Tuesday, December 29, 2009

မြန်မာနိုင်ငံမှထေရ၀ါသံဃာ.ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း


မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သောသုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံ တွင် သုတ်နှင့်အဘိဓမ္မာမပါ၊ ၀ိနည်းတော်အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်နာမှု၌သာ အနည်းငယ် ကွဲလွဲမှုရှိကာကွဲပြားသွားကြသည့် သံဃာတော်များသည်မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများ အဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင်ငံတွင် ( ၉ ) ဂိုဏ်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသံဃာ့ဂိုဏ်းကြီးများ အမည်နှင်.ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို တင်ပြရလျှင်.....

( ၁ ) သုဓမ္မာဂိုဏ်း

တာဝတိသာနတ်ပြည်တွင် သိကြားမင်းသည်သုဓမ္မာဇရပ်တော်၌မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ ဤ အစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော် ကြီးများစုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက် ခွင့်ရသော ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်း ရှိစဉ်က မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် ' ရွှေကျင် ' ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သောသံဃာများကိုသုဓမ္မာဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။

( ၂ ) ရွှေကျင်ဂိုဏ်း

မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော် ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ်တင်မြှောက်လိုသော်လည်း တောင်နန်း မိဖုရားခေါင်စင်္ကြာဒေ၀ီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော်ကို သာသနာပိုင် တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါးရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင် ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုပဲနေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန်စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော်လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏တပည့် သံဃာတော်အဆက်ဆက်တို့ကို
ရွှေကျင်ဂိုဏ်းဝင်ဟု ခေါ်ဆိုကြသည်။


( ၃ ) ဒွါရဂိုဏ်း (၃) ဂိုဏ်း

သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော်အရှင်ဥက္ကံသ၀ိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည်မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှမှန်ကန်သည်ဟု အုတ်ဖိုဆရာတော်ကဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရ တော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က ကံဖြင့် ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်း
ဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။


ယင်းဒွါရဂိုဏ်းသည် (က) အနောက်ချောင်းဒွါရ၊ (ခ) မဟာဒွါရ၊ (ဂ) မူလဒွါရ ဟူ၍ (၃) မျိုး
ထပ်၍ ကွဲသွားကြပြန်သည်။


( က ) အနောက်ချောင်းဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော် ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ " င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။

(ခ) မဟာဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည်.ကျော်တစ်ရက်ရောက်မှလပြည့်သည်။ လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည်.ကျော် (၁) ရက်နေ့နှင့်လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရဒွါရဂိုဏ်းဝင်သံဃာတော်အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။ ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။

ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော

မဟာ = သံဃာများပြားသော

ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊

နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)

(ဂ) မူလဒွါရဂိုဏ်း

အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့်လဆန်း(၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။

မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ ( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။

( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း

ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာ များကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။

( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း

စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဌာာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။

ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခုထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။

( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း

ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် တောရဆောက်တည်၍ တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။

ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို ' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သောကူးတို့ရွာမှဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။ မူလ ဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲတောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..

( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။

မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိမူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍ ' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။

ဓမ္မ = တရားတော်ကို ၊

ယုတ္တိ = အထောက်အထားပြုသော ၊

နိကာယ = သံဃာအစုအဝေး ။

ဟူ၍ဖြစ်ပါသည်။

အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။

အထက်ပါသံဃာ့ဂိုဏ်းများ ပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလသမာဓိနှင့်ပြည့်စုံပြီး စာပေကျမ်းဂန် တတ်ကျွမ်းကာ နောက်လိုက်တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ ဓမ္မ၀ိနယနှင့် ထိုစဉ်ကာလသံဃာထုနှင့် မင်းအစိုးရအပေါ်ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည်ယူဆချက်အတိုင်း စိုက် တမတ်မတ်ကျင့်သုံးပြီး အခြားသောသံဃာများနှင့် မဆက်စပ်ပဲ သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ့
ရသည်။ ညှိနှိုင်း၍မရလောက်အောင်ကြီးမားသည့် သဘောထားကွဲလွဲမှုမရှိခဲ့သည်မှာ ထင်ရှားသည်။ အခြားသောဘာသာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သော ယခုခေတ်ကြီးတွင် ထေရ၀ါဒအစစ်အမှန်ဟု ကြွေး ကြော်နေသောမိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ သံဃာ့ဂိုဏ်းများအများအပြားရှိနေခြင်းကား မကောင်းပေ၊

