေတာပဲ။ မြို့မက ရောက်နှင့် နေပြီကိုး။ သူတို့အဖွဲ့က အဖိတ်နေ့ မနက် အစောကြီး ကတည်းက ရွှေဆိုင်တန်း ကထိန်အဖွဲ့ သင်္ဘောနဲ့ လိုက်ခဲ့ကြတာဆိုတော့ ခပ်စောစော တီးမှုတ်ကခုန် နေကြပြီပေါ့။ ရွှေမန်းဆောင်သူတွေကို စောင့်ရတာနဲ့ ညနေစောင်းမှ စစ်ကိုင်းဖက် ကူးဖြစ်ကြတာဆိုတော့ ရှင်ဖြူရှင်လှနားက ချောင်မှာ နေရာ ချထား။ ရေဦးတိုက်သစ်ထဲက စတုဒီသာမှာ ထမင်းဝင်စားပြီးမှ တက်ခဲ့ကြတာဆိုတော့ မိုးချုပ်စ ပြုနေပြီလေ။ မိန်းကလေးတွေနဲ့ သွားရတာ မဟန်ပါဘူး။ အမြဲတမ်း စောင့်နေရတာ ချည့်ပဲ။
ချောင်ကနေ ထွက်လာပြန်တော့လည်း ဖြောင့်ဖြောင့်တန်းတန်း လိုက်ခဲ့ကြတာ မဟုတ်ဘူး။ လမ်းတလျှောက် ချောင်တွေရှေ့မှာ စတုဒီသာ ချကျွေးထားတဲ့ ဇီးဖြူသီးစိမ်နဲ့ ငပိကျော်ကို ရပ်ပြီး စားလို့စား။ ဖျော်ရည်လုသောက်လို သောက်နဲ့၊ စိတ်ညစ်စရာကြီး။ ဒါပေမယ့် စိတ်ညစ်စရာကြီးက ပျော်ဖို့တော့ အကောင်းသား။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ တယ်။
"ပုညရှင်"နဲ့ မလှမ်းမကမ်း ကတည်းက မြို့မအဆိုကျော် ကိုသန်းမောင်ရဲ့ အသံကို ကြားနေရတယ်။ အကော်ဒီယံ တီးနေတာက ဘယ်သူပါလိမ့်။ အမယ် ရွှေဆိုင်တန်းအသိုက်က ဒီမှာလာပြီး ကနေကြတာကိုး။ မြို့မနဲ့ ရွှေဆိုင်တန်း၊ ရွှေဆိုင်တန်းနဲ့မြို့မ။ ဒီမောင်နှမတွေက ခွဲလို့ရတာမှ မဟုတ်တာကလား။ ရွှေမန်းဆောင်သူတွေကို ဝင်ကပါလားလို့ ဇွတ် အတင်းတွန်း လွှတ်ပေမယ့်၊ က, ချင်ရက်နဲ့ ဟန်လုပ်နေကြတယ်လေ။
တက္ကသီလာ မြကျွန်းသာသူတွေ ဆိုတော့လည်း ဟန်က အများသား။
ရွှေမန်းဆောင်သူ အသိုက်ထဲမှာ ဟယ်လင်ရှိန်းကိုမြင်တော့ မြီု့မအစ်ကိုတွေက ဇွတ်ဆွဲ ခေါ်ကြတာနဲ့ တက္ကသိုလ်နန်းသီချင်းကို ဝင်ဆိုလိုက်တော့၊ ဟန်လုပ်နေတဲ့ အဆောင်သူတွေ ရွှေဆိုင်တန်းသူတွေနဲ့ ရောပြီး ဝင်ကကြလေတော့တယ်။
