Monday, January 30, 2012

ပညာရေးလောက လူလိမ်ကြီးများ (၃)



မောင်သာနိုး

အိန္ဒိယပြန်ဘုန်းကြီးလူထွက် MBBS ကြီးလိုပဲ
အခြားဘွဲ့တွေ ယူလာခဲ့ကြသူတွေကို နောင်တွေ့ရတယ်။
အများစုက M.A, ရံဖန်ပဲ Ph.D တွေ့ရတယ်။
တွေ့ရင် စိတ်ထဲက နားလည်လိုက်တယ်။
တချို့များ ဘွဲ့တစ်ခုတည်းတောင် မဟုတ်၊ နှစ်ခု သုံးခု ယူလာတာ။
အကြောင်းမသိရှာသူများကတော့ အထင်ကြီးရှာကြတာပလေ။
အကြောင်းသိသူကသာ ပြုံးမိတာပ။ ထုတ်တော့ မပြောမိပါဘူး။
ဒါပေမဲ့ တခါတလေ အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်း ပြောပြမိတယ်။
အဲဒီအခါ အတုဘွဲ့ယူထားသူကို ကြည်ညိုရင်းစွဲရှိသူက
ဒေါသူပုန်ထ၊ ရန်တွေ့တော့တာကလား။
သူတို့ဆရာသမားကို စော်ကားရက်လေခြင်းပေါ့။

နောက်တော့ ဒီဘွဲ့တွေကို ဟိုသွားယူစရာမလိုဘဲ ဒီကိုလာပေးတဲ့ စနစ်ပေါ်လာတယ်။
အိန္ဒိယကတောင် မဟုတ်၊ အမေရိကန်က၊ အင်္ဂလန်က၊
ပထမတော့ လူပြော သူပြောလောက် ကြားကြားနေရတာ၊
မယုံရအခက် ယုံရအခက်ဖြစ်နေမိသေးတယ်။
နောက်တော့ ကိုယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဖို့ ဖန်လာတာကိုး။
တစ်နေ့တော့ ဖိတ်စာကလေးရောက်လာတယ်။
တက္ကသိုလ်မှာ အတူနေခဲ့ အတူအလုပ်လုပ်ခဲ့သူတစ်ဦးဆီက။
သူတို့အသင်းမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် အမေရိကန် ဘယ်တက္ကသိုလ်က
ဘွဲ့နှင်းသဘင်လာရောက်ကျင်းပမယ် စသဖြင့်ပါတယ်။
စာကို ဖတ်လိုက်ရကတည်းက သိလိုက်ပါပြီ။
ကလိမ်ကညစ်တွေ ခြေလာရှုပ်ပြန်ပြီ။ စားပေါက်ထွင်ပြန်ပြီလို့။
ဒါပေမဲ့ ကိုယ့်အပေါင်းအသင်းတစ်ယောက်ကပါ
ဒီလောက် အောက်တန်းကျ ကလိန်ကျတဲ့ အလုပ်မျိုး လုပ်တဲ့ထဲ ပါနေတယ်ဆိုတာကိုတော့
အံ့သြခြင်းကြီးမက အံ့သြမိတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။
အကြောင်းသိရအောင် သွားကို သွားရမယ်လို့လည်း ဆုံးဖြတ်လိုက်မိတယ်။

သွားတော့ တွေ့ရတာပါပဲ။
ဘွဲ့နှင်းသဘင်တဲ့ဗျာ လုပ်နေလိုက်တာ။
ကြက်ပွဲကျနေတာပဲ။
သူတို့အသင်းတည်ရှိရာ အဆောက်အဦရှေ့ မြက်ခင်းပြင်မှာ
ခေါက်ကုလားထိုင်လေးတွေချပြီး ဧည့်သည်တွေ ထိုင်ရတယ်။
ဧည့်သည်တွေကို မျက်နှာချင်းဆိုင်ကာ စားပွဲကြီးတွေနဲ့
သူတို့ဆရာသမားကြီးတွေက ထိုင်ကြတယ်။
ဘွဲ့ယူမယ့်လူတွေ ပေးမယ့်ဆရာတွေက ၀တ်ရုံကြီးတွေနဲ့။
ဧည့်သည်တွေကို ကြည့်လိုက်တော့ သူတို့လူတွေအပြင်
စာရေးဆရာ သတင်းစာဆရာတွေ တော်တော်များများ လာကြတာ တွေ့ရတယ်။
ကျွန်တော်တို့ မိတ်ဆွေကြီးတို့ အမေရိကန်ကြီးတို့က
မိန့်ခွန်းတွေ ဘာတွေ ချွေကြပြီးနောက် ဘွဲ့လက်မှတ်တွေ ပေးတော့တာကိုး။
ဘွဲ့ယူသူ ၂၀ အစိတ်လောက် ရှိမယ်ထင်ပါတယ်။
ရိုးရိုးဘွဲ့အပြင် မဟာဘွဲ့တွေပါတယ်။
ကျွန်တော်တို့ပုဂ္ဂိုလ်ကြီးက ဒေါက်တာဘွဲ့ပေါ့လေ။
သူဦးစီးတဲ့ပွဲပေကိုး။
ဒီလောက်ကတော့ ရှိရမှာပ။