ထို.ကြောင်.ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် တောင်မြို. (အမရပူရ မဟာဂန္ဓာရုံ) ဆရာတော်အရှင်ဇနကာဘိဝံသက သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းများ အားလုံး ဖျက်သိမ်းပြီး ထေရ၀ါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သား ကြည်ညိုခဲ့ ရဖူးပါသည်။

ခေတ်အမြင်ရှိလှသောဆရာတော်၏ ဥာဏ်တော်ကိုသာ ကြည်ညိုဦခိုက်ရပါသည်။ သို.သော်.... ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော်ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ၊ တစ်ချိန်သောအခါ တွင်ကား ဆရာတော်မျှော်မှန်းသကဲ့သို့ ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။

အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိုက်)၏ "သင်္ဂါယနာနှင့် ထေရ၀ါဒ သံဃဂိုဏ်းကြီးများ" ဆောင်းပါးကို ပြန်လည်မွမ်းမံတင်ပြပါသည်။ သီးခြားခွင့်မတောင်းနိုင်သည်ကို နားလည်ခွင့်လွတ်နိုင်မည်ဟုမျှော်လင့်ပါသည်။
(icenandaw.ning) မှ ကူးယူဖော်ပြသည်။

မျိုးချစ်အာဇာနည်


ဧ၀ံ မေ ပတ္ထိတံ
ဘုန်းဘုန်းဘုရား
မိမိသည် အခန်းထဲမှာ အနားယူနေခိုက် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရ သဖြင့် အခန်းတံခါးကို ဖွင့်လိုက်၏။

