Friday, January 8, 2010

အလကားလုပ်ပါ့မလား




တစ်ခါကကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကဒီလိုပါ။

လူငယ်တစ်စုတဲ့ မေမြို့ကို ပျော်ပွဲစားသွားကြသတဲ့။ သူတို့ထဲက တစ်ယောက်က မေမြို့မှာ ခြံနဲ့ အိမ်ပိုင် လေသည်။ သူတို့လည်းအဲဒါနဲ့ အဲဒီခြံမှာ တည်းကြတာပေါ့။ အဲဒီခြံထဲမှာ ခြံစောင့် အဘိုးကြီး တစ်ယောက်လည်း ရှိလေသည်။ ညနေရောက်တော့ သူတို့က အရက်သောက်ချင်လာကြတယ်လေ။ သွားဝယ်ရမှာကလည်းပျင်းတာနဲ့ အဘိုးကြီးကို ပိုက်ဆံပေးပြီး

အဘ ကျွန်တော်တို့ကို အရက်သွားဝယ်ပေးစမ်းပါ

ဆိုပြီး လွတ်လိုက် ကြတယ်။ အဘိုးကြီးလည်း ခဏနေတော့ အရက်ပုလင်းလေးဝယ်ပြီး ပြန်လာလေသည်။ လူငယ်များသည်လည်း ပျော်ပျော် ပါးပါးနဲ့ အရက်သောက်ကြရာ တစ်လုံးကုန်သော်လည်း မမူးသဖြင့် ထပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထပ်သောက်ကြပြန်ရာ ထိုအခါလည်း မမူးပေ။ သို့နှင့် သူတို့လည်း မသင်္ကာတော့ သဖြင့် အဘိုးကြီး ကိုမေးကြသည်။

အဘကြီး ကျွန်တော်တို့ အရက်ကို သောက်ပြီး ရေရောများလာသလား

အဘိုးကြီးက ပြန်ဖြေလေသည်။

ငါ့တူတို့ရယ် အဘကအလကား လုပ်ပါ့မလားကွဲ့

ဒါဆိုလည်း ပြီးရောဗျာ ထပ်ဝယ်ချေဦး

သူတို့ ထပ်သောက်ကြပြန်သည်။ ဒီတစ်ခါလည်း မမူးချေ။ အဘိုးကြီးကို ထပ်မေးကြပြန်သည်။

အဘ မလိမ်နဲ့ နော် အဘသောက်ပြီး ရေရောထားတယ်ထင်တယ်

သြော် ငါ့တူတို့ရယ် အဘက အလကား လုပ်ပါ့မလားကွယ့်

သို့နှင့် သူတို့ ထပ်ဝယ်ခိုင်းပြီး သောက် မမူး ထပ်မေး။ နောက်ဆုံးတော့ အဘိုးကြီးက

ငါတူတို့ရယ် အဘအလကား လုပ်ပါ့မလားကွဲ့

ဟုဆိုကာ မူးလဲသွားလေသတည်း။

ထိုပုံပြင်လေးကို ကြားရတော့ ကျွန်တော် အသံထွက်အောင်ပင် ရယ်မိပါသည်။ အဘိုးကြီးပြောသော အဘက အလကား လုပ်ပါ့မလား ဆိုသည်မှာ လည်း မှန်လေသည်။ သူလည်း အလကား မလုပ်နိုင် တန်ရာ တန်ဖိုးတော့ ယူရမည်ဟု ဆိုလိုသလားမသိ။ လူငယ်တွေကတော့ သူ့တို့ဟာသူတို့ တလွဲထင်နေပုံရသည်။

အဲဒီပုံပြင်ကို ဖတ်တုန်းက ဒီကောင်တွေတော့ ခံလိုက်ရပြီဟ ဆိုပြီး အားရပါးရရယ် မိသော်လည်း ကိုယ်ခံရတော့ မရယ်နိုင်တော့ပါ။

ဖြစ်ပုံက ဒီလို။

တစ်နေ့တော့ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ စကားပြောရင်း တစ်ယောက်ကပြောသည်။

ငါ့အတွက်တော့ကွာ စင်ကာပူနိုင်ငံကို တော်တော်ကျေးဇူးတင်ရမယ်။ ဘာလို့လဲဆိုတော့ ငါစင်ကာပူ လာလို့ ငါရော ငါ့မိသားစုရော လူလိုသူလိုနေရာတာ။ မဟုတ်ရင် စားဖို့သောက်ဖို့ တောင် အနိုင်နိုင်ကွာ။ ကျေးဇူးကြီးပါ ပေ့စင်ကာပူရာ