မကချင်လို့သာ တော်တော့တယ်။ ည ၁၁ နာရီ ထိုးတာတောင် က, လို့မဝ ကြသေးဘူး လေ။ ချောင်လည်ချောင်ပတ် မလုပ်ရသေးလို့ အတင်းဆွဲခေါ်မှ မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာခဲ့ကြပေတယ်။ သစ်သီးတန်းက အစ်မကြီးတွေက ကြာဇံဟင်းနဲ့ မယ်ဇလီဖူးသုပ် လာစားဖို့ ခေါ်ထားတာ သွားကြရဦးမယ်လေ။ ရေဦးတိုက်သစ်က ကျွေးလိုက်တဲ့ ညနေစာက အစာကျေကုန်ပြီမို့ ဆာလည်း ဆာကြပြီ မဟုတ်လား။
လမ်းတလျှောက်မှာ လက်နှိပ်ဓါတ်မီး တဝင်းဝင်းနဲ့ ပန့်သကူပစ်ထားတာ လိုက်ရှာနေတဲ့ လူတွေလည်း နည်းတာမဟုတ်ဘူး။ ငါးကျပ်တန်ရတဲ့ သူနဲ့ တဆယ်တန်ရတဲ့သူနဲ့။ သန်းခေါင်မတိုင်မီ ကထိန်မရသေးတဲ့ကျောင်းမှာ မိုးကျ ကထိန်ခင်းဖို့ အောက်လင်းဓာတ်မီးကြီး တွေ ဆွဲပြီး တချောင်ဝင် တချောင်ထွက် လိုက်မေးနေကြတဲ့ အုပ်စုတွေလည်း အများကြီးတွေ့ရ တယ်။ ရိုးသားဖြူစင်တဲ့ အလှူရှင်တွေမို့ ကြည်ညိုစိတ်တွေ ဖြစ်ရသေးတယ်။
သီချင်းတွေ ဆိုလိုက်ကြ။ တဖွဲ့နဲ့တဖွဲ့ နှုတ်ဆက်လိုက်ကြ၊ လမ်းမှာ တန်းလျားခုံတွေပေါ် လင်ပန်းတွေ ဇလုံတွေနဲ့ ထည့်ပြီးကျွေးကြတဲ့ မုန့်ပဲသရေစာတွေ၊ လက်ဖက်သုပ် ဂျင်းသုပ် ဆိုတာတွေလည်း တွေ့သမျှ တခုမှ အလွတ်မပေးပဲ ပလုပ်ပလောင်း ဝင်လွေးကြတာ ပျော်စရာကြီး။
အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်လုံးထဲက မျက်ရည်လေးတစက် ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ တယ်။
အင်း...... ဘာလိုလိုနဲ့ ရွှေမန္တလေးကို ပြန်မရောက်ဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်တောင် ရှိသွားပြီ။ အဝေးက ပြန်ရောက်စ တခေါက် အမေ့အိမ် ပြန်ဖြစ်ပြီးတဲ့နောက် မရောက်တော့ဘူး။ ကိုယ်တခြမ်းသေနေတဲ့ ဒုက္ခိတ ဖြစ်နေတာကိုး။
ဘာဖြစ်ဖြစ် ရောက်အောင် သွားမယ်ဆိုပြီး မနှစ်က ဇန်နဝါရီမှာ လေးချောင်းထောက် အားကိုးနဲ့ မာန်တင်းပြီး အရောက်သွားခဲ့တယ်။
အိပ်မက်နဲ့ လွမ်းခဲ့ရတဲ့ မန္တလေး။ အဝေးက လွမ်းခဲ့ရတဲ့ မန္တလေး။ အမေ့အိမ် ရှိတဲ့မန္တလေး။ ကိုယ်ချစ်တဲ့မန္တလေးလေ။