ဆရာတော်က ဘုန်းဘုန်းက ပင့်ခိုင်းလိုက်လို့ပါဘုရား
အေးအေး - ဟုတ်ပြီ၊ ဘာကိစ္စလဲ
မှန်ပါ၊ မင်္ဂလာဦးဆွမ်းကျွေးမှာ ပရိတ်တရား ချီးမြှင့်ဖို့ပါဘုရား
မိမိ ရောက်သည့်နေ့မှာပဲ မင်္ဂလာဦးဆွမ်းကျွေးနှင့် ပက်ပင်းတိုးမိလေသည်။ မိမိ စီးနင်း လိုက်ပါလာသည့် လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၈-နာရီခန့်မှာ ဆိုက်ရောက် သဖြင့် ဒေါက်တာအရှင်ဣန္ဒက၏ ကပုန်းကျောင်းသို့ နေ့ဆွမ်းစားအမီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ကပုန်းကျောင်းတွင်းမှာ ကျင်းပသည့် မင်္ဂလာဦးဆွမ်းကျွေးပွဲ၌ မြန်မာ့ရိုးရာ လုံချည်, အင်္ကျီ တို့ကို ၀တ်ဆင်ထားသည့် သတိုးသား, သတိုးသမီးကို တွေ့ရသောအခါ ဒါမှ မြန်မာလူမျိုးကွ ဟု စိတ်ထဲ၌ အသံတိတ် ကြုံးဝါးမိလေသည်။ နိုင်ငံရပ်ခြား တိုင်းတပါး၌ မြန်မာ့ဝတ်စုံတို့ကို မြင်ရဖို့ မလွယ်ကူလှပေ။ မြန်မာ့ဝတ်စုံသည် မြန်မာပြည်မှာ မဆန်းသော်လည်း ပြည်ပမှာကား ဆန်း၍ လန်း၍ နေလေတော့သည်။ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုတို့သည်ကား ဝေးကွာလေလေ တမ်းတလေလေ ဖြစ်တော့သည်။
မိမိ အိန္ဒိယပြည်မှာ ၀ါဆိုခဲ့စဉ်က နံနက်မိုးလင်းမှာ အိန္ဒိယကုလားသီချင်းသံက မိမိ၏နားကို အမြဲတန်း နှိပ်စက်လေ၏။ ကုလားသီချင်းသံကို ကြားရလေလေ မြန်မာ့သီချင်းသံကို လွမ်းရ လေလေပင်။
အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ . . .
အစိန္တေယျ . အပ္ပမေယျ အနန္တစကြာသေဋ္ဌ . အတုမရှိသော ကျေးဇူးဂုဏ်တော် အပေါင်းတည်ရာ ဖြစ်တော်မူသော အရှင်ဝိပဿီ.. မြတ်စွာ . . . . ဘုရား ကိုယ်တော်. စသည့်စသည့် မြန်မာ့တေးသံသာများကို အနုဿတိ (အဖန်တလဲလဲသတိရခြင်း) ကမ္မဋ္ဌာန်း စီးဖြန်းမိလေ တော့သည်။
တခါတရံ နတ်ရွာစံသွားလေပြီဖြစ်သော မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ကိုပင် သတိရမိလိုက်သေး၏။ အော် သီပေါမင်းခမျာ ရတနာဂီရိမှာ အကျဉ်းကျစဉ်က ငါလိုပဲ ကုလား သီချင်းသံ၏ နှိပ်စက်မှုကို ခံရရှာမှာပဲ၊ သူ့ခမျာ မြန်မာပြည်ကြီးကို တော်တော် လွမ်းတော်မူလိမ့် မည့်ဖြစ်ခြင်း
တိုင်းတပါး၏ ရိုးရာယဉ်ကျေးမှုကို မြင်ရလေလေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သတိရလေလေ ဖြစ်ရသည်မှာ အတွင်းမှာ ကိန်းအောင်းနေသည့် ၀ံသာနုစိတ်ဓာတ်ကြောင့်ပင်တည်း။ ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံကိုတွေ့ရသောအခါ စိတ်ထဲမှာ အလွမ်းပြေသလိုတော့ ခံစားရပါ၏။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။
ယင်းဆွမ်းကျွေးပွဲ၌ ကျောင်းထိုင်ဆရာတော်က တရားနာပရိသတ်အား သီလပေးပြီးနောက် သတိုးသား, သတိုးသမီးတို့အား တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိဖို့ လိုအပ်ကြောင်း၊ မယ်တစ်ထမ်း မောင်တစ်ရွက်ဆိုတာလို တာဝန်ကိုယ်စီ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ယခုလို ဘာသာတရားနှင့်အညီ ပြုလုပ်ကြခြင်းဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပဲ ဖြစ်ကြောင်းစသည်ဖြင့် အဆုံးအမ သြ၀ါဒစကားများကို မိန့်ကြားတော်မူ လေသည်။
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဟူသောစကားကို ကြားလိုက်ရသည့်အချိန်မှာ မန္တလေးမြို့ ၀ါခင်းကုန်းဆရာတော်ဟောကြားထားသည့် မျိုးချစ်အာဇာနည် ဓနဉ္စာနီ ဟူသော တရားကို နားထဲမှာ ကြားယောင်မိလေတော့သည်။ ဆရာတော်၏ အသံမှာ ကြည်လင်၏၊ ပြတ်သား၏။ နာရသည်မှာ အရသာရှိလှ၏။
ဒကာ, ဒကာမတွေ ကိုယ့်သားသမီးတွေကို ဘုရားအဆုံးအမတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး ပြောပေးကြရမယ်၊ ဒါမှ သူတို့ကြီးလာတဲ့အခါမှာ အမျိုး ဘာသာရဲ့ တန်ဖိုးကို သိရှိ နားလည်ကြမှာ၊ အဲသလို မဟုတ်ရင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းသွားကြလိမ့် မယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးကြနဲ့၊ အလွန် အရေးကြီးတယ်
