Wednesday, March 31, 2010

စဉ်းစားပါဦး

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။
“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ....လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”

Friday, March 26, 2010

တစ်မိုင်ပိုသွားပါ

" ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
(If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။
ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက် ပိုပြီးအလုပ်လုပ်ပါ။
ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတတ်ဘူး။
လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။
တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရ ခိုးကြ ခိုကြတယ်။
အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ဖူးပါလိမ့်မယ်။
မိုင်ပိုသွားတဲ့လူ ရှားပါတယ်။
ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး
ရှေ့ဆုံးကို ရောက်သွားကြတာပါ။
ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတတ်တဲ့ အကျိုးထူးတွေရှိပါတယ်။
(က) သင် ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက
သင်လိုလူကို တန်ဖိုးထားကြတယ်။
(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့
ကိုယ့်ကိုယ်ကိုယုံကြည်မှူကို တိုးတက်စေတယ်။
(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ချင်လာမယ်။
(ဃ) လူတွေရဲ့  ယုံကြည်မှုကို ရလာမယ်။
(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။
(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။
(ဆ) ကူညီလိုသူတွေ ပေါလာမယ်။
ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊
ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊
အချိန်မှန်အလုပ်လာတက်သူ၊
သူတစ်ပါးကို ထောက်ထားညှာတာသူ၊
ပြောတာကို သေသေချာချာနားထောင်ပြီး အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊
အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ်လုပ်ပေးသူ၊
ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊
ပင်ပန်းတဲ့ကြားက စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊
ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။
အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ
အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။
value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု
ဒီနေ့ ခေတ်မှာခေတ်စားပါတယ်။
(စေတနာ အပိုဆောင်းထားသော) လို့  ကျွန်တော်က ဆိုချင်ပါတယ်။
မိဘအတွက်၊ သားသမီးအတွက်၊ ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊
ဆရာအတွက်၊ တပည့်အတွက်၊
ဖောက်သည်တွေအတွက်၊ စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။
"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။
အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ်။
ထို့ နောက် ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။
အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။
ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။
အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ ပြီး ရက်ရောပြသည်။
ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။
ထို့ နောက်ထို့ ထက်ပို၍ .....။
အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။
ထို့ နောက် ထို့ ထက်ပို၍.....။.....။
ထို့ နောက် ထို့ ထက်ပို၍။ .....။
အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ 
အဘယ်ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။
အဆိုးမြင်နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို စိတ်ပျက်အောင်
ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။
လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့  ပညာကုန်သုံးမလုပ်နိုင်ဘူး၊
သင့်ရုံလုပ် တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။
သူတို့ ဘဝလည်းသင့်ရုံပဲ တိုးတက်တာ ဘာမှမဆန်းပါဘူး။
ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာ
ယှဉ်ပြိုင်စရာလူတွေကို နောက်မှာ ထားခဲ့တော့တာ။
သူများကသာသူတို့ ကိုလိုက်ပြိုင်ရတော့မယ်၊
သူတို့ကသူများကို ပြိုင်စရာမလိုတော့ပါဘူး။
ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ
ဘဝအောင်မြင်ရေးမှာ
ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက်
အများကြီး... အများကြီး...
ပိုပြီးအရေးကြီးပါတယ်။
(From forwarded mail)

Thursday, March 25, 2010

မှတ်မိအောင်လုပ်တဲ့နည်း

တစ်ခါက ဆရာတော်ကြီးတစ်ပါးထံ
အမျိုးသမီးငယ်လေးတွေအုပ်စု လာပြီးကန်တော့ကြတယ်။
ပြီးတော့ မိတ်ဆက်ကြတယ်ပေါ့။
ဆရာတော် တပည့်တော်မတို့ကို မှတ်မိသလားလို့
ကလေးမလေးတစ်ယောက်က လျှောက်တော့
“နင်တို့က ဘယ်သူ့သမီးတွေလဲ” လို့ အမိန့်ရှိပါတယ်။
“တပည့်တော်မတို့က ဆရာတော်ရဲ့ဒကာမကြီး ဒေါ်......ရဲ့ သမီးတွေပါ”
“အော်....အေးအေး...”
အော် အေးအေးသာပြောတာ၊ မှတ်မိတဲ့ဟန်မပေါ်ပါဘူး။
ဒီတော့ အမျိုးသမီးငယ်လေး တစ်ယောက်က -
“ဆရာတော် မှတ်ရော မှတ်မိရဲ့လားဘုရား” လို့ ဆက်လက်လျှောက်ထားတယ်။
“နင်တို့က ငါမှတ်မိအောင်မှ မလုပ်တာ၊ ဘယ်မှတ်မိမလဲလို့
ဆရာတော်က ပြန်မိန့်တော့
ကလေးမလေးတစ်ယောက်က
“ဆရာတော်မှတ်မိအောင် ဘယ်လိုလုပ်ရမလဲဘုရား”လို့ လျှောက်ထားပြန်တယ်။ ဒီတော့မှ ဆရာတော်က တိုတိုတုတ်တုတ်နဲ့မိန့်ကြားတယ်။
“ခဏ ခဏ လှူတဲ့”
ဦးဒေ၀ိန္ဒ

