Tuesday, February 23, 2010

ရပိုင်ခွင့်၊ ယဉ်ကျေးမှုနှင့် တာဝန်ဝတ္တရား

တချို့တွေ Internet ကို တလွဲတချော်သုံးပြီးအချိန်ဖြုန်းနေတာ၊
online chatting ကနေ မိန်းကလေးတွေကို ဏှာဘူးကျတာ၊ ရိုင်းပျတာ၊
အများသုံးဆိုင်မှာထိုင်ပြီး အရှက်သိက္ခာကင်းမဲ့စွာ၊
လူငယ်တွေ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အကျိုးမဲ့ အချိန်ဖြုန်းနေတာ။
ဒါတွေကို အခြေခံပြီး
ရပိုင်ခွင့် (Rights)၊ ယဉ်ကျေးမှု (Etiquette) နဲ့ တာဝန်ဝတ္တရား (Responsibilities)
အကြောင်း အတွေးတချို့ တင်ပြပါရစေ။
အားလုံး လက်ခံဖို့မဟုတ်ပါ။
စာဖတ်သူတွေ ဆက်တွေးနိုင်ကြဖို့၊ အချိန်မနှောင်းခင် ပြင်သင့်တာတွေ ၀ိုင်းပြင်ကြဖို့ပါ။
ရပိုင်ခွင့် ဆိုတာဘာလဲ။
တဦးတယောက်ချင်းအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဆိုလိုတာပါ။
အခွင့်အလမ်းဆိုတဲ့ (opportunity) နဲ့မတူပါဘူး။
ဥပမာ - consumer rights= စားသုံးသူအခွင့်အရေး။
(ပစ္စည်းအရည်အသွေးအမှန်အတိုင်းသိခွင့်၊ ဈေးမှန်အတိုင်းဝယ်နိုင်ခွင့်၊ VIP မဟုတ်ဘဲ တန်းတူဝယ်နိုင်ခွင့် စသဖြင့်)
child's rights= ကလေးသူငယ်အခွင့်အရေး။ labour rights= အလုပ်သမားအခွင့်အရေး။
citizen rights= နိုင်ငံသား အခွင့်အရေး။
right to education= ပညာသင်ကြားပိုင်ခွင့်။
right to self defence= မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်။
right to information = အချက်အလက်သိပိုင်ခွင့် စသဖြင့်
လူတဦးချင်းရဲ့ အခန်းကဏ္ဍ (Role) အလိုက် အခြေခံရပိုင်ခွင့်တွေရှိပါတယ်။
လူတဦးထဲကနေ role တခုထက်ပိုပြီး ရှိနေနိုင်တာ သတိပြုပါ။
ဥပမာ - တပြိုင်နက်ထဲမှာ အလုပ်သမား၊ စားသုံးသူ၊ နိုင်ငံသား ဖြစ်နေတာမျိုး။
ကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတာ တောင်းယူစရာမလိုဘဲ အလိုအလျောက်ရှိနေတာပါ။
သူတပါးရဲ့ right ကို ပိတ်ပင်နှောင့်ယှက်တာဟာ
ချိုးဖောက်မှု (Violation of rights) ဖြစ်ပါတယ်။
မိသားစုဝင် တယောက်ဟာ မိသားစုထမင်းဝိုင်းထဲကို ဖိတ်ခေါ်စရာမလိုဘဲ ၀င်စားခွင့်ရှိပါတယ်။ ဒါပေမယ့် ဘေးလူရဲ့ ထမင်းပန်းကန်ထဲကို အရိုးထည့်ခွင့်မရှိပါဘူး။
သူ့ကို မစားနဲ့လို့တားခွင့် မရှိပါဘူး။
ဒီလိုလုပ်ရင် ဘေးလူတွေရဲ့ အေးချမ်းစွာထမင်းစားခွင့်ဆိုတဲ့ right ကို ချိုးဖောက်တာပါ။