ပြောရဦးမယ်၊ သင်ခန်းစာယူကြဖို့အတွက်၊ ဟိုတနေ့က မန္တလေးကပဲ၊ ကလေးမလေး တစ်ယောက်ဟာ ဘာသာခြားအမျိုးသားနှင့် ရည်ငံပြီး ဘာသာခြားတို့ရဲ့ ထုံးစံနှင့် အညီ နံနက်ခင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေရောက်တော့ သမီးရှင်ဖြစ်သူမိဘတွေက သူတို့နှင့် ရပ်မိရပ်ဖတွေကို ဂါရ၀ပြုဖို့အတွက်ဆိုပြီး သတိုးသားနှင့် သတိုးသမီး သူတို့အိမ်မှာ ခေါ်လိုက်တယ်
ရပ်မိရပ်ဖတွေ စုံတဲ့အချိန်မှာ အဖေဖြစ်သူက သတိုးသားနှင့် သတို့သမီးကို မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေကို ရှိခိုးဖို့ ပြောတဲ့အခါ သတိုးသားက `ကျွန်တော်တို့ ဘာသာတရားက အခြားဘာသာဝင်တွေကို ရှိခိုးဖို့ ပိတ်ပင်ထားပါတယ်၊ ဒါကြောင့် ရှိမခိုးနိုင်ပါဘူး`လို့ ပြောလိုက်တယ်
သမီးကို ရှိခိုးဖို့ပြောတဲ့အခါကျတော့ သမီးဖြစ်သူက သူ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ဒီတော့ သတိုးသားက `ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော်တို့ ဘာသာထဲဝင်ဖို့ သစ္စာရေ တိုက်ထား ပြီးပြီ၊ ဒါကြောင့်သူကလည်း ဗုဒ္ဓဘာသာ မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာသာဝင် ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ဘာသာဝင်ဖြစ်သွားပြီဆိုရင် အခြားမည်သည့် ဘာသာဝင်ကိုမျှ ရှိမခိုးရ တော့ပါဘူး`လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူဟာ ၀မ်းနည်းပက်လက်ဖြစ်ပြီးတော့ ရင်ဘတ် စည်တီးကာ ချုံးချုံးချ ငိုပါတော့တယ်
ဘယ်လောက် ရင်နာစရာကောင်းလဲ ပရိသတ်ကြီး၊ ကိုယ်မွေးတဲ့ သမီးကတောင် ကိုယ့်ကို ရှိမခိုးတော့ဘူးဆိုတော့ မိဘဖြစ်သူတွေမှာ ၀မ်းနည်းပက်လက်ဖြစ်ကြမှာပေါ့၊ ဒကာ, ဒကာမတွေ သတိထားကြ၊ ကိုယ့်သားသမီးတွေ အဲသလို မဖြစ်ကြစေနဲ့၊ ငယ်စဉ်တောင်ကျေးကလေးဘ၀က စပြီး အမျိုးဘာသာကို ချစ်တတ်, မြတ်နိုးတတ်အောင် ဆုံးမကြ၊ ကျောင်းကန်ဘုရားကို ခေါ်သွားကြ၊ ယဉ်ကျေးမှုသင်တန်းတွေမှာ တက်ခိုင်းကြပါ၊ ဒါမှ ဘာသာ သာသနာရဲ့ တန်ဖိုးကို သိကြမှာဟု ၀ံသာနုစိတ်ဓာတ် အပြည့်ရှိသော ၀ါခင်းကုန်းဆရာတော် အရှင်တိက္ခ၏ တရားသံကို ကြားယောင် မိလေသည်။
ထိုကဲ့သို့ ၀ါခင်းကုန်းဆရာတော်၏တရားကို သတိရပြီး အတွေးများ လွင့်မျောနေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က ပရိတ်တရားရွတ်ဖတ် တော့မည်ဟု ပရိသတ်ကို ဆော်သြလိုက်တော့မှ မိမိ၏ အတွေးများ ပြတ်တောက်သွားတော့သည်။
ထို့နောက် . . .
မလေးရှားမှာ အလုပ်လုပ်နေသော်လည်း ပြည်ပရိုးရာဓလေ့ကို ခ၀ါချ၍ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားသည့် ယင်းသတိုးသား သတိုးသမီးတို့၏ မင်္ဂလာဦးဆွမ်းကျွေးအခန်းအနားမှာ မိမိသည် ပရိတ်တရားတော်ကို ကျောင်းထိုင်ဆရာတော်နှင့်အတူတကွ အားရပါးရ ရွတ်ဖတ်၍ ချီးမြှောက် လိုက်လေသည်။
ပြည်ပရောက်နေသော်လည်း မြန်မာ့ဓလေ့ကို ခုံမင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး၊ မြတ်ဘုရား၏ အဆုံးအမကို တန်ဖိုးထားပြီး၊ ပရိတ်တရားတော်ကို တလေးတစား နာယူနေကြသည့် သတိုးသား, သတိုးသမီးကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ ပတ္ထိတံ- တောင့်တမိလေတော့သည်။
ဥုံ . . . ဖွဲဟဲ့ လွဲစေ ဖဲစေ၊ ယနေ့အချိန်မှစ၍ နောင်အနာဂတ်၌ မြန်မာ့ယဉ်ကျေးမှု, မြတ်ဘုရားအဆုံးအမကို ခ၀ါချပြီး လူမျိုးခြားယဉ်ကျေးမှု, ဘာသာခြား အဆုံးအမကို ခုံမင်မြတ်နိုး သည့် မြန်မာ့အမျိုးသား, အမျိုးသမီးများ မဖြစ်ပေါ်ရစ်ပါစေသား၊ မဖြစ်ပေါ်စေခလို
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၄၊ ၁၂၊ ၂၀၀၉)