Wednesday, March 24, 2010

အမုန်းဆုံးလူ နှစ်ယောက်


တစ်ခါက သက်တော်(၈၃)နှစ်တောင် ရှိပြီဖြစ်တဲ့ဆရာတော်ကြီးတစ်ပါး
အလှူပွဲတစ်ခုမှာ ပြောတဲ့စကားကိုပြောရအုံးမယ်။
အဲ့ဒီဆရာတော်ကြီးပြောတဲ့စကားက သိပ်မှတ်သားစရာကောင်း လွန်းလို့
စာရေးသူတော့ ဒီကနေ့အထိ မမေ့နိုင်သေးဘူး။
ဆရာတော်ကြီးမိန့်တဲ့စကားက ဘာတဲ့။
“လောကကြီးမှာ ငါအမုန်းဆုံးလူ နှစ်ယောက်ရှိတယ်ကွ၊
အဲ့ဒါက ဘယ်သူတွေလဲဆိုရင်
ငါ့ကိုလာတောင်းတဲ့သူရယ်၊ ငါတောင်းရင် မပေးတဲ့သူရယ်
ဒီနှစ်ယောက်ကို ငါအမုန်းဆုံးပဲကွာ”တဲ့။
ဒီတော့ စာရေးသူက
“ဆရာတော် ဒါဆိုရင် ဆရာတော်ရဲ့ အချစ်ဆုံးလူနှစ်ယောက်လည်းရှိမှာပေါ့ဘုရား” လို့လျှောက်ထားကြည့်တော့
“အေး ရှိတယ်ကွ၊ အဲ့ဒါကတော့ ငါ့ကို လှူတဲ့သူရယ်၊ ငါတောင်းရင် ပေးတဲ့သူရယ်ပေါ့ကွာ” တဲ့။
ကဲ ဘယ်လောက် မှတ်သားဖို့ ကောင်းသလဲ။ 
ဦးဒေ၀ိန္ဒ

Tuesday, March 23, 2010

ကိုယ့်ရှူး ကိုယ်ပတ်

နောက်ဘုန်းကြီးတစ်ပါးကတော့ ဓမ္မကထိကဆရာတော်ပါ။
အဲ့ဒီဆရာတော်က တရားဆုံး အဘိဓမ္မာသတ်တဲ့အခါ ကဲ လိုက်ဆိုကြဗျားဆိုပြီး လင်္ကာလေးတစ်ပုဒ် ချပေးပြီးမှ တရားသိမ်းလေ့ ရှိတယ်တဲ့။
သူချပေးတဲ့လင်္ကာလေးက -
“သားသမီးရှိတဲ့သူ သားသမီးကြောင့်ပူ လှိုက်ဆူ မချမ်းသာ”
ရွှေငွေရှိတဲ့သူ ရွှေငွေတွေကြောင့်ပူ လှိုက်ဆူမချမ်းသာ” တဲ့။
ဒီလင်္ကာလေးကို တရားဟောတိုင်းဟောတိုင်း ချပေးပြီးမှ
တရားသိမ်းလေ့ရှိလို့ ရွာသား တွေအလွတ်ရနေကြတယ်တဲ့။
ဒါနဲ့ တစ်နေ့တော့ သူ့ကျောင်းဝိုင်းထဲမှာ သူကိုယ်တိုင်စိုက်ထားတဲ့ ဖရုံပင်တွေကို
နွား ဝင်စားတဲ့အခါ ဆရာတော်က ကိုရင်တစ်ပါးကို
“ဟဲ့ ဟဲ့ ကိုရင် ကိုရင် ဟိုနွား ဟိုနွား”  ဆိုပြီး စကားတွေ ဘာတွေထစ်ပြီး မောင်းခိုင်းသတဲ့။
ဒီတော့ ကိုရင်က နီးစပ်ရာဒုက်ကိုဆွဲပြီး နွားကို ပြေးမောင်းတာပေါ့။
ဒါပေမယ့် ကိုရင်က ပြေးရင်းလွှားရင်းက
“ဖရုံပင်ရှိတဲ့သူ ဖရုံပင်ကြောင့်ပူ လှိုက်ဆူ မချမ်းသာ” လို့ အော်သွားသတဲ့။ ဒီကိုရင်ရဲ့စကားကြားတဲ့အခါ  ဆရာတော်ဟာ ဘာမှမပြောနိုင်ရှာဘူး။
ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ပြီးနေရတယ်တဲ့။
ကိုယ့်ရှူးကိုယ်ပတ်ဆိုတာ ဒါမျိုးပြောတာထင်ရဲ့လို့ စဉ်းစားမိပါတယ်။
ဦးဒေ၀ိန္ဒ