Right ကို ချိုးဖောက်တာဟာ စော်ကားတာနဲ့ တူပါတယ်။
နောက်ပြီး ရသင့်တဲ့ Right ထက်ပိုယူတာဟာ သူတပါးကို ထိခိုက်စေနိုင်ပါတယ်။
နောက်တခု
ခုနကထမင်းဝိုင်းမှာပဲ ညက်အောင်ဝါးပြီးသားထမင်းလုတ်တွေကို
မြိုမချဘဲ ကိုယ့်ပန်းကန်ထဲကိုထွေးပြီးပုံထားမယ်။
သူများပန်းကန်ကို မထိဘူး။
ဒါဆိုရင်တော့ စားနေတဲ့လူတွေ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
ဒါမျိုးကို Etiquette (ယဉ်ကျေးမှု) ကင်းမဲ့ခြင်း လို့ခေါ်ပါတယ်။
Etiquette ရှိတဲ့သူကို Polite (ယဉ်ကျေးတဲ့) လူလို့သတ်မှတ်ပါတယ်။
ဟိုတုန်းက မြန်မာတွေဟာ Etiquette ကို အလွန်တန်ဖိုးထားလိုက်နာခဲ့ကြပါတယ်။
ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်း (Civilized society) မှာ
သူတပါး စိတ်အနှောင့်အယှက် မဖြစ်အောင် သတိထားကြတာပါ။
မိဘ၊ အသိုင်းအ၀ိုင်း၊ ကြီးပြင်းမှုပတ်ဝန်းကျင်ဟာ Etiquette ကို သင်ကြားပေးပါတယ်။ လူမျိုးနိုင်ငံတခုနဲ့တခု Etiquette တထပ်ထဲမတူပေမယ့် အတော်များများဆင်တူပါတယ်။ လိုရင်းကတော့ ကိုယ်နဲ့ဆက်ဆံထိတွေ့နေတဲ့လူတွေ ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေရဘူးဆိုတဲ့ စိတ်ထားလေးပါပဲ။
လူ-လူချင်းလေးစားမှုပါ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊
ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊
သူ့ရဲ့ Etiquette ကို ကြည့်ပြီး လူရဲ့အဆင့်အတန်းကိုသိနိုင်ပါတယ်။
Etiquette မလိုက်နာတဲ့သူ၊ မသိတဲ့သူတွေကြောင့်
မကြာခဏ လူအများ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
Online မှာ၊ လမ်းပေါ်မှာ၊ cyber cafe မှာ၊ ကားပေါ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ၊
အလုပ်ထဲမှာ ကောင်းတဲ့ အမူအကျင့်လေးတွေ အချိန်မီပြန်ပြီးပျိုးထောင်စေချင်ပါတယ်။ စနစ်ကဆိုး၊ တိုင်းပြည်ကမွဲ နေတဲ့အထဲမှာ လူအချင်းချင်းလေးစားမှု၊ အလိုက်သိမှုတွေပါ
ပျောက်ဆုံးသွားမယ်ဆိုရင်တော့ မြန်မာပြည်ဟာ မနေအပ်တဲ့အရပ်ဖြစ်သွားတော့မှာပါ။
(Internet Etiquette ကို Netiquette လို့ခေါ်ကြတာတွေ့ရပါတယ်။)
နိုင်ငံတကာမှာ လူတွေဟာ Rights တွေကိုပဲ အသားပေးနေပြီး
Responsibilities (တာဝန်ဝတ္တရား) တွေကို ရူးချင်ယောင်ဆောင်နေကြလို့