Thursday, December 24, 2009

အာရှကျား

ဧ၀ံ မေ စိန္တိတံ
လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ မမျှော်လင့်သော အရာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်၏။ တောင်ယာခုတ်နေသော ကျေးတောသားတစ်ယောက်က သမ္မတ အိမ်ဖြူတော်ကို ရောက်သွားသကဲ့သို့တည်း။ (ဥပမာ- တောင်သူကြီးမင်း)။

တခါတရံ လုံးဝ မျှော်လင့်ထားသောအရာများကလည်း ရုတ်တရက် ပျောက်ကွယ်တတ်၏။ ပါးစပ်ပေါက်နား ရောက်နေသော အသားတုံး ပြုတ်ကျသွားသကဲ့သို့တည်း။ ထို့ကြောင့် ရှေးလူကြီးသူမ များက ‘ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံပါပဲ’ ဟုပြောကြခြင်း ဖြစ်ပေလိမ့်မည်။ မည်သည့်အရာမဆို မတည်မမြဲဖြစ်တတ်ပုံကို သင်ခန်းစာ ယူဖို့ပင်တည်း။

မိမိသည် ဤနှစ်၌ (၂၀၀၉) မလေးရှားသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သွားမည် ဟုလည်း စိတ်မကူးခဲ့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေ မလေးရှားကျောင်းထိုင် ဘုန်းကြီးနှင့် အမှတ်မထင် ဆုံတွေ့ရသောကြောင့် ၂၀- ၁၂- ၂၀၀၉- ရက်နေ့တွင် မလေးရှားသို့ အမှတ်တမဲ့ ရောက်ရှိလာခြင်းဖြစ်ပေသည်။
မိမိသည် ဒေါက်တာ အရှင်ဣန္ဒကနှင့် မတွေ့သည်မှာ ၁၀-နှစ်ကျော်သွားပေပြီ။ လူချင်းမတွေ့ သော်လည်း သူသည် သီရိလင်္ကာမှ M.A ဘွဲ့ရကြောင်းကိုလည်းကောင်း၊ ဘုံဘေတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရကြောင်းကိုလည်းကောင်း၊ ယခုလောလောဆယ်မှာ မလေးရှားမှာ ကျောင်းထိုင်နေ ကြောင်းကိုလည်းကောင်း သူနှင့်ပတ်သက်သည့်သတင်းကတော့ ကြားသိနေရ၏။


ယခုခေတ် မီဒီယာများက လူသားများအတွက် အလွန်ကျေးဇူးများလှပေသည်။ ခေတ္တခဏ ကွဲကွာနေသော မိတ်ဆွေများ၊ လုံးဝ မတွေ့လောက်တော့ဘူးဟု ထင်ရသော မိတ်ဆွေများကို အင်တာနက်၏ ကျေးဇူးကြောင့် ပြန်လည်ဆုံတွေ့ကြ၏။ ထို့ကြောင့် အင်တာနက်သည် မိတ်ဆွေများ ဆုံစည်းရာဋ္ဌာနလေးပင် ဖြစ်နေတော့သည်။ ‘အို အင်တာနက် thank you very much’ ဟု ပြောရမလိုပင်။
ဒေါက်တာ အရှင်ဣန္ဒကနှင့်မိမိသည် အင်တာနက်အွန်လိုင်းပေါ်မှာပင် အမှတ်မထင် ဆုံဖြစ် ခဲ့ကြလေတော့သည်။ ထိုအခါကြမှ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ် လေတော့သည်။