Monday, March 22, 2010

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

ရေးသူ- လူထုစိန်ဝင်း
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။
တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။
တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက
အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။
ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြတယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။
ဂျပန်ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။
ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရပြီး
၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ်ပါတယ်။
အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။
တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။
ဗမာစကားမပီသတဲ့ဗမာတွေ
အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူက မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။
နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါတယ်။
ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံတွေ့ဆုံပြီး ကန်တော့ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။
သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာစကားပီပီသသပြောပြီး မြန်မာပြည်ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။
မြန်မာပြည်နဲ့မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။
သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။
တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။
ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အမြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲလို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။
အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက
ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။
သူများတွေပါ အမြီးပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့
သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။
တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။
အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။
တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေရတယ်။
တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။
အမေရိကန်မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးကတောင်
မြန်မာပြည်ကအချဉ်ထုပ်တွေနဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။
''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။
သူတို့ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။
ဗမာသွေးမနှောတဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ကြတာ ဖြစ်လေတော့
မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့်
တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။
သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့
အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။
ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံးမှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။
ဒီတရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူမျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။
''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။
လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။
ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း
ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။
မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။
ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

Sunday, March 21, 2010

အမှန်တွေ ပြောတတ်လွန်းလို့

စစ်ကိုင်း ဝါးချက်ဆရာတော်ကြီးဟာ အလှူပွဲတစ်ပွဲပင့်လို့ ကြွသွားတယ်။
ဟိုရောက်တော့ ဆရာတော် တရားချီးမြှင့်ပါလို့ အလှူပွဲကြွလာတဲ့ဆရာတော်တွေက လျှောက်တော့
ငါတရား မဟောပါရစေနဲ့လို့ပြောပေမယ့် မရဘူး။
ဇွတ်အတင်းပဲ လျှောက်ထားကြတယ်။
ဒီတော့ ဆရာ တော်ကြီးက
“ဟေ့ ငါက အမှန်တွေချည်းပြောတတ်လွန်းလို့ တရားမဟောပါရစေနဲ့လို့ ပြောတာကွ၊ 
တော်ကြာ မင်းတို့မကြိုက်ရင် ဘယ့်နှယ်လုပ်မလဲ” အမိန့်ရှိတော့
“တရားဟောတာပဲ အမှန်တွေပဲဟောရမှာပေါ့ဘုရား၊ ဟောသာဟောပါ” 
လို့ဝိုင်းပြီးလျှောက်ထားတော့ ဆရာ တော်ကြီးက အဲ့ဒီအလှူပွဲမှာ တရားချီးမြှင့်ပါတယ်။
အဲ့ဒီမှာ ဝါးချက်ဆရာတော်ကြီးက ဘာအမိန့် ရှိသလဲဆိုရင် -
“လှူတဲ့သူတွေ အထက်သွားလို့ ယူတဲ့သူတွေ အောက်သွားကြလိမ့်မယ်ဗျား” တဲ့။
ဒီစကားကြားတဲ့အခါ သံဃာစင်ပေါ်ထိုင်နေတဲ့ ဆရာတော်တွေ
အောင့်သက်သက်ဖြစ်သွား ကြတယ်တဲ့။
တရားပွဲပြီးတဲ့အခါ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးက
“ဆရာတော်ရယ် မှန်တော့ မှန်တာပေါ့၊ ဒါပေမယ့် ဒီလိုကြီးပြောလို့ ဘယ်ကောင်းမလဲ” လို့ လျှောက်ထားတယ်။
ဒီတော့ ဝါးချက်ဆရာတော်ကြီးက
“ငါမပြောဘူးလား၊ အမှန်တွေပြောတတ်လွန်းလို့ မဟောပါရစေနဲ့လို့” အမိန့်ရှိလိုက်တယ်တဲ့။ ဒါကလည်း သူပြောလူပြောနဲ့ ကြားခဲ့ဘူးတာပါ။
သံဃာကြားနေတာ ဆိုတော့ သံဃာတော်တွေရဲ့အကြောင်းက မကြာခဏဆိုသလို ရယ်စရာတစ်မျိုး မှတ်စရာ တစ်ဖုံ နဲ့မျိုးစုံအောင် ကြားသိရတာ မဆန်းလှပါဘူး။ 
ထပ်ကြားမိတာလေးကို ဖောက်သည်ချပါအုံးမယ်။
ဦးဒေ၀ိန္ဒ