ပွဲဈေးတန်းသွားပြီး ရေမုန့်နဲ့ ပဲစိမ်းကြော်အလုံးလေးတွေကို နံနံပင် တထွေးကြီးနဲ့ အားရပါးရ စားလိုက်မယ်ပေါ့။ မုန့်ပေါင်းနဲ့ ဘယာကြော် အဝစားလိုက်မယ်ပေါ့။ အလည်ပေါက်က မြီးရှည် ထမင်းလွတ် စားလိုက်မယ်ပေါ့။ မနက်စောစော ဗန်းနဲ့ရွက်ပြီး ရောင်းတဲ့ ပုဏ္ဏားမအကြော်သည်ဆီက၊ ပုဇွန်စာရွက်ကြော်နဲ့ လက်သန်းလောက် အချောင်း ကလေးတွေနဲ့ ကြော်ထားတဲ့ ဘူးသီးကြော်ကို မုန့်ပြားသလက် အဖြူနဲ့ စားလိုက်မယ်ပေါ့။
ညမှောင်ရီဝိုးဝါးမှာ အဲမန်း (Air Mandalay) က ဆင်းလိုက်တာနဲ့ ကိုယ်ပြန်လာပြီ မန္တလေးရေ..... လို့ စိတ်ထဲက ရေရွတ်လိုက်တယ်။ ပုပ်ရဟန်းမင်းကြီး သူ့ ဇာတိ ပိုလန်နိုင်ငံကို ပထမအကြိမ်ပြန်ရောက်တော့ လေယဉ်ပေါ်က ဆင်းလို့ မြေကြီးပေါ် ခြေချမိတာနဲ့၊ မြေကြီးကို နဖူးနဲ့ ငုံ့ပြီး ထိခဲ့တာကို အမှတ်ရလိုက်မိသေးတယ်။
ချမ်းမြသာစည်လေဆိပ်က အရင်လိုမဟုတ်တော့ဘူး။ အဆောက်အဦးသစ်ကြီး ဖြစ်နေပြီ။ ထွန်းလှဟိုတယ် ဆိုင်လေးနေရာရောက်လို့ လှည့်ကြည့်လိုက်တော့ မရှိတော့ဘူး။ သင်္ခါရကိုး။ ဦးလေးဦးထွန်းလှတောင်မှ မရှိတော့တာပဲ။ လေဆိပ် အဆောက်အဦ ထဲက ထွက်လာတော့ မြောင်းကူးတံတားလေးကို တွေ့ရတယ်။ အံ့သြလိုက်တာ။ ဒီတံတားလေး ကတော့ ဘာမှ မပြောင်းလဲဘူး။ အရင်တုန်းက ပုံစံအတိုင်းပဲ။ အိပ်မက်ထဲက အတိုင်းပဲ။ လွမ်းခဲ့ရတဲ့ အတိုင်းပဲ။ ဟိုးရှေ့တုန်းကလည်း ဆေးဖြူလေးသုတ်လို့။ စက္ကူပန်းပင်တွေ အုပ်ဆိုင်းလို့။
ဒါပေမယ့် လေဆိပ်ဝင်း အပြင်ရောက်ပြီး ကားထွက်လိုက်တာနဲ့ တအံ့တသြ ဖြစ်ရတော့တယ်။ ဒါတွေက ဘာတွေလဲ ဆိုတော့ ကျွဲဆည်ကန်တဲ့။ ဆင်ဖြူကန်ရော လို့ဆိုတော့ မရှိတော့ဘူးတဲ့။ ဆင်ဖြူကန်နေရာဟောင်းကို ရောက်တာနဲ့ အလိုလိုနေရင်း ခေါင်းက အရှေ့ဖက်ကို လှည့်သွားတယ်။ မန်းတက္ကသိုလ် ပင်မဆောင်ကြီးကို လှမ်းကြည့် မိတယ်။ ဘာမှ မတွေ့ရဘူး။ မန္တလေးတက္ကသိုလ် ဘယ်နေရာမှာလဲမေးတော့ ဟိုမှာလေလို့ ဆိုပြီး တောင်မြောက်တန်းနေတဲ့ အဆောက်အဦသစ်ကြီးတခုကို လက်ညှိုးထိုးပြကြတယ်။ အော်.......နှစ်တွေ ဒီလောက်ကြာမှတော့ ပြောင်းလဲကုန်ပြီပေါ့လို့ သတိထား လိုက်ရတယ်။