ခေါင်းဆောင်တွေ စိတ်ညစ်နေကြပါတယ်။ တာဝန်မကျေသူဟာ right နဲ့မထိုက်တန်ပါဘူး။
အိမ်သူ/သားတာဝန်ကျေအောင် မကြိုးစားဘဲ အိမ်သားအခွင့်အရေး
အပြည့်လိုချင်ရင်တော့ မတရားပါဘူး။
အလုပ်တာဝန်မကျေဘဲ လုပ်သားအခွင့်အရေးမရသင့်ပါဘူး။
သမ္မတ၊ ၀န်ကြီးချုပ် တာဝန်ဖြစ်တဲ့ တိုင်းပြည်တိုးတက်ရေးမလုပ်ဘဲ အထူးခံစားခွင့်မရသင့်ပါဘူး။
တန်ရာတန်ကြေးမပေးဘဲ စားသုံးသူအခွင့်အရေးမရထိုက်ပါဘူး။
တာဝန်ကို သိအောင်လဲကြိုးစား၊ တတ်နိုင်သလောက်လဲ ကျေပွန်ရမှာပါ။
တာဝန်ဟာ ဘယ်သူမှလာမပေးလဲ ကိုယ့်အပေါ်မှာ ရှိနေပြီးသားပါ။
ကိုယ့်နေရာနဲ့ ကိုယ် စောစောကပြောခဲ့တဲ့ Role (အခန်းကဏ္ဍ) တခုစီရှိကြပြီးသားပါ။
အဲဒီ Role တခုစီမှာ ရပိုင်ခွင့်နဲ့ တာဝန်တွေ တွဲလျက်ရှိပါတယ်။
ကိုဘသောင်း Bus ကားဆရာကဏ္ဍမှာ သူ့ရဲ့တာဝန်က လမ်းစည်းကမ်းလိုက်နာဖို့၊
ဘေးကင်းစွာ ပို့ဆောင်ဖို့။
ဖခင်ကဏ္ဍမှာ သားသမီးတွေအတွက် မုန့်ဝယ်ပြီးအိမ်ပြန်လာတာ၊ ကျောင်းစရိတ်ရှာတာ၊
ဆုံးမသွန်သင်တာ၊ စံနမူနာကောင်းပြတာ ကိုဘသောင်းရဲ့ တာဝန်ပါ။ ဇနီးအပေါ်
သစ္စာစောင့်တာ၊ ၀င်ငွေရှာပေးတာကတော့ ခင်ပွန်းကဏ္ဍအတွက် ကိုဘသောင်းတာဝန်ပါ။
သားသမီးကဏ္ဍမှာ မိအိုဘအိုကြီးတွေကို ကျေးဇူးဆပ်တာ၊ ပြုစုတာ သူ့ရဲ့ တာဝန်ပါ။
ကိုဘသောင်းရဲ့ ဥပမာကို ကြည့်ရင် ရှင်းပါတယ်။
လူတယောက်ထဲမှာ ကဏ္ဍအလိုက် တာဝန်တွေရှိနေတာပါ။
လောကကြီးမှာ အလကားနေဖို့အချိန်မရှိပါဘူး။
တာဝန်ကျေသူတွေများလာရင် ပတ်ဝန်းကျင်ကောင်းပါမယ်။
တာဝန်မဲ့သူတွေများရင် ပတ်ဝန်းကျင်ပျက်ပါမယ်။
ကိုယ့်အနားမှာ မှားနေတာတွေကို တတ်စွမ်းသမျှ ပြုပြင်တာဟာ နိုင်ငံသား၊ လူသားတဦးရဲ့ အခြေခံအကျဆုံးတာဝန်ဖြစ်ပါတယ်။
တံမြက်စည်းလှည်းသူ၊ ကျောင်းသား၊ မိဘ၊ ကျောင်းဆရာ၊ ၀န်ထမ်း၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ စစ်တပ်ထိပ်သီးအဆုံး ဆိုင်ရာ တာဝန်တွေကျေကြရင် တိုင်းပြည်ကောင်းလာမှာပါ။
ကိုယ့် Rights ကို သိပါ။ သူတပါး rights ကို လေးစားပါ။ Etiquette ရှိပါ။
Responsibilities ကျေပွန်အောင်ကြိုးစားပါ။ တခြားသူတွေကိုလဲ တိုက်တွန်းပေးကြပါ။
"We must become the change we want to see." --- Gandhi
အားလုံး လက်ခံဖို့မဟုတ်ပါ။ စာဖတ်သူတွေ ဆက်တွေးနိုင်ကြဖို့၊
အချိန်မနှောင်းခင် ပြင်သင့်တာတွေ ၀ိုင်းပြင်ကြဖို့ပါ။
(credit:foreverfriends)