ဘွဲ့နှင်းသဘင်အခန်းအနားပြီးတော့ ပရိသတ်ကို ဒံပေါက်နဲ့ဧည့်ခံတယ်။
စာရေးဆရာနဲ့ သတင်းစာဆရာတွေကိုတော့
သီးခြားဧည့်ခံမယ်ဆိုလို့ အပေါ်ထပ်လိုက်သွားရတယ်။
ဟိုကျတော့ လူက သုံးဆယ်လောက်မှာ
Grand Royal Whisky လေးက တစ်လုံးတည်း။
ဝီစကီကလည်း ရွှေရောင်မဟုတ်။ အနက်ပတ်၊ အမြည်းက မပါ။
လူငယ်တချို့က အောက်ဆင်း ဒံပေါက်သွားတောင်းတယ်။
တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။
အချဉ်ပေါက်လာပြီး ပညာရေးဆိုတာ လေးနက်သင့်ပုံ၊
ဘွဲ့တစ်ခုကို ငွေပေးဝယ်တာ မဖြစ်သင့်ပုံ ဘာညာနဲ့ နာမည်မဖော်ပဲ
ယေဘုယျသဘော အနားက မိတ်ဆွေတချို့ကို ပြောနေမိတယ်။
ဘေးနားမှာ ၀တ်ရုံကြီးနဲ့ ရပ်နားထောင်သူ ကျောင်းဆရာတစ်ဦးက
သူ့ဦးထုပ်ကို ချွတ်၊ ရယ်သလို မောသလိုနဲ့ ကျွန်တော့်ကို လာဆောင်းပေးမယ်လုပ်တယ်။
လက်ထဲက ဘွဲ့စာရွက်လိပ်ကိုလည်း ‘ဆရာပဲ ယူပါတော့’ လို့
အတင်းထိုးပေးနေတယ်။
ရုတ်တရက်တော့ သူ့ကို သနားသလိုဖြစ်မိသော်လည်း
မဟုတ်တာ မမှန်တာကိုတော့ ဖော်ထုတ်ရမှာပဲလို့လည်း တွေးနေမိတယ်။
(အခုလည်း ဒါ့ကြောင့် ကောက်ရေးလိုက်တာပါပဲ)

မဟေသီ၊ ၂၀၀၄၊ ဧပြီ

Sunday, January 29, 2012

ပညာရေးလောက လူလိမ်များ (၂)



မောင်သာနိုး

နိုင်ငံခြားမှာ ဘွဲ့ကို ငွေပေးဝယ်လို့ရတယ်ဆိုတာကို အထက်တန်းကျောင်းမှာကတည်းက
လူကြီးတွေပြောလို့ ကြားဘူးတယ်။ ဈေးဆိုင်မှာ B.Sc (Cal) ဆိုင်းဘုတ်
ချိတ်ဆွဲထားတာတွေ့ရလို့ ဒီဈေးသည်ကြီးတော်သားပဲလို့ အထင်ကြီးမိတာ။
အကြောင်းသိသူက
“အဲ့ဒါ အိန္ဒိယက ၀ယ်လာတာ” ပြောပြမှ စိတ်ပျက်ရတော့တယ်။
နောက်တက္ကသိုလ်ရောက်လာတော့ ဆရာတွေပြောပြလို့
သူတို့ခေတ်က မြန်မာပြည်မှာ ပထမနှစ်ကိုပဲ ဆက်တိုက်ကျနေလို့
အိန္ဒိယသွားပြီး ဘွဲ့ယူရသူတွေရှိကြောင်း သိရှိရပြန်တယ်။