ဆင်ဖြူကန်မှာ အဘ(အဖိုး) ရှိတယ်။ ဒါကြောင့် စိတ်နဲ့ပဲ မှန်းပြီး ကန်တော့လိုက် ရတယ်။ တရုတ်ကားတွေထဲကလို ဘိုးဘွားတွေကို 'တာဝန်မကျေဘူး။ ကျွန်တော် သေသင့် ပါတယ် အဘရယ်' လို့ စိတ်ထဲက ပြောလိုက်မိတယ်။
မန္တလေးမှာ ၉ ရက်ကြာခဲ့တယ်။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်လာတဲ့ လူတယောက်နဲ့ လုံးလုံးမှ မတူဘူး။ မရောက်ဖူးတဲ့နေရာ တနေရာကို ရောက်သွားရတဲ့ လူစိမ်းတယောက်လို ခံစားနေရတယ်။ ဘယ်ကိုသွားသွား ဒါ ဘယ်ရောက်နေတာဘဲ။ ဘာရပ်ကွက်လဲလို့ မေးရတာချည်းပဲ။ အဆောက်အဦကြီးတွေဆိုတာများ ဟိန်းနေတာပဲ။ ဈေးချိုတော်ကြီးဆို တာလဲ ကားနဲ့ပတ်ကြည့်ရင်း "အားပါးပါးကြီးမှကြီး" လို့ မော်လမြိုင်လေ သံနဲ့ ရေရွတ် လိုက်မိသေးတယ်။ အလယ်ပေါက်က မြီးရှည်ဆိုင်လေးကို ဘယ်မှာ ရှာရပါလိမ့်။ မြို့သစ်ဆိုတာ ရောက်တော့လည်း စံအိမ်တော်ကြီးတွေ တထီးတနန်းပါပဲ။ အုတ်နံရံ မြင့်မြင့်ကြီးတွေနဲ့ စံအိမ်တော်ကြီးတွေ ကြည့်ပြီး ရှေးကရှံဟဲ မြို့တော်က မိသားစု မျိုးဆက်တွေ လေးငါးခြောက် ဆက် စုနေကြတဲ့ အိမ်တော်ကြီးတွေကို ပြေးမြင်လိုက်မိတယ်။
ဘိုးစဉ်ဘောင်ဆက် သုံးလေးဆက်မက ရွှေရောင်းလာခဲ့ကြတဲ့ ရွှေဆိုင်တန်းက အမျိုးတွေ သွားတွေ့တော့လည်း ဆိုင်မထွက်ကြတော့ဘူး။ ပင်စင်ယူလိုက်ကြပြီတဲ့လေ။ ဇရာနဲ့ မန္တလေးသစ်နဲ့ ဘယ်မှာ လိုက်ဖက်တော့မှာလဲ။ မန္တလေးသစ်။ တိုက်တွေအသစ်။ လူတွေအသစ်။
အားလုံးသစ်တဲ့ မန္တလေးသစ်။
မသစ်တာဆိုလို့ အမေ့အိမ်လေးတအိမ်ပဲ ရှိတယ်ထင်ရဲ့။ ရှေးက နှစ်ထပ်တိုက်ကလေး အတိုင်းပဲ ဘာမှအပြောင်းအလဲ မရှိဘူး။ ဧည့်ခန်းလဲ ရှေးကအတိုင်း။ ထမင်းစားခန်းလဲ ရှေးကအတိုင်း။ အိမ်ထဲ အထားအသို အားလုံး ဘာမှမပြောင်းလဲဘူး။ ရှေးကထားမြဲအတိုင်းပဲ။ တော်ပါသေးရဲ့ ကိုယ်ရင်းနှီးကျွမ်းဝင်နေတဲ့ နေရာလေးတခု ရှိနေသေးပေလို့။