သူသည် မလေးရှားရောက်သည်မှာ ၃-နှစ်ခန့်မျှ ရှိပြီ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တရုတ်မျိုးနွယ် ဒကာ, ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓမ္မပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တရုတ်ကလေးငယ်များ အတွက် ဆန်းဒေး စကူးလ် ဖွင့်လှစ်ထားကြောင်း၊ မြန်မာပြည်တွင်းမှာလည်း မိတ်ဆွေရဟန်းများနှင့် စုပေါင်း၍ ဓမ္မစင်တာ တစ်ခု ဖွင့်လှစ်ဖို့ စိုင်းပြင်းနေကြောင်း၊ အနာဂတ်ရဟန်းတော်လေးများအတွက် ပညာရေးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းစသည်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြလေသည်။

မိမိလည်း သူ့၏ ဘာသာ, သာသနာအပေါ်ထားရှိသော သဒ္ဓါတရားကို အတော်လေး အားရ ကျေနပ်မိလေသည်။ သူသည် ရံဖန်ရံခါ စာရေး၏။ မြန်မာလူမျိုးများအား မြန်မာဘာသာဖြင့် ဟောပြီး နိုင်ငံခြားးသားများးအား အင်္ဂလိပ်ဘာသာဖြင့် တရားဟော၏။ ခေတ်နှင့်လျော်ညီသောအမြင်, ခေတ်နှင့်အံဝင်ဂွင်ကျဖြစ်သောအတွေး ရှိ၏။ ဗုဒ္ဓသာသနာတိုးတက်ဖို့အတွက် စိတ်အားထက်သန်၏။ အနေအထိုင်ကောင်း၏။ လူကြီးလူကောင်းပီပီ ပြောတတ်ဆိုတတ်၏။ ထို့ကြောင့် တရုတ်မျိုးနွယ်ဒကာ, ဒကာများက သူ့ကို အထူးလေးစားကြည်ညို ကြပေသည်။

သူသည် မိမိအား မလေးရှားရှိ သူ့ကျောင်းကို လေ့လာဖို့ ဖိတ်ကြားလေသည်။ သို့နှင့် မိမိသည် ကေလနိယတက္ကသိုလ် (သီရိလင်္ကာ) စာမေးပွဲပြီးဆုံးသောအခါ ကွာလာလမ်ပူမြို့သို့ အမှတ်မထင် ရောက်ရှိခဲ့လေတော့သည်။
ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ရောက်သောအခါ မလေးရှားနိုင်ငံ၏ အာရှ၏ ကျားတစ်ကောင်ဖြစ်မှန်းကို ကောင်းကောင်းကြီး မြင်တွေ့ရလေတော့သည်။ ကွာလာလမ်ပူ၏ ကြီးကျယ် ခန်းနားမှုက မိမိ၏ မျိုးချစ်စိတ် (၀ံသာနု)ကို အမိမြန်မာပြည်သို့ ဆွဲခေါ်သွားလေတော့သည်။ ငါတို့ မြန်မာ ပြည်ကြီးလည်း အခုလို ကြီးကျယ်ခန်းနားလျှင် ကောင်းမှာပဲ ဟု။

လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံကိုချစ်၏။ ကိုယ့်ဘာသာကို မြတ်နိုး၏။ ကိုယ့်သာသနာကို တန်ဖိုးထား၏။ ထို့ကြောင့်မြန်မာလူမျိုးမှန်သမျှ ရွှေတိဂုံဘုရားကို တမ်းတခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ အလှဆုံး ဗိသုကာကို ပြပါဆိုလျှင် မိမိသည် ရွှေတိဂုံဘုရားကိုပဲ ညွှန်ပြပေမည်။ ရွှေတိဂုံကို ဖယ်ရှားလိုက်လျှင် မြန်မာပြည်၏အလှသည်လည်း နိဂုံးချုပ်သွားပေမည်။ ရွှေတိဂုံဖြင့်တန်ဆာဆင်ထား သော မြန်မာပြည်ကို စက်မှုနိုင်ငံအဖြစ်တည်ဆောက်နိုင်လျှင် အချိုပေါ်သကာလောင်းသကဲ့သို့ အာရှ၏ ကျားဆိုမှကျား ဖြစ်သွားပေလိမ့်မည်တကား။
မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မိမိနှင့်ရင်းနှီးသည့် မြန်မာလူငယ်များကို ပြောဆိုဆက်ဆံကြည့်သောအခါ သူတို့လေးများ၏ အလုပ်ကြိုးစားမှု, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အပေါ် ချစ်ခင်မှု, မြတ်ဘုရားသာသနာကို လေးလေးစားစား ရှိမှုကို သိမြင်ရခဲ့လေသည်။ အထူးအားဖြင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်ကို အတော်လေး သဘောကျမိ၏။