အိန္ဒိယက ဆေးပညာသင်ယူလာသူတစ်ဦးကိုတော့
ကိုယ်တိုင် ဆေးကုသမှုခံယူ သိရှိခဲ့တာပါ။
မန္တလေးက ကျွန်တော့သူငယ်ချင်းတစ်ဦးရဲ့ ဦးလေးဟာ
အသက်လေးဆယ်လောက်ဘုန်းကြီးလူထွက်ပြီး အိန္ဒိယသွား၊ ဆေးပညာသင်၊
MBBS ဘွဲ့ရခဲ့ပြီး မန္တလေးကွမ်းခြံရပ်မှာ
ဒေါက်တာ.. MBBS (Calcutta) ဆိုင်းဘုတ်ချိတ် ဆေးခန်းဖွင့်နေတာပါ။
အဲဒီတုန်းက (၁၉၅၀-၆၀) ကျွန်တော့်သူငယ်ချင်းအိမ် ညအိပ်သွားစဉ် ဖျားလို့
‘ဒေါက်တာ’ ဆေးထိုးတာ ခံခဲ့ရသေးတယ်။
ထိုးတတ်တယ်၊ သက်သာပါတယ်။
အဲဒီတုန်းက စကားပြောကြရင်း
‘အိန္ဒိယမှာ ဆရာတော်တော်ကြာခဲ့မှာပေါ့’ လို့မေးမိတော့
နှစ်နှစ်လို့ဖြေပါတယ်။
မယုံလို့ ‘နှစ်နှစ်နဲ့ MBBS ရလားဆရာ’ လို့ မေးမိတော့
‘ရပါတယ်’ တဲ့။
နောက်တော့ သူငယ်ချင်းက
‘ဆေးမှူးသင်တန်းလောက်သင်ပေးပြီး MBBS ဘွဲ့ ပေးလိုက်တာနေမှာပါဗျာ’ လို့
လက်ဖက်ရည်ဆိုင်မှာ ပြောပြပါတယ်။

သူက အိန္ဒိယမှာ နှစ်နှစ်သွားနေထိုင်ကာ ပညာသင်လာပြီးမှ MBBS ဘွဲ့ယူလာကာ
မြန်မာပြည်မှာ ဒေါက်တာ ဆိုင်းဘုတ်ချိတ်တာ။
ဘယ်မှ မသွားပဲ ဒေါက်တာ ဆိုင်းဘုတ်ချိတ်၊ ဒေါက်တာ အခေါ်ခံသူလည်း
မန္တလေး ပလိုင်းရပ်မှာ တွေ့ခဲ့ရဖူးသေးတယ်။
ဆေးကုတာတော့ မဟုတ်။
ကလေးတွေကို အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ထောင်တာ။
ဘယ်လိုလုပ်ဒေါက်တာဖြစ်လာတာလဲ စပ်စုကြည့်တော့
သူက အရင်က တရုတ်သွားစိုက်ဆရာဆီမှာ တပည့်ခံ အလုပ်လုပ်၊
လက်ထောက်သွားစိုက် ဆရာဖြစ်။
ဒါနဲ့ သွားစိုက်တဲ့ ‘ဒေါက်တာ’ လုပ်လာတာလို့ အကြောင်းသိများက ရှင်းပြတယ်။
နောက်တော့ မန္တလေးမှာ သိပ်မစားသာတော့လို့
မြင်းခြံရောက်သွားတယ် ကြားရတယ်။

(၂၀၀၄၊ ဧပြီ၊ မဟေသီ)

Friday, January 27, 2012

ပညာရေးလောက လူလိမ်များ (၁)



မောင်သာနိုး

၂၀၀၄ ဇန်န၀ါရီ ၁၉ ထုပ် Myanmar Times စာစောင်ထဲမှာ
Student learns hard lesson at foreign school with no teachers ဆိုတဲ့
ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။
မောင်မြင့်ကျော်ဆိုတဲ့ မန္တလေးက သူငယ်လေးတစ်ဦး ငွေကုန်ကြေးကျခံပြီး
စင်္ကာပူကျောင်းတက်သွားလိုက်တာ ဟိုကျ ဆရာမရှိ ဘာမရှိနဲ့ အညာခံရမှန်းသိပြီး
တစ်ပတ်နဲ့ မန္တလေးပြန်ရောက်လာပုံ သတင်းပါပဲ။
မြန်မာပြည်က မောင်မြင့်ကျော်တင်တော့ မဟုတ်။
ဟိုမှာ ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေက
အလိမ်ခံကျောင်းသားတွေလည်း တွေ့ခဲ့ရသတဲ့။
နှစ်ယောက်ခန်းမှာ လေးငါးယောက် ပြွတ်သိပ်ထားတယ်။
နိုင်ငံတကာလှည့်ပြီး ကြော်ငြာကမ်း လိမ်ခဲ့တာကလား။