နို့မို့ရင်တော့ ကိုယ့်မြို့ကိုယ့်ရွာမှာ တစိမ်းတယောက်လို ဖြစ်နေရတယ်။ ကိုယ်ကလဲ ဘယ်သူ့မှ မသိဘူး။ ကိုယ့်ကိုလဲ ဘယ်သူကမှ မသိကြဘူး။ ဘုရားကြီးထဲမှာ လူတွေဆိုတာ ကြိတ်ကြိတ်တိုးနေတာပဲ။ ဒါပေမယ့် ကိုယ့်ကို နှုတ်ဆက်မယ့် သူတယောက်မှ မရှိဘူး။ ရှေးကများ ဘုရားကြီးသွားရင် ဟိုဘကြီးနဲ့ တွေ့လိုက် ဒီကြီးတော်နဲ့ တွေ့လိုက်။ ဟိုမိတ်ဆွေနဲ့ တွေ့ စကားပြောလိုက်နဲ့ ဘုရားကြီးရှေ့အတော်နဲ့ မရောက်နိုင်ဘူး။ ကိုယ်က ဘောလုံးလဲကန်ခဲ့ ဖူးတာဆိုတော့ ဘုရားကြီးရောက်လို့ကတော့ ဦးဇင်းတွေက သူတို့ ကျောင်းခေါ်ခေါ် သွားပြီး ကျွေးတာမွေးတာ စားရတာနဲ့ တနေကုန် ခဲ့တာချည်းပဲ။
ခုတော့လည်း တစိမ်းတွေလိုပါလား မန္တလေးရယ်လို့ ရင်နာနာနဲ့ ရေရွတ်မိတယ်။ ကိုယ်ကမန္တလေးကို မသိသလို မန္တလေးကလည်း ကိုယ့်ကို မသိတော့ဘူးလေ။
ဝမ်းနည်း ကြေကွဲမိပါရဲ့။
ရန်ကုန်မပြန်ခင် ပွဲဈေးတန်းလေးတော့ လျှောက်ချင်ပါရဲ့လို့ ပြောတော့ ဧည့်ဝတ်ကျေမြဲ မန္တလေးသားတွေက ကားတစင်းနဲ့ လိုက်ပို့ ကြတယ်။ ပွဲလိုက်ရှာကြတယ်လို့ ပြောမှ မှန်ပေလိမ့်မယ်။ ရှေးက ဒီလို ဘုရားပွဲ ရာသီမျိုးမှာဆို ဘယ်လမ်းသွားသွား ပွဲခင်းတွေ ခလုတ်တိုက် မတတ်ပေါ့။ ခုတော့ အငြိမ့်မြို့တော်၊ ဇာတ်မြို့တော်၊ သုခုမမြို့တော်ကြီး မှာ ပွဲရှာရတာ တလည်လည်နဲ့။
အမာရေ ရွှေမန္တလေးကို ပြန်ကြည့်ပါဦး။
ဟိုမေးဒီမေးနဲ့ နောက်ဆုံးတော့ ဘုရားကြီးတောင်ဖက် မြို့ဟောင်း နားက ဦးပွါးဘုရား မှာ ပွဲရှိတယ်ဆိုလို့ ရောက်ခဲ့ကြတယ်။ မှိတ်တုတ် မှိတ်တုတ် မီးရောင်လေးတွေကြားမှာ ဇာတ်ပွဲတခုကို တွေ့ရတယ်။ ပွဲကြည့်ချင်တာ မဟုတ်ဘဲ ပွဲဈေးတန်း ထိုင်ချင်တာမို့ ပွဲဈေးတန်းကို ရှာကြည့်တယ်။ ဟင်- ဘယ်မှာလဲ ပွဲဈေးတန်း၊ ဘယ်မှာလဲ အကြော်ဆိုင်တွေ။ ဘယ်မှာလဲ လက်ဖက်ရည်ဆိုင်တွေ။
မီးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ ကွမ်းယာဆိုင်လေးတွေနဲ့ အံစာဝိုင်း၊ ဖဲသုံးချပ်ဝိုင်း၊ မြေကပ်ထီဝိုင်းလေး၊ လေးငါးဝိုင်းကလွဲလို့ ဘာမှလဲမရှိပါလား၊ ဘယ်မှာမှ ထိုင်စရာမရှိလို့ မတ်တပ်ရပ်ရင်း ဇာတ်ခုံပေါ်မှာ လှမ်းကြည့် လိုက်တော့လည်း မီးမှိန်မှိန် အောက်မှာ နတ်ကတော်တွေ ယိမ်းကနေကြလေရဲ့။ ကားလိပ်က ခပ်မွဲမွဲ၊ နဖူးစည်းက ခပ်မှိန်မှိန်ဆိုတော့ ဘယ်သူ့ ဇာတ်မှန်းတောင် မသိခဲ့ရဘူး။
ရွှေနန်းတင်တို့၊ ငြိမ်းချမ်းရေးညွန့်တင်တို့၊ မြို့တော်သိန်းအောင်တို့ကို ပြေးပြီး သတိရ လိုက်မိတယ်။
အော်...... ခေတ်တွေ ပြောင်းကုန်ပြီကိုး။
စိတ်ပျက်ပျက်နဲ့ ပြန်ခဲ့ကြတော့ ဘုရားကြီး အနောက်မုခ်မှာ အငြိမ့်တခု တွေ့တာနဲ့ ဝင်ခဲ့ကြပြန်တယ်။ အငြိမ့်စင်နားလည်း ရောက်ရော အငြိမ့်ခုံကို မှောင်ချပြီး၊ ဘောင်းဘီအမည်း အင်္ကျီအမည်းနဲ့ လူငယ်တယောက် ဂစ်တာကြီးလွယ်လို့ ခုန်ဆွခုန်ဆွ အော်ဟစ်နေတာ တွေ့ရတယ်။ နားကွဲ မတတ်ဆူညံနေတဲ့ အသံချဲ့စက်ကြောင့် ဘာတွေ ဆိုနေမှန်း မသိရဘူး။ သီချင်းဆိုနေတာတော့ သေချာတယ်။ ဒါပေမယ့် သီချင်းဆိုတာနဲ့ မတူဘူး။ ကော်ရင်ဂျီကုလား ကဇော်မူးပြီး ရပ်ကွက်ကို ရန်ထောင်နေတာနဲ့ ပိုတူ တယ်။
အော်...... အိပ်မက်ထဲမှာ လွမ်းရတဲ့ ရွှေမန္တလေး။
ဘယ်မှာလဲ အိပ်မက်ထဲမှာ လွမ်းရတဲ့ ပွဲဈေးတန်း။
ဘယ်မှာလဲ အိပ်မက်ထဲမှာ လွမ်းရတဲ့ ရေမုန့်နဲ့ အကြော်စုံနဲ့ နံနံပင်တထွေးကြီး။
သိုးဆောင်းစာလေးတပုဒ်ပြေးပြီး အမှတ်ရလိုက်မိတယ်။
'Dreams are better than reality' တဲ့လေ။
အိပ်မက်တွေက တကယ့် ဘဝထက် ပိုကောင်းကြတယ် ဆိုပါတော့။
ပြန်တော့မယ်။
အိပ်မက်တွေနဲ့ပဲ လွမ်းနေပါတော့မယ် မန္တလေးရယ်။
လူထုစိန်ဝင်း
နိုဝင်ဘာလ ၁၅။ ၂ဝဝဝပြည့်နှစ်။
2001 August 15 မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။