မိမိသည် စူးစမ်းလိုသဖြင့် “မင်းတို့မြန်မာပြည်ကို မပြန်ချင်ဘူးလား”ဟု လူငယ်လေးများကို မေးလိုက်၏။
လူငယ်လေး တစ်ယောက်က ပြော၏။ “ဘုန်းဘုန်းဘုရား ဘယ်လိုမေးလိုက်တာလဲ၊ ပြန်ချင်တာပေါ့၊ အတောင်ပံပါရင် အခုပဲ ချက်ချင်း ထပြီး မြန်မာပြည်ကို ပြန်လိုက်ချင်တယ်ဘုရား”တဲ့။
တချို့ကတော့ ကြီးကျယ်ခန်းနားတဲ့ အခန်းထဲမှာ အဲယားကွန်းလေကို ရှူရတာထက် ရွာရှေ့က တမာရိပ်မှာ သင်းပြန့်ပြန့် လေရနံ့လေးကို ရှူရတာက ပိုပြီးလန်းပါတယ်”တဲ့။ အများအားဖြင့် မြန်မာ လူငယ်လေးများသည် အခြေအနေ အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား၌ မနေချင်ဘဲနှင့် နေကြရခြင်း ဖြစ်ပေသည်။

အလုပ်အကိုင် အတော်အဆင်ပြင်နေသော ရန်ကုန်သား လူငယ်လေးတစ်ယောက်ကတော့ မလေးရှားမှာ နေရတာကလည်း ကြီးကျယ်ပါတယ်၊ ၀င်ငွေကလည်း မီလျံနာသူဋ္ဌေးလောက် မဟုတ်တောင် တပည့်တော်အနေနဲ့ဆိုရင် တော်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွှေတိဂုံဘုရားကို မဖူးရလို့ မပျော်တစ်ဝက် ပျော်တစ်ဝက်ပါဘုရား တဲ့။
မိမိသည် နိုင်ငံရပ်ခြားတိုင်းတပါး၌ ၃-နှစ် ၃-မိုး ၀ါဆိုဖူး၏။ သို့သော် ၁-နှစ်မှ မပျော်ရွှင်ခဲ့ပါ။ အခြေအနေအရသာ နေရခြင်းဖြစ်ပေသည်။ မိခင်မြန်မာပြည်က လွဲ၍ ဘယ်တိုင်းပြည်, ဘယ်နိုင်ငံမျှ မနေချင်။ ထို့ကြောင့် သူတို့လေးများ၏ အလွမ်းဓာတ်ကို မိမိ ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တိုင်းပြည်ကိုချစ်သောကြောင့် ကိုယ့်တိုင်းပြည်ကို လွမ်းကြခြင်းပင်တည်း။ ကိုယ်ချစ်သော အမိတိုင်းပြည်ကို တိုးတက်စေချင်သည်မှာလည်း မြန်မာလူမျိုးတိုင်းရဲ့တစ်ခုတည်းသော ဆန္ဒပင်။
ထို့ကြောင့် အာရှ၏ကျားတစ်ကောင်အဖြစ် ရပ်တည်နေသော မလေးရှားကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ စိန္တိတံ- ကြံစည်စဉ်းစား မိလေတော့သည်။

တနေ့သောအခါ …
မြန်မာသည် အာရှ၏ ကျားဆိုမှကျား၊ ကိုးတောင်ပြည့် ကျား

---------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၃၊ ၁၂၊ ၂၀၀၇)