ကျောင်းကြော်ငြာစာအုပ်ကလေးတွေက ရောင်စုံရိုက်ထားတာ။ လှမှ လှ။
စကားလုံးတွေကလည်း ခန်းနား။ နည်းပညာတို့ စီးပွားရေးပညာတို့၊ ဘာတို့ ညာတို့နဲ့။
ကျောင်းဒါရိုက်တာဆိုသူကလည်း သူ့ဒရှိုဒလန်တွေနဲ့ ချိတ်ဆက်ကာ
မန္တလေးထိ ရောက်လာ ဟောပြော စည်းရုံးတာ။

စင်္ကာပူမှ လူလိမ်ကျောင်းရှိတာ မဟုတ်ဘူး။ အင်္ဂလန်မှာလည်း ရှိ၊
အခြားတိုင်းပြည်တွေမှာလည်း ရှိတာပါပဲ။
မြန်မာကျောင်းသားနှစ်ဦး London School of Management ဆိုတာဆီ
ပညာသင်ဖို့ အင်္ဂလန်သွားလိုက်တာ ဟိုကျ ဆရာမရှိ၊ လူမရှိ၊ ကုလားထိုင်မရှိ၊
ဘာမှ မရှိတာ ကြုံခဲ့ရပုံကိုလည်း စာစောင်ထဲမှာ ရေးထားသေးတယ်။
အဲ့ဒီလို ကျောင်းတု ကျောင်းလိမ်တွေက ပေါမှ ပေါ။
ဗဟုသုတနည်းပါးသူကလည်း အင်္ဂလန် အမေရိကန်ဆို အထင်ကြီးရှာကြတော့တာကိုး။

မြန်မာပြည်က ပညာရေးလောကမှာ လူလိမ် လူညာတွေ ထွန်းကားတာကတော့
ကျွန်တော်တို့ ငယ်စဉ်ကတည်းကပါပဲ။
ကျွန်တော့ ဇာတိမြို့စစ်ကိုင်းမှာ  အင်္ဂလိပ်စကား ဘာမှ မယ်မယ်ရရ တတ်ပုံမရှိတဲ့
လူတစ်ယောက်က မြန်မာလို အင်္ဂလိပ်အသံထွက်ပါတဲ့ စာအုပ်ကိုင်ပြီး
အင်္ဂလိပ်စကားပြောသင်တန်းဖွင့်တာကို ကြုံဖူးတယ်။
ငွေတစ်ဆယ် (အဲဒီခေတ်က ဒရ၀မ်လစာ) အကုန်ခံတက်ကြည့်ခဲ့လို့ သိခဲ့ရတာ။

နောက်တက္ကသိုလ်ရောက်လာတို့ ဘာသာစုံသင်ခွင့်ရတဲ့ခေတ်မှာ
ခုနစ်တန်းတောင် မအောင်သူက အလွတ်ပညာသင်ကျောင်းဖွင့်ပြီး
ခုနစ်တန်းအောက်လက်မှတ်တွေ ရောင်းစားတာတွေ တွေ့ခဲ့ရတယ်။
နောက်ဆယ်တန်းစာမေးပွဲ မေးခွန်းတုရောင်းစားသူများ၊
ကိုးတန်းတောင်မအောင်သူက ဆယ်တန်းမှာ မြန်မာစာတက်သင်၊
အလားတူအင်္ဂလိပ်စာတက်သင်လုပ်နေကြသူများ။

ကြာပါပြီ။ မော်လမြိုင်မှာ အင်္ဂလိပ်စကားပြောသင်တန်းလာဖွင့်ရာ
ကျွန်တော့တပည့်တစ်ဦးက သွားတက်လိုက်တယ်။ ကြာကြာမတက်လိုက်ရ။
Business ကို ‘ဘူးဇီးနက်’ အသံထွက်တာနဲ့ ထွက်ပြေးခဲ့ရသတဲ့။
ကိုယ်တိုင်တော့ အခြားတစ်ယောက် ‘ဘီးဇီးနက်စ်’ လို့ အသံထွက်တာ ကြားဘူးတယ်။
ရန်ကုန်မှာတော့ ဆယ်တန်းအင်္ဂလိပ်စာသင်တဲ့ ဆရာက
could, would ကို ‘ကွတ်လ်ဒ်’၊ ‘၀တ်လ်ဒ်’ စသဖြင့် ‘လ’ သံ (L သံ) ထည့်ဆို
သင်နေတာ တွေ့ရကြောင်း သူနဲ့ တစ်နေရာတည်း
တွဲသင်ရတဲ့ ရူပဗေဒဆရာက ပြောပြဘူးတယ်။