သူပြောသည်မှာ သူ့အတွက်တော့ ရာနုန်းပြည့်မှန်လေသည်။ မြန်မာနိုင်ငံမှာနေတုန်းက သူလုံးဝ အဆင်မပြေ။ ဘာလုပ်လုပ်ကို အဆင်မပြေ။ အကြွေးတွေတင်သည်။ ဒုက္ခတော်တော် ရောက်လေသည်။ အခုသူ စင်ကာပူရောက်မှ အတော်အတန်အဆင်ပြေပြီး အိမ်ကိုလည်း ငွေသိန်းဂဏန်းလစဉ်ပို့ နိုင်နေပြီဖြစ်သည်။ အတော်အတန်စဉ်းစားတတ်သော အစ်ကိုကြီး တစ်ယောက်က ၀င်ပြောလေသည်။

အာ မဟုတ်ဘူး။ အဲလိုတော့ မတွက်နဲ့ကွ။ ဒီကိုရောက်လို့ ငါတို့တွေ အဆင်ပြေတာတော့ ပြေတာပေါ့။ တကယ်တော့ ဒါက တစ်ဦးချင်းဆီသာ အဆင်ပြေတာကွ။ ငါတို့ နိုင်ငံအနေနဲ့ အများကြီး ဆုံးရှုံးသွားတယ်။ ဘာလို့လဲ ဆိုတော့ ဒီရောက်တဲ့ လူအများစုကို ကြည့်ကွာ။ လူငယ်ပညာတတ်လေးတွေ။ ပြောရရင် နိုင်ငံ တစ်နိုင်ငံရဲ့ အညွှန့် အဖူးလေးတွေကွ။ စင်ကာပူက အဲဒီ အညွှန့် အဖူးလေးတွေကို အဆင်သင့် ခူးစားနေ ရတာမောင်။ အဲဒီတော့ ငါတို့ နိုင်ငံ အတွက် ဘယ်လောက်များ နစ်နာသလဲ တွေးသာကြည့်တော့။

ပထမတစ်ယောက်က ပြန်ပြောလေသည်။

ခင်ဗျားအဲလိုထင်ရင်ဘာလို့ လာသေးတုံးဗျ။ ခင်ဗျားကို ဘယ်သူမှ မလာခိုင်းဘူး။ ခင်ဗျားသဘောနဲ့ ခင်ဗျား လာတာလေ။ အရိပ်နေနေ အခက်ချိုးချိုး မလုပ်နဲ့။

သူတို့ နှစ်ယောက်ကတော့ ဆက်ငြင်းနေလသည်။ ကျွန်တော်ကတော့ ကျွန်တော့်အတွေးနှင့် ကျွန်တော် နစ်မြောသွားလေသည်။

သူတို့ ပြောမှ ကျွန်တော်လေးလေးနက်နက် စဉ်းစားကြည့်မိသည်။ နှစ်ယောက်စလုံး ကိုယ့် အတွေးနဲ့ ကိုတော့ မှန်သည် ဟုထင်ပါသည်။ ဒါပေမယ့် ခက်တာက စင်ကာပူ ကအညွှန့် အဖူးလေးတွေ ခူးစားပါစေဦး ထိုအညွှန့် အဖူးကလေးတွေကပင် ကျွန်တော်တို့ ကိုခူးစားပါ ကျွန်တော်တို့ ကို ခူးစားပါဟု တကြော်ကြော် တောင်းဆိုနေရလေသည်။ ကျွန်တော်တွေးရင်း တွေးရင်း လေးလေးပင်ပင် သက်ပြင်းချမိပါသည်။ ကိုယ့်နိုင်ငံ အတွက်သာ ရင်လေးမိပါသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော်တို့ကို ဘယ်သူကမှ ရိုက်ပြီး မလာခိုင်း။ ကိုယ့်သဘောနှင့်ကိုသာ လာရခြင်းဖြစ်သည်။ အခြေအနေက တွန်းပို့လိုက်သည်ဟု လည်း ပြောနိုင်သည်။

အဲဒီညကတော့ အိပ်မက်ဆိုးတွေမက်နေသည်။ အိပ်မက်ထဲမှာ ကျွန်တော် စင်ကာပူနိုင်ငံက ဘဘကြီး နှင့်တွေ့ သည်။ ကျွန်တော်က သူ့ကို ဒေါသတကြီး အော်နေလေသည်။

အဘကြီး ခင်ဗျား ကျွန်တော်တို့ နိုင်ငံက အညွှန့် အဖူးတွေ ခူးစားနေတာ မဟုတ်လား

ထိုအဘကြီးကတော့ ကျွန်တော် ဘယ်လောက်အော်အော် အပြုံးမပျက်ပဲ

သြော်ငါတူရယ် အဘကအလကား လုပ်ပါ့မလားကွဲ့ဟုသာ တွင်တွင်ပြောနေပါတော့သည်။

မိုးတိမ်ညို

 (မေးလ်မှ)