အဲဒီလို ကိုးတန်းတောင်မအောင်တဲ့ ဆရာဆိုသူက ကြော်ငြာထဲမှာတော့
သူ့ကိုယ်သူ ရန်ကုန်တက္ကသိုလ်မှာ တန်းစဉ်အင်္ဂလိပ်စာဂုဏ်ထူးနဲ့ ရခဲ့တယ်လို့
အရင်က ကြော်ငြာမယ်။ အခုတော့ လန်ဒန်၊ ၀ါရှင်တန် ခေါင်းထဲပေါ်လာရာ
တက္ကသိုလ် နှစ်ခု သုံးခုက အနည်းဆုံး PhD ရခဲ့ကြောင်း
ခပ်တည်တည်ကြော်ငြာမယ်။ သူ့ကြော်ငြာဖတ်ပြီး ဗြောင်ညာရဲတဲ့ သူ့သတ္တိကို
ကျွန်တော် ခေါင်းနားပန်းကြီးမိတယ်။
ဘယ်တုန်းကမှ ဆယ်တန်းမအောင်ခဲ့မှန်း ကျွန်တော်ကောင်းကောင်းသိသူ
တစ်ဦးအိမ် ရောက်သွားရာ ဘွဲ့ဝတ်စုံကြီးနဲ့ အခန့်စား ရိုက်ထားတဲ့ပုံ
ဧည့်ခန်းမှာ ချိတ်ဆွဲထားတာ တွေ့ရလို့ အံ့သြရသေးတယ်။
သူက စာပေးစာယူ သင်တန်း လုပ်စားနေတာ။

နောက်တော့ အဲသလို မြန်မာပြည်မှာ ညာနေကျပုဂ္ဂိုလ်နဲ့
နိုင်ငံခြားက လူလိမ်လူညာ သွားတွဲမိတော့တာကိုး။
အဲဒီတင် လန်ဒန်တက္ကသိုလ်က ဘာဘွဲ့၊ ၀ါရှင်တန်ဘယ်တက္ကသိုလ်က ညာဘွဲ့ရမယ်ဆိုတာတွေ
ကြော်ငြာလောကမှာ တစ်ရှိန်ထိုး ဖောင်းပွသွားတော့တာကလား။
သေသေချာချာတော့ ငယ်စဉ်ကလို သွားရောက်မလေ့လာအား။
ဒါပေမဲ့လို့ ကြော်ငြာကြည့်လိုက်တာနဲ့၊
ဒါမဟုတ်သေးဘူး၊ ညာတာပဲဆိုတာ သိလိုက်တယ်။
ကိုယ်လက်လှမ်းမှီရာကိုတော့ ‘ဒါတွေ မယုံကြနဲ့၊ လိမ်တာ ညာတာတွေဟေ့’ လို့
သတိပေးမိတယ်။ နိုင်ငံခြားက ကျောင်းလိမ်တွေ ဆိုတာက ပေါမှ ပေါ။
Time, Newsweek စတဲ့ သတင်းမဂ္ဂဇင်းတွေမှာကိုပဲ
ဘာဘွဲယူမလဲ၊ MBA လား၊ PhD လား။
ဒီလိပ်စာနဲ့ ဆက်သွယ်ပါဆိုတာတွေ ကြော်ငြာကဏ္ဍထဲ မျက်စိနောက်လောက်အောင်
တွေ့နေရတာကလား။ ဒါတွေကို မတွေ့ဖူးသူက အထင်ကြီးတာ။
ခု ဒါမြန်မာပြည် ရောက်လာတာပါပဲ။
အညှာလွယ်သူတွေကတော့
အဟုတ်မှတ် အလိမ်ခံသွားကြလေရဲ့။

ဆက်ရန်….

ဓာတ်ပုံ၊ http://moemaka.com/2011/12/maung-tha-noe/
မဟေသီ၊ ၂၀၀၄၊ ဧပြီ